မျက်လုံးပုံအကွက်ရှိသော အမွေးအတောင်များဖြင့် လှပခံ့ညားသောငှက်
မျက်လုံးပုံအကွက်ရှိသော အမွေးအတောင်များဖြင့် လှပခံ့ညားသောငှက်
အိန္ဒိယမှ နိုးလော့! စာရေးသူ ပေးပို့သည်
ခေါင်းစဉ်ကိုကြည့်လိုက်သည်နှင့် ဥဒေါင်းအကြောင်း ကျွန်ုပ်တို့ပြောနေခြင်းဖြစ်ကြောင်း သင်ရိပ်မိပေမည်။ ဒေါင်းဖို၏မြီးတံကြောင့် ကမ္ဘာသိဖြစ်စေသည်ကို မငြင်းသာပေ။ * သို့ရာတွင် ခံ့ညားလှသောအမွေးအတောင်များက အဘယ်ရည်ရွယ်ချက်ကို အထမြောက်စေကြောင်းနှင့် ဤလှပသောသတ္တဝါ၌ အခြားသောထူးခြားချက်များရှိမရှိ သင်စဉ်းစားဖူးသလော။
ရစ်မျိုးရင်းဝင်ဖြစ်သော ဒေါင်းသည် မျိုးစိတ်သုံးမျိုးရှိသည်။ ဤတွင် အိန္ဒိယဒေါင်း သို့မဟုတ် ရိုးရိုးဒေါင်းအကြောင်း ကျွန်ုပ်တို့ ဖော်ပြပါမည်၊ ယင်းသည် အဓိကအားဖြင့် စိမ်းပြာရောင်ဖြစ်ပြီး လက်မ ၆၀ ရှည်သော မြီးတံရှည်အပါအဝင် အရှည် ၈၀ လက်မမှ ၉၂ လက်မအထိရှိသည်။ မြီးတံအမွေးများသည် အစိမ်းရောင်နှင့် ရွှေရောင်ဖြစ်ကာ ယင်း၌ အပြာရောင်နှင့် နီညိုရောင်မျက်လုံးပုံ အကွက်များပါရှိသည်။ ကိုယ်ခန္ဓာပေါ်ရှိအမွေးများသည် အများအားဖြင့် သတ္တုကဲ့သို့ပြောင်လက်သော စိမ်းပြာရောင်ဖြစ်သည်။
အိန္ဒိယနိုင်ငံ၏ အထိမ်းအမှတ်ငှက်အဖြစ် တရားဝင်သတ်မှတ်ထားသော ဥဒေါင်း၏သွင်ပြင်သည် အမှန်ပင် ကျက်သရေရှိလှသည်။ ထို့ကြောင့်ပင် မာနကြီးသောသူများကို “ဥဒေါင်းကဲ့သို့ဝင့်ဝါ” သည်ဟု အချို့သောဘာသာစကားတွင် ပြောဆိုကြခြင်းဖြစ်ကောင်းဖြစ်မည်။ သို့ရာတွင် ဤငှက်သည် ထင်ထားသလောက် ခပ်စိမ်းစိမ်းမနေကြချေ။ အမှန်သော် ယင်းသည် ယဉ်ပါးလွယ်၏။ အချို့က ဒေါင်းကို အလေးအမြတ် ထားကြသည်။ ထို့အကြောင်းကြောင့် အိန္ဒိယရှိ လယ်သမားများသည် မိမိတို့၏ဂျုံစပါးလယ်ကွက်များကို ဤငှက်များက အန္တရာယ်ပြုသည့်အခါ ရံဖန်ရံခါ သည်းခံလေ့ရှိကြသည်။
၎င်းတို့၏ပြောင်မြောက်သော ကပြဖျော်ဖြေမှု
ဒေါင်းများသည် ၎င်းတို့၏မြီးတံကို အလွန်လှပသောယပ်တောင်သဖွယ် ဖြန့်ကား၍ ပြောင်မြောက်သော ကပြဖျော်ဖြေမှုကြောင့် အထူးကျော်ကြားသည်။ ဤသို့ ဟိတ်ဟန်ထုတ်ရသည့် ရည်ရွယ်ချက်ကား အဘယ်နည်း။ ဒေါင်းမများ သဘောကျစေရန် ယင်းသို့ ပြုလုပ်ပုံရသည်။
ဒေါင်းမသည် အတော်လေး ဇီဇာကြောင်သော်လည်း ဟိတ်ဟန်ထုတ်ပြမှုကို အလွန်နှစ်သက်သူဖြစ်သည်။ တောက်ပသောရောင်စုံမျက်လုံးပုံများပါရှိသည့် ဒေါင်းဖို၏ ယပ်တောင်သဖွယ် ပြန့်ကားသောမြီးတံများက ဒေါင်းမ၏ အာရုံစိုက်မှုကို အပြည့်အဝရရှိစေသည်။ ဒေါင်းမသည် စွဲမက်ဖွယ်အကောင်းဆုံး ဟိတ်ဟန်ထုတ်ပြသော ဒေါင်းဖိုကို မိတ်ဖက်အဖြစ် ရွေးချယ်တတ်သည်။
သို့သော် မြီးတံများ ဖြန့်ပြခြင်းသည် ကပြမှု၏ တစ်စိတ်တစ်ဒေသမျှသာဖြစ်သည်။ ဦးစွာ ဒေါင်းဖိုသည် သူ၏မြီးတံရှည်ကို ယပ်တောင်သဖွယ် ဖြန့်ကားပြီး ဦးပိုင်းဘက်သို့ ကွေးညွတ်စေသည်။ ထို့နောက်မှ ဟိတ်ဟန်ထုတ်၍ စတင် ကပြသည်။ သူ၏ခန္ဓာကိုယ်ကို လှုပ်ခါရင်း နီညိုရောင်တောင်ပံများကို ဘေးနှစ်ဖက်သို့တွဲကျစေလျက် ထောင်မတ်နေသောအမွေးတို့ကို ပွတ်တိုက်သံပြုလေသည်။ ကျယ်လောင်စွာလည်း အော်သေးသည်။ ယင်း၏အသံသည် နာပျော်ဖွယ်မကောင်းသော်လည်း အနည်းဆုံးတော့ ဒေါင်းမကို သူစိတ်ဝင်စားနေကြောင်း သိရှိစေသည်။
ရံဖန်ရံခါ ဒေါင်းမသည် ဒေါင်းဖို၏မြူးထူးကခုန်မှုကို မသိမသာ တုပပြုလုပ်မည်ဖြစ်သော်လည်း အများအားဖြင့်မူ စိတ်ဝင်စားမှုမရှိပေ။ သို့သော် အထူးခြားဆုံး ဟိတ်ဟန်ထုတ်ပြနိုင်လျှင် ဒေါင်းမ၏စိတ်ဝင်စားမှုကို ရရှိနိုင်မည်ဖြစ်သည်။ ဥဒေါင်းဖိုတစ်ကောင်သည် အများဆုံး ဥဒေါင်းမငါးကောင်အထိနှင့် စု၍နေထိုင်တတ်ပြီး တစ်နှစ်အတွင်း သားပေါက် ၂၅ ကောင်မျှ၏ ဖခင်ဖြစ်နိုင်သည်။
ဥဒေါင်းတို့၏ မိသားစုဘဝ
သားပေါက်ချိန်ပြီးလျှင် အမွေးအတောင်လဲချိန်ဖြစ်သည်။ ပျမ်းမျှအားဖြင့် အရွယ်ရောက်ပြီးသော ဒေါင်းဖိုတစ်ကောင်၏ မြီးတံအမွေးမှာ ၂၀၀ အထက်တွင်ရှိသည်။ အိန္ဒိယကျေးလက်ဒေသရှိလူများသည် ဒေါင်းမျိုးစိတ်များ ကာကွယ်ရန် ဒေါင်းမွေးများတင်ပို့ခြင်းကို မပိတ်ပင်မီအထိ အနောက်နိုင်ငံများသို့ တင်ပို့ရန် ကောက်ယူစုသိမ်းကြသည်။ အမှန်သော် ဒေသအတွင်း၌ ထိုအမွေးအတောင်များကို ယပ်တောင်များနှင့် အခြားသော နှစ်လိုဖွယ်ပစ္စည်းများအဖြစ် ပြုလုပ်နေကြဆဲဖြစ်သည်။
ညနေစောင်းတွင် ဥဒေါင်းများသည် သစ်ပင်မြင့်ကြီးများပေါ်သို့ တဖြည်းဖြည်းတက်ကာ အိပ်တန်းဝင်လေ့ရှိကြသည်။ နံနက်တွင် အိပ်တန်းမှ တဖြည်းဖြည်းဆင်းကြသည်။ ဤသတ္တဝါ၏ကိုယ်ဟန်သွင်ပြင်သည် ခံ့ညားထည်ဝါသလောက် အသံမူကား သာယာနာပျော်ဖွယ်မရှိချေ။ ၎င်းတို့သည် အခြားငှက်များ အစာရှာမထွက်မီအချိန်အထိ တိတ်ဆိတ်သောညနေခင်းတွင် ဆူဆူညံညံအော်လေ့ရှိကြသည်။
ဥဒေါင်းသည် တွေ့သမျှကိုဆိုရမလောက် စားသောက်သည့် အစုံစားသတ္တဝါဖြစ်၏။ ယင်းတို့တွင် အင်းဆက်ပိုးများ၊ အိမ်မြှောင်များနှင့် ရံဖန်ရံခါ မြွေပေါက်လေးများအပြင် သစ်စေ့များ၊ ကောက်နှံများ၊ ပဲနီကလေးနှင့် ကောက်ပဲသီးနှံများ၏အမြစ်နုများ ပါဝင်သည်။
ဒေါင်း၏သွင်ပြင်က ဝင့်ဝါပုံပေါက်သော်လည်း ၎င်းတို့သည် လွန်စွာအကာအကွယ်ပေးတတ်ကြသည်။ ဒေါင်းဖိုသည် အကွက်ချောင်းနေသော ကြောင်ကဲ့သို့သော အန္တရာယ်များကို လျင်မြန်စွာသတိပြုမိတတ်ပြီး ကျရောက်တော့မည့် အန္တရာယ်ကိုသတိပေးရန် ကျယ်လောင်စွာအော်၍ တောတန်းတစ်လျှောက် ပြေးလွှားတတ်၏။ အခြားဒေါင်းဖိုများကလည်း ထပ်တူလုပ်ဆောင်ကြသည်။ ရှေ့ဆင့်နောက်ဆင့် အံ့သြဖွယ်ကောင်းလောက်အောင် လျင်မြန်စွာပြေးကြသည်။ သို့ရာတွင် ဒေါင်းမများသည် အစိုးရိမ်ရဆုံးအန္တရာယ်မျိုးနှင့် ကြုံတွေ့ရသည့်တိုင် ၎င်းတို့၏သားပေါက်များကို စွန့်ခွာမသွားကြချေ။
ဒေါင်းများ စတင်ပျံသန်းသောအခါ ယင်းတို့၏ မြီးတံရှည်များသည် အနည်းငယ် အဆင်မပြေစေပုံပေါက်သော်လည်း ယင်းတို့က အရှိန်နှောင့်နှေးစေပုံ မပေါက်ချေ။ ဥဒေါင်းသည် စတင်ပျံသန်းသည်နှင့် တောင်ပံများကို မြန်မြန်ရိုက်ခတ်၍ အရှိန်ပြင်းစွာပျံသန်းကြသည်။
သားပေါက်များသည် ရှစ်လသားအရွယ်ရှိသည့်အခါ မိဘများထံမှ ခွဲထွက်ပြီး မိမိဘာသာ ရှာဖွေစားသောက်ကြတော့သည်။ ၎င်းတို့ ခွဲထွက်သွားခြင်းက မိခင်ဖြစ်သူသည် နောက်ထပ်သားပေါက်ရန် ပြင်ဆင်မှုဖြစ်စေသည်။ ဒေါင်းဖိုငယ်သည် ရှစ်လသားအရွယ်ခန့်တွင် ထူးခြားပေါ်လွင်သော မြီးတံများ စတင်ပေါက်လာကြသော်လည်း လေးနှစ်ပြည့်မှ အမွေးအတောင်စုံကြ၏။ ထိုအချိန်တွင် ၎င်းတို့သည် ကိုယ်ပိုင်မိသားစုရှိရန် အသင့်ရှိပြီဖြစ်သည်။
သမိုင်းတွင်သော ဥဒေါင်း
ဥဒေါင်းများသည် ရှေးခေတ် ဂရိ၊ ရောမနှင့် အိန္ဒိယနိုင်ငံရှိ ဥယျာဉ်များကို ကျက်သရေရှိစေခဲ့ကြသည်။ နှစ်ပေါင်းထောင်နှင့်ချီ၍ အိန္ဒိယနိုင်ငံ၏ ဘုရင့်နန်းတော်များရှိ ပန်းချီပန်းပုနှင့် အဆင်တန်ဆာတို့တွင် ဥဒေါင်းများကို သရုပ်ဖော်ခဲ့ကြသည်။ အမှန်ဆိုလျှင် ဥဒေါင်းသဏ္ဌာန်ပြုလုပ်ထားသော ပလ္လင်သည် အိန္ဒိယ၏ဥစ္စာဓနကြွယ်ဝမှုဆိုင်ရာ အရေးအပါဆုံးသောပြယုဂ်တစ်ခုအဖြစ် မှတ်ယူခံရသည်။ စိန်အလုံးပေါင်းမြောက်မြားစွာ စီခြယ်ထားပြီး ပတ္တမြား ၁၀၈ လုံးနှင့် မြ ၁၁၆ လုံးကို ယင်းပလ္လင်တွင် မြှုပ်သွင်းထားသည်ဟု ဆိုကြ၏။ ပလ္လင်အမိုးအထက်တွင် ရွှေဥဒေါင်းရှိပြီး ယင်းမှ နာမည်တွင်လာခြင်းဖြစ်သည်။ အရေးပါသော အခမ်းအနားကျင်းပချိန် အခါသမယများ၌သာ ထိုပလ္လင်ကို တပ်ဆင်အသုံးပြုခဲ့သည်။
ဘုရင်ရှောလမုန်လက်ထက် အရေးပါသောပို့ကုန်များတွင် ဥဒေါင်းများပါဝင်ခဲ့ကြောင်း ကျမ်းစာသမိုင်းက ဖော်ပြသည်။ သူ၏ နန်းတော်ဥယျာဉ်များအတွင်း ဥဒေါင်းများ ဟိတ်ဟန်ထုတ်သွားလာနေကြသည်ကို မြင်ယောင်ကြည့်ခြင်းသည် စိတ်ဝင်စားစရာပင်။ (၃ ဓမ္မရာဇဝင် ၁၀:၂၂၊၂၃) ဉာဏ်ထက်မြက်သော ပုံစံပြုလုပ်သူရှိကြောင်း ထိုငှက်များက အမှန်ပင် ဖော်ပြနေပေသည်။ ဥဒေါင်းဖိုသည် ၎င်း၏ရောင်စုံတောက်ပသော မြီးတံတို့ကို ဖြန့်ကား၍ကပြနေသောအခါ “ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း” သောဘုရားသခင်၊ ယေဟောဝါ၏ အနုပညာလက်ရာမြောက်လှသောအစွမ်းကြောင့် အံ့သြမိန်းမောသွားမည်သာဖြစ်သည်။—ဗျာ. ၄:၁၁။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 3 ဤမြီးတံအမွေးများသည် ငှက်၏အမြီးမှ ပေါက်ခြင်းမဟုတ်ဘဲ ၎င်း၏ကျောမှပေါက်ခြင်းဖြစ်သည်။ ဥဒေါင်းသည် မြီးတံအား ဖြန့်ကားရန် ၎င်း၏မြီးတောင်မွေးများကို အသုံးပြုသည်။
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ဒေါင်းမသည် ဒေါင်းဖို၏အကကို အမြဲမျက်စိကျသည် မဟုတ်ချေ
[Credit Line]
© D. Cavagnaro/Visuals Unlimited
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ဒေါင်းမများသည် မိခင်ကောင်းများဖြစ်ကြ
[Credit Line]
© 2001 Steven Holt/stockpix.com
[Picture Credit Line on page 15]
Peacock: Lela Jane Tinstman/Index Stock Photography
[Picture Credit Line on page 16]
John Warden/Index Stock Photography