မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

အိမ်တွင်းအလှပင်များ၏ တန်ဖိုး

“ကျောင်းသားထောင်ပေါင်းများစွာသည် အိမ်တွင်းအလှပင်များကို မိမိတို့၏ကျောင်းဝန်းကျင်အနှံ့တွင် ထားမည်ဆိုလျှင် အဆင့်ကောင်းကောင်းရကြမည်” ဟုလန်ဒန်မြို့ထုတ် သည်တိုင်းမ်စ်သတင်းစာတွင် ဖော်ပြထားသည့်အတိုင်း သုတေသီများကပြောဆိုကြသည်။ စာပေတတ်မြောက်ရေးတက္ကသိုလ်ပါမောက္ခ ဒါရစ်ခ်ကလဲမင့်–ခရူးမ်က လူကျပ်သိပ်ပြီး လေဝင်လေထွက်မကောင်းသည့် စာသင်ခန်းအချို့ရှိ ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏသည် လက်သင့်ခံနိုင်သောပမာဏထက် ၅၀၀ ရာခိုင်နှုန်းကျော်လွန်ရာ ကလေးများ၏ အာရုံစူးစိုက်နိုင်စွမ်းကိုထိခိုက်ကာ တိုးတက်မှုကို နှောင့်နှေးစေကြောင်း တွေ့ရှိခဲ့သည်။ ကျန်းမာရေးနှင့်မညီညွတ်သည့် စာသင်ခန်း၏အခြေအနေကိုဖော်ပြရာတွင် ထိုပါမောက္ခက စာသင်ခန်းများထဲရှိ ကလေးများ၏ပျမ်းမျှသိပ်သည်းမှုသည် အလုပ်သမားများနှင့် ၎င်းတို့၏စွမ်းဆောင်နိုင်မှုအပေါ် အကျိုးသက်ရောက်မှုရှိသည့် “လူနာဆောင်လက္ခဏာစု” ဟုသိရှိထားကြသော ရုံးအဆောက်အအုံများထဲရှိ အလုပ်သမားများ၏ သိပ်သည်းမှုထက် ၅ ဆပိုများသည်ဟုဆို၏။ အခန်းထဲတွင် လေကောင်းလေသန့်ပိုမိုရရှိစေရန် မည်သည့်အပင်များကို အသုံးပြုနိုင်သနည်း။ အမေရိကန်ပြည်ထောင်စုမှ လေ့လာမှုတစ်ခုက စပိုက်ဒါပင်များသည် အထိရောက်ဆုံးဖြစ်သည်ဟု သတ်မှတ်ခဲ့သည်။ နဂါးပင်၊ တိုက်ကပ်နွယ်ပင်၊ ရော်ဘာပင်၊ ပိ(စ်)နှင်းပန်းပင်များနှင့် ယတ်ကာနှင်းပန်းပင်တို့သည်လည်း လေထုညစ်ညမ်းမှုများကို ဖယ်ရှားရာတွင် အလွန်ထိရောက်မှုရှိသည်။ အိမ်တွင်းအလှပင်များသည် ကာဗွန်ဒိုင်အောက်ဆိုက်ကို အောက်ဆီဂျင်အဖြစ်သို့ ပြောင်းလဲပေးခြင်းဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်ပမာဏကို လျော့နည်းစေ၏။

အနိုင်ကျင့်တတ်သူလေးများဖြစ်ရန် လေ့ကျင့်ခံရ

“ကျွန်ုပ်တို့၏အိမ်များတွင် ကလေးများ ဗိုလ်ကျစိုးမိုးကြ၏! အဓိကအားဖြင့် သူတို့အတွက် ဈေးကြီးသည့်အဝတ်အစားများ၊ အလှကုန်များနှင့် ခေတ်ပေါ်အသုံးအဆောင်များကို ဝယ်ပေးကြရသည်။ ဝင်ငွေနည်းသောမိသားစုနှင့် ဝင်ငွေအတော်အသင့်ရှိသောမိသားစုများတွင် အိမ်အသုံးစရိတ်၏ ၈၀ ရာခိုင်နှုန်းအထိကို ဆယ်ကျော်သက်များအတွက် သုံးစွဲကြရသည်” ဟု ပိုလန်အပတ်စဉ်ထုတ် ပရော့စ်ထ်ဂျာနယ်ကဆို၏။ မိဘများအတွက် ဝါဆောတက္ကသိုလ်မှ မောဂေါရ်ဇာတာရင်မ်ကီဗစ်ခ်ျကကြီးမှူးပြုလုပ်သည့် သုတေသနပြုမှုကို ဝေဖန်ရာ၌ မှတ်တမ်းက ကလေးများတွင်ရှိသည့် အနိုင်ကျင့်ဗိုလ်ကျတတ်သောအမူအကျင့်၏ လက္ခဏာအချို့ကို ညွှန်ပြသည်။ ဥပမာ၊ မိဘများအား ကျေးဇူးတင်မည့်အစား “သူတို့သည် တစ်နေ့တခြား ပိုမိုတောင်းဆိုလာကာ သူတို့ရရှိသည့်အရာနှင့် မကျေနပ်ဘဲ နားပူနားဆာလုပ်၍ အခြားသူများကို စာနာထောက်ထားမှုမရှိကြချေ။” ရင်မ်ကီဗစ်ခ်ျက ဤသို့ဆို၏– “ကျွန်မတို့သည် ကလေးငယ်လေးများကိုပင် သူတို့အလိုရှိရာအားလုံး လုပ်ခွင့်ပြုခြင်းဖြင့် သားသမီးများမွေးမြူရာ၌ မဟာအမှားများပြုမိတတ်ကြသည်။” ပိုလန်နိုင်ငံ စိတ်ပညာရှင်များအသင်းက ယင်းကိုသဘောတူကာ ဤသို့ဆို၏– “ဆယ်ကျော်သက်တစ်ဦးလက်ခံထားသည့် ကန့်သတ်ချက်များသည် သူ၏အသက်တစ်နှစ်နှင့် လေးနှစ်အတွင်းတွင် ချမှတ်ပေးခဲ့သည့် ကန့်သတ်ချက်များအပေါ်မူတည်သည်။ ... ကျွန်ုပ်တို့သည် ဆယ်ကျော်သက်များ၏ ကန့်ကွက်မှုနှင့် နားပူနားဆာလုပ်ရပ်အားလုံးကို လိုက်လျောပေးလိုက်ခြင်းဖြင့် အနိုင်ကျင့်တတ်သူလေးများကို မွေးမြူကြီးပြင်းနေစေခြင်းသာဖြစ်သည်။”

အသက် ၄၀ နောက်ပိုင်း—သင်ကြဲခဲ့သည့်အတိုင်း ရိတ်သိမ်းရခြင်း

“အသက်တာတွင် လူတစ်ဦးပြုလုပ်ခဲ့သည့် ရွေးချယ်မှုများနှင့် တွေ့ကြုံခဲ့ရသည့် ဝန်းကျင်သြဇာများသည် ဇရာလက္ခဏာပြမှု ပို၍မြန်ဆန်လာသည့် အသက် ၄၀ အရွယ်တွင် စတင်အကျိုးသက်ရောက်သည်။” ယင်းသည် ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ထုတ် သည်ဒေးလီးတယ်လီဂရပ်ဖ် သတင်းစာပါ ကျန်းမာရေးညီလာခံတစ်ခုမှ အစီရင်ခံစာ၏ အဓိကအချက်ဖြစ်သည်။ ဗစ်တိုးရီးယားပြည်နယ်ရှိ ဆွင်းဘန်းဆေးရုံမှ အာဟာရဗေဒပညာရှင်ကြီး ရာကိုဒီးဗင်ချင်ဇိုး၏အဆိုအရ “‘ချွတ်ယွင်းသောမျိုးရိုးဗီဇ’ သို့မဟုတ် ကောင်းစွာအလုပ်မလုပ်သည့် ခန္ဓာကိုယ်ထဲရှိအရာများ” သည် အသက် ၄၀ နောက်ပိုင်း လူတစ်ဦး၏ ကျန်းမာရေးကို အဆုံးအဖြတ်ပေးရာတွင် အစောပိုင်းကပြုလုပ်ခဲ့သည့် ရွေးချယ်မှုများလောက် အရေးကြီးမည်မဟုတ်ပေ။ “အသက် ၄၀ နောက်ပိုင်း ကျန်းမာရေးသည် အမွေရရှိထားသော မျိုးရိုးဗီဇအချက်အလက်များနှင့် ဝန်းကျင်သြဇာများ အပြန်အလှန် အကျိုးသက်ရောက်မှု၏ အကျိုးဆက်တစ်ခုဖြစ်ကြောင်း ကျွန်ုပ်တို့ယခုသိရှိကြပြီ” ဟုဒီးဗင်ချင်ဇိုး ကဆိုသည်။ “ဇရာပိုင်းဆိုင်ရာ အမျိုးသားအဖွဲ့အစည်း၏အဆိုအရ သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးပြဿနာ ၈၀ ရာခိုင်နှုန်းသည် ဇရာထောင်းခြင်းကြောင့် လုံးဝမဟုတ်ပေ။ ၎င်းတို့မှာ အသက်တာတစ်လျှောက်လုံးတွင် ခန္ဓာကိုယ်ကို ကောင်းစွာဂရုမစိုက်ခဲ့ခြင်းကြောင့်ဖြစ်ကာ အသက် ၄၀ နောက်ပိုင်းတွင် ထိုသို့ကောင်းစွာဂရုမစိုက်ခဲ့ခြင်း၏ အကျိုးဆက်ကို စတင်ခံစားရသည်။”

ကလေးများသည် နီကိုတင်းစွဲရန်လွယ်

“ကလေးများသည် ဆေးလိပ်စသောက်သည့်ရက်ပိုင်းအတွင်းဆေးရွက်ကြီးစွဲလာနိုင်ကာ ပထမဦးဆုံးအကြိမ် စီးကရက်စသောက်သည်နှင့်ပင် စွဲသွားနိုင်သည်” ဟုလန်ဒန်သတင်းစာ သည်ဂါးဒီးယန်းတွင် ဖော်ပြထားသည့် လေ့လာဆန်းစစ်မှုတစ်ခုက ကောက်ချက်ချ၏။ “ဆေးရွက်ကြီးကို တစ်ဖွာမျှသာဖွာ၍ စမ်းကြည့်ခဲ့ဖူးသည့် လူငယ် ၃၃၂ ယောက်တွင် ၄၀% သည် စွဲစေသည့်လက္ခဏာများကို သတင်းပို့ခဲ့ကြသည်။ မီးခိုးကိုရှိုက်သွင်းသည့် ၂၃၇ ယောက်တွင် ၅၃% သည် စွဲစေသည့်လက္ခဏာများကို သတင်းပို့ခဲ့ကြသည်။” အမေရိကန်ပြည်ထောင်စုရှိ မက်ဆာချူးဆက်ဆေးတက္ကသိုလ်မှ ဒေါက်တာဂျိုးဇက်ဒီးဖရန်စာဦးဆောင်သည့် လပေါင်း ၃၀ ကြာလေ့လာမှုတစ်ခုက လေ့လာမှုစတင်ချိန်တွင် အသက် ၁၂ နှစ်နှင့် ၁၃ နှစ်ရှိကြသည့် ကျောင်းသား ၇၀၀ နီးပါးကို စစ်ဆေးခဲ့သည်။ “လေ့လာမှုမပြုမီက ကလေးများ ဆေးရွက်ကြီးစွဲရန် နှစ်နှစ်ကြာသည်—အနည်းဆုံး စီးကရက်ဘူးဝက်ကို နေ့စဉ်သောက်ရန်လိုမည်—ဟုယူဆခဲ့ကြ” ကြောင်းဒီးဖရန်စာကဆို၏။ “ဤကလေးများထဲမှ အချို့သည် ဆေးလိပ်စသောက်သည့် ရက်ပိုင်းအတွင်း ဆေးလိပ်စွဲသွားကြသည်။ ... များသောအားဖြင့် ပထမဦးဆုံးအကြိမ်သောက်သည့် စီးကရက်တစ်လိပ်မှ စတင်၍ နီကိုတင်းစွဲသည်ဟု [ကျွန်ုပ်] သံသယဖြစ်မိသည်။” ဒီးဖရန်စာက ဆယ်ကျော်သက်များသည် ဦးနှောက်ဖွံ့ဖြိုးနေဆဲဖြစ်သောကြောင့် ဆေးစွဲခြင်းကို ခုခံတွန်းလှန်နိုင်စွမ်း ပို၍နည်းသည်ဟုယူဆသည်။ “ဆေးရွက်ကြီးကို ကလေးများ စမ်းကြည့်၍မရကြောင်း သူတို့ကို သိစေချင်သည်။ ဆေးလိပ်သောက်လျှင် ဆိုးကျိုးမခံစားရဘဲ မနေပါ။ စီးကရက်တစ်လိပ်ကို စမ်းသောက်ကြည့်ခြင်းကပင် ရာသက်ပန်စွဲသွားစေနိုင်ကြောင်း ကလေးများအား လက်ခံယုံကြည်စေလိုသည်” ဟုဒီးဖရန်စာကဆို၏။

လမ်းပေါ်နေကလေးများ—အဘယ်ကြောင့်ထိုသို့ဖြစ်

“အိမ်တွင်းအကြမ်းဖက်မှုသည် ကလေးများနှင့် မြီးကောင်ပေါက်အရွယ်များ အိမ်ကိုစွန့်ခွာကာ လမ်းများပေါ်နေထိုင်ကြရသည့် အဓိကအကြောင်းရင်းဖြစ်၏”ဟုဘရာဇီးနိုင်ငံထုတ်အောအက်စတာဒေါဒါဆောပိုလိုသတင်းစာကဖော်ပြသည်။ ရီယိုဒီဂျနေရိုမြို့ရှိ ကလေးများနှင့် မြီးကောင်ပေါက်များဖောင်ဒေးရှင်းတွင် ခိုလှုံခွင့်ပေးထားသည့် လမ်းပေါ်နေကလေး ၁,၀၀၀ အား မကြာသေးမီကစစ်တမ်းကောက်ယူမှုအရ ၃၉ ရာခိုင်နှုန်းသည် နှိပ်စက်ညှဉ်းပန်းခံခဲ့ရကြောင်း သို့မဟုတ် အိမ်တွင်းပဋိပက္ခများကို မြင်တွေ့ခဲ့ရကြောင်း တွေ့ရှိရသည်။ လူမှုဗေဒပညာရှင် လီနီးရှမက်က “ဤကလေးများသည် ဂုဏ်သိက္ခာကို ရှာပုံတော်ဖွင့်ကြကာ ယင်းကို လမ်းများပေါ်တွင်တွေ့ရလိမ့်မည်ဟု တလွဲယူမှတ်ကြသည်” ဟုဆို၏။ ကလေး ၃၄ ရာခိုင်နှုန်းသည် ကျပန်းအလုပ်လုပ်ရန် သို့မဟုတ် တောင်းစားရန် လမ်းများပေါ် နေထိုင်ကြကြောင်း၊ ၁၀ ရာခိုင်နှုန်းသည် မူးယစ်ဆေးနှင့်ပတ်သက်ခြင်းကြောင့် ထိုသို့နေထိုင်ကြကြောင်းနှင့် ၁၄ ရာခိုင်နှုန်းမှာ သူတို့ထိုသို့နေချင်သည်ဟုသာ ပြောဆိုခဲ့ကြကြောင်း လေ့လာမှုကဖော်ပြသည်။ သုတေသီများ၏အဆိုအရ ထိုသို့နေချင်သည်ဟူသောအကြောင်းပြချက်သည် အိမ်တွင် လိင်ဆိုင်ရာ မတော်မတရားပြုခြင်းကဲ့သို့သော အခြားအကြောင်းရင်းများကို ဖုံးကွယ်ထားလေ့ရှိ၏။ ၇၁ ရာခိုင်နှုန်းခန့်သည် လမ်းပေါ်နေအခြားကလေးများနှင့်အတူ နေထိုင်ခဲ့ကြကာ “လမ်းပေါ်နေ အခြားကလေးများအား ညီအစ်ကို၊ ဦးလေး၊ ဖခင်၊ မိခင်များအဖြစ်ယူမှတ်ကာ သူတို့၏ကိုယ်ပိုင်မိသားစုအစီအစဉ်” ကိုဖန်တီးနေကြသည်ဟု ရှမက်ကဆို၏။

ဆေးရွက်ကြီးအန္တရာယ်တိုးများလာ

“တစ်နေ့လျှင် အနည်းဆုံး စီးကရက်သုံးလိပ်သောက်သောအမျိုးသမီးများသည် နှလုံးရောဂါနှင့် အချိန်မတန်မီသေဆုံးမှုအန္တရာယ် နှစ်ဆပိုရှိနိုင်သည်” ဟု လန်ဒန်မြို့ထုတ် သည်ဒေးလီးတယ်လီဂရပ်ဖ်သတင်းစာကဆို၏။ ဒိန်းမတ်အမျိုးသား၊ အမျိုးသမီး ၁၂,၀၀၀ ကိုပြုလုပ်သည့် နှစ်ပေါင်း ၂၀ ကြာလေ့လာမှုတစ်ခုက တစ်နေ့လျှင် စီးကရက်အနည်းငယ်သောက်ခြင်းပင် အန္တရာယ်ရှိသည်ဟု ဦးဆုံးအကြိမ်အနေနှင့်ဖော်ပြခဲ့သည်။ ရှိုက်သွင်းခြင်းမပြုသည့် ဆေးလိပ်သောက်သူများပင် ကျန်းမာရေးထိခိုက်မှု တိုးများလာသည်။ ဆေးလိပ်သောက်ခြင်းနှင့် ကျန်းမာရေးဆိုင်ရာ လှုပ်ရှားမှုအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ အမန်ဒါးစန်းဖာ့ဒ်က ဤလေ့လာမှုမှရရှိသည့် အချက်အလက်များကိုထောက်ရှု၍ “ဆေးလိပ်သောက်သူများသည် လုံးဝဆေးလိပ်ဖြတ်ရန် ပန်းတိုင်ထားသင့်သည်” ဟုဆို၏။ လန်ဒန်တိုင်းမ်စ်သတင်းစာတွင်ဖော်ပြခဲ့သည့် အခြားလေ့လာမှုတစ်ခုတွင် ဂရိနိုင်ငံရှိ အေသင်ဆေးတက္ကသိုလ်မှဆရာဝန်များက ဆေးရွက်ကြီးသောက်သုံးသူတစ်ဦးဦးနှင့် တစ်နေ့လျှင် မိနစ် ၃၀ မျှသာ ပုံမှန်ထိတွေ့ရုံနှင့် (စီးကရက်တစ်လိပ်သောက်သည်နှင့်ညီမျှသည်ဟု ခန့်မှန်းရ) ဆေးလိပ်မသောက်သောအမျိုးသားများတွင် ၄၇ ရာခိုင်နှုန်းနှင့် အမျိုးသမီးများတွင် ၅၆ ရာခိုင်နှုန်း နှလုံးရောဂါအန္တရာယ်တိုးများစေနိုင်သည်။

ဘေးသင့်နေသည့် ပင်လယ်ဖျံများအတွက် တစ်ခုတည်းသော ပင်လယ်ကမ်းခြေများ

၁၉၉၆ ခုနှစ်ကတည်းက မြေထဲပင်လယ်နေ ပင်လယ်ဖျံမျိုးသည် ကမ္ဘာပေါ်တွင် ဘေးအသင့်ဆုံးတိရစ္ဆာန်ဆယ်မျိုး၌ အပါအဝင်ဖြစ်ခဲ့ပြီဟု အပြည်ပြည်ဆိုင်ရာ သဘာဝနှင့် သယံဇာတထိန်းသိမ်းရေး သမဂ္ဂကဖော်ပြသည်။ ဤပင်လယ်ဖျံအကောင်ရေ ၄၀၀ မှ ၆၀၀ အထိသည် သဘာဝဝန်းကျင်တွင် အသက်ရှင်နေကြဆဲဖြစ်သည်။ ၎င်းတို့သည် မုဆိုးများ၏ပစ်မှတ်ဖြစ်လာကာ တံငါသည်များ၏ အမှတ်မထင် သတ်ဖြတ်မှုခံရသည့်အခါ အရေအတွက် လျော့နည်းလာသည်။ နောက်ပိုင်းတွင် ခရီးသွားလုပ်ငန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကြောင့် ၎င်းတို့နေထိုင်ရာဒေသများ ဖျက်ဆီးခံခဲ့ကြရသည်ဟု စပိန်သတင်းစာ အယ်လ်ပေးအက်စ်က ရှင်းပြသည်။ ထို့ကြောင့် ပင်လယ်ဖျံများသည် ဂူများတွင် ခိုအောင်းလာခဲ့ကြသည်။ သို့သော် မုန်တိုင်းထန်ချိန်တွင် လှိုင်းများရိုက်ပုတ်မှုကြောင့် ဂူများသည် ဖျံပေါက်စလေးများအတွက် သေမင်းထောင်ချောက်များ ဖြစ်သွားသည်။ ယခုအခါ စပိန်နှင့် မော်ရေတေးနီးယားအစိုးရတို့သည် အတ္တလန်တိတ် အနောက်ဆာဟာရကမ်းရိုးတန်းရှိ ကာဘိုဘလန်ကိုဒေသမှ ဂူများနှင့် ချောက်ကမ်းပါးများအနီးအနား ပင်လယ်ကမ်းခြေကို အကာအကွယ်ခံ နယ်မြေတစ်ခုဖြစ်စေရန် ပူးပေါင်းဆောင်ရွက်နေကြသည်။ ဤ နယ်မြေသည် အကြီးမားဆုံး အုပ်စုဖြစ်သည့် ပင်လယ်ဖျံ ၁၅၀ ၏ဌာနေဖြစ်သည်။ လူတို့၏နှောင့်ယှက်မှု လျော့နည်းသွားစေမည်မှာ ထင်ရှားသည်။