မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆီးချိုရောဂါ “အသံတိတ် လူသတ်သမား”

ဆီးချိုရောဂါ “အသံတိတ် လူသတ်သမား”

ဆီးချိုရောဂါ “အသံတိတ် လူသတ်သမား”

ကဲန် အသက် ၂၁ နှစ်အရွယ်တွင် အငတ်မပြေနိုင်လောက်အောင် ရေငတ်လာရာ စဉ်းစားရကျပ်လေပြီ။ ထို့ပြင် မကြာခဏဆိုသလို ဆီးသွားချင်နေပြီး အဆုံး၌မူ မိနစ် ၂၀ တိုင်း ဆီးသွားရလေတော့သည်။ မကြာမီ ကဲန်၏ခြေလက်များ လေးလံလာသည်ဟု စ၍ခံစားလာရ၏။ သူသည် အလွန်မောပန်းနေပြီး သူ၏အမြင်မှာလည်း မှုန်ဝါးဝါးဖြစ်လာလေ၏။

ကဲန်သည် ဗိုင်းရပ်စ်ပိုးကူးစက်ခံရသောအခါ အလှည့်အပြောင်းဖြစ်သွားလေတော့သည်။ ဆရာဝန်ထံ သွားရောက်ပြသသည့်အခါ ကဲန်တွင် တုပ်ကွေးအပြင် အမျိုးအစား ၁ ဆီးချိုရောဂါလည်းရှိနေသည်ကို သိလိုက်ရသည်။ ဤဓာတုဖြစ်စဉ်မူမမှန်ခြင်းကြောင့် ခန္ဓာကိုယ်သည် အာဟာရဓာတ်အချို့ အဓိကအားဖြင့် ဂလူးကို့စ်ဟုခေါ်သော သွေးအတွင်းသကြားဓာတ်ကို အသုံးချနိုင်စွမ်းမရှိတော့ချေ။ ကဲန်သည် ခြောက်ပတ်ကြာ ဆေးရုံတက်ပြီးမှသာ သူ၏သွေးတွင်းသကြားဓာတ်ပါဝင်မှုပမာဏကို ထိန်းနိုင်သွားသည်။

အထက်ပါအဖြစ်အပျက်သည် လွန်ခဲ့သော အနှစ် ၅၀ ကျော်က ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်၊ လွန်ခဲ့သည့် ဤရာစုနှစ်ဝက်အတောအတွင်း ဆေးကုသမှုမှာ အတော်ပင်တိုးတက်လာခဲ့သည်။ ကဲန်သည် ဆီးချိုရောဂါခံစားနေရဆဲဖြစ်သော်လည်း သူတစ်ဦးတည်းကား မဟုတ်ချေ။ ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်း ၁၄၀ ကျော်သည် ဆီးချိုရောဂါခံစားနေကြရပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အဆိုအရ အဆိုပါကိန်းဂဏန်းသည် ၂၀၂၅ ခုနှစ်ရောက်သော် နှစ်ဆတိုးလာနိုင်သည်ဟု ခန့်မှန်းထားသည်။ ဆီးချိုရောဂါပျံ့နှံ့လာမှုနှင့်ပတ်သက်၍ ကျွမ်းကျင်သူများ စိုးရိမ်မကင်းဖြစ်မည်ဆိုလည်း ဖြစ်လောက်ပေသည်။ “ဤမျှများပြားသောကိန်းဂဏန်းများကို ကျွန်ုပ်တို့ စတင်တွေ့ရှိနေရသည်ကို ထောက်ရှုခြင်းအားဖြင့် ယင်းသည် ကပ်ရောဂါကြီးတစ်ခု အစပျိုးခြင်းဖြစ်နိုင်သည်” ဟု ယူနိုက်တက်စတိတ်ရှိ ဆေးကုသရေးဗဟိုဌာန၏ ပူးတွဲညွှန်ကြားရေးမှူး ဒေါက်တာ ရော်ဘင် အက်စ်. ဂိုလန်ကဆိုသည်။

ကမ္ဘာတစ်ဝန်းမှ ဤအစီရင်ခံစာတိုများကို သုံးသပ်ကြည့်ပါ။

စတြေးလျ– ဩစတြေးလျအပြည်ပြည်ဆိုင်ရာဆီးချိုရောဂါတိုက်ဖျက်ရေးအဖွဲ့အစည်း၏အဆိုအရ “ဆီးချိုရောဂါသည် ၂၁ ရာစုအတွက် ကုရအခက်ဆုံးကျန်းမာရေးပြဿနာတစ်ခုဖြစ်နေသည်။”

အိန္ဒိယ– အနည်းဆုံး လူပေါင်းသန်း ၃၀ တွင် ဆီးချိုရောဂါရှိသည်။ “လွန်ခဲ့သော ၁၅ နှစ်ခန့်က အသက် ၄၀ အောက်ရှိ ဆီးချိုရောဂါသည် မရှိသလောက်ပင်။ ယနေ့တွင်ကား ဤအသက်အရွယ်တန်းရှိ လူနာနှစ်ဦးတွင် တစ်ဦးမှာ ဆီးချိုရောဂါသည်ဖြစ်သည်” ဟု ဆရာဝန်တစ်ဦးကဆို၏။

စင်ကာပူ– အသက် ၃၀ နှင့် ၆၉ နှစ်အကြားရှိ လူဦးရေ သုံးပုံတစ်ပုံနီးပါး၌ ဆီးချိုရောဂါရှိနေသည်။ ကလေးသူငယ်များစွာ—တချို့မှာ အသက်ဆယ်နှစ်အရွယ်ဖြစ်—တို့၌ ဆီးချိုရောဂါဖြစ်ပွားလာပြီဖြစ်၏။

ယူနိုက်တက်စတိတ်– လူ ၁၆ သန်းခန့်သည် ရောဂါဝေဒနာခံစားနေကြရပြီး နှစ်စဉ် ၈၀၀,၀၀၀ ခန့် ထပ်မံဖြစ်ပွားနေသည်။ သန်းနှင့်ချီသောလူတို့တွင် အဆိုပါရောဂါထပ်ရှိနေသော်လည်း ရှိမှန်းမသိကြသေးချေ။

လူတစ်ဦးတွင် ဆီးချိုရောဂါသည် ရောဂါအမည်မတပ်နိုင်သေးမီ ကြာမြင့်စွာ ရှိနေနိုင်သောကြောင့် ကုသရန် ပို၍ခက်ခဲသည်။ “အစောပိုင်းရောဂါပြလက္ခဏာများသည် မသိသာလှသည့်အတွက် ဆီးချိုရောဂါဟု သတ်မှတ်ရခက်လေ့ရှိသည်” ဟု အေးရှားဝိခ်မဂ္ဂဇင်းက ဖော်ပြသည်။ ထို့ကြောင့် ဆီးချိုရောဂါအား အသံတိတ်လူသတ်သမားဟု သမုတ်ခဲ့ကြခြင်းဖြစ်သည်။

ဤရောဂါ၏ပြင်းထန်မှုနှင့် ပျံ့နှံ့လာမှုတို့ကြောင့် နောက်ဆောင်းပါးများက အောက်ပါမေးခွန်းများကို ဖြေကြားပေးပါလိမ့်မည်–

● ဆီးချိုရောဂါဖြစ်ရခြင်း၏ အကြောင်းရင်းကားအဘယ်နည်း။

● ယင်းကိုဆီးချိုရောဂါသည်များ မည်သို့ကျော်လွှားဖြေရှင်းနိုင်မည်နည်း။

[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ဤအမည်၏နောက်ခံရင်းမြစ်

“Diabetes mellitus” ဟူသော ဆီးချိုရောဂါ၏အသုံးအနှုန်းသည်“ပြွန်ဖြင့် ရေစုပ်ယူသည်” ဟူ၍ အဓိပ္ပာယ်ရှိသည့် ဂရိစကားလုံးနှင့် “ပျားရည်တမျှချို” ဟူသည့် လက်တင်စကားလုံးတို့မှ ဆင်းသက်လာခြင်းဖြစ်သည်။ အဆိုပါစကားလုံးများသည် ဤရောဂါနှင့် အမှန်ပင်သင့်လျော်လှသည်၊ အကြောင်းမှာ ရေကို ပြွန်ဖြင့်စုပ်ယူလိုက်သည့်အလား ဆီးချိုရောဂါရှိသူတစ်ဦး၏ ပါးစပ်မှတစ်ဆင့် ဆီးလမ်းကြောင်းသို့ ဖြတ်သန်းစီးဆင်းလာကာ ချက်ချင်းပင် ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်လိုက်လေသည်။ ထို့ပြင် ဆီးမှာ သကြားဓာတ်ပါနေ၍ ချိုနေ၏။ အမှန်မှာ၊ ပိုမိုခရီးရောက်သည့် နည်းပညာများကို ရှာဖွေမတွေ့ရှိမီက ဆီးချိုရောဂါရှိမရှိ စမ်းသပ်ကြည့်ရန် လူနာ၏ဆီးကို ပုရွက်ဆိတ်အုံအနားတွင် သွန်ချလိုက်သည်။ ပုရွက်ဆိတ်များ အုံလာပါက ဆီးတွင် သကြားဓာတ်ပါနေကြောင်း ဖော်ပြနေလေပြီ။