မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မီးတွင်း စိတ်ကျဝေဒနာကို—နားလည်သဘောပေါက်ခြင်း

မီးတွင်း စိတ်ကျဝေဒနာကို—နားလည်သဘောပေါက်ခြင်း

မီးတွင်း စိတ်ကျဝေဒနာကို—နားလည်သဘောပေါက်ခြင်း

ငါဘာဖြစ်နေပါလိမ့်။ ချစ်စရာကောင်းပြီး ကျန်းမာတဲ့ကလေးတစ်ယောက်ကို မွေးပြီးခါစပဲရှိသေးတယ်။ ငါဝမ်းသာပြီး ဂုဏ်ယူသင့်ပေမဲ့ အရမ်းစိတ်ဓာတ်ကျပြီး စိုးရိမ်ပူပန်နေတယ်၊ ဒေါသတောင် ထွက်ထွက်နေတတ်တယ်။ ငါဟာ မိခင်ကောင်းမပီသတဲ့သူတစ်ယောက် ဖြစ်နေပြီလား။ ငါဘာကြောင့် ဒီလောက် စိတ်ဓာတ်ကျနေရတာလဲ။

မီးဖွားပြီးစ မိခင်တစ်ဦးအနေနှင့် အထက်ပါခံစားချက်မျိုးကို အသင်လည်း ခံစားခဲ့ဖူးပေမည်။ ထိုသို့ခံစားရလျှင် အသင် တစ်ဦးတည်းမဟုတ်ပါ။ မီးဖွားပြီးစမိခင် ၇၀ မှ ၈၀ ရာခိုင်နှုန်းသည် တစ်ခါတစ်ရံ ထိုသို့ခံစားတတ်ကြသည်ဟု ခန့်မှန်းထားကြသည်။ သို့သော် မီးတွင်းစိတ်ကျဝေဒနာ (PPD) ဟူသည် အဘယ်နည်း။ အဘယ်အရာက ထိုသို့ဖြစ်စေသနည်း။ မီးတွင်းစိတ်ကျဝေဒနာကို မည်သို့ အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည်နည်း။ မိသားစုဝင်များနှင့် အခြားသူတို့ကကော အဘယ်အကူအညီများ ပေးနိုင်ကြမည်နည်း။

ရောဂါများ

“မီးတွင်းစိတ်ကျဝေဒနာ” ဟူသောစကားလုံးသည် ကလေးမွေးဖွားပြီးနောက် စိတ်ဓာတ်ကျခြင်းဖြစ်စဉ်ကို ရည်ညွှန်းလေ့ရှိသည်။ ယင်းသည် သားဦးမွေးဖွားချိန်တွင်မှမဟုတ်ဘဲ မည်သည့်ကလေးကိုမဆို မွေးဖွားပြီးနောက်ပိုင်းတွင် ဖြစ်ပေါ်နိုင်သည်။ သားလျှောခြင်း သို့မဟုတ် ကိုယ်ဝန်ပျက်ကျပြီးနောက်တွင်ပင် စိတ်ဓာတ်ကျခြင်းဖြစ်စဉ် ဖြစ်ပေါ်နိုင်၏။ ယူ.အက်စ်. ကျန်းမာရေးနှင့် လူထုအကျိုးဆောင်ဌာန၏ အမျိုးသမီးကျန်းမာရေးရုံးအဆိုအရ ရောဂါလက္ခဏာပြင်းထန်မှု အမျိုးမျိုးရှိကြောင်း သိရှိရသည်။

အမျိုးသမီးများစွာသည် ပူဆွေးဝမ်းနည်းခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်တိုခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်းနှင့် မောဟိုက်ခြင်းတို့ဖြင့် လက္ခဏာပြသော မီးဖွားပြီးစစိတ်ညှိုးငယ်မှု သို့မဟုတ် ကလေးကြောင့်စိတ်ညှိုးငယ်မှုကို ခံစားကြရသည်။ ယင်းစိတ်ညှိုးငယ်မှုများကို သာမန်ဖြစ်ရိုးဖြစ်စဉ်အဖြစ် ယူဆကြပြီး သိပ်မကြာပါ၊ ကလေးမွေးဖွားပြီးနောက် ဆယ်ရက်အတွင်း ဆေးဝါးကုသမှုမလိုဘဲ သူ့အလိုအလျောက် ပျောက်ကင်းသွားတတ်၏။

သို့ရာတွင် ကလေးမွေးဖွားပြီးသော မိခင်ဆယ်ဦးတွင် တစ်ဦးသည် ထိုခံစားချက်မျိုး မြင့်တက်လာပြီး ပထမရက်အနည်းငယ်အတွင်း ပို၍ဆိုးရွားသွားကြောင်း သားဖွားနှင့် မီးယပ်ဆိုင်ရာအမေရိကန်ကောလိပ်က ခန့်မှန်းထားသည်။ သူတို့သည် ကလေးမွေးဖွားပြီး လအတန်ကြာအထိပင် ထိုသို့ခံစားနိုင်၏။ မီးဖွားပြီးစမိခင်သည် သူ၏နေ့စဉ်လုပ်ငန်းဆောင်တာများကို ကိုင်တွယ်ဖို့ခဲယဉ်းလာသည့်အထိ ဝမ်းနည်းခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့် စိတ်ပျက်လက်ပျက်ဖြစ်ခြင်းစသည့် ခံစားချက်များ အလွန်ပြင်းထန်လာပြီဆိုလျှင် မီးတွင်းစိတ်ကျဝေဒနာ တကယ်ဖြစ်နေကြောင်း ဖော်ပြရာရောက်ပေမည်။

ထို့အပြင် မီးဖွားပြီးစမိခင် ၁,၀၀၀ တိုင်းတွင် ၁ ဦးမှ ၃ ဦးကြားသည် မီးတွင်းရူးဟုခေါ်သော ပိုမိုပြင်းထန်သည့် စိတ်ကျဝေဒနာကိုပင် ခံစားတတ်ကြသဖြင့် မိခင်အား မိမိကိုယ်ကိုနှင့် ကလေးငယ်ကို ထိခိုက်စေသည့် ထင်ယောင်ထင်မှားဖြစ်ခြင်းနှင့် စိတ်အာရုံချောက်ချားခြင်းတို့ကို ဖြစ်စေ၏။ ဤနောက်ပိုင်းအခြေအနေများသည် ချက်ချင်း ဆေးဝါးကုသရန် လိုအပ်ပေမည်။ *

ဖြစ်ရသည့် အကြောင်းရင်းများ

မီးတွင်းစိတ်ကျဝေဒနာဖြစ်ရသည့် အကြောင်းရင်းကို တိကျရှင်းလင်းစွာ သတ်မှတ်၍မရချေ။ ကာယနှင့် စိတ်လှုပ်ရှားမှုပိုင်း နှစ်မျိုးလုံး ပါဝင်ပတ်သက်ပုံရှိ၏။ ကာယရေးဆိုင်ရာအကြောင်းရင်းတစ်ခုမှာ မီးဖွားပြီး ပထမ ၂၄ မှ ၂၈ နာရီအတွင်းတွင် အီစထရိုဂျင်နှင့် ပရိုဂျက်စတုန်းဟော်မုန်းပမာဏသည် ကိုယ်ဝန်မဆောင်မီအချိန်ကထက် ပို၍ကျဆင်းသွားတတ်ရာ ကိုယ်ခန္ဓာ၏ ဇီဝကမ္မလုပ်ဆောင်မှုများကို ရုတ်တရက် ပြောင်းလဲစေသည်။ ယင်းသည် မီးယပ်သွေးမပေါ်မီ ဖြစ်လေ့ရှိသည့် စိတ်အပြောင်းအလဲများနှင့် စိတ်တင်းမာမှုများနည်းတူ စိတ်ကျဝေဒနာကို ဖြစ်ပေါ်စေနိုင်သည်။ သိုင်းရွိုက်ဂလင်းမှ ထုတ်လွှတ်ပေးသော ဟော်မုန်းပမာဏသည် ကလေးမွေးပြီးနောက်လည်း ကျဆင်းသွားနိုင်၏။ ယင်းက စိတ်ကျဝေဒနာနှင့်ဆင်တူသည့် လက္ခဏာများကို ဖြစ်ပေါ်စေနိုင်သည်။ ထိုအကြောင်းရင်းများကြောင့် မီးတွင်းစိတ်ကျဝေဒနာကို “ဇီဝဓာတုနှင့် ဟော်မုန်းချို့ယွင်းမှု” တစ်ခုဟူ၍ သုတေသီများက ခေါ်ဝေါ်ကြသည်။

စိတ်ဝင်စားစရာမှာ ဗီတာမင်–ဘီဒြပ်ပေါင်းချို့တဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည့် အာဟာရမမျှတမှုကြောင့် မီးတွင်းစိတ်ကျဝေဒနာ ဖြစ်ရသည်ဟု ဆေးသတင်းလွှာတစ်စောင်က ဖော်ပြထားသည်။

မောပန်းခြင်းနှင့် အိပ်မရခြင်းတို့သည်လည်း အကြောင်းရင်းတစ်ရပ် ဖြစ်နိုင်သည်။ ယူ.အက်စ်.အေ. မင်နီစိုတာပြည်နယ်၊ မေရိုဆေးကုခန်းမှ စိတ်ရောဂါကုဆရာဝန် ဒေါက်တာ စတီဗင် အိုင် အော်လ်ချာလာက ဤသို့ပြောပြ၏– “ကလေးမီးဖွားပြီးအချိန်တိုအတွင်းမှာ ခွန်အားမရှိတာနဲ့ အိပ်မပျော်တာတွေက ကြီးမားတဲ့ပြဿနာတွေလို့ထင်ရတဲ့ ပြဿနာငယ်လေးတွေကို ဖြစ်ပေါ်စေနိုင်တယ်။ အမျိုးသမီးတချို့ဟာ ကလေးကြောင့် စိတ်ညှိုးငယ်ခြင်းမရှိတဲ့၊ အိပ်ရေးဝဝအိပ်ရပြီး မီးမဖွားမီက ကောင်းကောင်းကိုင်တွယ်ဖြေရှင်းခဲ့ရတဲ့အရာတွေကို လုပ်ကိုင်ဆောင်ရွက်ဖို့ အခက်တွေ့ကြတော့ စိတ်ပျက်လာနိုင်တယ်။” မရည်ရွယ်ဘဲရတဲ့ကိုယ်ဝန်၊ လမစေ့ဘဲမွေးဖွားခြင်း၊ လွတ်လပ်မှုဆုံးရှုံးခြင်း၊ ခန္ဓာကိုယ်ပုံပန်းနှင့်ပတ်သက်၍ ပူပန်နေခြင်းစသည့် စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာ အကြောင်းရင်းများနှင့် အခြားသူများ၏ ကူညီအားပေးမှု မရရှိခြင်းတို့ကလည်း စိတ်ကျဝေဒနာကို တိုးစေနိုင်သည်။

မိခင်တစ်ဦးဖြစ်ရခြင်းနှင့်ပတ်သက်သည့် အများလက်ခံထားသော ဒဏ္ဍာရီစကားများစွာသည် အမျိုးသမီးတစ်ဦးကို စိတ်ဓာတ်ကျစေနိုင်ပြီး မိခင်မပီသဟူ၍ ခံစားစေနိုင်သည်။ ၎င်းတွင် မိခင်ဘဝကျွမ်းကျင်မှုများသည် သူ့အလိုအလျောက်ဖြစ်လာသည်၊ နှောင်ကြိုးဖွဲ့ခြင်းသည် ချက်ချင်းဖြစ်ပေါ်သင့်သည်၊ ကလေးမှာ စုံလင်ပြီး ဘယ်တော့မှ ဂျီမကျသင့်၊ မီးဖွားပြီးစ မိခင်သည် စုံလင်သင့်သည်ဟူသော အယူအဆများပါဝင်သည်။ လက်တွေ့တွင် ထိုသို့လုံးဝမဟုတ်ချေ။ မိခင်ဘဝကျွမ်းကျင်မှုများသည် လေ့လာသင်ယူရန် လိုသည်၊ ကလေးနှင့် သံယောဇဉ်နှောင်ဖွဲ့ရန်လည်း အချိန်ယူဖို့လိုသည်၊ အချို့သောကလေးများသည် အခြားကလေးများထက် ပို၍စောင့်ရှောက်အုပ်ထိန်းရ လွယ်ကူပေမည်၊ မည်သည့်မိခင်မှ စုံလင်ပြီး စူပါမိခင်များ မဖြစ်ကြချေ။။

အရေးစိုက်ခံရခြင်း

မကြာသေးမီအချိန်အထိ မီးတွင်းစိတ်ကျဝေဒနာကို အလေးအနက် သဘောမထားခဲ့ကြချေ။ ဒေါက်တာ လောရန့်စ် ခရပ်မန်က ဤသို့ထောက်ပြသည်– “အမျိုးသမီးများ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိစ္စရပ်များသည် လျစ်လျူရှုခြင်းခံရပြီး အလေးအနက်မထားအပ်သော စိတ်ချောက်ချားမှုဟုသာ ယခင်က သဘောထားခဲ့ကြသည်။ အမေရိကန် စိတ်ရောဂါကုအသင်းအဖွဲ့၏ ရောဂါအမျိုးအစား ဖော်ထုတ်ခြင်းဆိုင်ရာလက်စွဲစာအုပ် (DSM IV) က မီးတွင်းစိတ်ကျဝေဒနာရောဂါရှိသည်ဟူသည့်အချက်ကို ဘယ်တော့မှ အပြည့်အဝ အသိအမှတ်မပြုခဲ့ချေ၊ ရလဒ်အနေနှင့် ဆရာဝန်များသည် ယင်းနှင့်ပတ်သက်၍ ပညာပေးသင်ကြားပေးခြင်းမခံခဲ့ကြရသလို အားထားနိုင်သည့် သတင်းအချက်အလက်များကိုလည်း မရရှိခဲ့ကြချေ။ ... လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ နှင့် မတူပဲ မိခင်များသည် ဆေးရုံမှ ၂၄ နာရီအတွင်း အိမ်သို့ပြန်သွားကြရသည်။ မီးတွင်းရူးခြင်း၊ စိတ်ညှိုးငယ်ခြင်းနှင့် အချို့သောစိတ်ကျဝေဒနာတို့သည် မီးဖွားပြီး သုံးရက်မှ ၁၄ ရက်အတွင်း ဖြစ်ပေါ်လေ့ရှိသည်။ မိခင်များ အိမ်တွင်ရောက်နှင့်နေကြသဖြင့် ရောဂါလက္ခဏာများကို သိကျွမ်းသည့်အတတ်ပညာရှင်များ၏ စမ်းသပ်စစ်ဆေးခြင်းမခံကြရပေ။”

သို့ရာတွင် မေရီလန်ပြည်နယ်၊ ဘို့တီမိုမြို့ရှိ နိုင်ငံမြောက်ပိုင်း စိတ်ရောဂါကုဆရာဝန်အသင်းများမှ ဒေါက်တာ ခါရိုအီးဝက်ကင် က ရောဂါလက္ခဏာကိုမသိခြင်းနှင့် ဆေးဝါးကုသခြင်း မခံရသော မီးတွင်းစိတ်ကျဝေဒနာသည် ရေရှည်စိတ်ကျဝေဒနာဖြစ်စေနိုင်ပြီး ကလေးနှင့် သံယောဇဉ်နှောင်ဖွဲ့ရန် အခက်တွေ့စေနိုင်သည်။ စိတ်ကျဝေဒနာခံစားရသော မိခင်များသည် မိမိကလေး၏လိုအပ်ရာများကို လျစ်လျူရှုမိပေမည်၊ သို့တည်းမဟုတ် ချုပ်တည်းခြင်းမရှိပဲ မိမိကလေးငယ်များကို ကိုယ်ထိလက်ရောက် အပြစ်ပေးဆုံးမမိပေမည်။ ယင်းက ကလေး၏အသိတရားနှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုများကို ထိခိုက်စေနိုင်သည်။

ဥပမာ၊ အမေရိကန်မိသားစုဆရာဝန် ဂျာနယ်ဆောင်းပါးတစ်ခုက စိတ်ကျဝေဒနာခံစားနေသော မိခင်များ၏ ကလေးငယ်တွင်ရှိသော သိမြင်နားလည်မှုစွမ်းရည်သည် စိတ်ကျဝေဒနာမရှိသော မိခင်များ၏ကလေးလောက် ကျေနပ်အားရဖွယ်မရှိဟု ဖော်ပြထားသည်။ ထို့ထက်ကား မီးတွင်းစိတ်ကျဝေဒနာသည် အခြားကလေးများနှင့် လင်ယောက်ျားကိုပါ ဆိုးကျိုးသက်ရောက်စေနိုင်သည်။

ကုသနည်း

ဘာပြုလုပ်နိုင်မည်နည်း။ ယင်းကို ကြံ့ကြံ့ခံသွားဖို့သာ ရှိသလော။ မီးတွင်းစိတ်ကျဝေဒနာသည် ခဏသာဖြစ်ပြီး ကုသ၍ရနိုင်ကြောင်း သိရှိထားခြင်းက စိတ်သက်သာရာရစေ၏။ * သာမန်ရောဂါလက္ခဏာများအတွက် အနားယူခြင်းနှင့် မိသားစုများ၏ထောက်ကူမှုတို့ လိုအပ်မည်ဖြစ်သော်လည်း စိတ်ကျဝေဒနာသည် သင့်လုပ်ဆောင်နိုင်စွမ်းကို ပျက်ပြားစေပါက ဆေးကုသမှုခံယူရန်လိုအပ်သည့် အရေးကြီးသည့်လက္ခဏာဖြစ်ကြောင်း အမျိုးသမီးများ၏ကျန်းမာရေးရုံးက ဖော်ပြသည်။

အများလက်ခံထားသော ကုထုံးများမှာ စိတ်ကျဝေဒနာကို ထိန်းပေးသောဆေးဝါး၊ * စိတ်ရောဂါအထူးကုတစ်ဦးနှင့် တိုင်ပင်ခြင်း၊ ဟော်မုန်းကုထုံး သို့မဟုတ် ရောဂါပြင်းထန်မှုအပေါ်မူတည်ပြီး ၎င်းတို့အားလုံးကို ပေါင်းစပ်ထားသောကုထုံးတို့ ဖြစ်သည်။ ကလေးကို အသားချင်းထိတွေ့၍ထားခြင်းက မိခင်၏စိတ်ကျဝေဒနာကို လျော့ပါးစေသည်။ * ဆေးဖက်ဝင်အပင်များ၊ ဓာတ်အပ်စိုက်ကုထုံးနှင့် အနုကုနည်းကဲ့သို့သော အခြားကုထုံးများလည်း ရှိပါသေးသည်။

သို့ရာတွင် သင်ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်သည့် အချို့သော ကိစ္စများရှိပါသည်။ ယင်းတို့တွင် အာဟာရရှိသော အစားအစာများကို စားသောက်ခြင်း (သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနှင့် ဂျုံအပြည့်ပါသော စားသောက်ဖွယ်များ အပါအဝင်) ကဖိန်းဓာတ်၊ အရက်နှင့် သကြားတို့ကိုရှောင်ကြဉ်ခြင်း၊ လေ့ကျင့်ခန်း အသင့်အတင့်လုပ်ခြင်းနှင့် သင့်ကလေးအိပ်နေချိန်တွင် ခဏအိပ်စက်ခြင်း တို့ပါဝင်သည်။ ကျန်းမာသောသမီးလေးတစ်ဦးကို မွေးဖွားပြီး မိုးလင်းမိုးချုပ် ရက်များစွာငိုကြွေးခဲ့သော ခရစ်ယာန်မိခင်တစ်ဦးဖြစ်သူ ဇိုရာယာသည် ယေဟောဝါသက်သေတစ်ဦးအဖြစ် သူ၏ပုံမှန် ဓမ္မအမှုလုပ်ငန်းဆောင်တာများတွင် ဖြစ်နိုင်လျှင်ဖြစ်နိုင်ချင်း ပါဝင်လုပ်ဆောင်ခြင်းက စိတ်ကျဝေဒနာကို ကျော်လွှားနိုင်ရန် သူမအား ကူညီခဲ့သည် ဟုပြောပြသည်။—ထပ်ဆင့်အကြံပြုချက်အတွက် ပူးတွဲပါလေးထောင့်ကွက်ကိုရှု။

အခြားသူများ မည်သို့ကူညီနိုင်သနည်း

မီးတွင်းစိတ်ကျဝေဒနာ၏ အဓိကအကြောင်းရင်း တစ်ခုမှာ လုံလောက်သည့် အနားယူမှုမရှိခြင်းဖြစ်၍ အခြားသူများသည် အချို့သော အိမ်မှုကိစ္စများကို ဝိုင်းဝန်းလုပ်ဆောင်ပေးပြီး ကလေးကို ကူထိန်းပေးခြင်းဖြင့် ကူညီပေးနိုင်ပါသည်။ မိသားစုဆွေမျိုးသားချင်းများက ဝိုင်းဝန်းကူညီထောက်မပေးလျှင် မီးတွင်းစိတ်ကျဝေဒနာ အဖြစ်နည်းကြောင်း လေ့လာချက်များက ဖော်ပြ၏။ အများအားဖြင့် ကိုယ်ချင်းစာနာတတ်သော နားထောင်ပေးသူတစ်ဦးဖြစ်ပြီး မီးဖွားပြီးစမိခင်ကို နှစ်သိမ့်အားပေးကာ အပြစ်တင်ဝေဖန်ခြင်း သို့မဟုတ် ဝေဖန်အကဲဖြတ်ခြင်းတို့ကို ရှောင်ကြဉ်ခြင်းဖြင့် များစွာထောက်ကူပေးနိုင်သည်။ မီးတွင်းစိတ်ကျဝေဒနာသည် သဘာဝရောဂါဖြစ်ပြီး ကိုယ်တိုင်ဖန်တီးခြင်းကြောင့် မဟုတ်ကြောင်းသတိရပါ။ မိဘများအတွက် မီးတွင်းပညာပေးရေးအဖွဲ့က ဖော်ပြသည့်အတိုင်း “အမျိုးသမီးတစ်ဦးသည် တုပ်ကွေး၊ ဆီးချို သို့မဟုတ် နှလုံးရောဂါရမည်၊ မရမည်ကို ‘မိမိဘာသာ မထိန်းချုပ်’ နိုင်သကဲ့သို့ဖြစ်သည်။”

အထက်ပါအချက်များအရ မီးတွင်းကာလသည် မီးဖွားပြီးစမိခင်များအတွက် ပျော်ရွှင်ဖွယ်အခါသမယဟုထင်ရသော်လည်း စိတ်ဖိစီးမှုများသောအချိန်လည်း ဖြစ်နိုင်ပါသည်။ ယင်းတို့ကို နားလည်သဘောပေါက်ထားခြင်းက မီးဖွားပြီးစ မိခင်များ၏လိုအပ်ရာကို ထောက်မပေးရန် ကျွန်ုပ်တို့အား ကူညီနိုင်ပါသည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 8 မီးတွင်းစိတ်ကျဝေဒနာကို ခက်ခက်ခဲခဲမီးဖွားပြီးနောက်ပိုင်း အချို့သောမိခင်များ ခံစားတတ်ကြသည့် သွေးလန့်၍ စိတ်ကစဉ့်ကလျားဖြစ်မှုနှင့် မရောထွေးသင့်သော်လည်း နှစ်မျိုးစလုံးကို တစ်ချိန်တည်း ခံစားရနိုင်သည်။

^ အပိုဒ်၊ 19 ၂၀၀၂၊ ဇူလိုင် ၂၂ ရက်နေ့ထုတ် နိုးလော့! [လိပ်] မှ “မီးတွင်းစိတ်ကျဝေဒနာကို ကျွန်မအောင်နိုင်ခဲ့ပြီ” ဟူသော ဆောင်းပါးကိုရှု။

^ အပိုဒ်၊ 20 အချို့ဆေးဝါးများသည် မိခင်နို့ကိုညစ်ညမ်းစေနိုင်သောကြောင့် သင်သည် မိခင်နို့တိုက်ကျွေးလိုလျှင် အသင့်တော်ဆုံးရွေးချယ်မှုအတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်သည်။

[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

မီးတွင်းစိတ်ကျဝေဒနာကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် အကြံပြုချက်များ

၁။ သင့်ခံစားချက်များကို တစ်စုံတစ်ဦးထံ အထူးသဖြင့် အခြားမိခင်များထံတွင် ရင်ဖွင့်ပြောပြပါ။

၂။ သင့်ကလေးကို ကူထိန်းပေးရန်၊ အိမ်မှုကိစ္စများနှင့် တောက်တိုမယ်ရအလုပ်များကို ဝိုင်းဝန်းလုပ်ဆောင်ပေးရန် အခြားသူများကို အကူအညီတောင်းပါ။ ညအချိန်တွင် ကလေးငယ်ကို နို့တိုက်ကျွေးခြင်းနှင့် အိမ်မှုကိစ္စများကို ဝိုင်းကူပေးရန် သင့်ခင်ပွန်းအား တောင်းဆိုပါ။

၃။ တစ်နေ့လျှင် ၁၅ မိနစ်မျှပင်ဖြစ်စေ သင့်အားအကျိုးရှိစေသော အရာတစ်ခုခုလုပ်ရန် အချိန်ရှာယူပါ။ စာဖတ်ပါ၊ လမ်းလျှောက်ပါ၊ စိတ်လန်းဆန်းသွားစေရန်ရေချိုးလိုက်ပါ။

၄။ သင်သည် တစ်နေ့လုံးမှ တစ်ခုတည်းသာပြုလုပ်နိုင်စေကာမူ ယင်းသည် တိုးတက်လာသည့် ခြေလှမ်းတစ်ခုဖြစ်သည်။ တစ်စုံတစ်ခုမှ မလုပ်ဆောင်နိုင်သည့် နေ့များလည်းရှိနိုင်ပါသည်။ ယင်းသို့ဖြစ်သောကြောင့် ကိုယ့်ကိုယ်ကို ဒေါသမထွက်ပါနှင့်။

၅။ ထီးတည်းနေခြင်းသည် စိတ်ကျဝေဒနာကို ကြာရှည်စေတတ်သည်။ အဝတ်အစားလဲကာ နေ့တိုင်း ခဏတစ်ဖြုတ် အိမ်အပြင်ထွက်ပေးပါ။ လတ်ဆတ်သောလေနှင့် ရှုခင်းအပြောင်းအလဲတို့က သင်နှင့် သင့်ကလေးငယ်အား အလွန်အကျိုးရှိစေပါလိမ့်မည်။

[Credit Line]

အမေရိကန်မိသားစုဆရာဝန်များအသင်း၊ သားဖွားနှင့်မီးယပ်ဆိုင်ရာ အမေရိကန်ကောလိပ်နှင့် အမျိုးသမီးများ၏ ကျန်းမာရေးရုံးတို့မှ ထုတ်နုတ်တင်ပြပါသည်။