မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရာသီဥတု တစ်ခုခု ချွတ်ယွင်းနေသလော

ရာသီဥတု တစ်ခုခု ချွတ်ယွင်းနေသလော

ရာသီဥတု တစ်ခုခု ချွတ်ယွင်းနေသလော

“အင်္ဂလိပ်နှစ်ဦးတွေ့ဆုံသည့်အခါ သူတို့ဦးဆုံးပြောသည့်အရာမှာ ရာသီဥတုအကြောင်းဖြစ်သည်။” နာမည်ကျော်စာရေးဆရာ ဆင်မြူအယ် ဂျွန်ဆင်က အပြောင်အပျက်အနေဖြင့် ထိုသို့ ပြောခဲ့ခြင်းဖြစ်သည်။ သို့သော် မကြာသေးမီနှစ်များတွင် ရာသီဥတုသည် ဦးဆုံးပြောသည့်စကားမျှထက်မက ပို၍အရေးပါလာခဲ့သည်။ ကမ္ဘာတစ်ဝန်းမှလူများ အလေးအနက်ထားရသည့် အကြောင်းအရာဖြစ်လာခဲ့သည်။ အဘယ်ကြောင့်နည်း။ အမြဲပင် အတိအကျတပ်အပ်မပြောနိုင်ခဲ့သော ရာသီဥတုသည် ယခုပို၍ပင် ကြိုတင်ခန့်မှန်း၍မရ ဖြစ်လာပုံရသောကြောင့်ဖြစ်သည်။

ဥပမာ၊ ၂၀၀၂ ခုနှစ်၊ နွေရာသီတွင် ဥရောပ၌ အလွန့်အလွန် ပြင်းထန်သော မိုးသက်မုန်တိုင်းတစ်ခု တိုက်ခတ်ခဲ့သည်။ “ဥရောပအလယ်ပိုင်းဒေသတွင် ရာစုနှစ်တစ်ခုအတွင်း အဆိုးဝါးဆုံးသော ရေလွှမ်းမိုးဘေး” အဖြစ်ဖော်ပြရသည်အထိ ဖြစ်ခဲ့သည်။ အောက်ပါ သတင်းမှတ်တမ်းများကို သတိပြုကြည့်ပါ–

ဩစတြီးယား– “အထူးသဖြင့် စောင်စဘာ့ဂ်ျ၊ ကာရင်းသီးယားနှင့် တိုင်ရိုပြည်နယ်တို့တွင် ပြင်းထန်သော မိုးသက်မုန်တိုင်းတိုက်ခတ်ခဲ့သည်။ လမ်းများစွာသည် ရွှံ့များ၊ အကျိုးအပဲ့များအောက် ၁၅ မီတာ [ပေ ၅၀] အထိ နစ်မြုပ်ခဲ့သည်။ ဗီယင်နာမြို့ရှိ တောင်ပိုင်းမီးရထားဘူတာရုံတွင် မိုးကြိုးမုန်တိုင်းကြောင့် ရထားတစ်စင်းတိမ်းမှောက်ခဲ့ပြီး လူများစွာ ထိခိုက်ဒဏ်ရာရခဲ့သည်။”

ချက်ခ်ပြည်သူ့သမ္မတနိုင်ငံ– “ပရော့ဂ်မြို့သည် မုန်တိုင်းဒဏ်ကို အလူးအလဲခံခဲ့ရသည်။ ကျေးလက်ဒေသများတွင် အခြေအနေပိုဆိုးသည်။ လူပေါင်း ၂၀၀,၀၀၀ ကျော်သည် မိမိတို့အိမ်များမှ ရွှေ့ပြောင်းခဲ့ကြရသည်။ ရေလွှမ်းမိုးဘေးကြောင့် မြို့တစ်မြို့လုံး ရေနစ်မြုပ်ခဲ့သည်။”

ပြင်သစ်– “နှစ်ဆယ့်သုံးယောက်သေဆုံးပြီး ၉ ယောက်ပျောက်ဆုံးခဲ့သည်၊ ထောင်နှင့်ချီသောသူများ အကြီးအကျယ် အခက်အခဲတွေ့ခဲ့သည်။ . . . တနင်္လာနေ့၌ တိုက်ခတ်သောမုန်တိုင်းတွင် မိုးကြိုးပစ်ခြင်းကြောင့် သုံးဦးသေဆုံးခဲ့သည်။ . . . မီးသတ်သမားတစ်ဦးသည် ဘေးအန္တရာယ်ကြားမှ မောင်နှံစုံကို ကယ်ပြီးနောက် သေဆုံးသွားခဲ့သည်; သူတို့သည် ကားထဲတွင် ရေဖြင့်မျောပါနေခြင်းဖြစ်သည်။”

ဂျာမနီ– “ဂျာမနီပြည်ထောင်စုသမ္မတနိုင်ငံရှိ မြို့များနှင့် ရွာများ၏သမိုင်းတွင် ဤ ‘ရာစုနှစ်အတွင်း အကြီးမားဆုံးရေလွှမ်းမိုးဘေး’ ကြောင့်ပျက်စီးခဲ့သည့် အခြေအနေမျိုး တစ်ခါမျှမကြုံဖူးသေးပါ။ သိန်းနှင့်ချီသော ပြည်သူပြည်သားများသည် မိမိတို့မြို့များမှ ထွက်ပြေးခဲ့ကြရသည်။ အများစုသည် အမြော်အမြင်ရှိရှိဖြင့် ကြိုတင်ထွက်ပြေးခဲ့ကြသည်။ အချို့သူတို့မှာ လုံးလုံးနစ်မြုပ်ခါနီးမှ လှေ သို့မဟုတ် ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်ခဲ့ရသည်။”

ရိုမေးနီးယား– “ဇူလိုင်လလယ်ဖြစ်ပြီး မုန်တိုင်းကြောင့် လူပေါင်းတစ်ဒါဇင်ခန့် သေဆုံးခဲ့သည်။”

ရုရှား– “ပင်လယ်နက်ကမ်းခြေဒေသများတွင် အနည်းဆုံး လူ ၅၈ ဦးသေဆုံးခဲ့သည်။ ... ကားနှင့် ဘတ်စကားအစီး ၃၀ ခန့်သည် ပင်လယ်ကမ်းခြေတွင် နစ်မြုပ်ခဲ့သည်၊ နောက်ထပ်မုန်တိုင်း တိုက်ခတ်မည်ဟူသော ကြိုတင်သတိပေးချက်ကြောင့် သူတို့ကို မရှာဖွေနိုင်ခဲ့ပါ။”

ဥရောပ၌သာ မဟုတ်ပါ

၂၀၀၂၊ ဩဂုတ်လ ဂျာမနီနေ့စဉ်ထုတ်သတင်းစာ ဇူ့ဒ် ဒွယ်ချက် ဇိုင်တွန်တွင် ဤသို့ဖော်ပြခဲ့၏– “အာရှ၊ ဥရောပ၊ တောင်အမေရိကတို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်းစသည့် ရာသီဥတုပုံစံအသစ်ကြောင့် ဒေသအတော်များများတွင် ထိခိုက်ပျက်စီးမှုရှိခဲ့သည်။ ဗုဒ္ဓဟူးနေ့တွင် နီပေါလ်၌ တောင်ပြိုခြင်းကြောင့် အနည်းဆုံး လူ ၅၀ သေဆုံးခဲ့သည်။ တိုင်ဖွန်းမုန်တိုင်းကြောင့် တရုတ်ပြည်တောင်ပိုင်းတွင် လူရှစ်ဦးသေဆုံးခဲ့ပြီး တရုတ်ပြည်အလယ်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ တရုတ်ပြည်တွင် ရေလွှမ်းမိုးမှုကြောင့် မဲခေါင်မြစ်ရေသည် အနှစ် ၃၀ အတွင်း အမြင့်ဆုံးအမှတ်အထိတက်ခဲ့ပြီး ထိုင်းနိုင်ငံအရှေ့မြောက်ဘက်ဒေသရှိ အိမ်ပေါင်း ၁၀၀ ကျော်ရေနစ်မြုပ်ခဲ့သည်။ . . . အာဂျင်တီးနားတွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် အနည်းဆုံး လူငါးဦးရေနစ်သေဆုံးခဲ့သည်။ . . . တရုတ်ပြည်တွင် နွေရာသီ၌တိုက်ခတ်သော မုန်တိုင်းများကြောင့် လူတစ်ထောင်ကျော် သေဆုံးခဲ့သည်။”

ကမ္ဘာ့ဒေသအတော်များများ၌ရေလွှမ်းမိုးဘေးဖြစ်နေစဉ် အမေရိကန်ပြည်ထောင်စုတွင် အပြင်းအထန်မိုးခေါင်သည့်ဒဏ်ကို ကြုံတွေ့နေရသည်။ ဤသို့ဖော်ပြခဲ့၏– “နိုင်ငံအဝန်းတွင် ရေနည်းနေသောရေတွင်းများ၊ ရေခန်းနေသောရေတွင်းများကြောင့် လူများစိုးရိမ်နေကြပြီး ဒေသအနှံ့အပြားရှိ စမ်းချောင်းများသည် ရေအနည်းငယ်သာစီးနေသည်ဟု သိကြရသည်၊ ထိုရာသီတွင် ပုံမှန်တောမီးလောင်သည်ထက် နှစ်ဆလောင်ကျွမ်းသည်။ ကောက်ပဲသီးနှံနှင့် သိုးနွားများအတွက် စားကျက်မြေများ ပျက်စီးခြင်း၊ သောက်ရေမရှိခြင်း၊ တောမီးလောင်ခြင်း၊ သဲမုန်တိုင်းများတိုက်ခတ်ခြင်းနှင့်အတူ ၂၀၀၂ ခုနှစ်မိုးခေါင်ခြင်းကြောင့် ဒေါ်လာသန်းထောင်နှင့်ချီ အကြီးအကျယ်စီးပွားရေးထိခိုက်မည်ဟု ပညာရှင်များက ကြိုတင်ခန့်မှန်းကြသည်။”

အာဖရိကမြောက်ပိုင်းဒေသများသည် ၁၉၆၀ ပြည့်လွန်နှစ်များမှစ၍ အကြီးအကျယ် မိုးခေါင်ခြင်းဒဏ်ကို ကြုံတွေ့ခဲ့ရသည်။ သတင်းမှတ်တမ်းများအရ “မိုးရေချိန်သည် ၂၀ ရာစု၏ပထမနှစ်ဝက်ထက် နှစ်ဆယ်မှ လေးဆယ့်ကိုးရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး နေရာဒေသအနှံ့ အစာခေါင်းပါးခြင်းနှင့် သေခြင်းတို့ကို ဖြစ်စေသည်။”

အယ်လ်နီးညို ရာသီဥတုပုံစံ—ပစိဖိတ်သမုဒ္ဒရာအရှေ့ဘက်ပိုင်း ရေထုပူနွေးလာခြင်းကြောင့်ဖြစ်သည့် ရာသီဥတု—ကြောင့် မြောက်နှင့်တောင်အမေရိကတို့တွင် အခါအားလျော်စွာ ရေလွှမ်းမိုးသည့်အပြင် အခြားရာသီဥတုဖောက်ပြန်မှုများ ဖြစ်ပေါ်သည်။ * စီအဲန်အဲန်သတင်းဌာနက ၁၉၈၃/၈၄ ခုနှစ်တွင် အယ်လ်နီးညိုကြောင့် “လူပေါင်း ၁,၀၀၀ ကျော်သေဆုံးခဲ့ပြီး ယင်းရာသီဥတုနှင့်ဆက်စပ်နေသော ဘေးအန္တရာယ်များသည် တိုက်ကြီးအားလုံးနီးပါးတွင် ဖြစ်ပျက်ခဲ့ကာ ပစ္စည်းဥစ္စာများနှင့် ကျွဲနွားတိရစ္ဆာန်များ ပျက်စီးဆုံးရှုံးမှု စုစုပေါင်းဒေါ်လာ ၁၀ ဘီလီယံတန်ဖိုးရှိသည်” ဟုဖော်ပြသည်။ ဦးဆုံးဖြစ်ပျက်ခဲ့သော ၁၉ ရာစုအချိန်မှစ၍ ယင်းသို့သောအခြေအနေများ (လေးနှစ်လျှင်တစ်ကြိမ်) ပုံမှန်ဖြစ်ပျက်ခဲ့သည်။ သို့သော် အချို့ပညာရှင်များက “အယ်လ်နီးညိုသည် ပုံမှန်ဖြစ်သည်ထက် ပိုဖြစ်လာပြီး” အနာဂတ်တွင် “အကြိမ်ပိုများများဖြစ်လာ” မည်ဟုယုံကြည်ကြသည်။

အမေရိကန်အမျိုးသား လေကြောင်းနှင့် အာကာသအုပ်ချုပ်ရေးအဖွဲ့က ဤအာမခံချက်ကို ပေးသည်– “ကျွန်ုပ်တို့ကြုံတွေ့နေရသော ‘ဆန်းပြားသော’ ရာသီဥတုအများစု—ဖြစ်မြဲမဟုတ်သော ပူနွေးသည့် ရာသီဥတု သို့မဟုတ် စိုစွတ်သော ဆောင်းရာသီ—တို့သည် သာမန်ဖြစ်သော ဒေသန္တရရာသီဥတုအပြောင်းအလဲများကြောင့် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကြီးလေးသည့်ပြဿနာရှိနိုင်သည်ဟူသည့် လက္ခဏာများဖြစ်သည်။ ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ဂရီးန်ပိစ်က ဤသို့ကြိုတင်ခန့်မှန်း၏– “အင်အားပြင်းထန်သော ဟာရီကိန်းမုန်တိုင်းများနှင့် မိုးသည်းထန်စွာရွာသွန်းခြင်းတို့ ပါဝင်သော ကြောက်စရာကောင်းသည့် ရာသီဥတုပုံစံများသည် ကမ္ဘာဂြိုဟ်ကို ဆက်၍အကြီးအကျယ် ဘေးသင့်စေမည်။ အကြီးအကျယ်မိုးခေါင်ခြင်းနှင့် ရေလွှမ်းမိုးခြင်းတို့သည် ကမ်းရိုးတန်းဒေသများကို ပျောက်ဆုံးသွားစေပြီး သစ်တောများပြုန်းတီးခြင်းအားဖြင့် ကမ္ဘာမြေကြီး မြေမျက်နှာသွင်ပြင်ကို ပကတိပြောင်းလဲစေမည်။” ထိုသို့ပြောဆိုရန် အခြေခံအကြောင်းရင်းရှိပါသလော။ ရှိပါက ထို “အန္တရာယ်ပြုသော ရာသီဥတုပုံစံများ” ဖြစ်ရသည့် အကြောင်းရင်းမှာ အဘယ်နည်း။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 14 မတ် ၂၂၊ ၂၀၀၀ ပြည့်နှစ်ထုတ် နိုးလော့! [လိပ်] တွင်ပါသော “အယ်လ်နီးညိုဟူသည် အဘယ်နည်း” ဆောင်းပါးကိုရှု။

[စာမျက်နှာ ၂၊ ၃ ပါ ရုပ်ပုံများ]

ဂျာမနီတွင်နှင့် (အထက်ပုံ) ချက်ခ်ပြည်သူ့သမ္မတနိုင်ငံတွင် (ဘယ်ဘက်ပုံ) ရေလွှမ်းမိုးဘေး