မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဘယ်ကြောင့် ပြန်ပေါ်လာသနည်း

အဘယ်ကြောင့် ပြန်ပေါ်လာသနည်း

အဘယ်ကြောင့် ပြန်ပေါ်လာသနည်း

လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်ခန့်က ငှက်ဖျားရောဂါ၊ ငန်းဝါရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါတို့ကဲ့သို့သော အင်းဆက်ပိုးကြောင့်ဖြစ်သည့် ရောဂါများသည် ကမ္ဘာ့ဒေသအတော်များများတွင် လုံးဝနီးပါးပျောက်သွားသည်ဟု ယူမှတ်ခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် အင်းဆက်ပိုးကြောင့်ဖြစ်သော ရောဂါများသည် မမျှော်လင့်ဘဲ တစ်ကျော့ပြန်ပေါ်လာသည်။

အဘယ်ကြောင့်နည်း။ အကြောင်းရင်းတစ်ခုမှာ အင်းဆက်ပိုးတချို့နှင့် သူတို့သယ်ဆောင်ထားသော ရောဂါပိုးမွှားများသည် သူတို့ကို ထိန်းချုပ်နှိမ်နင်းရာတွင် အသုံးပြုသည့် ပိုးသတ်ဆေးများနှင့် ဆေးဝါးများကို ခံနိုင်ရည်ရှိလာသောကြောင့်ဖြစ်သည်။ အလိုက်သင့်ပြောင်းလဲသော ဤသဘာဝဖြစ်စဉ်မှာ ပိုးသတ်ဆေးအလွန်အကျွံသုံးစွဲခြင်းကြောင့်သာမက ဆေးဝါးများကို တလွဲအသုံးပြုခြင်းကြောင့် တွန်းအားပေးခံခဲ့ရသည်။ “ဆင်းရဲသောအိမ်ထောင်စုများစွာတွင် လူများသည် ဆေးဝါးများ ဝယ်ယူကြပြီး သူတို့၏ရောဂါလက္ခဏာ သက်သာရုံလောက်သာ အသုံးပြုကြကာ ကျန်သည့်ဆေးများကို နောက်တစ်ကြိမ်ဖျားသည့်အခါသုံးရန် သိမ်းထားကြသည်” ဟုခြင်ဟူသည့်စာအုပ်တွင် ဖော်ပြထားသည်။ ထိုသို့ပြီးပြတ်အောင် မကုသခြင်းကြောင့် သန်စွမ်းသောရောဂါပိုးများသည် ကိုယ်ခန္ဓာထဲ ဆက်လက်ရှင်သန်နိုင်ကြပြီး ဆေးဒဏ်ခံနိုင်သည့် ပိုးသားလောင်းများ ပေါက်ပွားကြသည်။

ရာသီဥတုပြောင်းလဲမှု

အင်းဆက်ပိုးကြောင့်ဖြစ်သော ရောဂါများ တစ်ကျော့ပြန်ပေါ်လာရသည့် အရေးကြီးသောအချက်တစ်ချက်မှာ သဘာဝနှင့် လူမှုဆက်ဆံရေး အပြောင်းအလဲကြောင့်ဖြစ်သည်။ ဥပမာပြရလျှင် ကမ္ဘာချီ ရာသီဥတုအပြောင်းအလဲဖြစ်သည်။ ကမ္ဘာမြေကြီး ပူနွေးလာခြင်းက ယခုလောလောဆယ် ပိုအေးသောရာသီဥတုရှိသည့် ဒေသများသို့ ရောဂါပိုးရှိသော အင်းဆက်ပိုးများ ဝင်ရောက်ပျံ့နှံ့စေသည်ဟု သိပ္ပံပညာရှင်တချို့ ယူဆကြသည်။ ထိုသို့ဖြစ်ခဲ့ကြောင်း သက်သေအထောက်အထား တချို့ရှိသည်။ ကျန်းမာရေးနှင့် ကမ္ဘာ့ပတ်ဝန်းကျင် ဗဟိုဌာန၊ ဟားဗက်ဆေးကျောင်းမှ ဒေါက်တာ ပေါလ် အာရ်. အက်ပ်စတင်က ဤသို့ဖော်ပြ၏– “အင်းဆက်ပိုးများနှင့် အင်းဆက်ပိုးကြောင့်ဖြစ်သော (ငှက်ဖျား၊ သွေးလွန်တုပ်ကွေးရောဂါ အပါအဝင်) ရောဂါများသည် ယနေ့အချိန်တွင် အာဖရိက၊ အာရှနှင့် လက်တင်အမေရိကရှိ အလွန်မြင့်သော ကုန်းမြင့်ဒေသများသို့ ရောက်ရှိနေပြီဖြစ်သည်။” ကော့စ်တာရီကာတွင် သွေးလွန်တုပ်ကွေးရောဂါသည် တောင်တန်းဒေသများသို့ ရောက်ရှိနေပြီဖြစ်သည်၊ ယင်းရောဂါသည် မကြာသေးမီအချိန်အထိ ပစိဖိတ်ကမ်းခြေ၌သာရှိသော ရောဂါဖြစ်သည်၊ ယခုအချိန်တွင်မူ တစ်နိုင်ငံလုံးသို့ ပျံ့နှံ့နေပြီ။

သို့သော် ရာသီဥတုပူနွေးခြင်းသည် တခြားအခြေအနေများကိုလည်း ဖြစ်ပေါ်စေသည်။ တချို့ဒေသများတွင် မြစ်ချောင်းများသည် ရေအိုင်ငယ်လေးများအဖြစ်သာ ကျန်ရှိတော့ပြီး အခြားဒေသများတွင်မူ ရေအိုင်များဖြစ်ထွန်းသည့်အထိ မိုးရွာသွန်းမှုနှင့် ရေလွှမ်းမိုးမှုတို့ကို ဖြစ်ပေါ်စေသည်။ အခြေအနေနှစ်မျိုးစလုံးတွင် ရေများရှိနေခြင်းက ခြင်များပေါက်ပွားရန် အလွန်ကောင်းသည့်အခြေအနေဖြစ်သည်။ သာ၍ပူသောရာသီဥတုက ခြင်များပေါက်ပွားချိန်ကို တိုတောင်းစေပြီး ပေါက်ပွားနှုန်းတိုးစေကာ ခြင်ပေါများသည့် ရာသီသက်တမ်းကို ရှည်စေ၏။ ပူနွေးသောရာသီဥတုတွင် ခြင်များ ပို၍ရှင်သန်ကြသည်။ ပိုပူပြင်းလာမှုက ခြင်၏အစာလမ်းကြောင်းကိုပင် အကျိုးပြုရာ ရောဂါဖြစ်စေသောပိုးမွှားများ ပေါက်ပွားမှုနှုန်းကိုလည်း တိုးများစေ၏၊ ဤသို့ဖြင့် တစ်ကြိမ်ကိုက်ရုံဖြင့် ရောဂါကူးစက်နိုင်သည့်အလားအလာ တိုးများလာသည်။ ထို့အပြင် အခြားစိုးရိမ်စရာများလည်း ရှိသေးသည်။

ရောဂါအကြောင်း လေ့လာမှုတစ်ရပ်

လူမှုဆက်ဆံရေး ပြောင်းလဲမှုများသည်လည်း အင်းဆက်ပိုးကြောင့်ဖြစ်သော ရောဂါများကူးစက်စေနိုင်သည့် အချက်ဖြစ်သည်။ ထိုသို့ဖြစ်နိုင်ကြောင်းကို နားလည်သဘောပေါက်ရန် အင်းဆက်ပိုးများ၏ အခန်းကဏ္ဍကို ပို၍အနီးကပ် ဆန်းစစ်လေ့လာရန်လိုသည်။ ရောဂါများစွာတွင် ရောဂါကူးစက်သည့်ကွင်းဆက်များစွာအနက် တစ်ခုမျှလောက်သာ ပါဝင်ပေမည်။ တိရစ္ဆာန်တစ်ကောင် သို့မဟုတ် ငှက်တစ်ကောင်သည် မိမိ၏ကိုယ်ခန္ဓာပေါ်တွင် အင်းဆက်ပိုးများကို သယ်ဆောင်ခြင်း သို့မဟုတ် သွေးကြောထဲတွင် အဏုဇီဝပိုးများကို လက်ခံသယ်ဆောင်ခြင်းဖြင့် ရောဂါပိုး၏လက်ခံကောင် ဖြစ်နိုင်သည်။ ထိုလက်ခံကောင်များသည် ဤနည်းအတိုင်း ဆက်လက်ရှင်သန်နိုင်ပါက သူတို့သည် ရောဂါပိုးသိုလှောင်ရာလည်း ဖြစ်လာနိုင်ပေသည်။

၁၉၇၅ ခုနှစ်တွင် ယူ.အက်စ်.အေ.၊ ကော်နက်တီကပ်ပြည်နယ် လိုင်းမ်မြို့ငယ်လေးတွင် ဦးဆုံးဖြစ်ခဲ့သော လိုင်းမ်ရောဂါအကြောင်း သုံးသပ်ကြည့်ပါ။ လိုင်းမ်ရောဂါဖြစ်စေသော ဗက်တီးရီးယားပိုးများသည် လွန်ခဲ့သော နှစ်တစ်ရာကျော်အချိန်က ဥရောပသင်္ဘောများပေါ်ပါလာသော ကြွက်များ သို့မဟုတ် ခြံမွေးတိရစ္ဆာန်များနှင့်အတူ မြောက်အမေရိကသို့ ရောက်ရှိလာခြင်းဖြစ်နိုင်ပေသည်။ သေးငယ်သော အိုင်ဇုတ်မွှားများ (သမင်မွှားများ) သည် ရောဂါပိုးရှိသော တိရစ္ဆာန်တစ်ကောင်၏သွေးကို စုပ်ပြီးနောက် မွှားအသက်ရှင်နေသရွေ့ ၎င်း၏အစာလမ်းကြောင်းတွင် ဗက်တီးရီးယားပိုးများ ရှိနေကြသည်။ ထိုမွှားသည် နောက်ထပ်တိရစ္ဆာန်တစ်ကောင် သို့မဟုတ် လူတစ်ဦးကို ကိုက်လိုက်သည့်အခါ ဗက်တီးရီးယားပိုးများကို အကိုက်ခံရသူ၏သွေးကြောထဲသို့ ကူးစက်စေသည်။

အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ဘက်ဒေသသည် နှစ်ပေါင်းများစွာကတည်းက လိုင်းမ်ရောဂါဖြစ်ပွားရာ ဒေသဖြစ်သည်။ ထိုဒေသတွင် လိုင်းမ်ရောဂါ ဗက်တီးရီးယားပိုးသယ်ဆောင်သော အဓိကရင်းမြစ်မှာ ခြေထောက်ဖြူသော တောကြွက်များဖြစ်သည်။ ကြွက်များသည်လည်း မွှားများအတွက် လက်ခံကောင်များဖြစ်ပြီး အထူးသဖြင့် မွှားကောင်များ ကြီးထွားသည့်အဆင့်တွင်ဖြစ်သည်။ သက်ကြီးမွှားများသည် သူတို့၏အစာအတွက်နှင့် ပေါက်ပွားရန်အတွက် သမင်များပေါ်တွင် ပိုမိုတွယ်ကပ်လိုကြသည်။ အရွယ်ရောက်ပြီးသော မွှားမတစ်ကောင်သည် တစ်ကြိမ်သွေးအဝစုပ်ပြီးလျှင် မြေပေါ်သို့ ဥများဥချပြီး မကြာမီ ထိုဥမှတစ်ဆင့် ပိုးလောင်းပေါက်လာကာ မွှားများဖြစ်လာကြသည်။

အခြေအနေများ ပြောင်းလဲခြင်း

ရောဂါပိုးများသည် လူများကို ရောဂါမဖြစ်စေဘဲ တိရစ္ဆာန်များ၊ အင်းဆက်ပိုးများနှင့်အတူ နှစ်ပေါင်းများစွာ ယှဉ်တွဲတည်ရှိခဲ့ကြသည်။ သို့သော် အခြေအနေပြောင်းလဲမှုက ဒေသန္တရလိုက်သောကပ်—ဒေသတစ်ခုရှိ လူများစွာကို ကူးစက်ထိခိုက်စေသည့်ရောဂါကို ဖြစ်ပေါ်စေနိုင်သည်။ လိုင်းမ်ရောဂါသည် အဘယ်အပြောင်းအလဲကြောင့် ဖြစ်ပေါ်ခဲ့သနည်း။

အတိတ်ကာလက သားရဲတိရစ္ဆာန်များသည် သမင်ကောင်ရေကို နှိမ်နင်းပေးခြင်းဖြင့် သမင်မွှားများနှင့် လူတို့ထိတွေ့မှုကို လျော့နည်းစေခဲ့သည်။ အစောပိုင်း ဥရောပတိုက်သား အခြေချနေထိုင်သူများသည် သစ်တောများကို လယ်ယာခြံများအဖြစ် ရှင်းလင်းကြသောအခါ သမင်ကောင်ရေ ပိုလျော့နည်းလာပြီး သမင်စားသားရဲများလည်း ရွှေ့ပြောင်းသွားကြသည်။ သို့သော် ၁၈၅၀ ပြည့်လွန်နှစ်များအတွင်း လယ်ယာခြံများကို စွန့်ပစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းကို အနောက်ဘက်ဒေသသို့ ပြောင်းရွှေ့ခဲ့ကြရာ ခြံမြေများမှာ သစ်တောပြန်ဖြစ်သွားသည်။ သမင်များ ပြန်လည်ရောက်ရှိလာကြသော်လည်း သားရဲတိရစ္ဆာန်များမူ ပြန်မလာကြတော့ချေ။ သို့နှင့် သမင်ကောင်ရေ တစ်ရှိန်ထိုး တိုးများလာပြီး မွှားအရေအတွက်လည်း တိုးများလာသည်။

ထိုနောက်ပိုင်းတွင် လိုင်းမ်ရောဂါဖြစ်စေသော ဗက်တီးရီးယားပိုးပေါ်လာကာ လူများကို အန္တရာယ်မပြုဘဲ ဆယ်စုနှစ်ချီ၍ တိရစ္ဆာန်များတွင် တွယ်ကပ်နေခဲ့သည်။ သို့သော် တောစပ်များတွင် ဆင်ခြေဖုံးရပ်ကွက်များကို စတင်တည်ထောင်လာသောအခါ ကလေး၊ လူကြီးများစွာမှာ မွှားပေါများသောဒေသသို့ ဝင်ရောက်လာကြသည်။ မွှားများသည် လူများတွင် တွယ်ကပ်ကြပြီး လူများမှာ လိုင်းမ်ရောဂါကူးစက်ရရှိခဲ့ကြသည်။

မတည်ငြိမ်သောအခြေအနေက ရောဂါဖြစ်ပွားစေ

အထက်ဆိုခဲ့သောအခြေအနေသည် ရောဂါပိုး ကူးစက်ပြန့်ပွားပုံများစွာထဲမှ တစ်ခုမျှသာဖြစ်ပြီး လူတစ်ဦးထံ ရောဂါပိုးကူးစက်ပုံ နမူနာတစ်ခုသာဖြစ်သည်။ “ပြန်ပေါ်လာသော ပိုခံနိုင်ရည်ရှိလာသည့် ရောဂါပိုးသစ်အားလုံးနီးပါးမှာ လူသားများဝင်စွက်ဖက်ခြင်းကြောင့်ဖြစ်သည်” ဟုဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ယူဂျင်း လင်ဒဲက အနာဂတ်နှင့်ပတ်သက်၍ ရှင်းလင်းသည့်မြင်ကွင်း စာအုပ်တွင်ရေးသားထားသည်။ နမူနာတချို့မှာ– လူကြိုက်များပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် မျက်မှောက်ခေတ်ခရီးသွားလုပ်ငန်းသည် ရောဂါပိုးများကို ပျံ့နှံ့စေပြီး ကမ္ဘာတစ်ဝန်းသို့ ကူးစက်စေနိုင်သည်။ သတ္တဝါကြီးငယ်မဟူ နေထိုင်ရာဝန်းကျင်ဒေသများ ပျက်စီးခြင်းက ဇီဝမျိုးစိတ်များအတွက် စိုးရိမ်စရာဖြစ်သည်။ “လေထု၊ ရေထု ညစ်ညမ်းခြင်းက တိရစ္ဆာန်နှင့် လူတို့၏ရောဂါပြီးစနစ်ကို အားနည်းစေသည်” ဟုလင်ဒဲဖော်ပြ၏။ သူက ဒေါက်တာ အက်ပ်စတင်၏ ပြောဆိုချက်ကို ဤသို့ကိုးကားဖော်ပြ၏– “အခြေခံအားဖြင့် လူတို့သည် ဂေဟဗေဒကို လေ့လာကာ ဝင်ရောက်စွက်ဖက်ခြင်းကြောင့် ရောဂါပိုးများ ပေါက်ပွားကြီးပြင်းနိုင်သည့် အခြေအနေကောင်းကိုဖြစ်စေပြီး ကမ္ဘာမြေကြီး၏ ရောဂါထိန်းချုပ်ရေးစနစ်ကို အားနည်းစေသည်။”

နိုင်ငံရေးမတည်ငြိမ်မှုက စစ်ပွဲများဖြစ်စေပြီး ဂေဟစနစ်ကို ပျက်စီးစေကာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အစားအစာဖြန့်ဖြူးဝေငှခြင်းလုပ်ငန်းများ ဆောင်ရွက်သော အခြေခံအဖွဲ့အစည်းများကို ပြိုကွဲစေသည်။ ယင်းတို့အပြင် ဘိုင်အိုဘူလ်လတင်စာစောင်က ဤသို့ဖော်ပြ၏– “ဒုက္ခသည်များ၊ အာဟာရချို့တဲ့သူများနှင့် အားနည်းနေသူများကို ဒုက္ခသည်စခန်းများသို့ပို့ကြရာ ပြွတ်သိပ်ကျပ်ညှပ်ပြီး မသန့်ရှင်းသောအခြေအနေများက လူများကို ရောဂါကူးစက်စေသည်။”

စီးပွားရေးမတည်ငြိမ်မှုများက လူများကို နိုင်ငံနယ်နိမိတ်ကိုကျော်၍ဖြစ်စေ၊ ပြည်တွင်း၌ဖြစ်စေ နေရာဒေသပြောင်းရွှေ့မှုကို ဖြစ်ပေါ်စေပြီး အဓိကအားဖြင့် မြို့ပြဒေသများတွင် လူဦးရေထူထပ်လာခဲ့သည်။ “ရောဂါပိုးများသည် လူဦးရေထူထပ်သောနေရာများတွင် ပွားများကြသည်” ဟု ဘိုင်အိုဘူလ်လတင်၌ ရှင်းပြထားသည်။ မြို့နေလူဦးရေ တဖြည်းဖြည်းတိုးများလာသည်နှင့်အမျှ “အခြေခံပညာရေး၊ အာဟာရနှင့် ကျောက်ဆေးထိုးခြင်း အစီအစဉ်များကဲ့သို့သော မရှိမဖြစ်လိုအပ်သည့် လူထုကျန်းမာရေးလှုပ်ရှားမှုများက လိုက်မမီနိုင်တော့ချေ။” လူဦးရေထူထပ်လွန်းသော ဒေသများတွင် ရေရရှိရေး၊ မိလ္လာစနစ်နှင့် အမှိုက်စွန့်စနစ်တို့သည် အပိုဝန်များဖြစ်ပြီး အင်းဆက်ပိုးများနှင့် အခြားရောဂါပိုးသယ်ဆောင်သောပိုးများ တိုးများလာသည်နှင့်အမျှ ကျန်းမာရေးစောင့်ရှောက်မှု၊ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် အခက်တွေ့စေသည်။ မည်သို့ပင်ဆိုစေ မျှော်လင့်ချက်မဲ့သည့် အခြေအနေတော့မဟုတ်ပါ၊ ယင်းအကြောင်းကို နောက်ဆောင်းပါးတွင် ဖော်ပြပါမည်။

[စာမျက်နှာ ၂၁ ပါ အကျဉ်းဖော်ပြချက်]

“တစ်ကျော့ပြန်ပေါ်လာသော ပိုခံနိုင်ရည်ရှိသည့် ရောဂါပိုးသစ်အားလုံးနီးပါးသည် လူသားများ ဝင်စွက်ဖက် ခြင်းကြောင့်ဖြစ်သည်”

[စာမျက်နှာ ၁၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ဝက်စ်နိုင်းလ် ဗိုင်းရပ်စ် အမေရိကန်ပြည်ထောင်စုသို့ ကျူးကျော်ဝင်ရောက်

အဓိကအားဖြင့် ခြင်များကြောင့် လူတို့ထံ ကူးစက်သော ဝက်စ်နိုင်းလ်ဗိုင်းရပ်စ်ပိုးကို ဦးဆုံး ၁၉၃၇ ခုနှစ်တွင် ယူဂန်ဒါနိုင်ငံ၌တွေ့ရှိခဲ့ရပြီး နောက်ပိုင်းတွင် အရှေ့အလယ်ပိုင်း၊ အာရှ၊ ပစိဖိတ်သမုဒ္ဒရာရှိကျွန်းများနှင့် ဥရောပတို့တွင် တွေ့ရှိခဲ့သည်။ ယင်းဗိုင်းရပ်စ်ပိုးသည် ၁၉၉၉ ခုနှစ်အထိ ကမ္ဘာ့အနောက်ဘက်ခြမ်းဒေသတွင် မတွေ့ရှိသေးပါ။ သို့သော် ထိုနှစ်နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု၌ လူပေါင်း ၃,၀၀၀ ရောဂါကူးစက်ခဲ့သည်ဟု သတင်းရရှိခဲ့ပြီး လူပေါင်း ၂၀၀ သေဆုံးခဲ့သည်။

အချို့သူများသည် တုပ်ကွေးအဖျား ရောဂါလက္ခဏာမျိုး ခံစားရသော်လည်း ရောဂါကူးစက်ခံရသူအများစုသည် ရောဂါကူးစက်ခံရကြောင်း လုံးဝမသိကြပါ။ အနည်းငယ်သောသူတို့သာ ဦးနှောက်ရောင်ရောဂါနှင့် ကျောရိုးနဗ်ကြိုးဖုံးအမြှေး ရောင်ရမ်းခြင်းအပါအဝင် အပြင်းအထန် ဖျားကြသည်။ ယနေ့အချိန်အထိ ဝက်စ်နိုင်းလ်ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးနှင့် သတ်သတ်မှတ်မှတ် ကုသနည်း မရှိသေးပါ။ ရောဂါပိုးရှိသူထံမှ ကိုယ်အင်္ဂါအစားထိုးကုသခြင်း သို့မဟုတ် သွေးသွင်းခြင်းဖြင့်လည်း ဝက်စ်နိုင်းလ်ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်သည်ဟု ယူ.အက်စ်. ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက သတိပေးထားသည်။ “ယခုလောလောဆယ်အထိ သွေးထဲတွင် ဝက်စ်နိုင်းလ်ဗိုင်းရပ်စ်ပိုးရှိမရှိ စစ်ဆေးနိုင်သည့် နည်းလမ်းမရှိပါ” ဟု ၂၀၀၂ ခုနှစ်တွင် ရိုက်တာသတင်းဌာနက ဖော်ပြသည်။

[Credit Line]

CDC/James D. Gathany

[စာမျက်နှာ ၁၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သင့်ကိုယ်သင် မည်သို့ကာကွယ်နိုင်သနည်း။ ဆောင်သင့်ရာနှင့်ရှောင်သင့်ရာများ

ကျန်းမာစွာနေထိုင်နိုင်သည့် အကြံပြုချက်များရရှိဖို့ ကမ္ဘာတစ်ဝန်းရှိ အင်းဆက်ပိုးပေါများပြီး ရောဂါနှိပ်စက်ခံရသော ဒေသများ၌ရှိသူများနှင့် နိုးလော့! သည် ဆွေးနွေးမေးမြန်းခဲ့သည်။ သူတို့၏အကြံပြုချက်များသည် သင့်ဒေသတွင် အထောက်အကူဖြစ်ကြောင်း တွေ့ရပေမည်။

သန့်ရှင်းစင်ကြယ်မှု—အရေးအကြီးဆုံး အရံအတား

သင့်အိမ်ကို သန့်ရှင်းစွာထားပါ

အစားအစာထည့်သည့် ဘူးခွက်များကို အဖုံးဖုံးထားပါ။ ချက်ပြုတ်ထားသော အစားအစာများကို မစားသုံးမီအထိ အဖုံးဖုံးထားပါ။ ဖိတ်စင်သွားသော အစားအစာများကို ချက်ချင်းသန့်စင်ပစ်ပါ။ အိုးခွက်ပန်းကန်များကို မဆေးကြောဘဲ တစ်ညလုံးထားခြင်း သို့မဟုတ် နံနက်တွင် စွန့်ပစ်မည့်အစားအစာများကို အိမ်ပြင်တွင်ပစ်ထားခြင်းမပြုပါနှင့်။ အင်းဆက်ပိုးများနှင့် ကြွက်များသည် ညအချိန်တွင် အစာရှာထွက်ကြသောကြောင့် ယင်းတို့ကို ဖုံးထားပါ၊ မြေမြှုပ်ပါ။ အိမ်အောက်ထပ်မြေကြီး အလွှာကို ကွန်ကရစ်လောင်းထားမည်ဆိုလျှင် အိမ်ကိုသန့်ရှင်းနေစေပြီး အင်းဆက်ပိုးမရှိအောင် ထောက်ကူသည်။—အာဖရိက။

အိမ်ပြင်မှအင်းဆက်ပိုးများကို ဆွဲဆောင်သော သစ်သီးများနှင့် အခြားအရာများကို သိမ်းဆည်းထားပါ။ ခြံမွေးတိရစ္ဆာန်များ—ဆိတ်၊ ဝက်၊ ကြက်များ—ကို အိမ်ပြင်တွင်ထားပါ။ အိမ်ပြင်ရှိ အိမ်သာကျင်းများကို အဖုံးဖုံးပါ။ တိရစ္ဆာန်မစင်များကို ယင်နားခြင်းမရှိစေရန် ချက်ချင်းဖုံးပါ၊ သို့မဟုတ် ထုံးဖြူးပေးပါ။ အိမ်နီးချင်းများက ထိုသို့မပြုလုပ်သည့်တိုင် သင့်အိမ်တွင်းအိမ်ပြင်တွင် အင်းဆက်ပိုးတော်တော်များများ လျော့နည်းသွားစေမည့်အပြင် ပုံသက်သေကောင်းပြရာလည်းရောက်သည်။—တောင်အမေရိက။

[ရုပ်ပုံ]

အစားအစာများ သို့မဟုတ် အမှိုက်ပုံးများကို မဖုံးဘဲ ထားခြင်းသည် အင်းဆက်ပိုးများအား သင်တို့နှင့် အတူစားသောက်ရန် ဖိတ်ခေါ်ခြင်းနှင့်တူ

တစ်ကိုယ်ရေသန့်ရှင်းမှု

“ဆပ်ပြာသည် ဈေးမကြီးသောကြောင့် လက်နှင့် အဝတ်အစားများကို ဆပ်ပြာသုံး၍ ဆေးကြောလျှော်ဖွပ်ပါ၊ အထူးသဖြင့် လူများ၊ တိရစ္ဆာန်များနှင့် ထိတွေ့ပြီးချိန်တွင်ဖြစ်သည်။ တိရစ္ဆာန်အသေများကို မကိုင်ပါနှင့်။ သင့်လက်ဖြင့် သင့်ပါးစပ်၊ နှာခေါင်း၊ မျက်စိများကို မကိုင်တွယ်ပါနှင့်။ အဝတ်အစားများသည် သန့်ရှင်းနေပုံရသည့်တိုင် ပုံမှန်လျှော်ဖွပ်သင့်သည်။ သို့သော် တချို့သောမွှေးရနံ့များသည် အင်းဆက်ပိုးများကို ဆွဲဆောင်သောကြောင့် တစ်ကိုယ်ရေသန့်ရှင်းမှုပြုရာတွင် ထိုမွှေးရနံ့ပါသော ဆပ်ပြာနှင့် အသုံးအဆောင်များကို အသုံးမပြုပါနှင့်။—အာဖရိက။

ကြိုတင်ကာကွယ်နည်းများ

ခြင်ပေါက်ပွားနိုင်သည့် နေရာများကို ရှင်းလင်းခြင်း

ရေတိုင်ကီများ၊ ရေစည်များကို ဖုံးအုပ်ထားပါ။ ရေတင်ကျန်နိုင်သည့် ဘူးခွက်အားလုံးကို ရှင်းလင်းပါ။ ပန်းအိုးများတွင် ရေမဝပ်ပါစေနှင့်။ ခြင်များသည် လေးရက်ကျော်ရေဝပ်သည့် ရေရှိရာနေရာတိုင်းတွင် ပေါက်ပွားနိုင်ကြသည်။—အရှေ့တောင်အာရှ။

အင်းဆက်ပိုးများနှင့် အတတ်နိုင်းဆုံးဝေးဝေးနေပါ

အင်းဆက်ပိုးများ အများဆုံးထွက်ချိန်နှင့် နေရာများကို ရှောင်ပါ။ အပူပိုင်းဒေသများတွင် နေစောစောဝင်သောကြောင့် နေ့စဉ်လုပ်ဆောင်စရာများစွာကို အင်းဆက်ပိုးများထွက်ချိန်ဖြစ်သော ညအမှောင်တွင် လုပ်ဆောင်ကြရသည်။ အင်းဆက်ပိုးကြောင့် ဖြစ်သောရောဂါများ ပျံ့နှံ့ချိန်တွင် အိမ်ပြင်တွင်ထိုင်ခြင်း၊ အိပ်ခြင်းတို့သည် အန္တရာယ်များသည်။—အာဖရိက။

[ရုပ်ပုံ]

ခြင်ပေါသောဒေသတွင် အိမ်ပြင်၌ အိပ်ခြင်းသည် သင့်အားစားသုံးရန် ခြင်များကို ဖိတ်ခေါ်ခြင်းနှင့်တူ

အထူးသဖြင့် တောထဲသွားသည့်အခါ သင့်အရေပြားအားလုံးနီးပါးဖုံးသည့် အဝတ်အစား ဝတ်ဆင်ပါ။ သင့်အဝတ်အစားများနှင့် အရေပြားတွင် အင်းဆက်ပိုးပြေးစေသည့် ဆေးလိမ်းပါ၊ ဆေးဘူးပါညွှန်ကြားချက်များအတိုင်း အမြဲလိုက်နာပါ။ သင်ကိုယ်တိုင်နှင့် သင့်ကလေးများ အိမ်ပြင်မှ ပြန်လာသည့်အခါ မွှားများပါလာမလာ စစ်ဆေးပါ။ သင့်အိမ်မွေးတိရစ္ဆာန်များသည် ကျန်းမာပြီး သန်းများနှင့် ကင်းနေပါစေ။—မြောက်အမေရိက။

အင်းဆက်ပိုးများသည် ခြံမွေးတိရစ္ဆာန်များမှ လူများထံ ရောဂါပိုးကူးစက်နိုင်သောကြောင့် တိရစ္ဆာန်နှင့်ထိတွေ့ခြင်းကို နည်းနိုင်သမျှနည်းစေပါ။—အာရှတိုက်အလယ်ပိုင်း။

မိသားစုဝင်အားလုံး ခြင်ထောင်ကို အသုံးပြုပါ—ပိုးသတ်ဆေးဖြင့်စိမ်ပြီးဖြစ်သော ခြင်ထောင်ဖြစ်လျှင် ပိုကောင်းသည်။ ပြတင်းပေါက်များတွင် ခြင်လုံသံဇကာတပ်ဆင်ပြီး၊ ယင်းသံဇကာများကို အကောင်းအနေအထား အမြဲရှိစေပါ။ အင်းဆက်ပိုးများ ဝင်လာနိုင်သည့် တံစက်မြိတ်အောက်အပေါက်များကို လုံခြုံအောင်ပိတ်ပါ။ ဤကဲ့သို့သော ကြိုတင်ကာကွယ်မှုများသည် အကုန်အကျရှိမည်ဖြစ်သော်လည်း ကလေးတစ်ယောက်ကို ဆေးရုံတင်ရသည့်အခါ သို့မဟုတ် အိမ်ကိုအလုပ်အကျွေးပြုသူတစ်ဦး အလုပ်မလုပ်နိုင်သည်အထိ အပြင်းဖျားလာသည့်အခါ ပို၍ကုန်ကျပါလိမ့်မည်။—အာဖရိက။

[ရုပ်ပုံ]

ပိုးသတ်ဆေးစိမ်ပြီးဖြစ်သော ခြင်ထောင်သည် ဆေးဖိုးဝါးခနှင့် ဆေးရုံကုန်ကျစရိတ်ထက် သက်သာ

သင့်အိမ်တွင် အင်းဆက်ပိုးများ ပုန်းအောင်းနေနိုင်သည့် နေရာများကို ရှင်းလင်းပါ။ နံရံနှင့် မျက်နှာကြက်ကို အင်္ဂတေဖြင့်မံပါ၊ အက်ကွဲကြောင်းများနှင့် အပေါက်များကို ဖာထေးပါ။ သက်ငယ်မိုးအောက်တွင် အင်းဆက်ပိုးကာသည့်ပိတ်ဖြင့် ကာကွယ်ထားပါ။ အင်းဆက်ပိုးများ ပုန်းကွယ်နေနိုင်သည့်နေရာများဖြစ်သော နံရံတွင်ကပ်ထားသည့် စာရွက် သို့မဟုတ် ပိတ်စအထပ်များ သို့မဟုတ် ရုပ်ပုံများစွာကပ်ထားခြင်းစသည် ရှုပ်ပွနေစေရာများကို ရှင်းထုတ်ပါ။—တောင်အမေရိက။

တချို့သူများသည် အင်းဆက်ပိုးများနှင့် ကြွက်များကို ဧည့်သည်များအဖြစ် သဘောထားကြသည်။ ၎င်းတို့သည် ဧည့်သည်များ မဟုတ်ကြပါ! သူတို့ကို အိမ်ထဲပေးမဝင်ပါနှင့်။ အင်းဆက်ပိုးပြေးစေသည့်ဆေးများနှင့် ပိုးသတ်ဆေးများကို အသုံးပြုပါ—သို့သော် ညွှန်ကြားချက်အတိုင်း အသုံးပြုပါ။ ယင်ကောင်ဖမ်းကိရိယာများ၊ အင်းဆက်ပိုးဖမ်းသည့်ကိရိယာများကို အသုံးပြုပါ။ တီထွင်ကြံဆပါ– အမျိုးသမီးတစ်ဦးသည် ပိတ်ဖြင့် ပိုက်လုံးပုံသဏ္ဌာန်ချုပ်ပြီး သဲအပြည့်ထည့်ကာ အင်းဆက်ပိုးများ ဝင်လာနိုင်သည့် တံခါးပေါက်အောက်ခြေ လွတ်နေသည့်နေရာများတွင် ပိတ်ထားသည်။—အာဖရိက။

[ရုပ်ပုံ]

အင်းဆက်ပိုးများသည် ကျွန်ုပ်တို့၏ ဧည့်သည်များ မဖြစ်သင့်။ သူတို့ကို မောင်းထုတ်ပါ!

မဖျားအောင် ကာကွယ်နည်း

သင့်လျော်သော အာဟာရသုံးဆောင်ခြင်း၊ အနားယူခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် သင်၏ကိုယ်ခံအားကို ထိန်းသိမ်းပါ။ ဖိစီးမှုများကို လျော့ချပါ။—အာဖရိက။

ခရီးသွားသူများ– အင်းဆက်ပိုးကြောင့် ရောဂါဖြစ်ပွားမှုဆိုင်ရာ နောက်ဆုံးသတင်းများကို ကြိုတင်သိရှိထားအောင်လုပ်ပါ။ အခြေခံအချက်အလက်များကို ဒေသခံကျန်းမာရေးဌာနများနှင့် အစိုးရအင်တာနက်ဆိုက်များတွင် ရရှိနိုင်ပါသည်။ သင်ခရီးမထွက်မီ သင်သွားရောက်မည့်ဒေသနှင့် သင့်လျော်သည့် ကာကွယ်ဆေးစားပါ။

သင် မကျန်းမမာဖြစ်ပါက

ဆေးကုသမှု ချက်ချင်းခံယူပါ

ရောဂါအများစုကို အစောပိုင်းဆေးစစ်ချိန်၌ ကုသခြင်းက ပိုလွယ်ကူသည်။

ဆေးစစ်မှားခြင်းကို သတိပြုပါ

သင်သည် အပူပိုင်းဒေသသို့ ခရီးသွားခဲ့ခြင်းဖြစ်မည်ဆိုလျှင် အင်းဆက်ပိုးကြောင့်ဖြစ်သောရောဂါ၊ အပူပိုင်းဒေသရောဂါအကြောင်း ကျွမ်းကျင်သည့် ဆရာဝန်များကို ရှာဖွေပါ။ အတိတ်အချိန်ကဖြစ်သည့်တိုင် သင့်ရောဂါလက္ခဏာများနှင့် သင်သွားခဲ့သော ဒေသများအကြောင်း အားလုံးကို ဆရာဝန်အား ပြောပြပါ။ လိုအပ်မည်ဆိုလျှင် ဆေးသောက်ပါ၊ ဆေးပတ်လည်သည်အထိ သောက်ပါ။

[ရုပ်ပုံ]

အင်းဆက်ပိုးကြောင့်ဖြစ်သော အဖျားရောဂါ သည် အခြားရောဂါလက္ခဏာများနှင့် ဆင်တူနိုင်သည်။ သင်သွားခဲ့သည့်ဒေသများအကြောင်း ဆရာဝန်ကို အပြည့်အစုံပြောပြပါ

[Credit Line]

Globe: Mountain High Maps® Copyright © 1997 Digital Wisdom, Inc.

[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အင်းဆက်ပိုးများသည် အိပ်ခ်ျအိုင်ဗွီပိုးကို ကူးစက်စေသလော

အင်းဆက်ပိုးများကိုလေ့လာသည့် ပညာရှင်များနှင့် ဆေးသိပ္ပံပညာရှင်များက ဆယ်စုနှစ်တစ်ခုကျော် စုံစမ်းစစ်ဆေးမှုနှင့် သုတေသနပြုပြီးနောက် ခြင်များနှင့် အခြားမည်သည့်အင်းဆက်မဆိုသည် အိပ်ခ်ျအိုင်ဗွီ—အေ့ဒ်စ်ဗိုင်းရပ်စ်ပိုး ကူးစက်စေသည့် သက်သေအထောက်အထားကို ရှာမတွေ့ ခဲ့ကြချေ။

ဥပမာ၊ ခြင်ကိုသုံးသပ်ကြည့်မည်ဆိုလျှင် သူ၏ပါးစပ်အပိုင်းသည် သွေးများကို ပြန်လည်ထိုးသွင်းနိုင်သည့် ဝင်ထွက်ပေါက်တစ်ခုတည်းရှိသည့် ဆေးထိုးပြွတ်နှင့် မတူပါ။ ယင်းအစား ခြင်များသည် ပြွန်တစ်ခုဖြင့် သူ၏တံတွေးများကို ထုတ်လွှတ်ရင်း အခြားပြွန်ဖြင့် သွေးစုပ်သည်။ သို့ဖြစ်၍ ဇမ်ဘီယာနိုင်ငံ မောန်ဂူးမြို့ရှိ ခရိုင်ကျန်းမာရေး စီမံခန့်ခွဲမှုအသင်းမှ အိပ်ခ်ျအိုင်ဗွီအထူးကု သောမတ်စ် ဒက်မက်စိုက ခြင်များ၏ အစာခြေစနစ်သည် သွေးများကို ဓာတ်ပြိုကွဲစေပြီး ဗိုင်းရပ်စ်ပိုးများကို သေစေသည်ဟု ရှင်းပြသည်။ အင်းဆက်ပိုးချေးများတွင် အေ့ဒ်စ်ရောဂါပိုး မတွေ့ရပါ။ ငှက်ဖျားပိုးများနှင့်မတူဘဲ အိပ်ခ်ျအိုင်ဗွီပိုးများသည် ခြင်များ၏တံတွေးဂလင်းထဲ မဝင်ကြပါ။

လူတစ်ဦးသည် ကူးစက် တတ်သော အပိုင်းအစ များစွာနှင့် ထိတွေ့မိမှသာ အိပ်ခ်ျအိုင်ဗွီရမည်ဖြစ်သည်။ ခြင်တစ်ကောင်သည် တစ်နေရာတွင် သွေးစုပ်ပြီး အခြားသူတစ်ဦးထံ ပြောင်း၍သွေးစုပ်ရလျှင် သူ၏ပါးစပ်အပိုင်းတွင်ရှိသော သွေးပမာဏမှာ အလွန်နည်း သောကြောင့် ရောဂါမကူးစက်နိုင်ပါ။ ကျွမ်းကျင်သူများ၏အဆိုအရ အိပ်ခ်ျအိုင်ဗွီ ပိုးပါသော သွေးအပြည့်စုပ်ထားသည့် ခြင် တစ်ကောင်ကို ဟနေသောဒဏ်ရာအပေါ်တွင် ရိုက်လိုက်လျှင်ပင် အိပ်ခ်ျအိုင်ဗွီပိုး မကူးစက်ပါ။

[Credit Line]

CDC/James D. Gathany

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

သမင်မွှား (ညာဘက်တွင် ပုံကြီးချဲ့ဖော်ပြထား) သည် လိုင်းမ်ရောဂါပိုးကို လူများထံကူးစက်စေ

ဘယ်ဘက်မှ ညာဘက်သို့– အရွယ်ရောက်ပြီးသောအမ၊ အရွယ်ရောက်ပြီးသောအထီး၊ သားလောင်းတို့၏ ပကတိအရွယ်အစား

[Credit Line]

All ticks: CDC

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ရေလွှမ်းမိုးဘေးများ၊ မသန့်ရှင်းသည့်အခြေအနေများ၊ လူတို့နေရာဒေသပြောင်းရွှေ့ခြင်းတို့သည် အင်းဆက်ပိုးကြောင့်ဖြစ်သော ရောဂါများကို ပျံ့နှံ့စေ

[Credit Line]

FOTO UNACIONES (from U.S. Army)