မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

အဝလွန်ကလေးများ ကမ္ဘာချီပျံ့နှံ့မှု

“ကလေးများတွင် အဝလွန်မှုသည် ကမ္ဘာချီပျံ့နှံ့လာနေရာ ပြဿနာကို အစာဖျင်းဓာတ်စာများတွင် အရင်းခံရှာဖွေရမည်” ဟုနယူးယောက်တိုင်းမ်စ်သတင်းစာက ဖော်ပြသည်။ “နိုင်ငံတကာအဝလွန်ခြင်းဆိုင်ရာအဖွဲ့၏အဆိုအရ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအတော်များများတွင် အသက် ၁၀ နှစ်အရွယ် ၂၅ ရာခိုင်နှုန်းကျော်သည် အဝလွန်နေကြသည်ဟုဆို၏။” စာရင်းအရ မော်လ်တာ (၃၃ ရာခိုင်နှုန်း)၊ အီတလီ (၂၉ ရာခိုင်နှုန်း)နှင့် ယူနိုက်တက်စတိတ် (၂၇ ရာခိုင်နှုန်း) တို့ဖြစ်ကြသည်။ ချီလီ၊ မက္ကဆီကိုနှင့် ပီရူးနိုင်ငံများရှိ အသက်လေးနှစ်နှင့် ဆယ်နှစ်ကြား ကလေး,လေးပုံတစ်ပုံသည် အဝလွန်နေကြ၏။ အာဖရိကတိုက်ရှိ နိုင်ငံအချို့တွင် ပေါင်မပြည့်သောကလေးများထက် အဝလွန်သည့်ကလေးများကို ပိုမိုတွေ့ရှိရသည်။ အဝလွန်သောကလေးများ အဘယ်ကြောင့် ဤမျှများပြားရသနည်း။ “ပျမ်းမျှ [ယူ.အက်စ်.] ကလေးတစ်ဦးသည် တစ်နှစ်လျှင် အစားအသောက်ကြော်ငြာ ၁၀,၀၀၀ ကိုမြင်တွေ့ရသည်၊ ယင်းတို့မှ ၉၅ ရာခိုင်နှုန်းသည် အမြန်ရအစားအစာ၊ အချိုရည်များ၊ သကြားလုံးနှင့် အချိုကောက်နှံစားဖွယ်များဖြစ်ကြပြီး ယင်းတို့အားလုံးသည် အမြတ်များ၍ အာဟာရဓာတ်နည်းသော အစားအသောက်များဖြစ်ကြ၏” ဟုဝါရှင်တန်ပို့စ်ကဖြေကြားသည်။ ဈေးကွက်မြှင့်တင်ရေးစီမံကိန်းများက အမြန်ရအစာနှင့် အချိုရည်များကို အရုပ်များ၊ ဂိမ်းစ်များ၊ အပျင်းပြေပစ္စည်းများ၊ ရုပ်ရှင်များနှင့် လူကြိုက်များသည့် အကျော်အမော်ပုဂ္ဂိုလ်များနှင့် ဆက်စပ်ထား၏။ ယခု ကလေးများသည် အမြန်ရအစာမှ သူတို့၏ ကယ်လိုရီစုစုပေါင်း ၁၅ ရာခိုင်နှုန်း၊ သကြားပါသောအချိုရည်များမှ ၁၀ ရာခိုင်နှုန်းနှင့် စားသုံးသင့်သည်ဟုထောက်ခံထားသည့် သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်ပမာဏ၏ ထက်ဝက်သာစားသုံးကြခြင်းသည် အံ့အားသင့်စရာမဟုတ်ပေလော။

ပျားများက ဆင်တို့ကို ခြောက်လှန့်ကြ

ကင်ညာနိုင်ငံတွင် ဆင်ကောင်ရေ တိုးပွားလာရာ ယင်းကပြဿနာများကို ဖြစ်ပေါ်စေသည်။ လှည့်လည်သောင်းကျန်းသည့် ဆင်များသည် သစ်ပင်များ၊ ကောက်ပဲသီးနှံများကို ဖျက်ဆီးကြပြီး ပျမ်းမျှအားဖြင့် သီတင်းပတ် နှစ်ပတ်တိုင်းတွင် လူတစ်ဦးမှာ ဆင်နင်း၍သေဆုံးရ၏။ သို့သော်လည်း အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ဇီဝဗေဒပညာရှင် ဖရစ်စ် ဗောလ်ရက်က ဆင်ကိုခြောက်လှန့်နိုင်သည့် အရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ဆင်များသည် ပျားအုံတစ်အုံကို မွှေနှောက်မိလျှင် “ဘာမျှမစဉ်းစားတော့ဘဲ ထွက်ပြေးကြရာ ပျားများသည် သူတို့နောက်သို့ မိုင်နှင့်ချီ၍ လိုက်ကြ” ကြောင်း သူသတိပြုမိ၏။ ဆင်တို့၏ပျော့ကွက် နေရာများဖြစ်သည့် မျက်စိတစ်ဝိုက်၊ နားရွက်နောက်၊ နှာမောင်းအောက်နှင့် ဝမ်းဗိုက်တို့ကို ပျားများက တုတ်ကြ၏။ ဗောလ်ရက်သည် ဆင်များကျက်စားတတ်သည့် တောတွင်းရှိ သစ်ပင်အချို့ပေါ်တွင် ပျားပါသော အာဖရိကပျားအုံများနှင့် ပျားမပါသောပျားအုံများကို ချိတ်ထားလိုက်သည်။ ဆင်တို့သည် ပျားပါသောပျားအုံချိတ်ထားသည့် သစ်ပင်များအားလုံးကို ရှောင်ကွင်းသွားကြပြီး ပျားမပါသောပျားအုံချိတ်ထားသည့်သစ်ပင် သုံးပုံတစ်ပုံကို ရှောင်ကွင်းသွားကြသည်ဟု နယူးဆိုင်းယင့်ကသတင်းပို့၏။ ပျားအုံချိတ်မထားသည့် သစ်ပင် ၁၀ ပင်တွင် ၉ ပင်ကို သူတို့ဖျက်ဆီးပစ်လိုက်ကြသည်။ ဆင်တို့သည် အသံချဲ့စက်တို့ဖြင့် သွင်းယူထားသော ပျားများ၏ဒေါသတကြီးအော်မြည်သံကိုပင် ရှောင်ကွင်းသွားကြကြောင်းကိုလည်း ဗောလ်ရက်တွေ့ရှိခဲ့၏။

နောက်ကျသောသတင်း၊ စောလျင်သောတုံ့ပြန်မှု

“အပြောကျယ်လှသောမိုးကုပ်စက်ဝိုင်းပေါ်တွင် အမြင့်ဆုံးအရာများဟူ၍ အာကာရှပင်များနှင့် သစ်ကုလားအုတ်များသာရှိသော ကင်ညာနိုင်ငံ၏ ဝေးလံခေါင်သီသောဒေသတွင် နေထိုင်ကြသည့် မာဆိုင်လူမျိုးများအတွက် မိုးမျှော်တိုက်ကြီးများသည် အစိမ်းသက်သက်ဖြစ်သည်” ဟု နယူးယောက်တိုင်းမ်ကဖော်ပြသည်။ ထိုကြောင့် ကီမီလီ နီယိုမာသည် ယူနိုက်တက်စတိက်တွင် ပညာတော်သင်ရာမှ ရွာငယ်လေးသို့ ပြန်ရောက်လာချိန်တွင် သူ၏ရောင်းရင်း မာဆိုင်လူမျိုးများမှာ အလွန်အလှမ်းဝေးသည့် နယူးယောက်တွင် စက်တင်ဘာ ၁၁ ရက်က ဖြစ်ပျက်ရာကို အနည်းအကျဉ်းသာသိထားကြကြောင်း သူသိလိုက်ရ၏။ ကျွဲနွားတိရစ္ဆာန်များကို မွေးမြူပြီး အိုးအိမ်အတည်တကျမရှိသော ဤလူမျိုးစုအချို့သည် ယင်းဖြစ်ရပ်ကို ကြားပင်မကြားသိကြချေ။ စက်တင်ဘာ ၁၁ ရက်တွင် မန်ဟတ်တန်သို့ အလည်အပတ်သွားခဲ့သော နီယိုမာသည် အစောပိုင်းရှစ်လက သူ၏မျက်မြင်ကိုယ်တွေ့ဖြစ်ရပ်များကို ရွာသားများအားပြောပြရာ သူတို့ဝမ်းနည်းပြီး ကူညီလိုကြ၏။ မာဆိုင်လူမျိုးများပေးနိုင်သည့် အဖိုးအတန်ဆုံးထဲမှ တစ်ခုဖြစ်သော နွား ၁၄ ကောင်ကို ဘေးဒုက္ခကြုံရသည့်သူများအတွက် လှူဒါန်းခဲ့၏။ သို့ရာတွင် သယ်ပို့ရေးမှာ ပြဿနာတစ်ရပ်ဖြစ်ရာ ယင်းကို တာဝန်ယူခဲ့သော ယူ.အက်စ်. သံအရာရှိက “နွားများကိုရောင်းပြီး အမေရိကန်ကိုပေးရန် မာဆိုင်လက်ဝတ်လက်စားများကို ဝယ်ကောင်းဝယ်မည်” ဟုပြောခဲ့ကြောင်း တိုင်းမ်ကဖော်ပြသည်။

မိန်းကလေးများ အနိုင်ကျင့်တတ်ကြ

“ယောက်ျားလေးများ အနိုင်ကျင့်ခြင်းသည် ကာယပိုင်းထိခိုက်မှုပုံစံမျိုးဖြစ်” သော်လည်း “မိန်းကလေးများ၏ နည်းဗျူဟာများမှာ စိတ်ပိုင်းနှင့် စိတ်လှုပ်ရှားမှုပိုင်းဘက် ပိုများသည်” ဟုတိုရန်တိုစတားသတင်းစာက ဖော်ပြသည်။ မိန်းကလေးများသည် ဆယ်ကျော်သက်အရွယ်ဝင်လာသည်နှင့် ဆန့်ကျင်ဘက်လိင်ရှင်၏ မည်သို့ရှုမြင်ခံရသည်နှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုအပါအဝင် ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှု တိုးများလာကြောင်း ယင်းကဆို၏။ “မိန်းကလေးများသည် လိင်ဆိုင်ရာသွင်ပြင်၏နှိုးဆွမှုဖြင့် မည်သူ၏ ‘အလှစွမ်းပကား’ က ပိုမိုဆွဲဆောင်မှုဖြစ်စေကြောင်း ပြိုင်ဆိုင်ကြပေမည်” ဟုအပြုအမူပိုင်းဆိုင်ရာပညာရှင်များက ယူမှတ်ကြသည်။ အမျိုးသမီးများ၏အဆင့်အတန်းဆိုင်ရာ အမျိုးသားလှုပ်ရှားမှုကော်မတီ၏ ဥက္ကဋ္ဌဟောင်း ဒန်နစ် အန်ဒရီ ခမ်ဘဲလ်က ဤသို့ဆို၏– “မိန်းကလေးများစွာသည် သူတို့၏ဒေါသနှင့် မနာလိုမှုခံစားချက်များကို မည်သို့တိုက်ရိုက်ဖြေရှင်းရမည်ကို မသိကြချေ။” ထိုကြောင့် ယင်းခံစားချက်များသည် “သွယ်ဝိုက်ပြီး ထိခိုက်စေသောနည်းလမ်းများဖြင့် ပေါ်ထွက်လာ၏။” မိန်းကလေးများသည် နှုတ်ဆိတ်နေခြင်း၊ မလိုတမာအကြည့်များ၊ အတင်းအဖျင်းနှင့် ကောလာဟလပြောခြင်းများတို့ကို အသုံးပြု၍ အခြားမိန်းကလေးများကို ပစ်မှတ်ထားနိုင်ပေသည်။

လုပ်ငန်းခွင် စိတ်ဖိစီးမှု

“ကနေဒါနိုင်ငံသားငါးဦးတွင် တစ်ဦးသည် ဖိစီးမှုများလွန်းခြင်းကြောင့် စိတ်သက်သာရာရဖို့ မိမိကိုယ်ကိုသတ်သေရန် ကြံစည်ကြောင်း” သည် ဂလုပ်ဘ်အဲန်မေးလ်သတင်းက ဖော်ပြ၏။ ယင်းဖိစီးမှု၏ အရင်းခံကား အဘယ်နည်း။ လူ ၁,၀၀၂ ဦးအား လေ့လာဆန်းစစ်မှုတစ်ရပ်တွင် ၄၃ ရာခိုင်နှုန်းမှာ သူတို့၏အလုပ်ကြောင့်ဟု ဖော်ပြကြသည်။ “အခုခေတ် လုပ်ငန်းခွင်မှာ ကျွန်တော်တို့ဟာ လူတွေကို သူတို့ရဲ့ ကာယပိုင်း၊ စိတ်ပိုင်းဆိုင်ရာအဆုံးစွန်အထိ တွန်းထုတ်နေကြတယ်” ဟုစိတ်ပညာရှင်အဖွဲ့အစည်းမှ ရှီမော် ဒိုလန်နှင့် မွန်ထရီယာတက္ကသိုလ်၏ ပါမောက္ခတို့ကပြောသည်။ “အလုပ်ပြီးစီးရန် ဖိအားအလွန်တရာများသော်လည်း တစ်ချိန်တည်းတွင် မသေချာမှုကြီးရှိနေသည်—မနက်ဖြန်၌ သင့်အလုပ်မြဲမမြဲ မသိရချေ။” ကနေဒါနိုင်ငံသားတို့သည် စိတ်ဖိစီးမှုများကို မည်သို့ဖြေရှင်းကြသနည်း။ လေ့ကျင်ခန်းလုပ်ခြင်းသည် လူကြိုက်အများဆုံးနည်းဖြစ်ပြီး “စာဖတ်ခြင်း၊ ဝါသနာပါရာလုပ်ခြင်းနှင့် အားကစားများကစားခြင်း၊ လူမှုရေးပေါင်းသင်းခြင်း၊ မိသားစုနှင့်အတူ အချိန်ကိုအသုံးပြုခြင်းတို့ဖြစ်သည်” ဟု ဂလုပ်ဘ်တွင် ဖော်ပြထားသည်။

မိဘများနှင့်အတူစာဖတ်ခြင်းက သားသမီးများအား အေးဆေးငြိမ်သက်စေ

“မိဘတစ်ဦးနှင့် ပုံမှန်စာဖတ်ခြင်းသည် ခိုက်ရန်ဖြစ်တတ်သော၊ ခိုးပြီး လိမ်လည်တတ်သော အနှောင့်အယှက်ပေးသည့်ကလေးများကြား ရိုင်းပျသောအမူအကျင့်များကို သိသိသာသာလျော့နည်းစေနိုင်ကြောင်း” လန်ဒန်သည်တိုင်းမ်သတင်းစာက ဖော်ပြ၏။ စိတ်ရောဂါကုဌာနမှ ဦးစီးကျင်းပသည့် သီတင်းပတ် ၁၀ ပတ်ကြာလေ့လာမှုတစ်ရပ်တွင် လန်ဒန်မြို့၊ လူနေထူထပ်သည့်နေရာ ၁၀၀ ကျော်တွင်ရှိသော ငါးနှစ်၊ ခြောက်နှစ်အရွယ်ကလေးများရှိသည့် မိဘများသည် သားသမီးများနှင့်အတူထိုင်၍ စာမဖတ်ခင် “မိမိတို့၏ဖုန်းများကို ပိတ်ထားကြရန်၊ အစမပြုမီ အဓိကအကြောင်းကိုပြောရန်နှင့် အချိန်ယူ၍ စာမျက်နှာများကိုလှန်လှောပြီး ရုပ်ပုံများကို ကြည့်ရှုကြရန်” ညွှန်ကြားခံရသည်။ အကျိုးရလဒ်များမှာ “ရိုးရှင်းပြီး ကြိုတင်စီမံထားသော မိဘအုပ်ထိန်းမှုအစီအစဉ်သည် အလွန်ငယ်ရွယ်သည့်ကလေးများကိုပင် အမူအကျင့်ပိုင်းတွင် အလွန်တိုးတက်လာစေနိုင်ကြောင်း” ထင်ရှားစေသည်။ “ကလေးများ အမှန်တကယ်လိုလားသည့်အရာမှာ အာရုံစိုက်ခံရမှုဖြစ်သည်။ ယင်းကို သူတို့၏မိဘများနှင့်အတူစာဖတ်ခြင်းမှ ရရှိနိုင်သည်” ဟုသုတေသနခေါင်းဆောင် ဒေါက်တာစတီဗင်စကော့ကပြောခဲ့သည်။

ပျော်ရွှင်ကြသော စေတနာ့ဝန်ထမ်းများ

“စေတနာ့ဝန်ထမ်းလုပ်ငန်းအတွက် မိမိတို့၏အချိန်ကို မြှုပ်နှံထားကြသူများသည် မိမိတို့အလုပ်၊ အလုပ်ချိန်များ၊ အသိုင်းအဝိုင်းပေါင်းသင်းဆက်ဆံရေးတို့နှင့် ဝိညာဉ်ရေးတွင် အခြားအုပ်စုထက် ပိုမိုပျော်ရွှင်သူများဖြစ်ကြကြောင်း” ဆစ်ဒနီနံနက်ခင်းသံတော်ဆင့်ကဖော်ပြ၏။ သုတေသနအဖွဲ့တစ်ဖွဲ့က ဦးစီးသည့်ဆန်းစစ်မှုတစ်ရပ်တွင် ဩစတြေးလျနိုင်ငံရှိ စေတနာ့ဝန်ထမ်းများသည် “မိမိတို့ကျန်းမာရေး၊ အားလပ်ချိန်ပမာဏနှင့် ၎င်းတို့ကိုအသုံးပြုပုံတွင် အလွန်အားရကျေနပ်ကြကြောင်း” တွေ့ရှိရသည်ဟူ၏။ ဒဲန်ကင်တက္ကသိုလ်ပါမောက္ခ ဘော့ ခရူးမစ်က ဩစတြေးလျ စေတနာ့ဝန်ထမ်းလုပ်သားထုသည် ကြီးမားပြီး၊ ၃၂ ရာခိုင်နှုန်းသော ဩစတြေးလျလူမျိုးတို့သည် စေတနာ့ဝန်ထမ်းလုပ်ငန်းတချို့ကို လုပ်ဆောင်ကြသည်ဟု ဖော်ပြ၏။ တစ်ပတ်လျှင် နာရီ ၆၀ ကျော် အလုပ်လုပ်သူများ—အများအားဖြင့် ပြုစုစောင့်ရှောက်မှုပေးသည့် အမျိုးသမီးများသည်—“မိမိတို့၏ ကျန်းမာရေးနှင့် အလုပ်တွင် နာရီအနည်းငယ်သာ အလုပ်လုပ်သူများထက် ပို၍အားရကျေနပ်မှုရှိကြကြောင်း” သံတော်ဆင့်က ဖော်ပြသည်။

အရှေ့မြောက်ဘက်ကမ်းခြေတစ်လျှောက် ရွက်လွှင့်ခြင်း

ဂျာမန်စူးစမ်းရှာဖွေရေးအဖွဲ့တစ်ဖွဲ့၏ စတုတ္ထအကြိမ်မြောက်ကြိုးပမ်းမှုတွင် ပေ ၆၀ ရှိသောရွက်တပ်လှေတစ်စင်းဖြင့် မြောက်ဘက်ကမ်းခြေတစ်လျှောက် ရေကြောင်းခရီးသွားခဲ့ရာ အောင်မြင်ခဲ့ပြီဟု လန်ဒန် သည် အင်ဒီပဲန်ဒန့်စ် ကဖော်ပြ၏။ ဤပင်လယ်ရေလမ်းကြောင်းမှာ ရေခဲများဝန်းရံပိတ်ဆို့နေသော ရုရှားနိုင်ငံ၏မြောက်ဘက်ကမ်းရိုးတန်းနှင့် နီးကပ်လှသည်။ ယင်းကို ၁၈၇၉ ခုနှစ်တွင် ရေနွေးငွေ့၊ ရွက်လွှင့်သင်္ဘောတစ်စင်းဖြင့် ဆွီဒင်လူမျိုးစူးစမ်းရှာဖွေသူ အဒေါ့ဖ် နောဒန်က ပထမဆုံးအကြိမ် ကူးဖြတ်ခဲ့သည်။ “ဒီနွေရာသီမျိုးမှာလို ရေခဲတွေလုံးဝမရှိတဲ့ ရေလမ်းကြောင်းကို ကျွန်တော်တစ်ခါမှမမြင်ဖူးဘူး” ဟုအသင်းခေါင်းဆောင် အက်ဗ် ဖုခ်ကပြောခဲ့၏။ “ကမ္ဘာချီပူနွေးလာခြင်းနဲ့ ကမ်းခြေမှာရေခဲပြင်ကင်းဖို့ ရှင်းလင်းပေးတဲ့ လေထုအခြေအနေတို့ ပေါင်းစပ်ခြင်းကြောင့် ကျွန်တော်တို့ တောက်လျှောက်ဖြတ်သန်းနိုင်ခဲ့တာဖြစ်မယ်လို့ ကျွန်တော်တို့ယူဆတယ်။” ရေခဲပြင်ခွဲသင်္ဘော၏အကူအညီမပါဘဲ သေးငယ်ပေါ့ပါးသည့် ရေယာဉ်ပျံတစ်စင်းနှင့် ဂြိုဟ်တုမှပေးပို့သော ရေခဲပြင်ဓာတ်ပုံများ၏အကူအညီဖြင့် ရေမိုင် ၈,၀၀၀ ခရီးရှိသော ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့မှ ဘယ်ရင်ပင်လယ်တွင်ရှိသော ရုရှားနိုင်ငံ၊ ပရိုဗီဒန်နီယယ်ရေလက်ကြားသို့ ၁၂၇ ရက်ဖြင့် ကူးဖြတ်နိုင်၏။ သင်္ဘောပေါ်တွင် လူများသည် အာကာသယာဉ်မှူးများ အာကာသတွင် စားရာအစာများနှင့် အသက်ရှင်ခဲ့ကြသည်။ ဒါပေမဲ့ “နေရာကျဉ်းကျဉ်းလေးတစ်ခုမှာ အခြားလူ ၁၁ ယောက်နဲ့ လေးလကြာနေထိုင်ရတာက အခက်ခဲဆုံးပါပဲ” လူတစ်ဦးကပြောခဲ့၏။