မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မည်သည့်မုန်တိုင်းကမျှ မဖျက်ဆီးနိုင်သောအရာ

မည်သည့်မုန်တိုင်းကမျှ မဖျက်ဆီးနိုင်သောအရာ

မည်သည့်မုန်တိုင်းကမျှ မဖျက်ဆီးနိုင်သောအရာ

ဂျာမနီ၊ ဩစတြီးယား၊ မက္ကဆီကို၊ ကိုရီးယားနိုင်ငံတို့မှ နိုးလော့! စာရေးသူများ ပေးပို့သည်

နိုင်ငံများစွာ၌ ၂၀၀၂ ခုနှစ်အတွင်း ရာသီဥတုနှင့်ဆက်နွှယ်သော ဘေးဆိုးများရုတ်တရက် ကျရောက်ခဲ့သည်။ ဥရောပသည် သိမ်းရုံးပျက်စီးစေသော ရေလွှမ်းမိုးဘေးများနှင့် ဆက်တိုက်ကြုံတွေ့ခဲ့ရသည်။ ကမ္ဘာ့အခြားဒေသများဖြစ်သော မက္ကဆီကိုသည် ဟာရီကိန်းမုန်တိုင်းကြောင့်ပျက်စီးခဲ့ပြီး ကိုရီးယားသည် တိုင်ဖွန်းမုန်တိုင်းဒဏ်ခံခဲ့ရသည်။ ထိုအဖြစ်အပျက်များသည် ဝမ်းနည်းကြေကွဲဖွယ်ဖြစ်သော်လည်း ယင်းတို့က စစ်မှန်သော ခရစ်ယာန်များကြားတွင်တည်ရှိသော မေတ္တာနှောင်ကြိုးကို ခိုင်မြဲစေခဲ့သည်။

၂၀၀၂ ခုနှစ်တွင် ဥရောပ၌ ရေလွှမ်းမိုးပြီးနောက် အနောက်ဂျာမနီ ဝန်ကြီးချုပ်ဟောင်း ဟဲလ်မက် ရှမစ်ဒ်အား ဘေးသင့်သူများ အဘယ်အကူအညီလိုအပ်သနည်းဟု မေးခဲ့သည်။ သူဤသို့ပြန်ဖြေခဲ့သည်– “အစားအစာ၊ နေစရာလိုတယ်၊ ငွေနည်းနည်းရှိဖို့လိုတယ်၊ ဝိညာဉ်ရေးကို ဂရုစိုက်ပေးဖို့လိုတယ်။” ယေဟောဝါသက်သေများသည် မုန်တိုင်းဒဏ်သင့်ခဲ့ကြသူများကို ကာယနှင့်ဝိညာဉ်ရေး အထောက်အပံ့များ ပေးကမ်းရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။ ဂျာမနီ၊ ဩစတြီးယား၊ မက္ကဆီကိုနှင့် ကိုရီးယားတို့တွင် ပြုလုပ်ခဲ့သော ကယ်ဆယ်ရေးလုပ်ငန်းကို သုံးသပ်ကြည့်ပါ။

ဂျာမနီမှ ရိုင်းပင်းကူညီလိုစိတ်ရှိသူများ

ရေကြီးမည့်အန္တရာယ်နှင့် ကြုံတွေ့ရတော့မည်ကို သိကြသောအခါ ဂျာမနီနိုင်ငံရှိ ယေဟောဝါသက်သေများစွာသည် ရေလျှံခြင်းကိုတားဆီးသည့် လူထုလှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်ခဲ့ကြသည်။ ဒရက်စ်ဒန်မြို့တွင်နေထိုင်သော ၁၉ နှစ်အရွယ် ကက်သလင်းက ဤသို့ပြော၏– “ဒီအတိုင်း ထိုင်ကြည့်မနေနိုင်တော့ဘူး။ တချို့သူတွေရဲ့ပိုင်ဆိုင်ရာရှိသမျှ ပျက်စီးဆုံးရှုံးနိုင်တယ်ဆိုတာ ကြားတာနဲ့ ကျွန်မသွားပြီး အကူအညီပေးခဲ့တယ်။”

ဂျာမန်သက်သေခံများသည် အလျင်အမြန်အကျိုးဖြစ်စေသော အကူအညီပေးရန် စတင်စီစဉ်ခဲ့ကြသည်။ ခရစ်ယာန်များအနေနှင့် မိမိတို့၏ ဝိညာဉ်ရေးညီအစ်ကို၊ ညီအစ်မများအားကူညီရန် အထူးတာဝန်ရှိသည်ဟု သူတို့ယူမှတ်ခဲ့ကြသည်။ ထို့ပြင် အိမ်နီးချင်းများကိုလည်း မေတ္တာပြခဲ့ကြသည်။ (မာကု ၁၂:၃၁) သို့ဖြင့် စေတနာ့ဝန်ထမ်း ၂,၀၀၀ ကျော်ကို ၈ ယောက်မှ ၁၂ ယောက်အထိပါဝင်သော အုပ်စုငယ်လေးများအဖြစ်ဖွဲ့စည်းပြီး ထိုအုပ်စုအားလုံးသည် ဘေးသင့်သောဒေသတွင် အထူးတာဝန်တစ်ခုဆောင်ရွက်ရန် တာဝန်ရရှိခဲ့ကြသည်။ ဂျာမနီနိုင်ငံ၊ စယ်လ်တာစ်မြို့မှ ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးရှိ တယ်လီဖုန်းလိုင်း ၁၃ ခုသည် ဘေးအန္တရာယ်အခြေအနေနှင့် အကူအညီများအကြောင်း မေးမြန်းစုံစမ်းကြသည့် ထောင်နှင့်ချီသော ဖုန်းခေါ်မှုကို ဖြေကြားပေးခဲ့သည်။

ရောန်နီနှင့် ဒိုင်နာတို့သည် ယေဟောဝါသက်သေများ၏ အချိန်ပြည့်အမှုဆောင်များဖြစ်ကြပြီး မိတ်ဆွေများနှင့် အိမ်နီးချင်းများအား ကျမ်းစာအမှန်တရားသိရှိလာရန် အကူအညီပေးရာတွင် မိမိတို့၏အချိန်ကို အသုံးပြုကြသူများဖြစ်သည်။ ရေကြီးသည့်ဘေးနှင့် ကြုံတွေ့ရတော့မည့်အကြောင်း သူတို့ကြားသိခဲ့သည့်အခါ ဦးဆုံး သူတို့သည် သမိုင်းဝင်အဆောက်အအုံများကို ကာကွယ်ရန် အပူတပြင်း ကြိုးစားအားထုတ်နေမှုများကို အကူအညီပေးရန် ဒရက်စ်ဒန်မြို့လယ်သို့ သွားခဲ့ကြသည်။ ရေကျသွားသောအခါ ညစ်ညမ်းသောရေများ လွှမ်းမိုးခဲ့သောကြောင့် ဖရီတယ်မြို့ရှိ ဘုရားသခင့်နိုင်ငံတော်ခန်းမ သန့်ရှင်းရေးလုပ်ရာတွင် ရောန်နီနှင့် ဒိုင်နာတို့သည် အခြားသက်သေခံများနှင့်အတူ ပူးပေါင်းပါဝင်ခဲ့ကြသည်။ ပြီးနောက် ထိုအုပ်စုသည် သူတို့၏ အိမ်နီးချင်းများကို စတင်အကူအညီပေးခဲ့ကြသည်။ ခန်းမမျက်နှာချင်းဆိုင်တွင်ရှိသော စားသောက်ဆိုင်ပိုင်ရှင်သည် သူ၏မြေအောက်ထပ် ရိက္ခာသိုလှောင်ခန်းနှင့် မြေညီထပ်ရှိ အမှိုက်သရိုက်များ၊ ရွှံ့နွံများကို သက်သေခံများ ဖယ်ရှားရှင်းလင်းပေးပြီးနောက် စိတ်သက်သာရာရခဲ့သည်။

စိဂ်ဖရိဒ်နှင့် ဟန်နယ်လော်ရယ်တို့သည် ဒရက်စ်ဒန်မြို့၏ အရှေ့တောင်ဘက် ၂၅ မိုင်ခန့်အကွာတွင်ရှိသော ကော်လ်နက်ဇ်ရွာတွင် နေထိုင်ကြသည်။ ရွာကိုဖြတ်၍ ပုံမှန်စီးဆင်းနေသော စမ်းချောင်းသည် ရေဒလဟောစီးလာပြီး သူတို့၏အိမ်နှင့် ဥယျာဉ်ခြံနစ်မြုပ်သည်အထိ ရေကြီးခဲ့သည်။ ရေကျသွားသည့်အခါ ထိုရွာသားများမဟုတ်သော လူစိမ်းသက်သေခံ ၃၀ ခန့်သည် စိဂ်ဖရိဒ်နှင့် ဟန်နယ်လော်ရယ်တို့၏အိမ်ကို ရှင်းလင်းအကူအညီပေးဖို့ ရောက်လာကြသည်ကို အိမ်နီးချင်းများတွေ့၍ အံ့အားသင့်ခဲ့ကြသည်။ ပြီးနောက် ထိုအုပ်စုသည် အိမ်နီးချင်းများ၏ ဥယျာဉ်များကိုလည်း စတင်ရှင်းလင်းပေးခဲ့ကြသည်။ တစ်ခါမျှမတွေ့ဖူးသောသူများကို အကူအညီပေးဖို့ မိုင် ၆၀ ခရီးကိုနှင်ရန် သူတို့အား အဘယ်အရာကလှုံ့ဆော်ပေးကြောင်း ရွာသားများစွာက မေးမြန်းခဲ့သည်။ သို့ဖြင့် သက်သေခံများသည် ကော်လ်နက်ဇ်ရွာတွင်ရှိသော ဘေးသင့်ခဲ့ကြသူများအား ဝိညာဉ်ရေးရာများဖြင့် အားပေးနိုင်ခဲ့ကြသည်။

ဝင်တာဘာ့ဂ်မြို့၏ ဆင်ခြေဖုံးဒေသများသည်လည်း ရေကြီးသည့်ဘေးနှင့် ရင်ဆိုင်ခဲ့ရသည်။ ဖရန့်ခ်နှင့် အယ်လ်ဖရီဒါအမည်ရှိသော သက်သေခံဇနီးမောင်နှံသည် ရေကာတာများတွင် သဲအိတ်များဖို့ခြင်းအလုပ်ကို အိမ်နီးချင်းများနှင့်အတူ ရေမကြီးမီရက်များစွာ အတူတကွလုပ်ဆောင်ခဲ့ကြသည်။ ရေကျသွားသောအခါ ဖရန့်ခ်နှင့် အယ်လ်ဖရီဒါတို့သည် ဘေးသင့်သူများထံ လည်ပတ်ကာ သူတို့အတွက် အစားအစာများပေးကာ နှစ်သိမ့်အားပေးခဲ့ကြသည်။ ဖရန့်ခ် ဤသို့ပြန်ပြောပြ၏– “ကျွန်တော်တို့လည်ပတ်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်က သူစိမ်းတွေဖြစ်တဲ့ ကျွန်တော်တို့ဟာ တန်ဖိုးမယူဘဲ သူ့အတွက် စားစရာယူလာပေးတာကို မယုံနိုင်ဖြစ်ခဲ့တယ်။ သူ့ရဲ့ချာ့ခ်ျက ဘယ်သူမှ သူ့ဆီမလာကြဘူးလို့ ပြောပြတယ်။ သူ့အတွက်အစားအစာ ယူလာပေးတဲ့ အဖွဲ့တွေကလည်း အမြဲတမ်းတန်ဖိုးကောက်ကြတယ်။ ယေဟောဝါသက်သေတွေရဲ့လက်ထဲမှာ ကျမ်းစာစာပေတွေမဟုတ်ဘဲ အစားအစာပူပူနွေးနွေးတွေ တွေ့ရတော့ လူတွေအံ့သြခဲ့ကြတယ်။”

ဩစတြီးယား—ဘေးသင့်သူများကို အလျင်အမြန် အကူအညီပေး

အိမ်နီးချင်းနိုင်ငံဖြစ်သော ဩစတြီးယားနိုင်ငံသည်လည်း ရေလွှမ်းမိုးမှုကြောင့် အကြီးအကျယ်ပျက်စီးခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းများကို ကြီးကြပ်ရန် ကော်မတီသုံးခု ဖွဲ့စည်းခဲ့သည်။ အကြီးအကျယ်ပျက်စီးသွားသော ဘုရားသခင့်နိုင်ငံတော်ခန်းမသုံးခုကို ပြုပြင်ရန် ဦးဆုံးတာဝန်ပေးခဲ့သည်။ ထို့ပြင် သက်သေခံမိသားစု ၁၀၀ ခန့်သည် ရေလွှမ်းမိုးမှုဒဏ်ကို ရင်ဆိုင်ခဲ့ရပြီး အိမ်ခြေ ၅၀ ရေနစ်မြုပ်ခဲ့သည်။ အချို့သူများသည် သူတို့ဝတ်ထားသည့် အဝတ်အစားမှလွဲ၍ အားလုံးဆုံးရှုံးခဲ့ကြသည်။ ဩစတြီးယား ဌာနခွဲရုံးသည် ဒေသခံအသင်းတော်များထံ အခြေအနေကို အကြောင်းကြားခဲ့ပြီး ကယ်ဆယ်ရေးရန်ပုံငွေ စုစည်းခဲ့ကြသည်။ စက်တင်ဘာလတွင် ဒေါ်လာ ၃၄,၀၀၀ ကျော်ရရှိခဲ့သည်။

မိခင်တစ်ဦး ဤသို့စာရေးခဲ့၏– “ကျွန်မရဲ့ ရှစ်နှစ်သားလေးဟာ အသုံးအစွဲချွေတာသူဖြစ်ပြီး ၁၄ ဒေါ်လာစုထားတယ်။ ဒါပေမဲ့ ညီအစ်ကိုတွေရဲ့ ပိုင်ဆိုင်ရာတွေအားလုံး ဆုံးရှုံးသွားတဲ့သတင်းကို သူကြားတဲ့အခါ သူစုထားတဲ့ငွေအားလုံးကို ကယ်ဆယ်ရေးရန်ပုံငွေအတွက် ထည့်ဝင်ခဲ့တယ်။”

ယေဟောဝါသက်သေများ၏ ဘုရားသခင့်နိုင်ငံတော်ခန်းမများ ဆောက်လုပ်ရေးကို ကြီးကြပ်ပေးသည့် ဒေသန္တရဆောက်လုပ်ရေးကော်မတီ (အာရ်ဘီစီ) ၏ဦးဆောင်မှုအောက်တွင် အုပ်စုများ ဖွဲ့စည်းထားပြီး ရေလွှမ်းမိုးမှုကြောင့် ပျက်စီးသွားသည့် အိမ်များကို ပြန်လည်ပြုပြင်တည်ဆောက်ရန် အကူအညီပေးခဲ့ကြသည်။ “ရှင်တို့တွေရဲ့ လုပ်ဆောင်မှုတွေကို သတင်းစာတွေမှာ ဖော်ပြဖို့ကောင်းတယ်” ဟုအမျိုးသမီးတစ်ဦး ပြောခဲ့သည်။ တချို့သူများသည် ယေဟောဝါသက်သေများအပေါ် သူတို့၏သဘောထားများ ပြောင်းလဲခဲ့သည်။ သက်သေခံမိခင်ဖြစ်သူတစ်ဦးက “သက်သေခံမဟုတ်တဲ့ ကျွန်မရဲ့သားသမီးတွေကို ကျွန်မရဲ့ယုံကြည်ခြင်းအကြောင်း ပြောပြဖို့ကြိုးစားတဲ့အခါ အမြဲတမ်းလိုလို ကျွန်မပြောစကားကို နားမထောင်ခဲ့ကြဘူး။ ဒါပေမဲ့ အခုတော့ ပထမဆုံးအကြိမ် စပြီးနားထောင်လာကြတယ်!”

သက်သေခံမဟုတ်သူများကိုလည်း အကူအညီပေးရန် ကြိုးစားခဲ့ကြသည်။ ဥပမာ၊ သက်သေခံတစ်ဦးသည် နံနက် ၇:၃၀ နာရီအချိန်တွင် အမျိုးသမီးတစ်ဦး၏အိမ်သို့သွားကာ အကူအညီလိုမလိုမေးသောကြောင့် ထိုအမျိုးသမီး အလွန်အံ့သြခဲ့သည်။ သူ၏အိမ်ထဲသို့ ရေများဝင်ရောက်နေပြီဖြစ်သောကြောင့် ထိုအမျိုးသမီးသည် သူ့အိမ်မှ ရွှေ့ပြောင်းပေးခဲ့ရသည်။ သို့သော် သူအိမ်ပြန်လာသည့်အခါ သက်သေခံများထံမှ စာတိုတစ်စောင်ကို သူ၏ခြံဂိတ်ဝတွင် တွေ့ခဲ့ရသည်။ “အကူအညီလိုအပ်ပါက ကျွန်ုပ်တို့ထံ ချက်ချင်းအကြောင်းကြားပါ” ဟုစာတွင်ဖတ်ရသည်။ သက်သေခံများသည် သူ၏အိမ်နှင့် ပစ္စည်းပစ္စယများကို ဆေးကြောသန့်ရှင်းပေးပြီး ရွှံ့များ၊ အမှိုက်များကို ကူညီရှင်းလင်းပေးခဲ့ကြသည်။

သက်သေခံ ၁၀၀ ပါဝင်သော အုပ်စုတစ်စုသည် အောင်မြို့နယ်ရှိ ဒေသခံသက်သေခံများနှင့် သူတို့၏ အိမ်နီးချင်းများအားကူညီပေးရန် သွားခဲ့ကြသည်။ အုပ်စုကို ဦးဆောင်သူများသည် တစ်အိမ်မှတစ်အိမ်သွားကာ အကူအညီလိုမလို မေးမြန်းခဲ့သည်။ သက်သေခံများသည် ရေစုပ်စက်များ၊ တံမြက်စည်းများ၊ ဂေါ်ပြားများစသည့် ရေထုတ်သည့်ပစ္စည်း၊ သန့်ရှင်းရေးပစ္စည်းများနှင့် လာကြသည်ကိုတွေ့ရ၍ လူများအံ့သြခဲ့ကြသည်။ အိမ်ရှင်များ တစ်ပတ်ကြာအောင် လုပ်ဆောင်ရမည့်အလုပ်ကို နာရီပိုင်းနှင့် အပြီးလုပ်ပေးခဲ့ကြသည်။ လူများသည် မျက်ရည်ကျလျက် ရပ်ကြည့်နေခဲ့ကြသည်။

ကယ်ဆယ်ရေးလုပ်ငန်းတွင် ဒေသခံသက်သေခံ ၄၀၀ နီးပါး ပါဝင်ခဲ့သည်—များသောအားဖြင့် နေ့ရောညပါ လုပ်ဆောင်ခဲ့ရသည်။ ဘေးမှကြည့်နေသူများအတွက် စစ်မှန်သောခရစ်ယာန်စွမ်းရည်ဆိုင်ရာ ထူးခြားသည့်သက်သေခံချက်တစ်ခု ဖြစ်ခဲ့သည်။

အစ်စီဒေါဟာရီကိန်း မက္ကဆီကို,ကို ဝင်မွှ့ေ

အစ်စီဒေါသည် ဗင်နီဇွဲလားနိုင်ငံမြောက်ပိုင်းတွင် စတင်ဖြစ်ပေါ်သော အပူပိုင်းမုန်တိုင်းဖြစ်သည်။ ၂၀၀၂၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် အဆင့် ၃ ဖြစ်သော အစ်စီဒေါဟာရီကိန်းမုန်တိုင်းသည် မက္ကစီကိုနိုင်ငံ၏ ယူကတန်ကျွန်းဆွယ်တွင် တိုက်ခတ်ခဲ့သည်။ တစ်နာရီမိုင် ၁၂၀ နှုန်းတိုက်ခတ်သောလေနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယူကတန် မက်စီကန်ပြည်နယ်နှင့် ကန်မ်ပီချီမြို့တို့တွင် အကြီးအကျယ်ပျက်စီးမှုများဖြစ်ခဲ့ပြီး ကီန်တာနာ ရူးပြည်နယ်တွင်လည်း ပျက်စီးမှုတချို့ရှိခဲ့သည်။ ယူကတန်တစ်နေရာတည်းတွင် အိမ်ခြေပေါင်း ၉၅,၀၀၀ ခန့်အကြီးအကျယ်ပျက်စီးခဲ့ပြီး လူပေါင်း ၅၀၀,၀၀၀ ခန့်ဘေးသင့်ခဲ့သည်။

ယူကတန်ရှိ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ယေဟောဝါသက်သေများသည် ထိရောက်သော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသောကြောင့် မက္ကဆီကိုမြောက်ပိုင်း သတင်းစာတစ်စောင်၏ ခေါင်းစီးတွင် “ယေဟောဝါသက်သေများ လာရောက်ကယ်ဆယ်” ဟုဖော်ပြခဲ့သည်။ ကယ်ဆယ်ရေးကော်မတီတစ်ခုကို မုန်တိုင်းမတိုက်ခတ်မီ ဖွဲ့စည်းခဲ့ကြသည်။ ရာနှင့်ချီသော ဒေသခံသက်သေခံများ နေထိုင်ရန်နေရာ ဆောက်လုပ်ရန် အရေးပေါ်အစီအစဉ်များ ရေးဆွဲခဲ့ကြသည်။ အနီးအနားရှိအသင်းတော်များသည် အရေးပေါ်ရန်ပုံငွေများ စုဆောင်းခဲ့ကြသည်။ အဝတ်အစား၊ ဆေးဝါးနှင့် ၂၂ တန်ကျော်ရှိသော အစားအစာများကို သက်သေခံမဟုတ်သူများအပါအဝင် မုန်တိုင်းမှ လွတ်မြောက်သူများကို ဝေမျှပေးခဲ့ကြသည်။ ဒေသခံအကြီးအကဲများသည် အစ်စီဒေါကြောင့် ဘေးသင့်ခဲ့ကြသူများထံ လည်ပတ်အားပေးရန် တာဝန်ရရှိခဲ့ကြသည်။

မုန်တိုင်းတိုက်ခတ်ပြီးနောက် ပျောက်ဆုံးနေသော သက်သေခံများကို ကူညီရှာဖွေရန် ဒေသခံကယ်ဆယ်ရေး ကော်မတီများကို ဖွဲ့စည်းခဲ့ကြသည်။ များစွာသောသူတို့ကို ခြုံတောထဲတွင်နှင့် အခြားနေရာများတွင် အစာမရှိ၊ ရေမရရှိဘဲ သုံးရက်ကြာမှ ရှာတွေ့ခဲ့ကြသည်။ အချို့ဒေသများတွင် ဓာတ်တိုင်များပင် မြုပ်သွားသည့်အထိ ရေတက်ခဲ့သည်! သို့ဖြစ်၍ အခက်အခဲနှင့်ကြုံတွေ့နေသူများကို ရှာဖွေရန်၊ သူတို့ကို အစားအစာပေးရန်နှင့် လုံခြုံသောနေရာသို့ ရွှေ့ပြောင်းရန်အတွက် စက်လှေများကို ရှာဖွေအသုံးပြုခဲ့ကြသည်။

အနည်းငယ်သောသူတို့သာ သွားဝံ့ကြသည့် ဒေသများတွင် အကူအညီပေးလိုကြသည့် သက်သေခံများအား ဒေသခံအာဏာပိုင်များက စက်လှေများနှင့် အခြားအသုံးအဆောင်များကို ငှားပေးကြသည်။ အစပိုင်းတွင် စစ်တပ်အရာရှိတစ်ဦးက ထိုအန္တရာယ်များသည့် ရှာဖွေမှုပြုလုပ်ရာတွင် သက်သေခံများအား သွားခွင့်မပြုဘဲ ကန့်ကွက်ခဲ့သည်။ သို့ရာတွင် သူတို့၏ ထက်သန်သည့်စိတ်ဓာတ်ကို မြင်သည့်အခါ သူဤသို့ပြောခဲ့၏– “ခင်ဗျားတို့ရဲ့လူတွေကို ကယ်ဆယ်ဖို့အတွက် လိုအပ်မယ်ဆိုရင် ခင်ဗျားတို့ဟာ ရဟတ်ယာဉ်နဲ့တောင်သွားကယ်မယ်ဆိုတာ ကျွန်တော်လုံးဝယုံကြည်တယ်။ ခင်ဗျားတို့တွေ လိုအပ်တဲ့အခါတိုင်း ကျွန်တော်တို့ရဲ့ ယာဉ်တွေကို အသုံးပြုနိုင်ပါတယ်။”

စတိုးဆိုင်ပိုင်ရှင်တစ်ဦးက သက်သေခံများသည် သောက်ရေဘူးများစွာကို အဘယ်ကြောင့်ယူဝယ်ကြကြောင်း သိလိုခဲ့သည်။ ယင်းတို့သည် မိမိတို့၏ ဝိညာဉ်ရေးညီအစ်ကိုများနှင့် ရေလိုအပ်သော အခြားသူတို့အတွက်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ထိုအမျိုးသားသည် အဖိုးမယူဘဲ မိမိတွင်ရှိသော ရေဘူးအားလုံးကို သူတို့အားပေးရန် ဆုံးဖြတ်ခဲ့သည်။ နောက်နေ့တွင် နောက်ထပ်ရေဘူးများစွာကို လှူဒါန်းခဲ့သည်။ နောက်စတိုးဆိုင်တစ်ဆိုင်တွင် ဈေးဝယ်နေသူတစ်ဦးက သက်သေခံများသည် ထိုမျှများသောအစားအစာများကို အဘယ်ကြောင့်ဝယ်ယူနေကြကြောင်း မေးမြန်းခဲ့သည်။ ရေလွှမ်းမိုးဘေးခံရသူများအတွက်ဖြစ်ကြောင်း သူသိရသည့်အခါ နောက်ထပ်ဝယ်ယူနိုင်ရန် အလှူငွေပေးခဲ့သည်။

အစ်စီဒေါကြောင့် သက်သေခံမိသားစု ၃,၅၀၀ နီးပါးသည် အခက်အခဲများ၊ ပစ္စည်းဥစ္စာဆုံးရှုံးမှုများ ခံစားခဲ့ရသော်လည်း ယေဟောဝါသက်သေ တစ်ယောက်မျှ ပျောက်ဆုံးခြင်း၊ သေဆုံးခြင်း မရှိခဲ့ပါ။ သို့သော် သက်သေခံအိမ်ပေါင်း ၃၃၁ လုံး ပျက်စီးဆုံးရှုံးခဲ့သောကြောင့် ပြန်လည်တည်ဆောက်ရန် အစီအစဉ်လိုအပ်ခဲ့သည်။ ဆောက်လုပ်ရေးတွင် အတွေ့အကြုံရှိသော သက်သေခံများသည် အပျက်အစီးများကို အကဲဖြတ်ချိန်ဆရန် အိမ်များနှင့် နိုင်ငံတော်ခန်းမအားလုံးထံ လည်ပတ်ခဲ့သည်။ ယခုအချိန်အထိ အိမ်ပေါင်း ၂၅၈ လုံးကို ပြုပြင်ပေးခဲ့ပြီး ၁၇၂ လုံးကို အသစ်ဆောက်လုပ်ပေးခဲ့သည်။ ထို့ပြင် ပျက်စီးသွားသော ဘုရားသခင့်နိုင်ငံတော်ခန်းမ ၁၉ လုံးကို ဆောက်လုပ်နေဆဲဖြစ်သည်။

ယူကတန်ပြည်နယ် အသင်းတော်တစ်ခုမှ အကြီးအကဲတစ်ဦးက ဤသို့ပြောရန် လှုံ့ဆော်ခံခဲ့ရသည်– “ကျွန်တော်တို့ရဲ့ စာပေတွေထဲမှာ တခြားနိုင်ငံတွေမှာ လုပ်ဆောင်ကြတဲ့ ကယ်ဆယ်ရေးလုပ်ငန်းအကြောင်း ကျွန်တော်ဖတ်ဖူးတယ်။ ဒါပေမဲ့ ကိုယ်တွေ့အတွေ့အကြုံနဲ့တော့ မတူဘူး။ ယေဟောဝါရဲ့အဖွဲ့အစည်း၊ ချစ်မြတ်နိုးဖွယ်ကောင်းတဲ့ ညီအစ်ကိုတွေဟာ ကျွန်တော်တို့ကို ဂရုစိုက်ကြပြီး အမြန်အကူအညီပေးကြတာကို တွေ့ရတဲ့အခါ ကျွန်တော့်ရဲ့ယုံကြည်ခြင်းအပြင် ညီအစ်ကိုတွေရဲ့ယုံကြည်ခြင်းလည်း ပိုခိုင်မြဲလာတယ်။”

အမျိုးသမီးတစ်ဦး ဤသို့ပြောခဲ့သည်– “ကျွန်မရဲ့ချာ့ခ်ျက သက်သေခံတွေလုပ်သလို အကူအညီပေးမယ်ဆိုရင် ကျွန်မအရမ်းဝမ်းသာမှာ။” သက်သေခံများ ကယ်ဆယ်ခဲ့သော နောက်အမျိုးသမီးတစ်ဦးကလည်း ဤသို့ဆို၏– “ယေဟောဝါသက်သေတွေရဲ့ကျေးဇူးကြောင့် ကျွန်မ အသက်ရှင်နေတာ။ ကျွန်မတို့ရဲ့အိမ် ရေအောက်ရောက်သွားတဲ့အခါ အသက်စွန့်ကယ်တင်ခြင်းအားဖြင့် သူတို့ရဲ့မေတ္တာကို တင်ပြခဲ့ကြတယ်။”

တိုင်ဖွန်းမုန်တိုင်း ကိုရီးယား၌ တိုက်ခတ်

၂၀၀၂၊ ဩဂုတ်လ ၃၁ ရက်နှင့် စက်တင်ဘာလ ၁ ရက်နေ့တို့တွင် ရူစာမုန်တိုင်းသည် ကိုရီးယားနိုင်ငံကို ဖြတ်၍တိုက်ခတ်ခဲ့သည်။ အသင်းတော်အကြီးအကဲတစ်ဦးဖြစ်သူ စောင်-ပီ ချိုက ဤသို့ပြောခဲ့၏– “ရေချိုးတဲ့ရေပန်းအောက်မှာ ရပ်နေရသလိုပဲ။ မိုးရွာလိုက်တာ မစဲတော့ဘူး။” ၂၄ နာရီအတွင်း မိုးရေချိန် ၃၄ လက်မကျော် ရွာသွန်းခဲ့သည်—ထိုနိုင်ငံ၏မှတ်တမ်းတွင် တစ်ရက်အတွင်း အမြင့်ဆုံးရွာသွန်းမှုဖြစ်သည်။

သည် ကိုရီးယား ဟာရယ်လ်ဒ်သတင်းစာအရ အိမ်ခြေပေါင်း ၂၈,၁၀၀ နှင့် စိုက်ပျိုးဧကပေါင်း ၂၁၀,၀၀၀ ရေနစ်မြုပ်ခဲ့သည်။ လူပေါင်း ၇၀,၀၀၀ ခန့်ကို နေအိမ်များမှ အခြားလုံခြုံရာတွင် ခိုလှုံစေခဲ့ရသည်။ တိုင်ဖွန်းမုန်တိုင်းကြောင့် ကျွဲနွားကောင်ရေ ၃၀၁,၀၀၀ သေဆုံးခဲ့သည်၊ သင်္ဘော ၁၂၆ စင်းနစ်မြုပ်ခဲ့သည်၊ ရာနှင့်ချီသောဓာတ်မီးတိုင်များ ပြိုလဲခဲ့သည်။ လူပေါင်း ၁၈၀ ကျော်သေဆုံး သို့မဟုတ် ပျောက်ဆုံးကြောင်း သတင်းရရှိခဲ့သည်။ ထိုအထဲတွင် သက်သေခံနှစ်ဦးလည်း ပါဝင်ခဲ့သည်။

ဥရောပနှင့် မက္ကစီကိုတွင်ကဲ့သို့ ယေဟောဝါသက်သေများသည် အလျင်အမြန် လုပ်ဆောင်ခဲ့ကြသည်။ တစ်နိုင်ငံလုံးမှ သက်သေခံများသည် ကယ်ဆယ်ရေးအထောက်အပံ့များစွာကို ပေးပို့ခဲ့ကြသည်။ ယင်းတို့ထဲတွင် အဝတ်အစားများ၊ စောင်များနှင့် အခြားလိုအပ်သည့် အသုံးအဆောင်များ ပါဝင်သည်။ အချို့အသင်းတော်သားများသည် ကယ်ဆယ်ရေးလုပ်သားများ မရောက်ရှိနိုင်သော သီးခြားဒေသများတွင် ရှိကြသည်။ လမ်းများနှင့် တံတားများ ပျက်စီးခဲ့သည်။ လျှပ်စစ် သို့မဟုတ် တယ်လီဖုန်းလိုင်းများ မရှိပါ။ ထို့ကြောင့် ခြေကျင်ဖြင့်သွားကာ လိုအပ်သည့်အကူအညီပေးဖို့ အဖွဲ့ငယ်များ ဖွဲ့စည်းခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့တစ်ခုတွင် ပါဝင်ခဲ့သူ စောင်-ပီ ချိုက သူတို့အကူအညီပေးခဲ့ရသော ဒေသတစ်ခုအကြောင်း ဤသို့ပြောပြ၏– “တံတားခုနစ်စင်းနဲ့ လမ်းတွေ တော်တော်များများ ပျက်စီးခဲ့တယ်။ နောက်ဆုံး ကျွန်တော်တို့ မြို့ကိုရောက်သွားတဲ့အခါ နေရာတိုင်းမှာ အိမ်တွေဟာ ပျက်စီးပြိုပျက်နေတယ်။ အနံ့အသက်တော်တော်ဆိုးတယ်၊ တိရစ္ဆာန်အသေကောင်တွေ နေရာတကာမှာရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မ ခြောက်ယောက်နဲ့ တွေ့ဆုံရတဲ့အတွက် အရမ်းဝမ်းသာခဲ့ကြတယ်! သူတို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေ ဆုံးရှုံးသွားပေမဲ့ သူတို့အားလုံး အသက်အန္တရာယ်မရှိခဲ့ကြဘူး။”

မှန်ပါသည်၊ ယေဟောဝါသက်သေများသည် ဘေးအန္တရာယ်အတွက် အသင့်ပြင်ဆင်ထားကြသည်။ ရေကြီးခြင်းသည် မုတ်သုန်ရာသီအတွင်း ဖြစ်နေကျဖြစ်သောကြောင့် ဆိုးလ်မြို့ရှိ အာရ်ဘီစီသည် ကြုံတွေ့ရနိုင်သည့် ဘေးအန္တရာယ်အတွက် ကယ်ဆယ်ရေးလုပ်ငန်းကို ကြိုတင်ပြင်ဆင်ထားခဲ့ကြသည်။ ၁၉၉၇ ခုနှစ်မှစတင်၍ အရေးပေါ်ကိစ္စများ ပေါ်ပေါက်လာသည့်အခါ စေတနာ့ဝန်ထမ်းများ ချက်ချင်းလုပ်ဆောင်ရန် နှစ်စဉ် လေ့ကျင့်ရေးသင်တန်းများ ပေးခဲ့သည်။

စက်တင်ဘာ ၂ ရက်နေ့တွင် အာရ်ဘီစီကယ်ဆယ်ရေးလုပ်သားများသည် ကမ်းရိုးတန်းမြို့ဖြစ်သော ကန်နောင်မြို့သို့ရောက်ရှိလာခဲ့ပြီး ယေဟောဝါသက်သေများ၏ ဒေသခံစည်းဝေးပွဲခန်းမတွင် အမှုထမ်းအဖွဲ့များကို ဖွဲ့စည်းခဲ့သည်။ ဦးစားပေးလုပ်ဆောင်မည့်အရာမှာ အဘယ်နည်း။ မုန်တိုင်းဒဏ်မှ လွတ်မြောက်သူများကို ရေသန့်ရရှိစေရန်ဖြစ်သည်။ ရေအလွန့်အလွန်ကြီးနေချိန်တွင် ရေပိုက်များပျက်စီးကုန်သည်၊ လွှမ်းမိုးသည့်ရေသည် အလွန်ညစ်ပတ်သည်။ အာရ်ဘီစီအဖွဲ့သည် ရေအပြည့်ဖြည့်ထားသော ရေတိုင်ကီကြီးများကို ကုန်တင်ကားများပေါ်တင်ကာ ဘေးသင့်သောဒေသများသို့ ပို့ပေးရန် စီစဉ်ခဲ့ကြသည်။

ရေကျသွားပြီးနောက် အရာအားလုံးသည် ရွှံ့ညွှန်များကြောင့် ညစ်ပတ်နံစော်နေသည်။ သို့သော် ထိရောက်သော သန့်ရှင်းရေးနည်းလမ်းများဖြင့် လုပ်ဆောင်ခဲ့ကြသည်။ အိမ်အားလုံးနီးပါးကို အင်္ဂတေဖြင့် ဆောက်လုပ်ထားသောကြောင့် နံရံကပ်စက္ကူများ၊ ဖယောင်းပုဆိုးများကို ဖယ်ရှားပစ်ပြီး လေဖိအားသုံးရေပိုက်အသုံးပြုကာ သန့်ရှင်းနိုင်ကြသည်။

ရေလွှမ်းမိုးခြင်းကြောင့် လျှပ်စစ်အသုံးအဆောင်အများစုကို သုံး၍မရတော့ပါ။ သို့သော် ကျွမ်းကျင်သော လျှပ်စစ်ပြင်သူများက ရေခဲသေတ္တာများနှင့် ဘွိုင်လာရေနွေးအိုးများကဲ့သို့သော အသုံးအဆောင်များကို တစ်စစီဖြုတ်ကာ ကောင်းမွန်စွာဆေးကြော၊ အခြောက်ခံပြီး ပြန်လည်တပ်ဆင်ခြင်းတို့ကို ရက်အနည်းငယ်အတွင်း ပြုလုပ်ကြရာ အများစုကို ပြန်လည်အသုံးပြုနိုင်ကြသည်။ ထိုအလုပ်များကို လုပ်ဆောင်ရန် အာရ်ဘီစီကို ဖွဲ့စည်းထားသည်။ အစားထိုးဖို့မလိုသော ဘွိုင်လာရေနွေးအိုးများကိုသုံးကာ အိမ်ကိုအခြောက်ခံကြသည်။ ထိုလုပ်ငန်းများကို နှစ်ပတ်သုံးပတ်အတွင်း လုပ်ဆောင်ကြသည်။

ရေကြောင့်ထိခိုက်သွားသည့် အဝတ်အစားများ စောင်များကို ဆက်၍အသုံးပြုနိုင်ဖို့ဆိုလျှင် ရက်အနည်းငယ်အတွင်း လျှော်ဖွပ်ကြရမည်ဖြစ်သည်။ ယေဟောဝါသက်သေများ၏ ဒေသခံအသင်းတော်တစ်ခုမှ စေတနာ့ဝန်ထမ်းများသည် မိမိတို့ခရစ်ယာန်ညီအစ်ကိုများ၏ ရွှံ့များပေနေသော ပစ္စည်းများကို သိမ်းဆည်းပေးရာတွင် အကူအညီပေးခဲ့ကြသည်။ ရွှံ့များစိမ့်ဝင်နေသော ထိုအဝတ်များကို လျှော်ဖွပ်ရခြင်းသည် အလွန်ခက်ခဲပြီး ယင်းတို့ကို အလွန့်အလွန်အေးသော စမ်းချောင်းတွင် လက်ဖြင့်လျှော်ဖွပ်ရခြင်းဖြစ်သည်။ သတင်းစာတစ်စောင်၏ သတင်းထောက်တစ်ဦးက ထိုသူတို့၏ မေတ္တာအကြောင်း ကြားသိရပြီးနောက် ဒေသခံသတင်းစာတွင် သက်သေခံများ၏ လုပ်ဆောင်မှုအကြောင်း ဓာတ်ပုံကြီးဖြင့် ဖော်ပြခဲ့သည်။

ဥရောပ၊ မြောက်အမေရိကနှင့် အာရှတို့တွင် ဖြစ်ပွားခဲ့သော ရေလွှမ်းမိုးဘေးက အိမ်များ၊ ပစ္စည်းပစ္စယများ၊ မရေမတွက်နိုင်သော အပြစ်မဲ့သူများ၏ အသက်များစွာ ဆုံးရှုံးခဲ့သည်။ ဝမ်းနည်းကြေကွဲစရာဖြစ်သော်လည်း ယင်းကဲ့သို့သောအရာများသည် “ခဲယဉ်းသောကာလ” အဖြစ် မှတ်သားဖော်ပြသော ဤအစီအစဉ်စနစ် “နောက်ဆုံးသောနေ့ရက်များ” အတွင်း ဖြစ်ပျက်သည့်အရာများ ဖြစ်သည်။ (၂ တိမောသေ ၃:၁သမ္မာ) ရုတ်တရက်ဖြစ်ပေါ်သောဘေးဆိုးများသည် ဤအချက်ကိုလည်း ထင်ရှားစေသည်– စစ်မှန်သောခရစ်ယာန်များသည် တစ်ယောက်နှင့်တစ်ယောက်အပြင် မိမိတို့၏ အိမ်နီးချင်းများအား မေတ္တာပြကြသည်။ ထိုကဲ့သို့သော တစ်ကိုယ်ကောင်းမဆန်သည့် မေတ္တာကို မည်သည့်မုန်တိုင်းကမျှ မဖျက်ဆီးနိုင်ပါ။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဂျာမနီ—မုန်တိုင်းကြောင့် ပျက်စီးသွားသောအိမ်

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

ဂျာမနီ—စေတနာ့ဝန်ထမ်း ၂,၀၀၀ ကျော်သည် ကယ်ဆယ်ရေးလုပ်ငန်းကို အလျင်အမြန် လုပ်ဆောင်ကြ

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ဩစတြီးယား—အော့်တန်ဟမ်းမြို့မှ ဘုရားသခင့်နိုင်ငံတော်ခန်းမကို ပြုပြင်ခြင်း

ဘယ်– ဒေသခံသက်သေခံများနှင့် အိမ်နီးချင်းများကို အကူအညီပေးခဲ့ကြသည့် အောင်မြို့မှ ပြန်လာကြသော စေတနာ့ဝန်ထမ်းအဖွဲ့တစ်ဖွဲ့

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

မက္ကဆီကို—ညာ– ကယ်ဆယ်ရေးကော်မတီက မုန်တိုင်းဘေးမှလွတ်မြောက်သူများအတွက် သောက်ရေစီစဉ်ပေး

အောက်ပုံ– အစားထိုးဆောက်ပေးသည့်အိမ်

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ကိုရီးယား—ဘယ်မှ ညာသို့– ရေလွှမ်းမိုးခဲ့သည့် မြို့အစိတ်အပိုင်း; လေဖိအားသုံးရေပန်းဖြင့် သန့်ရှင်းရေးပြုလုပ်ခြင်း; အနီးရှိစမ်းချောင်းတွင် အဝတ်လျှော်ဖွပ်ခြင်း