မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရာသီဥတု မည်သို့ ဖြစ်ပျက်နေသနည်း

ရာသီဥတု မည်သို့ ဖြစ်ပျက်နေသနည်း

ရာသီဥတု မည်သို့ ဖြစ်ပျက်နေသနည်း

“ယခု ကျွန်ုပ်တို့ ကြုံတွေ့နေရသော ရုတ်တရက် ရေလွှမ်းမိုးဘေးများနှင့် ပြင်းထန်သောမုန်တိုင်းများကို ပို၍ မကြာခဏ ကြုံတွေ့ကြရမည်။”—သောမတ်စ် လော့စတာ၊ မိုးလေဝသပညာရှင်။

ရာသီဥတု တစ်ခုခုမှားယွင်းနေသလော။ ထိုသို့ဖြစ်နေသည်ကို လူအများ စိုးရိမ်ကြသည်။ ရာသီဥတုအကျိုးဆက်ကို လေ့လာသည့် ပို့စ်ဒမ်တက္ကသိုလ်မှ မိုးလေဝသပညာရှင် ဒေါက်တာ ပီတာ ဝါနာက ဤသို့ပြော၏– “ကမ္ဘာ့မိုးလေဝသအခြေအနေများ—မိုး/ဆီးနှင်းများ အကြီးအကျယ်ရွာသွန်းခြင်း၊ ရေလွှမ်းမိုးခြင်း၊ မိုးခေါင်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း—နှင့် ယင်းတို့ဖြစ်ပေါ်ပုံကို လေ့လာစစ်ဆေးကြည့်ရာတွင် လွန်ခဲ့သော အနှစ် ၅၀ ကထက် လေးဆပို၍ဆိုးလာသည်ဟု မှန်ကန်စွာပြောနိုင်သည်။”

ပုံမှန်မဟုတ်သော ရာသီဥတုပုံစံများသည် ကမ္ဘာမြေကြီးပူနွေးခြင်းကြောင့်ဖြစ်သည်ဟု ယူမှတ်ကြသည်—ယင်းကို ဖန်လုံအိမ်အာနိသင်ဆိုးကျိုးများဟု ခေါ်ကြသည်။ အမေရိကန်ပြည်ထောင်စု ပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီက ဤသို့ရှင်းပြ၏– “ဖန်လုံအိမ်အာနိသင်သည် ကမ္ဘာမြေကြီးအပူချိန်ကို တိုးမြှင့်စေသည်၊ အကြောင်းမှာ လေထုထဲရှိ တချို့သောဓာတ်ငွေ့များ (ဥပမာ၊ ရေခိုးရေငွေ့၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ နိုက်ထရပ်အောက်ဆိုဒ်နှင့် မီသိန်းဓာတ်ငွေ့) သည် နေမှလာသောစွမ်းအင်များကို ပိတ်မိနေစေကြသောကြောင့် ဖြစ်သည်။ ထိုဓာတ်ငွေ့များမရှိပါက အပူဓာတ်သည် အာကာသထဲ ပြန်ထွက်သွားမည်ဖြစ်ပြီး ကမ္ဘာမြေကြီး၏ ပျမ်းမျှအပူချိန်သည် ၆၀ ဒီဂရီဖာရင်ဟိုက်ခန့် ပိုမိုအေးမည်ဖြစ်သည်။”

သို့သော် များစွာသောသူတို့က လူသည် ဤသဘာဝဖြစ်စဉ်၌ အမှတ်တမဲ့ ပါဝင်ပတ်သက်ခဲ့ကြသည်ဟု ဆိုကြ၏။ အမေရိကန်ပြည်ထောင်စု အမျိုးသားလေကြောင်းနှင့် အာကာသအုပ်ချုပ်ရေးအဖွဲ့၏ ကွန်ပျူတာအွန်လိုင်းဖြင့် ဖြန့်ချိသည့် ကမ္ဘာမြေကြီးနက္ခတ်တာရာကြည့်စခန်း ဆောင်းပါးတွင် ထိုသို့ဖော်ပြခဲ့၏– “ဆယ်စုနှစ်များစွာ လူတို့အသုံးပြုသော စက်ရုံများနှင့် ကားများသည် တန်ချိန်ဘီလီယံနှင့်ချီသော (ကမ္ဘာ့လေထုအပူချိန်ကို မြှင့်တက်စေသည့်) ဖန်လုံအိမ်ဓာတ်ငွေ့များကို လေထုထဲသို့ ထုတ်လွှတ်ခဲ့ကြသည်။ ... ဖန်လုံအိမ်ဓာတ်ငွေ့များစွာစုစည်းလာပြီး ကမ္ဘာမြေပေါ်မှ အပူဓာတ်ပြန်ထွက်ခြင်းကို တားဆီးသောကြောင့် သိပ္ပံပညာရှင်များက စိုးရိမ်လာကြသည်။ အမှန်ပင်၊ ထိုဓာတ်ငွေ့များသည် ကမ္ဘာ့လေထုအတွင်းပိတ်မိနေပြီး အပူလွန်ကဲမှုဖြစ်စေသည်၊ ကားထဲဝင်လာသော နေမှအပူစွမ်းအင်ကို ကားလေကာမှန်က ကာဆီးထားသကဲ့သို့ပင်ဖြစ်သည်။”

ယင်းကို မယုံကြည်သူများက လူတို့သည် ဖန်လုံအိမ်ဓာတ်ငွေ့ ရာခိုင်နှုန်းအနည်းငယ်ကိုသာ ထုတ်လွှတ်ကြသည်ဟု ဆိုကြ၏။ သို့သော် ကမ္ဘာ့မိုးလေဝသပညာရပ်အဖွဲ့နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ကုလသမဂ္ဂအစီအစဉ်တို့ ဦးဆောင်ပြုလုပ်သည့် သုတေသနအဖွဲ့ဖြစ်သော ရာသီဥတုအပြောင်းအလဲဆိုင်ရာ အစိုးရချင်းဆွေးနွေးရေးအဖွဲ့ (အိုင်ပီပီစီ) ကဤသို့အစီရင်ခံ၏– “လွန်ခဲ့သည့်နှစ် ၅၀ ကျော်အတွင်း ကြုံတွေ့ခဲ့ရသည့် ကမ္ဘာမြေကြီးပူနွေးလာမှုသည် လူတို့လက်ချက်ကြောင့်ဖြစ်ကြောင်း ခိုင်လုံသည့် သက်သေအထောက်အထား အသစ်ရှိသည်။”

ပင်လယ်သမုဒ္ဒရာနှင့် လေထုဆိုင်ရာ အမျိုးသားစီမံခန့်ခွဲရေးအဖွဲ့မှ မိုးလေဝသပညာရှင် ပီတာ တန်စ်ဤသို့ဆို၏– “ခန့်မှန်းရမယ်ဆိုရင် ၆၀ ရာခိုင်နှုန်းဟာ လူတွေရဲ့လက်ချက်ကြောင့်ဖြစ်တယ်လို့ ပြောနိုင်တယ်။ ... ကျန်တဲ့ ၄၀ ရာခိုင်နှုန်းဟာ သဘာဝကြောင့်ဖြစ်တယ်။”

ကမ္ဘာချီပူနွေးလာခြင်းကြောင့် ဖြစ်နိုင်ခြေအကျိုးဆက်များ

သို့ဖြစ်လျှင် လူတို့သည် ဖန်လုံအိမ်ဓာတ်ငွေ့များထုတ်လွှတ်ခြင်းကြောင့် အဘယ်ရလဒ် ရရှိခဲ့ကြပြီနည်း။ ယခု သိပ္ပံပညာရှင်အများစုက ကမ္ဘာမြေကြီး ပို၍ပူနွေးလာသည်ကို သဘောတူလက်ခံကြသည်။ ထိုသို့ အပူချိန်မြှင့်တက်လာစေရန် အဘယ်အရာက ဖြစ်စေခဲ့သနည်း။ ၂၀၀၁ ခုနှစ် အိုင်ပီစီစီက ဤသို့အစီရင်ခံ တင်ပြ၏– “ကမ္ဘာ့မြေမျက်နှာပြင်အပူချိန်သည် ၁၉ ရာစုနှောင်းပိုင်းမှစ၍ ၀.၄ မှ ၀.၈ ဒီဂရီစင်တီဂရိတ်အထိ မြှင့်တက်လာခဲ့သည်။” သုတေသနပြုသူအများစုက ယင်းသို့အနည်းငယ်သာတိုးလာခြင်းက ရာသီဥတု သိသာထူးခြားစွာ ပြောင်းလဲမှုကြောင့်ဖြစ်နိုင်သည်ဟု ယူဆကြသည်။

ကမ္ဘာ့ရာသီဥတုအစီအစဉ်သည် အံ့အားသင့်စရာကောင်းလောက်အောင် ရှုပ်ထွေးသည်မှာ မှန်ပါသည်၊ သိပ္ပံပညာရှင်များသည် ကမ္ဘာချီပူနွေးလာမှု၏ အကျိုးဆက်များကို—ပြောနိုင်သည့်တိုင်—တိတိကျကျ မပြောနိုင်ကြပါ။ သို့ရာတွင် ကမ္ဘာချီပူနွေးလာမှုကြောင့် ကမ္ဘာ့မြောက်ဘက်ခြမ်းဒေသများတွင် မိုးပိုလာခဲ့ပြီး အာရှ၊ အာဖရိကတို့တွင် မိုးခေါင်ကာ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ အယ်လ်နီးညို (ပစိဖိတ်သမုဒ္ဒရာအတွင်းမှရေထု ပူနွေးလာခြင်း) နှင့်ဆက်နွှယ်သော အဖြစ်အပျက်များ ဖြစ်သည့်အကြိမ်ရေ ပိုများလာသည်ဟု အများစုက ယုံကြည်ကြသည်။

လိုအပ်ချက်—ကမ္ဘာချီဖြေရှင်းခြင်း

ဤပြဿနာသည် လူတို့လက်ချက်ဖြစ်သောကြောင့် ယင်းပြဿနာကို လူတို့မဖြေရှင်းနိုင်ဟု အများစုက ယူဆကြသည်။ ဒေသများစွာတွင် ကားများနှင့် စက်ရုံများမှထွက်သော လေထုညစ်ညမ်းမှုကို ကန့်သတ်ရန် ဥပဒေများ ထုတ်ပြန်ခဲ့ကြသည်။ သို့သော် ထိုကြိုးစားအားထုတ်မှုများသည်—ချီးမွမ်းဖွယ်ဖြစ်သော်လည်း—အကျိုးအနည်းငယ် သို့မဟုတ် အကျိုးမရှိသလောက်ဖြစ်ခဲ့သည်။ ညစ်ညမ်းမှုသည် ကမ္ဘာချီပြဿနာဖြစ်နေသောကြောင့် ကမ္ဘာချီဖြေရှင်းရမည်! ၁၉၉၂ ခုနှစ်တွင် ရီယိုဒီဂျနေရိုမြို့၌ မြေကမ္ဘာထိပ်သီးညီလာခံ ကျင်းပခဲ့သည်။ ဆယ်နှစ်ကြာပြီးနောက် တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့၌ ဝန်းကျင်ထိန်းသိမ်းကာ ဖွံ့ဖြိုးတိုးတက်စေခြင်း ကမ္ဘာ့ထိပ်သီးညီလာခံကို ကျင်းပခဲ့သည်။ ၂၀၀၂ ခုနှစ်တွင်ကျင်းပခဲ့သော ထိုအစည်းအဝေးသို့ ကိုယ်စားလှယ် ၄၀,၀၀၀ ခန့်တက်ရောက်ပြီး ထိုထဲတွင် နိုင်ငံ့ခေါင်းဆောင် ၁၀၀ ခန့်ပါဝင်ခဲ့သည်။

ထိုကဲ့သို့သော ညီလာခံများတွင် သိပ္ပံပညာရှင်များ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြသည်မှာ များစွာရှိခဲ့ပြီ။ ဂျာမန်သတင်းစာ ဒါတဂက်စ်ပီဂယ်၌ ဤသို့ရှင်းပြ၏– “[၁၉၉၂ ခုနှစ်] အချိန်က သိပ္ပံပညာရှင်အများစုသည် ဖန်လုံအိမ်အာနိသင်နှင့်ပတ်သက်၍ သံသယရှိခဲ့သော်လည်း ယနေ့အချိန်တွင် အနည်းငယ်သောသူတို့သာ သံသယရှိကြသည်။” သို့တိုင် ဂျာမနီနိုင်ငံ၏ ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဂျာဂျင် ထရစ်တင်က ပြဿနာဖြေရှင်းနည်းအစစ်အမှန်ကို ယခုတိုင်အောင် မတွေ့သေးပါဟု ဖော်ပြသည်။ “သို့ဖြစ်၍ ဂျိုဟန်နက်စ်ဘာ့ဂ်တွင်ကျင်းပခဲ့သော အစည်းအဝေးသည် ဆွေးနွေးရန်စုဝေးကြရုံမျှသာမဟုတ်ဘဲ လုပ်ဆောင်ရန်စုဝေးကြခြင်းဖြစ်ရမည်” ဟုသူအလေးအနက်ဖော်ပြခဲ့သည်။

ဝန်းကျင်ပျက်စီးမှုကို ရပ်တန့်စေနိုင်မည်လော

ကမ္ဘာချီပူနွေးလာမှုသည် လူသားများကြုံတွေ့နေရသော ဝန်းကျင်ဆိုင်ရာ စိန်ခေါ်ချက်များစွာထဲမှ တစ်ခုမျှသာဖြစ်သည်။ အကျိုးဖြစ်ထွန်းသော လုပ်ဆောင်မှုကိုလုပ်ရန် အပြောလောက် အလုပ်မလွယ်ကူပါ။ ဗြိတိသျှဂေဟဗေဒပညာရှင် ဂျိန်း ဂွတ်ဒေါက ဤသို့ရေးထား၏– “ကျွန်ုပ်တို့၏ဝန်းကျင်ကို ဘေးသင့်စေခဲ့သော ကြောက်မက်ဖွယ်ကောင်းသည့် အပျက်အစီးများနှင့် ယခု ကျွန်ုပ်တို့ကြုံတွေ့နေကြရသည်၊ နည်းပညာဆိုင်ရာ ဖြေရှင်းနည်းများကို ရှာတွေ့ရန် ကျွန်ုပ်တို့ လက်လှမ်းမီနိုင်သမျှအရာအားလုံးကို အသုံးပြုကြမည်။” သို့သော် သူဤသို့သတိပေး၏– “နည်းပညာတစ်ခုတည်းနှင့် မလုံလောက်ပါ။ ကျွန်ုပ်တို့ဘက်မှ အားကြိုးမာန်တက်နှင့် ကြိုးစားပါဝင်ရမည်။”

ကမ္ဘာချီပူနွေးလာခြင်း၏ ပြဿနာများကို တစ်ဖန်သုံးသပ်ကြည့်ပါ။ ညစ်ညမ်းမှုတိုက်ဖျက်ရေး လုပ်ငန်းများသည် အကုန်အကျများသည်; အများအားဖြင့် ဆင်းရဲသောနိုင်ငံများသည် ယင်းတို့ကို မလုပ်ဆောင်နိုင်ပါ။ စွမ်းအင်အသုံးပြုခြင်းကို ကန့်သတ်ထားခြင်းကြောင့် စက်မှုလုပ်ငန်းကုမ္ပဏီများသည် ပို၍အမြတ်အစွန်းရနိုင်သည့် ဆင်းရဲသောနိုင်ငံများသို့ ပြောင်းရွှေ့လုပ်ကိုင်ကြမည်ကို ပညာရှင်အချို့က စိုးရိမ်ကြသည်။ ထို့ကြောင့် စိတ်ရင်းမှန်ရှိသော ခေါင်းဆောင်များပင်လျှင် ဝေခွဲမရဖြစ်ကြသည်။ မိမိတို့နိုင်ငံ၏ စီးပွားရေးအကျိုးအမြတ်ကို ထိန်းသိမ်းကာကွယ်မည်ဆိုလျှင် ပတ်ဝန်းကျင်အခြေအနေ ထိခိုက်ပျက်စီးသည်။ ဝန်းကျင်ထိန်းသိမ်းကာကွယ်ခြင်းကို တွန်းအားပေးမည်ဆိုလျှင် စီးပွားရေးတွင် နစ်နာဆုံးရှုံးကြသည်။

ထို့ကြောင့် ကမ္ဘာ့ထိပ်သီးညီလာခံ အကြံပေးအရာရှိ ဆယ်ဗင် ကာလက်စ်–စူဇူကီးက အပြောင်းအလဲသည် တစ်ဦးချင်းစီ၏ လုပ်ဆောင်မှုအားဖြင့်သာ ဖြစ်ရမည်ဟု ကျိုးကြောင်းဆင်ခြင်ကာ ဤသို့ပြော၏– “ပတ်ဝန်းကျင်အခြေအနေ အပြောင်းအလဲ အစစ်အမှန်ဟာ ကျွန်မတို့တစ်ဦးချင်းစီအပေါ်မှာ မူတည်တယ်။ ခေါင်းဆောင်တွေကို စောင့်နေလို့မရတော့ဘူး။ ကျွန်မတို့ရဲ့ ကိုယ်ပိုင်ဝတ္တရားတွေနဲ့ အပြောင်းအလဲဖြစ်အောင် ဘယ်လိုလုပ်ဆောင်နိုင်မယ် ဆိုတဲ့အချက်တွေအပေါ် အာရုံစိုက်ရမယ်။”

လူတို့သည် ဝန်းကျင်အခြေအနေကို အလေးထားဂရုစိုက်ကာ ကျင့်ဆောင်ပြုမူကြရန် မျှော်လင့်ခြင်းသည်သာ ဆင်ခြင်တုံတရားနှင့် ညီညွတ်ပါသည်။ သို့သော် လူများ၏ ဘဝအသက်တာပုံစံတွင် လိုအပ်သည့်ပြောင်းလဲမှုများ ပြုလုပ်ရန် မလွယ်ကူပါ။ ဥပမာ– ကမ္ဘာမြေကြီးကို ပူနွေးလာစေသည့်အရာများထဲတွင် မော်တော်ကားများပါကြောင်း လူအများစု သဘောတူကြသည်။ ထို့ကြောင့် တစ်ဦးတစ်ယောက်သည် ကားအသုံးပြုသည့် အရေအတွက်ကို လျှော့ချလိုပေမည်၊ သို့မဟုတ် ကားမရှိဘဲ နေလိုပေမည်။ သို့သော် ထိုသို့ပြုလုပ်ရန် လွယ်ကူမည်မဟုတ်ပါ။ ဝူ့ပါထာလ်မြို့၊ ရာသီဥတု၊ ပတ်ဝန်းကျင်နှင့် စွမ်းအင်တက္ကသိုလ်မှ ဝုဖ်ဂန်ဂ်ျ ဆာ့ခ်ျက မကြာသေးမီက ဤသို့ဖော်ပြခဲ့သည်– “နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုများ၌ပါသော (အလုပ်၊ သူငယ်တန်းကျောင်း၊ စာသင်ကျောင်း၊ သို့မဟုတ် ဈေးရုံများ) စသည့် နေရာအားလုံးသည် အလွန်ဝေးသောနေရာတွင်ရှိသောကြောင့် ကားအသုံးမပြုဘဲ မဖြစ်နိုင်ပါ။ ... ကိုယ်ပိုင်ကားလိုချင်သည်၊ မလိုချင်သည်က ပြဿနာမဟုတ်ပါ။ လူအများစုအတွက် ရွေးချယ်စရာမရှိပါ။”

ဂျော်ဂျီယာပြည်နယ်ရှိ ကမ္ဘာမြေကြီးနှင့် လေထုနှင့်ဆိုင်သော စက်မှုလက်မှုကျောင်း ပါမောက္ခ ရောဘတ် ဒစ်ကင်စင်ကဲ့သို့သော သိပ္ပံပညာရှင်တချို့က ကမ္ဘာမြေကြီး ပူနွေးလာခြင်း၏ အကျိုးဆက်များမှ ကမ္ဘာမြေကြီးကို ကယ်တင်ရန် အလွန်နောက်ကျမည်ကို စိုးရိမ်ကြသည်။ ဒစ်ကင်စင်က ယနေ့အချိန်တွင် ညစ်ညမ်းမှုများကို ရပ်တန့်ပစ်မည်ဆိုလျှင်ပင် ယခင်က ညစ်ညမ်းစေခဲ့သော လေထုရှိအကျိုးအာနိသင်များသည် အနည်းဆုံး နောက်ထပ်နှစ်ပေါင်း ၁၀၀ အထိဆက်၍ တည်ရှိနေမည်ဟု ယူဆသည်!

အစိုးရများအပြင် တစ်ဦးချင်းစီသည် ဝန်းကျင်ပြဿနာကို မဖြေရှင်းနိုင်သောကြောင့် မည်သူဖြေရှင်းနိုင်သနည်း။ ရှေးခေတ်အချိန်မှစ၍ လူများသည် မိုးလေဝသအခြေအနေကို ထိန်းချုပ်ပေးရန် ကူညီပေးဖို့ မိမိတို့ဘုရားများကို မျှော်ကိုးခဲ့ကြသည်။ ထိုကဲ့သို့သော ရိုးစင်းသည့်ကြိုးစားအားထုတ်မှုက ဤအခြေခံအမှန်တရားကို ဖော်ပြသည်– လူသားများသည် ထိုပြဿနာများကိုဖြေရှင်းရန် အကူအညီအတွက် ဘုရားသခင်၏ အကူအညီလိုအပ်သည်။

[စာမျက်နှာ ၇ ပါ အကျဉ်းဖော်ပြချက်]

“လွန်ခဲ့သည့်အနှစ် ၅၀ ကျော်အတွင်း ကြုံတွေ့ခဲ့ရသည့် ကမ္ဘာမြေကြီးပူနွေးလာမှုသည် လူတို့လက်ချက်ကြောင့်ဖြစ်ကြောင်း ခိုင်လုံသည့် သက်သေအထောက်အထား အသစ်ရှိသည်”

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

“ကမ္ဘာချီပူနွေးလာမှုက ကျန်းမာရေးကို ထိခိုက်သလော”

စိတ်ဝင်စားစရာကောင်းသော ထိုမေးခွန်းကို အမေရိကန်သိပ္ပံပညာရပ်တွင်ပါသော ဆောင်းပါးတစ်ခုတွင် မေးခဲ့သည်။ ကမ္ဘာချီပူနွေးလာမှုက “ပြင်းထန်သော ဆေးဘက်ဆိုင်ရာ ရောဂါဝေဒနာများ များစွာဖြစ်ပွားပြီး ကူးစက်ပျံ့နှံ့မည်” ဟုကြိုတင်ခန့်မှန်းခဲ့ကြသည်။ ဥပမာ၊ အချို့သောဒေသများတွင် “အပူလှိုင်းများကြောင့် သေဆုံးသူအရေအတွက်သည် ၂၀၂၀ ပြည့်နှစ်တွင် နှစ်ဆဖြစ်မည်ဟု ကြိုတင်ခန့်မှန်းကြသည်။”

သိပ်မသိသာသည့်အရာမှာ ကမ္ဘာချီပူနွေးလာမှုသည် ရောဂါကူးစက်စေနိုင်သည် ဟူသည့်အချက်ဖြစ်သည်။ “ခြင်ကြောင့်ဖြစ်သော ရောဂါ ဝေဒနာများ တိုးများလာမည်ဟု ကြိုတင်ခန့်မှန်းကြသည်၊” အကြောင်းမှာ “လေပို၍ပူနွေးလာခြင်းကြောင့် ခြင်ပေါက်ပွားနှုန်းမြန်ပြီး ခြင်ပို၍ကိုက်သည်။ . . . သို့ဖြစ်၍ တစ်ကမ္ဘာလုံးပူနွေးနေမှုကြောင့် ခြင်များသည် ယခင်က မရှင်သန်နိုင်သောဒေသများသို့ ပျံ့နှံ့နေထိုင်နိုင်ကြပြီး သူတို့မှတစ်ဆင့် အဖျားရောဂါများကို ဖြစ်စေသည်။”

ရေလွှမ်းမိုးခြင်းနှင့် မိုးခေါင်ခြင်းတို့ကြောင့် ဆိုးကျိုးများရှိသည်—ယင်းတို့နှစ်ခုစလုံးသည် သောက်သုံးရေကို ညစ်ညမ်းစေနိုင်သည်။ ရှင်းနေသည်မှာ ကမ္ဘာချီပူနွေးလာမှု၏ အန္တရာယ်ကို အလေးအနက်သဘောထားကြရမည်။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဖန်လုံအိမ်အာနိသင်သည် အပူဓာတ်ကို အာကာသထဲသို့ ပြန်ထွက်စေမည့်အစား လေထုထဲရှိအပူချိန်ကို တိုးများစေ

[Credit Line]

NASA photo

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

လူတို့သည် တန်ချိန်ဘီလီယံနှင့်ချီသော ညစ်ညမ်းသည့်ဓာတ်ငွေ့များကို လေထုထဲသို့ ထုတ်လွှတ်ခဲ့ကြပြီး ဖန်လုံအိမ်အာနိသင်ကို တိုးမြှင့်စေ