မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အင်းဆက်များကြောင့်ဖြစ်သော ရောဂါ—ပြဿနာကြီးဖြစ်လာ

အင်းဆက်များကြောင့်ဖြစ်သော ရောဂါ—ပြဿနာကြီးဖြစ်လာ

အင်းဆက်များကြောင့်ဖြစ်သော ရောဂါ—ပြဿနာကြီးဖြစ်လာ

လက်တင်အမေရိကမိသားတစ်စု အိပ်ရာဝင်ကြလေပြီ။ မိခင်ဖြစ်သူသည် သားငယ်ကို အိပ်ရာပေါ်တွင် အသေအချာစောင်နှင့်ထွေးပေးပြီး နှုတ်ဆက်စကားဆိုသည်။ သို့သော် အမှောင်ထဲတွင်အိပ်နေစဉ် တစ်လက်မခန့်ပင်မရှိသော အနက်ရောင် အနမ်းဘတ် (kissing bug) ပိုးကောင်တစ်ကောင်သည် မျက်နှာကြက်အက်ကြောင်းမှ အိပ်ရာပေါ် ပြုတ်ကျလာသည်။ အိပ်နေသည့်ကလေး မခံစားမသိရှိရဘဲ ပိုးကောင်သည် ကလေး၏မျက်နှာပေါ်တက်ကာ နူးညံ့သောအရေပြားကို လုံးဝနီးပါး ခံစားသိရှိရခြင်းမရှိဘဲ သူ၏နှုတ်သီးဖြင့် ထိုးဖောက်သည်။ ပိုးကောင်သည် သွေးကို တစ်ဝစုပ်နေစဉ် ကပ်ပါးပိုးပါသည့်မစင်များလည်း စွန့်ထုတ်သည်။ ကလေးငယ်သည် မနိုးဘဲ သူ၏မျက်နှာကို ကုပ်သည့်အခါ ကုပ်သည့်ဒဏ်ရာကို ကပ်ပါးပိုးရော-မစင်နှင့် သုတ်လိမ်းပေးသကဲ့သို့ ဖြစ်သွားသည်။

ယင်းသို့တစ်ကြိမ်ဖြစ်ခြင်းဖြင့် ကလေးငယ်သည် ရှာဂါရောဂါ ကူးစက်သွားသည်။ တစ်ပတ်နှစ်ပတ်အတွင်း ကလေးငယ်သည် အပြင်းအထန်အဖျားတက်ပြီး ကိုယ်ခန္ဓာဖောရောင်လာသည်။ အဖျားကျပြီး သက်သာသွားလျှင်ပင် ကပ်ပါးပိုးများသည် သူ၏ကိုယ်ခန္ဓာတွင် ဆက်ရှိနေမည်ဖြစ်ပြီး နှလုံး၊ အာရုံကြောနှင့် ကိုယ်တွင်းတစ်ရှူးများထဲ ဝင်ရောက်သွားသည်။ အများအားဖြင့် ၁၀ နှစ်မှ အနှစ် ၂၀ အထိ ရောဂါလက္ခဏာမပြဘဲ ရှိနေနိုင်သည်။ သို့သော် ထိုနောက်ပိုင်းတွင် သူ၏အစာခြေအင်္ဂါတွင် အနာဖြစ်လာနိုင်ပြီး ဦးနှောက်ပိုင်း ကူးစက်ခံစားရကာ နောက်ဆုံးတွင် နှလုံးပျက်ယွင်းပြီး အသက်ဆုံးသွားနိုင်သည်။

လက်တွေ့စိတ်ကူးဖြင့်ဖန်တီးထားသော ဤဇာတ်လမ်းသည် ရှာဂါရောဂါ မည်သို့ကူးစက်နိုင်ကြောင်းကို ရုပ်လုံးဖော်ထားခြင်းဖြစ်သည်။ လက်တင်အမေရိကတွင် သန်းနှင့်ချီသောသူများသည် ဤပိုး အနမ်းခံရမည့် အန္တရာယ်ရှိကြသည်။

လူတို့၏အဖော် ခြေများစွာရှိသည့်ပိုး

“လူတို့၌ဖြစ်သော အဖျားရောဂါအများစုသည် အင်းဆက်ပိုးများ သယ်ဆောင်လာသောပိုးမွှားလေးများကြောင့်ဖြစ်သည်”ဟုဗြိတဲန်နီကာစွယ်စုံကျမ်းကဖော်ပြ၏။ “အင်းဆက်ပိုး” ဟူ၍ အများအားဖြင့် အသုံးပြုသော စကားလုံးသည်—ခြေခြောက်ချောင်းရှိ ယင်၊ လှေး၊ ခြင်၊ သန်းနှင့် ပိုးတောင်မာများ—သာမက ခြေရှစ်ချောင်းရှိ ကမျဉ်းကောင်များနှင့် မွှားများလည်း ပါဝင်သည်။ သိပ္ပံပညာရှင်များက ယင်းတို့အားလုံးကို တိရစ္ဆာန်လောကတွင် အကြီးဆုံးအုပ်စုကြီးဖြစ်သည့် မျိုးစိတ်ပေါင်း အနည်းဆုံးတစ်သန်းရှိသော ကျောရိုးမဲ့တိရစ္ဆာန် အမျိုးအစားအောက်တွင် စာရင်းထည့်သွင်းထားသည်။

အင်းဆက်ပိုးအများစုသည် လူတို့ကို အန္တရာယ်မပြုကြပါ၊ အချို့အင်းဆက်ပိုးများသည် များစွာအကျိုးပြုသည်။ အစားအစာအတွက် လူများနှင့် တိရစ္ဆာန်များ မှီခိုနေရသော အပင်ငယ်၊ အပင်ကြီးများစွာသည် ထိုအင်းဆက်ပိုးများမရှိလျှင် ဝတ်မှုန်ကူးနိုင် သို့မဟုတ် အသီးသီးနိုင်မည်မဟုတ်ပါ။ အချို့အင်းဆက်ပိုးများသည် မစင်များကို ပြန်လည်ပြုပြင်အသုံးပြုရန် ထောက်ကူပေးကြသည်။ အင်းဆက်ပိုးများစွာသည် အပင်များကိုချည်း စားကြသည်၊ အချို့မှာမူ အခြားအင်းဆက်များကို စားကြသည်။

နာကျင်အောင် ကိုက်တတ်သည့် အင်းဆက်ပိုးများရှိနေခြင်း သို့မဟုတ် အင်းဆက်ပိုး အုပ်လိုက်ရှိနေခြင်းကိုယ်နှိုက်တို့ကြောင့် လူနှင့် တိရစ္ဆာန်များ အနှောင့်အယှက်ဖြစ်ရသည်မှာ မှန်ပါသည်။ အချို့အင်းဆက်ပိုးများသည် ကောက်ပဲသီးနှံများကို အကြီးအကျယ်ဖျက်ဆီးတတ်ကြသည်။ ပိုဆိုးသည်မှာ အင်းဆက်ပိုးများကြောင့် အနှံ့အပြားဖျားနာခြင်းနှင့် သေခြင်းတို့ဖြစ်ရခြင်းဖြစ်သည်။ “၁၇ ရာစုမှ ၂၀ ရာစုအစောပိုင်းအထိ လူတို့ ဖျားနာ၊ သေဆုံးရမှုတွင် အခြားအကြောင်းရင်း စုစုပေါင်းထက် အင်းဆက်မှတစ်ဆင့် ကူးစက်သော ရောဂါများကြောင့် ဖျားနာသေဆုံးရခြင်းက သာ၍များသည်” ဟု ယူ.အက်စ်. ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးဌာနမှ ဒေါန် ဂူ့ဘလာက ဆိုသည်။

လက်ရှိအချိန်တွင်လူ ၆ ယောက်တွင် ၁ ယောက်သည် အင်းဆက်ပိုးများကြောင့် ရောဂါကူးစက်ခံနေရကြသည်။ ရောဂါခံစားရသည့်အပြင် အင်းဆက်ပိုးများကြောင့်ဖြစ်သော ရောဂါကြောင့် လေးလံသောငွေကြေးဝန်ထုပ်ဝန်ပိုးများကို ထမ်းရကြသည်—အထူးသဖြင့် ကုသစရိတ်မတတ်နိုင်ရှာသော ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ဖြစ်သည်။ ရုတ်တရက်ထဖြစ်သည့် တစ်ကြိမ်တစ်ခါပင်လျှင် ငွေကြေးအတော်ကုန်ကျနိုင်သည်။ ၁၉၉၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံအနောက်ပိုင်း၌ ထိုသို့ဖြစ်ပွားခဲ့မှုကြောင့် ဒေသခံနိုင်ငံနှင့် ကမ္ဘာ့စီးပွားရေးတို့သည် ဒေါ်လာသန်းထောင်နှင့်ချီ ငွေယိုခဲ့သည်ဟု ဆိုသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဘလျူအိပ်ခ်ျအို) ၏အဆိုအရ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများသည် ထိုကဲ့သို့သော ကျန်းမာရေးပြဿနာများကို မထိန်းချုပ်နိုင်သေးသရွေ့ စီးပွားရေးထူထောင်နိုင်မည်မဟုတ်ပါ။

အင်းဆက်ပိုးများက ကျွန်ုပ်တို့ကို ဖျားနာစေပုံ

အင်းဆက်ပိုးများသည် အဓိကနည်းနှစ်နည်းဖြင့် ရောဂါပိုး သယ်ဆောင်ကြသည်။ ပထမနည်းမှာ ရောဂါပိုးများကို ၎င်းတို့၏ ကိုယ်ပေါ်တွင် သယ်ဆောင်ခြင်းအားဖြင့် ဖြစ်သည်။ လူများသည် မသန့်သောဖိနပ်များဖြင့် အိမ်ထဲသို့ အညစ်အကြေးများ သယ်ဆောင်လာနိုင်သကဲ့သို့ “ယင်ကောင်များသည် သူတို့၏ခြေချောင်းများတွင် သန်းနှင့်ချီသော အဏုဇီဝပိုးမွှားများကို သယ်ဆောင်လာနိုင်ပြီး ယင်းတို့သည် ရောဂါဖြစ်စေနိုင်သည့်အထိ များသည်” ဟုဗြိတဲန်နီကာစွယ်စုံကျမ်းကဆိုသည်။ ဥပမာ၊ ယင်ကောင်များသည် မစင်များမှ အညစ်အကြေးများ သယ်ဆောင်လာပြီး ကျွန်ုပ်တို့၏အစားအသောက်များပေါ်တွင် လာနားခြင်းဖြင့် ပိုးမွှားများကို လက်ဆင့်ကမ်းပေးကြသည်။ ယင်းနည်းဖြင့် လူများသည် တိုက်ဖွိုက်၊ ဝမ်းကိုက်နာ၊ ကာလဝမ်းရောဂါ ကဲ့သို့သော အင်အားဆုတ်ယုတ်ကာ သေလောက်သည့်အထိဖျားနာစေသော ရောဂါပိုးများ ကူးစက်ခံရသည်။ ယင်ကောင်များသည် မျက်ခမ်းစပ်ရောဂါ ကူးစက်ပျံ့နှံ့စေကြသည်—ကမ္ဘာပေါ်တွင် ယင်းရောဂါသည် မျက်စိကွယ်ခြင်းကို အဓိကဖြစ်စေသည်။ မျက်ခမ်းစပ်ရောဂါသည် မျက်နက်ဝန်း၏ အရှေ့ပိုင်းတွင်ရှိသော မျက်ကြည်လွှာကို ဒဏ်ရာရစေခြင်းဖြင့် မျက်စိကွယ်ခြင်းကို ဖြစ်စေနိုင်သည်။ ကမ္ဘာတစ်ဝန်းတွင် လူပေါင်း ၅၀၀,၀၀၀,၀၀၀ ခန့်သည် ဤရောဂါဒဏ်ကို ခံစားကြရသည်။

အညစ်အကြေးများကြားတွင် နေပျော်ကြသော ပိုးဟပ်များသည်လည်း ရောဂါပိုးများကို ၎င်းတို့၏ ကိုယ်ပေါ်တွင် သယ်ဆောင်ပျံ့နှံ့စေသည်ဟု ယူမှတ်ကြသည်။ ထို့ပြင် အထူးသဖြင့် ကလေးများ ပန်းနာရင်ကျပ်ရောဂါ အဖြစ်များလာခြင်းမှာ ပိုးဟပ်နှင့်သွေးမတည့်ခြင်းကြောင့်ဖြစ်မည်ဟု ပညာရှင်များက ဆက်စပ်ဖော်ပြကြသည်။ ဥပမာ၊ ပန်းနာရင်ကျပ်ရောဂါကြောင့် ညအချိန်များတွင် အသက်ရှူကျပ်နေရှာသည့် ၁၅နှစ်အရွယ်မိန်းကလေး အက်ရှလီကို မြင်ယောင်ကြည့်ပါ။ ဆရာဝန်က သူ၏အဆုတ်ကို နားထောင်ကြည့်ရန် ပြင်ဆင်နေစဉ် ပိုးဟပ်တစ်ကောင်သည် အက်ရှလီ၏ အင်္ကျီထဲမှထွက်ကျလာပြီး စမ်းသပ်သည့်ခုတင်ပေါ်မှ ဖြတ်ပြေးသွားသည်။

အင်းဆက်များ၏ ကိုယ်ခန္ဓာထဲရှိ ရောဂါပိုးများ

အင်းဆက်ပိုးများသည် ဗိုင်းရပ်စ်၊ ဗက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးများကို သူတို့၏ ကိုယ်ခန္ဓာထဲတွင် လက်ခံသယ်ဆောင်ကြပြီး ကိုက်ခြင်းဖြင့်ဖြစ်စေ၊ အခြားနည်းများဖြင့်ဖြစ်စေ ရောဂါပိုးများပျံ့နှံ့စေခြင်းသည် ဒုတိယနည်းဖြစ်သည်။ အနည်းငယ်သော အင်းဆက်ပိုးများသာ ယင်းနည်းဖြင့် လူများထံ ရောဂါပိုးကူးစက်စေကြသည်။ ဥပမာ၊ ခြင်မျိုးစိတ် ထောင်နှင့်ချီရှိသော်လည်း အနောဖိလိမျိုးစုတစ်ခုတည်းသာ ငှက်ဖျားရောဂါ—(တီဘီရောဂါ ပြီးလျှင်) ကမ္ဘာပေါ်တွင် ဒုတိယအသက်အန္တရာယ်အပေးဆုံး ရောဂါ—ပိုးကို ကူးစက်ပျံ့နှံ့စေကြသည်။

သို့သော် အခြားခြင်များသည် အခြားရောဂါပိုးများစွာကို ကူးစက်ပျံ့နှံ့စေကြသည်။ ဒဘလျူအိပ်ခ်ျအိုက ဤသို့ဖော်ပြ၏– “ရောဂါပိုး ကူးစက်ပျံ့နှံ့စေသော အင်းဆက်ပိုးအားလုံးထဲတွင် ခြင်သည် အန္တရာယ်အရှိဆုံးဖြစ်သည်၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးနှင့် ငန်းဝါအဖျားရောဂါများကို ပျံ့နှံ့စေပြီး ယင်းတို့သည် နှစ်စဉ် သန်းနှင့်ချီသောသူများကို သေဆုံးစေကာ သန်းပေါင်းရာနှင့်ချီသောသူများကို ကူးစက်နေသော ရောဂါများဖြစ်သည်။” ကမ္ဘာ့လူဦးရေ အနည်းဆုံး ၄၀ ရာခိုင်နှုန်းသည် ငှက်ဖျားရောဂါအန္တရာယ်နှင့် ကြုံတွေ့နေရပြီး ၄၀ ရာခိုင်နှုန်းခန့်သည် သွေးလွန်တုပ်ကွေးရောဂါ အန္တရာယ်နှင့် ကြုံတွေ့နေကြရသည်။ ဒေသများစွာတွင် လူတစ်ဦးသည် ယင်းရောဂါနှစ်ခုစလုံး ကူးစက်နိုင်ဖွယ်ရှိသည်။

ခြင်တစ်မျိုးတည်းသာ ခန္ဓာကိုယ်တွင်း ရောဂါပိုးသယ်ဆောင်သော အင်းဆက်ပိုးမဟုတ်ပါ။ စီစီယင်ကောင်များသည် အိပ်ငိုက်ရောဂါဖြစ်စေသော ပရိုတိုဇွာပိုးများကို ကူးစက်ပျံ့နှံ့စေကြသည်၊ သိန်းနှင့်ချီသောသူများ ယင်းရောဂါ ခံစားနေကြရပြီး တစ်နယ်လုံး မိမိတို့၏ စိုက်ပျိုးဖြစ်ထွန်းသော စိုက်ကွင်းများကို မဖြစ်မနေစွန့်ခွာသွားကြရလေသည်။ မြစ်ကမ်းမျက်စိကွယ်ရောဂါပိုး ကူးစက်ပျံ့နှံ့စေသော ယင်နက်များသည် အာဖရိကန်လူမျိုး ၄၀၀,၀၀၀ ခန့်၏ အမြင်အာရုံများကို ကွယ်စေခဲ့သည်။ သဲယင်ကောင်များသည် လီရှမာနီယာရောဂါဖြစ်စေသော ပရိုတိုဇွာပိုးမွှားများကို သယ်ဆောင်နိုင်သည်၊ ယင်းရောဂါသည် ယနေ့အချိန်တွင် ကမ္ဘာပေါ်ရှိ အသက်အရွယ်မရွေး သန်းချီသောသူများခံစားနေရသော ကိုယ်အင်္ဂါချို့တဲ့ခြင်း၊ ရုပ်ပျက်ဆင်းပျက်ဖြစ်ခြင်းနှင့် သေစေနိုင်သောရောဂါများကို ဖြစ်စေသည်။ နေရာတိုင်းနီးပါးတွင်တွေ့ရသော လှေးများသည် တုတ်ပြားသန်များ၊ ဦးနှောက်ရောင်ပိုး၊ တူလာရီးမီးယားရောဂါပိုးများနှင့် အလယ်ခေတ်အတွင်း ဥရောပရှိလူဦးရေ သုံးပုံတစ်ပုံကျော်ကို ခြောက်နှစ်အတွင်း သေဆုံးစေခဲ့သည့် ဘလက်ခ်ဒက်သ်ခေါ် ပလိပ်ရောဂါပိုးကိုပင် သယ်ဆောင်နိုင်ကြသည်။

သန်းများ၊ ကမျဉ်းကောင်များနှင့် မွှားများသည် ငန်းဖျားကြီးရောဂါအမျိုးမျိုးအပြင် အခြားရောဂါများလည်း ဖြစ်စေနိုင်သည်။ ကမ္ဘာတစ်ဝန်း သမပိုင်းဒေသရှိ မွှားများသည် အားအင်ဆုတ်ယုတ်စေသော လိုင်းမ်ရောဂါပိုးများကို သယ်ဆောင်ကြသည်—အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတို့တွင် ရောဂါပိုးသယ်ဆောင်သော ပိုးမွှားကြောင့်ဖြစ်သည့် ရောဂါများထဲတွင် ယင်းရောဂါသည် အဖြစ်များဆုံးဖြစ်သည်။ ဆွီဒင်တွင်လေ့လာမှုတစ်ခုအရ စားကျက်ပြောင်းသောငှက်များသည် မိုင်ထောင်ချီအဝေးသို့ မွှားများကို ပို့ဆောင်ပေးနိုင်ကြပြီး ရောဂါပိုးများကို နယ်မြေအသစ်သို့ သယ်ဆောင်ပေးနိုင်ကြသည်။ “(ခြင်မှလွဲလျှင်) မွှားများသည် လူများထံကူးစက်စေသော ရောဂါပိုးအရေအတွက်တွင် အခြားကျောရိုးမဲ့သတ္တဝါအားလုံးထက် ပိုများသည်” ဟုဗြိတဲန်နီကာ၌ ဆိုထား၏။ အမှန်မှာ၊ မွှားတစ်ကောင်တွင် ရောဂါပိုး သုံးမျိုးထက်ပိုသောပိုးများ သယ်ဆောင်ထားနိုင်ပြီး တစ်ကြိမ်ကိုက်ရုံဖြင့် ယင်းရောဂါပိုးအားလုံး ကူးစက်စေနိုင်သည်!

ရောဂါပိုးကူးစက်ခြင်းမှ “အနားရ”

၁၈၇၇ ခုနှစ်ရောက်မှသာ အင်းဆက်ပိုးများသည် ရောဂါပိုးကူးစက်စေကြောင်း သိပ္ပံပညာဖြင့် သက်သေပြနိုင်ခဲ့သည်။ ထိုအချိန်မှစ၍ ရောဂါပိုးသယ်ဆောင်သော အင်းဆက်ပိုးများကို ထိန်းချုပ်နှိမ်နင်းခြင်း သို့မဟုတ် သုတ်သင်ခြင်းတို့ကို အကြီးအကျယ်လုပ်ဆောင်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် ဒီဒီတီပိုးသတ်ဆေးဖြင့် အားဖြည့်ပေးလိုက်ရာ ၁၉၆၀ ပြည့်လွန်နှစ်များတွင် အာဖရိကတစ်ခွင်၌ အင်းဆက်ပိုးကြောင့်ဖြစ်သော ရောဂါသည် လူထုကျန်းမာရေးကို အဓိကခြိမ်းခြောက်သည့်အရာ မဟုတ်တော့ပေ။ ရောဂါပိုးကူးစက်စေသည့် ပိုးမွှားများကို ထိန်းချုပ်နှိမ်နင်းရေးအစား ဆေးဝါးဖြင့် အရေးပေါ် ဆေးကုသရေး၊ အင်းဆက်ပိုးများအကြောင်းလေ့လာကာ သူတို့၏ရှင်သန်ပေါက်ပွားနိုင်သည့်နေရာများ နည်းသွားစေရေးတို့ကို အဓိကအာရုံစိုက်လာကြသည်။ ဆေးဝါးအသစ်များကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြပြီး ယင်းက သိပ္ပံပညာသည် မည်သည့်ရောဂါကိုမဆို ပျောက်ကင်းစေသည့် “ဆေးကြိမ်လုံး” တစ်ခုရှာတွေ့နိုင်မည်ဟု ထင်ရသည်။ လူများသည် ကူးစက်ရောဂါများမှ “အနားရ” ၍ပျော်ရွှင်ခဲ့ကြသည်။ သို့သော် ထိုအနားရမှုသည် အဆုံးတိုင်တော့မည်။ အဘယ်ကြောင့်ဖြစ်သည်ကို နောက်ဆောင်းပါးတွင် ဖော်ပြပါမည်။

[စာမျက်နှာ ၁၃ ပါ အကျဉ်းဖော်ပြချက်]

ယနေ့ လူ ၆ ယောက်တွင် ၁ ယောက်သည် အင်းဆက်ပိုးကြောင့်ဖြစ်သော ရောဂါကူးစက်ခံရ

[စာမျက်နှာ ၁၃ ပါရုပ်ပုံ]

အနမ်းဘတ်ပိုး

[စာမျက်နှာ ၁၄ ပါရုပ်ပုံ]

ယင်ကောင်များသည် ရောဂါပိုးဖြစ်စေသော ပိုးမွှားများကို သူတို့၏ ခြေချောင်းများတွင် သယ်ဆောင်ကြ

[စာမျက်နှာ ၁၅ ပါရုပ်ပုံ]

အင်းဆက်ပိုးများစွာသည် ရောဂါပိုးများကို ၎င်းတို့၏ခန္ဓာကိုယ်ထဲတွင် သယ်ဆောင်ကြ

ယင်နက်များသည် မြစ်ကမ်းမျက်စိကွယ်ရောဂါပိုးကို သယ်ဆောင်

ခြင်များသည် ငှက်ဖျား၊ သွေးလွန်တုပ်ကွေးနှင့် ငန်းဝါအဖျားရောဂါပိုးတို့ကို သယ်ဆောင်

သန်းများသည် ငန်းဖျားရောဂါပိုးကို ကူးစက်စေနိုင်

လှေးများသည် ဦးနှောက်ရောင်ပိုးနှင့် အခြားရောဂါပိုးများ၏ လက်ခံကောင်ဖြစ်

စီစီယင်ကောင်များသည် အိပ်ငိုက်ရောဂါပိုးကို ကူးစက်စေ

[Credit Lines]

WHO/TDR/LSTM

CDC/James D. Gathany

CDC/Dr. Dennis D. Juranek

CDC/Janice Carr

WHO/TDR/Fisher

[Picture Credit Line on page 14]

Clemson University - USDA Cooperative Extension Slide Series, www.insectimages.org