မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆီးချိုဝေဒနာသည်များအား သမ္မာကျမ်းစာက အကူအညီပေးနိုင်ပုံ

ဆီးချိုဝေဒနာသည်များအား သမ္မာကျမ်းစာက အကူအညီပေးနိုင်ပုံ

ဆီးချိုဝေဒနာသည်များအား သမ္မာကျမ်းစာက အကူအညီပေးနိုင်ပုံ

ကိုယ့်ကိုယ်ကိုချုပ်တည်းခြင်းနှင့် အပြုသဘောပါသည့်ရှုမြင်ချက်တို့သည် ဆီးချိုရောဂါရှိသူတို့၏ ကျန်းမာရေးနှင့် ကောင်းကျိုးအတွက် အထူးသဖြင့်အရေးပါသည်။ သို့သော် ထိုသို့သောအရည်အချင်းများကိုမွေးမြူရန် ဝေဒနာခံစားရသူတို့သည် ထောက်မကူညီမှု အဆက်မပြတ်လိုအပ်၏။ ထို့ကြောင့် မိသားစုဝင်တို့နှင့် မိတ်ဆွေတို့သည် ဆီးချိုရောဂါရှိသူအား ‘ဒီတစ်ခါလောက်နဲ့တော့ မထိခိုက်လောက်ပါဘူး’ ဟူသောအပြောမျိုးဖြင့် ကျန်းမာရေးနှင့်မညီညွတ်သော အစားအသောက်များစားချင်လာအောင် မသွေးဆောင်သင့်ပေ။ “အကူအညီကို ကျွန်တော့်ဇနီးဆီက ကောင်းကောင်းရပါတယ်။ ကျွန်တော်စားလို့မရတဲ့ အစားအသောက်တွေကို အိမ်ထဲမှာ သူမထားဘူး။ ဒါပေမဲ့ တချို့က နားမလည်ပေးကြဘူး၊ တစ်ခါတလေ မြင်ရပြီး မစားရတာ ဘယ်လောက်ခံရခက်တယ်ဆိုတာ သူတို့သဘောမပေါက်ကြဘူး” ဟု နှလုံးရောဂါနှင့် အမျိုးအစား ၂ ဆီးချိုရောဂါရှိသူ ဟယ်ရီက ဆိုလှာသည်။

သင်သည် ဆီးချိုရောဂါရှိသူနှင့် မှန်မှန်ဆက်ဆံပေါင်းသင်းနေသည်ဆိုလျှင် သမ္မာကျမ်းစာ၌ ပါရှိသည့် အောက်ပါနှစ်လိုဖွယ်ကောင်းသည့် မူနှစ်ခုကို စိတ်တွင်စွဲမှတ်ထားပါ– “ကိုယ်အကျိုးကို အဘယ်သူမျှမရှာစေနှင့်။ သူ့အကျိုးကို လူတိုင်းရှာစေ၊” နှင့် “မေတ္တာသည် ... ကိုယ်အကျိုးကိုမရှာတတ်။”—၁ ကောရိန္သု ၁၀:၂၄; ၁၃:၄၊ ၅

မိမိတို့၏ကျန်းမာရေးကို စိတ်ဝင်စားသူမှန်သမျှ ဆီးချိုရောဂါရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အစားအသောက်နှင့်ပတ်သက်၍ ချုပ်တည်းမှုရှိဖို့လိုသည်။ ယင်းနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက ကူညီပေးပါသည်၊ အကြောင်းမှာ ကျွန်ုပ်တို့တစ်ဦးစီ ချုပ်တည်းမှုကို မွေးမြူဖို့လိုအပ်ကြောင်း ယင်းက ထောက်ပြပေးသည်။ သင့်ဘဝအသက်တာတွင် ဤအရည်အသွေးကို ပြုစုပျိုးထောင်ဖို့ သန္နိဋ္ဌာန်ချထားပြီးပြီလော။ (ဂလာတိ ၅:၂၂၊ ၂၃) ခရစ်ယာန်တမန်တော် ပေါလုကဲ့သို့သော သမ္မာကျမ်းစာပါ ပုံသက်သေများမှ ထပ်ဆင့်အကူအညီရနိုင်ပါသည်။ ဆီးချိုဝေဒနာသည်တစ်ဦးက “သူ့မှာ အမြဲစူးနေတဲ့ ကိုယ်၌စူးတဲ့ဆူးတစ်ချောင်းရှိတယ်၊ ဒါပေမဲ့ ဘုရားသခင်ရဲ့အမှုတော်ကို တည်တည်ကြည်ကြည်နဲ့ သူအပြည့်အဝ ထမ်းဆောင်နေခဲ့တယ်။ ကျွန်တော်လည်း ထပ်တူထပ်မျှပါပဲ!” ဟုဆိုသည်။

မှန်ပါသည်၊ ပေါလုသည် ပြောင်းလဲ၍မရနိုင်သည့်အရာကို လက်ခံခဲ့ပြီး ခရစ်ယာန်သာသနာပြုတစ်ဦးအဖြစ် အောင်မြင်မှုရရှိခဲ့သည်။ (၂ ကောရိန္သု ၁၂:၇-၉) အသက် ၁၈ နှစ်အရွယ်ရှိ ဒပ်စ်တင်သည် မွေးကတည်းက မျက်စိကွယ်ခဲ့ရပြီး အသက် ၁၂ နှစ်အရွယ်ရောက်သော် ဆီးချိုရောဂါကိုပါ ထပ်ခံစားခဲ့ရ၏။ သူက ဤသို့ရေးလေသည်– “ဒီကမ္ဘာပေါ်မှာ အရာရာပြည့်စုံတဲ့လူ ဘယ်သူမှ မရှိဘူးဆိုတာ ကျွန်တော်သိတယ်။ ဆီးချိုရောဂါရှိမှာမဟုတ်တော့တဲ့ ဘုရားသခင့်ကမ္ဘာသစ်ရောက်လာမယ့်အချိန်ကိုပဲ ကျွန်တော်မျှော်လင့်စောင့်စားနေပါတယ်။ ကျွန်တော့်အတွက် ဒီရောဂါဟာ တစ်ခဏလေးပဲ။ အအေးမိ ဒါမှမဟုတ် တုပ်ကွေးရောဂါထက် ပိုကြာရင်ကြာမယ်၊ ဒါပေမဲ့ နောက်ဆုံးမှာ အဆုံးသတ်သွားပါလိမ့်မယ်။”

ထိုသို့ပြောဆိုခြင်းအားဖြင့် ဘုရားသခင့်နိုင်ငံတော်အောက် မြေကြီးပရဒိသုတွင် ကျန်းမာရေးဒေါင်ဒေါင်မြည်မည်ဟူသော ကျမ်းစာအခြေပြုမျှော်လင့်ချက်ကို ဒပ်စ်တင် စိတ်စွဲမှတ်ထားလေသည်။ (ဗျာ. ၂၁:၃၊ ၄) သမ္မာကျမ်းစာက ထိုသို့သော ဘုရားသခင့်အုပ်ချုပ်မှုအောက်တွင် “မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ” ဟု ကတိပြုလေသည်။ (ဟေရှာယ ၃၃:၂၄; မဿဲ ၆:၉၊ ၁၀) ဤကျမ်းစာအခြေပြုကတိတော်အကြောင်း သင်ပိုမိုသိရှိလိုပါသလော။ ဒေသခံ ယေဟောဝါသက်သေများ သို့မဟုတ် စာမျက်နှာ ၅ ပါ သင့်လျော်သည့် လိပ်စာရှိ ဤမဂ္ဂဇင်းထုတ်ဝေသူများထံ စာရေးဆက်သွယ်ပါလေ။

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ကိုယ့်ကိုယ်ကိုချုပ်တည်းခြင်းနှင့် အပြုသဘောပါသည့် ရှုမြင်ချက်တို့သည် အလွန်အရေးပါ