မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိုးသစ်တောများ—ယင်းတို့ကို ကယ်တင်နိုင်သလော

မိုးသစ်တောများ—ယင်းတို့ကို ကယ်တင်နိုင်သလော

မိုးသစ်တောများ—ယင်းတို့ကို ကယ်တင်နိုင်သလော

ဘိုလီးဗီးယားနိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်

ရာမီရိုသည် အပူပိုင်းဒေသ တိမ်လွှမ်းသစ်တောဖြင့် လွှမ်းခြုံထားသည့် လျှိုမြောင်တောင်ကြားတစ်ခုကို ပိုင်ဆိုင်သည်။ * တောင်အမေရိက၊ အင်းဒီးစ်တောင်တန်း တောင်ခြေတွင်တည်ရှိသော ထိုလျှိုမြောင်တောင်ကြားသည် ရှေးသစ်ပင်အိုကြီးများ ရှင်သန်ဆဲရှိသောနေရာအနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် တောင်ပေါ်သစ်တောများ ပြုန်းတီးလျက်ရှိသည်။ နေရာဒေသအရပ်ရပ်မှ သိပ္ပံပညာရှင်များသည် ရာမီရို၏ တိမ်လွှမ်းသစ်တောထဲရှိ သားရိုင်းတိရစ္ဆာန်တို့ကိုလေ့လာရန် ရောက်လာခဲ့ကြပြီး ယခင်က တစ်ခါမျှမဖော်ပြဖူးသော မျိုးစိတ်များစွာကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ရာမီရိုသည် သစ်တောထိန်းသိမ်းစောင့်ရှောက်ခြင်းကို အထူးစိတ်ဝင်စားသည်။ သူဤသို့ ပြတ်ပြတ်ပြော၏– “ကျွန်တော်ရဲ့သစ်တောမှာ ဘယ်တော့မှ သစ်ခုတ်ခွင့် မပြုဘူး။”

အခြားတစ်ဦးဖြစ်သူ ရိုဘာတိုသည် အမေဇုန်မြစ်ချိုင့်ဝှမ်း မြေနိမ့်ပိုင်းဒေသရှိ ၂,၀၀၀ စတုရန်းမိုင်ကျယ်သော အပူပိုင်းမိုးသစ်တောကို စီမံအုပ်ချုပ်သည်။ သူသည် ကမ္ဘာ့ဈေးကွက်အတွက် အပူပိုင်းဒေသထွက်သစ်များ ခုတ်လှဲရောင်းချရာတွင် အလွန်ကျွမ်းကျင်သည့် တောအုပ်တစ်ဦးဖြစ်သည်။ သို့သော် ရိုဘာတိုသည်လည်း အပူပိုင်းသစ်တောများနှင့် သားရိုင်းတိရစ္ဆာန်တို့ကို ကာကွယ်ရန် အထူးစိတ်ဝင်စားသူဖြစ်သည်။ “တောထဲမှာရှိတဲ့ သက်ရှိအမျိုးမျိုးကို ရေရှည်ထိခိုက်မှုမရှိစေဘဲ အပူပိုင်းဒေသထွက် သစ်တွေကို ခုတ်လှဲလို့ရတယ်” ဟုသူအခိုင်အမာဆို၏။

နေရာဒေသ၊အခြေအနေခြင်းမတူကြသော်လည်း ရာမီရိုနှင့် ရိုဘာတိုတို့သည် အပူပိုင်းသစ်တောများ၏ အနာဂတ်နှင့်ပတ်သက်၍ အလွန်စိုးရိမ်ကြသည်။ သူတို့နှစ်ဦးသာ စိုးရိမ်ကြခြင်းမဟုတ်ပါ။ လွန်ခဲ့သောဆယ်စုနှစ်များတွင် အပူပိုင်းမိုးသစ်တောများ အလွန်တရာပျက်စီးနေမှုသည် ထိတ်လန့်ဖွယ်ကောင်းလောက်အောင် အရှိန်တိုးမြှင့်လာခဲ့သည်။

ယင်းတို့သည် စိုးရိမ်လွန်နေကြခြင်းလော။ အမှန်မှာ၊ လွန်ခဲ့သောရာစုနှစ်များစွာက လူများသည် သမပိုင်းဒေသများရှိ သစ်တောများစွာကို လယ်ယာစိုက်ပျိုးရေးအတွက် ခုတ်ထွင်ရှင်းလင်းခဲ့ကြသည်။ သို့ဖြစ်လျှင် အပူပိုင်းဒေသရှိလူများက ထိုနည်းအတိုင်းလုပ်ဆောင်နေကြခြင်းသည် အဘယ်ကြောင့် စိုးရိမ်စရာလိုသနည်း။ ယင်းတို့တွင် အခြေခံအားဖြင့် ကွဲပြားခြားနားမှုများရှိသည်။ ဥပမာ၊ အပူပိုင်းမိုးသစ်တောများသည် အများအားဖြင့် မြေသြဇာမကောင်းသော၊ လယ်ယာစိုက်ပျိုး၍မရသောဒေသတွင် ပေါက်ရောက်ကြသည်။ ထို့ပြင် အပူပိုင်းသစ်တောများတွင် သက်ရှိအမျိုးပေါင်းများစွာ နေထိုင်ကြသောကြောင့် ယင်းသစ်တောများပျက်စီးခြင်းသည် လူသားတစ်ရပ်လုံးအပေါ် အကျိုးသက်ရောက်မှုရှိသည်။

သစ်တောပြုန်းတီးခြင်း၏ဆုံးရှုံးမှု

ကမ္ဘာ့သက်ရှိမျိုးစိတ် တစ်ဝက်ကျော်ကို အပူပိုင်းသစ်တောများတွင် တွေ့ရသည်။ မျောက်ပင့်ကူ၊ ကျားများမှစ၍ တွေ့ရခဲသောရေညှိပင်၊ သစ်ခွပင်များအထိ၊ မြွေ၊ ဖားများမှအစ ရှားပါးလိပ်ပြာ၊ ကြက်တူရွေးများအထိ—စာရင်းပြုစုရန် မဖြစ်နိုင်သည်အထိ များပြားလှသော မျိုးစိတ်ပေါင်းများစွာရှိသည်။

သက်ရှိအမျိုးမျိုးသည် အပူပိုင်းမိုးသစ်တောအမျိုးမျိုးတွင် ရှင်သန်ပေါက်ပွားကြသည်။ သစ်တောအမျိုးမျိုးမှာ တောင်ပေါ်ဒေသ တိမ်လွှမ်းသစ်တောများ၊ အရွက်များထူထပ်စွာပေါက်ရောက်သဖြင့် နေရောင်မသန်းနိုင်အောင် ပိတ်ဆီးနေသော စိမ့်ကြီးမြိုင်ကြီး မိုးသစ်တောများ၊ အပူပိုင်းခြောက်သွေ့တောများနှင့် အပင်များသိပ်သည်းစွာပေါက်ရောက်သည့် သစ်တောများဖြစ်သည်။ သို့သော် လူအများစုသည် အပူပိုင်းသစ်တောတစ်ခုကို တစ်ခါမျှ မလည်ပတ်ဖူးကြချေ။ သင်လည်း လည်ပတ်ဖူးမည်မဟုတ်ပါ။ သို့ဖြစ်လျှင် ထိုဒေသများနှင့်ပတ်သက်၍ အဘယ်ကြောင့် စိုးရိမ်ပူပန်သင့်သနည်း။

အပူပိုင်းမိုးသစ်တောများကို ထိန်းသိမ်းကာကွယ်ခြင်းသည် သင့်အတွက် အလွန်အရေးကြီးသည်၊ အကြောင်းမှာ သင်မှီခိုအားထားနေရသည့် အိမ်တွင်စိုက်ပျိုးသောအပင်များနှင့် စီးပွားဖြစ်အပင်များ၏ မျိုးရင်းအရိုင်းပင်များသည် တစ်နည်းနည်းဖြင့် ထိုသစ်တောများတွင် ရှင်သန်ပေါက်ပွားနေကြဆဲဖြစ်၍တည်း။ ထိုအပင်ရိုင်းမျိုးများကို ရောဂါနှင့် ပိုးမွှားတို့၏ဖျက်ဆီးမှု ပိုခံနိုင်ရည်ရှိသော မျိုးသစ်များ ပေါက်ပွားစေခြင်းတွင် အသုံးပြုသောအခါများရှိသည်။ မျိုးရိုးဗီဇအမျိုးမျိုးကို မြေရိုင်းမျိုးစုံတွင် တွေ့ရသောကြောင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် အရေးကြီးရခြင်းဖြစ်သည်။

ထို့ပြင် သုတေသနပြုသူများသည် အပူပိုင်းသစ်တောများမှ အသုံးဝင်သောပစ္စည်းများစွာကို မပြတ်ရှာဖွေတွေ့ရှိနေကြသည်။ ဥပမာ၊ ယခုအသုံးပြုလျက်ရှိသော ဆေးဝါးအများစုသည် အပူပိုင်းဒေသအပင်များမှ ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အပူပိုင်းမိုးသစ်တောများတွင်ရှင်သန်သော သက်ရှိအမျိုးမျိုးကို အသက်ရှိသော စာကြည့်တိုက်တစ်ခုနှင့် နှိုင်းယှဉ်ပြလေ့ရှိပြီး ယင်းစာကြည့်တိုက်ရှိ “စာအုပ်” အများစုကို ယခုအချိန်ထိ မဖွင့်ဖတ်ရသေးပါ။

နုနယ်သော သက်ရှိကွန်ရက်

စိုစွတ်သော အပူပိုင်းသစ်တော ဝန်းကျင်အခြေအနေသည် နုနယ်ပြီး အလွန်ရှုပ်ထွေးသည်။ အလွန်များသော သက်ရှိအမျိုးမျိုးသည် အပြန်အလှန် မှီခိုနေကြသည်။ ဥပမာ၊ အပင်အများစုသည် ဝတ်မှုန်ကူးရန်နှင့် မျိုးစေ့ပြန့်ပွားရန် တစ်စုံတစ်ရာသောငှက်များ၊ အင်းဆက်ပိုးများ သို့မဟုတ် တိရစ္ဆာန်များပေါ် မှီခိုကြရသည်။ ရှုပ်ထွေးသော သက်ရှိစက်ဝန်းတစ်ခုတွင် သစ်ပင်များ၊ တိရစ္ဆာန်များ၊ အင်းဆက်ပိုးများနှင့် အဏုဇီဝရုပ်များအပါအဝင် သက်ရှိအားလုံး၏ စွန့်ပစ်ပစ္စည်းများကို အသုံးဝင်ပစ္စည်းများအဖြစ် ပြန်လည်အသုံးပြုနိုင်ရန် သစ်တောက စွမ်းဆောင်ပေးသည်။ ထူးခြားသည်မှာ ထိုကဲ့သို့ ရှုပ်ထွေးပြီး အပြန်အလှန်မှီခိုနေထိုင်မှု စနစ်တစ်ခုလုံးသည် များသောအားဖြင့် မြေသြဇာမကောင်းသော မြေဆီလွှာတွင် တည်ရှိနေခြင်းဖြစ်သည်။ တစ်ကြိမ်ဖျက်ဆီးခံရပါက ထိုကဲ့သို့သော သစ်တောမျိုးပြန်ရရန် ခက်ခဲသည်၊ သို့မဟုတ် မရရှိနိုင်တော့ပါ။

လူများစွာသည် မိမိတို့၏အသက်မွေးမှုအတွက် အပူပိုင်းသစ်တောများကို မှီခိုကြရသည်။ အပူပိုင်းသစ်တောများသည် သိပ္ပံသုတေသနပြုရန်နှင့် ကမ္ဘာ့လှည့်ခရီးသည်များအတွက် နယ်မြေတစ်ခုဖြစ်သည့်အပြင် သစ်၊ ခွံမာသီး၊ ပျားရည်၊ အုန်းထန်းမျိုးဝင်အဆီအနှစ်၊ ရော်ဘာစေးနှင့် ထင်းရှူးစသည်တို့ရရှိရန် စီးပွားရေးအရ အလွန်အရေးပါသည်။ သို့သော် အပူပိုင်းမိုးသစ်တောများသည် ထိတ်လန့်ဖွယ်ကောင်းသောနှုန်းဖြင့် ပျောက်ကွယ်လျက်ရှိသည်။ မည်ရွေ့မည်မျှ ပျောက်ကွယ်သည်နှင့်ပတ်သက်၍ အငြင်းအခုံဖြစ်နေကြသော်လည်း သေချာသောအရာတစ်ခုမှာ သစ်တောများ လျင်မြန်စွာ ပျောက်ကွယ်နေသည်ဟူသည့်အချက်ပင်။

ယင်းကဲ့သို့သောဝန်းကျင် ကွယ်ပျောက်ခြင်းတွင် အထူးဝမ်းနည်းဖွယ်ဖြစ်စေသည့်အရာမှာ အပူပိုင်းမိုးသစ်တောများကို ရေရှည်အကျိုးမရှိဘဲ ပျက်စီးစေလေ့ရှိခြင်းဖြစ်သည်။ ထိုသစ်တောများစွာကို ကျွဲနွားတိရစ္ဆာန်များအတွက် စားကျက်မြေအဖြစ် ပြောင်းလဲခဲ့ကြသည်။ သို့သော် မကြာမီ ယင်းစားကျက်မြေနှင့် မလုံလောက်သောအခါ ယင်းကို စွန့်ပစ်ခဲ့ကြသည်။ ဘရာဇီးနိုင်ငံ၊ အမေဇုန်ဒေသရှိ ၆၃,၀၀၀ စတုရန်းမိုင်ကျယ်သော နယ်မြေသည် ထိုနည်းဖြင့် စွန့်ပစ်ခဲ့ကြခြင်းဖြစ်သည်ဟု မှတ်တမ်းကဖော်ပြ၏။

မိုးသစ်တောများနှင့် ထိုတွင် ရှင်သန်ပေါက်ပွားကြသော သားရိုင်းတိရစ္ဆာန်များအတွက် အဘယ်အနာဂတ်ရှိသနည်း။ ရာမီရို၊ ရိုဘာတိုနှင့် သူတို့ကဲ့သို့သော အခြားသူများသည် နိုင်ငံတကာစီးပွားရေး၊ လူဦးရေတိုးများလာခြင်း၊ အိမ်မွေးတိရစ္ဆာန်ဈေးကွက်အတွက် ထောင်ချောက်ဆင်ဖမ်းဆီးသူများ၊ တရားမဝင်မုဆိုး၊ သစ်ခုတ်သမားများတို့၏ အင်အားစုများကိုဆန့်ကျင်ကာ အပူပိုင်းမိုးသစ်တောများကို ကာကွယ်ရန် ကြိုးစားနေကြသည်။ သို့သော် သစ်တောပြုန်းတီးစေသည့် အခြေခံအကြောင်းရင်းမှန်များကား အဘယ်နည်း။ မိုးသစ်တောများကို မပျက်စီးစေဘဲ သစ်တောထွက်ပစ္စည်းများစွာကိုအသုံးပြုနိုင်သည့် နည်းရှိပါသလော။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 တိမ်လွှမ်းသစ်တော၊ သို့မဟုတ် တောင်ပေါ်မိုးသစ်တောသည် အမြင့်ပေ ၃,၀၀၀ ကျော်အထက်တွင်ပေါက်သော မိုးသစ်တောဖြစ်သည်။

[စာမျက်နှာ ၃ ပါ အကျဉ်းဖော်ပြချက်]

ကမ္ဘာ့သက်ရှိမျိုးစိတ် အများစုနှင့် သစ်ပင်အမျိုးအမည်ပေါင်းများစွာကို အပူပိုင်းသစ်တောများတွင်တွေ့ရသည်

[စာမျက်နှာ ၄၊ ၅ ပါ ရုပ်ပုံများ]

သစ်ခုတ်သမားများနှင့် သူတို့ဖောက်သောလမ်းများက မိုးသစ်တောများကို ပျက်စီးစေနိုင်