မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့၏ စာရှုသူများထံမှ

ကျွန်ုပ်တို့၏ စာရှုသူများထံမှ

ကျွန်ုပ်တို့၏ စာရှုသူများထံမှ

ဝေဟင်ခရီး အန္တရာယ်ကင်းသလော ကျွန်မအသက် ၁၀ နှစ်ရှိပါပြီ၊ ယူ.အက်စ်.အေ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ နေပါတယ်။ “ဝေဟင်ခရီး အန္တရာယ်ကင်းရှင်းဆဲလော” (စက်တင်ဘာ ၈၊ ၂၀၀၃) အကြောင်းပါတဲ့ နိုးလော့!အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ကျောင်းက ကျောင်းသား ၄၇ ယောက်ဟာ စန်ဒီယာဂိုကနေ စက်ခရာမန်တာကို ခရီးသွားနေကြတယ်။ လေယာဉ်ပျက်ကျမှာ ဒါမှမဟုတ် လေယာဉ်အပိုင်စီးခံရမှာကို ကျွန်မစိုးရိမ်ခဲ့တယ်။ ဒါပေမဲ့ ဒီဆောင်းပါးက ကျွန်မကို စိတ်အေးစေပါတယ်၊ ခေတ်မီအန္တရာယ်ကင်းနည်းပညာတွေနဲ့ပတ်သက်တဲ့ အချက်အလက်က ပိုပြီးစိတ်ချလက်ချရှိစေပါတယ်။ ဝေဟင်ခရီးကိုကြောက်တဲ့ ဒါမှမဟုတ် အန္တရာယ်မကင်းဘူးလို့ထင်တဲ့ ကျွန်မရဲ့အတန်းဖော်တွေကို ဒီစာစောင် ဝေပေးဦးမယ်။

ဗွီ. အမ်.၊ အမေရိကန်ပြည်ထောင်စု

မရဏတာဝန် “မရဏတာဝန်ထမ်းဆောင်ရသူမှ ငြိမ်းချမ်းရေးလိုက်စားသူသို့” (ဒီဇင်ဘာ ၈၊ ၂၀၀၂ [လိပ်]) ဆောင်းပါးကိုပြန်ပြောပြတဲ့ တိုရှီအာကီ နီဝါရဲ့ တွေ့ကြုံမှုက ကျွန်မကို ကျေနပ်မှုရစေခဲ့တယ်။ ကျွန်မက ဒုတိယကမ္ဘာစစ်ပြီးလောက်မှာ ဖိလစ်ပိုင်နိုင်ငံမှာ ဖွားမြင်ခဲ့သူပါ။ ကျွန်မရဲ့မိသားစုတွေပြောပြတဲ့ စစ်ပွဲအကြောင်းတွေထဲမှာ ... ရက်စက်ကြမ်းကြုတ်မှုတွေ ပါဝင်တယ်။ ကလေးတစ်ယောက်အနေနဲ့ ကျွန်မက “သူတို့ဘာကြောင့် အဲလိုလုပ်ရတာလဲ” လို့မေးလေ့ရှိခဲ့တယ်။ ညီအစ်ကို နီဝါရဲ့ တွေ့ကြုံမှုက ဒီမေးခွန်းရဲ့အဖြေကို ထိုးထွင်းသိမြင်စေခဲ့တယ်။ ဒီလိုဆောင်းပါးတွေကို ပုံနှိပ်ထုတ်ဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီလိုမျိုးဘဝပုံစံပြောင်းလဲလာခြင်းဟာ ယေဟောဝါဘုရားသခင့် အံ့ချီးဖွယ်တန်ခိုးတော်ရဲ့ နောက်ထပ်သက်သေပါပဲ။

အေ. ကေ.၊ အမေရိကန်ပြည်ထောင်စု

ဆဲလ်ပွားများ ကျွန်မ နိုးလော့!ကိုဖတ်တာ နှစ်ပေါင်း ၂၀ ကြာခဲ့ပါပြီ၊ စာအုပ်ပါဆောင်းပါးတွေရဲ့ကျေးဇူးကြောင့် အကြောင်းအရာအတော်များများနဲ့ပတ်သက်တဲ့ အထွေထွေဗဟုသုတတွေ ရရှိခဲ့ပါတယ်။ ပုံတူပွားခြင်းနဲ့ ဆဲလ်ပွားတွေအကြောင်း လူတွေစပြောတဲ့အခါ တချို့သောတစ်ရှူးတွေဟာ လူ့ခန္ဓာပြင်ပမှာ ဘယ်လိုမျိုးပွားနိုင်တယ်ဆိုတာကို ကျွန်မနားမလည်နိုင်ခဲ့ဘူး။ “ဆဲလ်ပွားများ—သိပ္ပံပညာသည် အတော်လွန်သွားခဲ့ပြီလော” (နိုဝင်ဘာ ၂၂၊ ၂၀၀၂ [လိပ်]) ဆောင်းပါးတွေအတွက် ကျေးဇူးတင်ပါတယ်။ ဒါတွေ ဖြစ်နိုင်ပုံနဲ့ ဒီအကြောင်းဟာ ဘာကြောင့်အငြင်းအခုံဖြစ်စေတတ်တယ်ဆိုတာကို ကျွန်မ အခု သဘောပေါက်သွားပြီ။

အက်ဖ်. အမ်.၊ အီတလီ

အဲဒီဆောင်းပါးတွေကို ဖတ်နေတုန်း ရောဂါဆိုးတွေကို ကုသဖို့ လူသားတွေသုံးနေတဲ့ နည်းလမ်းတွေကြောင့် ကျွန်မလန့်သွားတယ်။ ဒီလိုမျိုးဆောင်းပါးတွေကို ရှာဖွေပြင်ဆင်ပြီး အချက်အလက်တွေကို ဝေမျှပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခုဆို ကျွန်မဟာ ရောဂါခပ်သိမ်း ဘုရားသခင်ကုသပေးမယ့်နေ့ကို အရင်ကထက် ပိုပြီးစိတ်အားထက်သန်စွာ စောင့်မျှော်တတ်လာတယ်။

တီ. အက်ဖ်.၊ ဖိလစ်ပိုင်

လက်တွေ့ပြမေတ္တာ “လက်တွေ့ပြမေတ္တာ—ရေရှည်အားထုတ်ရသော ကယ်ဆယ်ရေးလုပ်ငန်း” (နိုဝင်ဘာ ၂၂၊ ၂၀၀၂ [လိပ်]) ဆောင်းပါးက ကျွန်မရဲ့စိတ်ကို အထူးစွဲမှတ်သွားစေတယ်! ဟူးစတန်မြို့မှာ စေတနာ့ဝန်ထမ်းတွေ လပေါင်းများစွာလုပ်ဆောင်ပြီး ရရှိခဲ့တဲ့အောင်မြင်မှုက ဘုရားသခင့်လူမျိုးတော်အလယ်မှာ စစ်မှန်တဲ့မေတ္တာကို လက်တွေ့တင်ပြနေကြောင်းနဲ့ ဖန်ဆင်းရှင်ဟာ ကိုယ်တော့်ကျေးကျွန်တွေရဲ့ အားထုတ်မှုအပေါ် ကြွယ်ဝစွာကောင်းချီးပေးကြောင်း ထင်ရှားတဲ့အထောက်အထားပါပဲ။

စီ. တီ.၊ ဂျာမနီ

ဒီဆောင်းပါးကိုဖတ်ရင်း ကျွန်မမျက်ရည်ကျခဲ့ရတယ်။ အဲလ်ဘာမြစ် ရေကြီးချိန်မှာ ကျွန်မတို့အသင်းတော်က လူပေါင်း ၄၄ ယောက်ကို ရွှေ့ပြောင်းပေးခဲ့ရတယ်။ ကျွန်မခင်ပွန်းနဲ့ကျွန်မကို အသင်းတော်က မိသားစုတစ်စုက မေတ္တာပါစွာ နေစရာပေးခဲ့တယ်၊ အရွယ်ရောက်နေပြီဖြစ်တဲ့ ကျွန်မသား နှစ်ယောက်ကိုလည်း တခြားမိသားစုတစ်စုက နေစရာပေးခဲ့ကြတယ်။ အဲဒီဘေးအန္တရာယ်ကျပြီးကတည်းက ကျွန်မတို့အသင်းတော်ဟာ ပိုပြီးရင်းနှီးလာကြတယ်။ ဟူးစတန်မှာလိုမျိုး ဘေးအန္တရာယ်ကြုံရချိန်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းရဲ့တန်ဖိုးကို မိသားစုတစ်စုအနေနဲ့ တကယ်လေးမြတ်ပါတယ်။

အက်စ်. အာရ်.၊ ဂျာမနီ

မီး “အသွင်သဏ္ဌာန်နှစ်မျိုးဆောင်သည့်မီး” ဆိုတဲ့ ဆောင်းပါးကို ကျွန်တော်စိတ်ဝင်တစား ဖတ်ခဲ့တယ်။ (စက်တင်ဘာ ၈၊ ၂၀၀၃) ဒါပေမဲ့ စာမျက်နှာ ၁၇ ကရုပ်ပုံမှာပါတဲ့ “မော်တာနာဘစ်တာရူထ်မြစ်ဝှမ်းတစ်လျှောက် သိမ်းကျုံးလောင်ကျွမ်းသောမီးကို မှင်တက်မိနေသော ဆတ်ကြီးမျိုးက ရှောင်တိမ်း” ဆိုတဲ့ပုံစာကို ကျွန်တော်ကန့်ကွက်တယ်။ ကျွန်တော့်မှာ ပုံကြီးချဲ့ထားတဲ့ ထပ်တူဓာတ်ပုံတစ်ပုံရှိတယ်၊ ဆတ်ကြီးမျိုးက မှင်တက်မိနေပုံမပေါက်ဘူး။ တောမီးသတ်သမားတွေဟာ မီးသတ်နေစဉ်မှာ သမင်နဲ့ ဆတ်ကြီးမျိုးကို မီးလောင်တဲ့နယ်အစွန်းတစ်လျှောက်မှာ တွေ့ရလေ့ရှိတယ်၊ ဒီတိရစ္ဆာန်တွေဟာ တွင်းထွက်ပစ္စည်းတွေကို လျက်နေကြ၊ ဒါမှမဟုတ် ပြာထဲမှာလူးလှိမ့်နေကြတယ်။ မီးအကြီးအကျယ်လောင်နေရင်တောင် ဘာလုပ်ရမယ်ဆိုတာ သူတို့သိကြတယ်။ အဲဒီအတွက်ကြောင့် သူတို့ ဟန်မပျက်ကြပါဘူး။

ဘီ. ဒီ.၊ အမေရိကန်ပြည်ထောင်စု

“နိုးလော့!” တုံ့ပြန်ချက်– သဘောထားတင်ပြချက်အတွက် ကျေးဇူးတင်ပါသည်။ ထိုသို့သောအခြေအနေမျိုးတွင် တိရစ္ဆာန်များခံစားချက်ရှိမည်ဆိုလျှင်ပင် အဘယ်သို့ခံစားရမည်ကို မည်သူမျှ အတိအကျမပြောနိုင်သည်မှာ အမှန်ပင်။