သခင်နှစ်ပါး၏အစေခံရန် ကျွန်တော် ကြိုးစားခဲ့
သခင်နှစ်ပါး၏အစေခံရန် ကျွန်တော် ကြိုးစားခဲ့
ကဲန်ပိန်း ပြောပြသည်
၁၉၃၈ ခုနှစ်မှာ ကျွန်တော့်ကိုမွေးဖွားခဲ့ပြီး ယူ.အက်စ်.အေ. နယူးမက္ကဆီကိုပြည်နယ်က ကျွန်တော့်အဘိုးရဲ့ မွေးမြူရေးခြံမှာ ကြီးပြင်းလာခဲ့တယ်။ တောင်တန်းကြီးတွေကို နောက်ခံပြုထားတဲ့ ချောင်းငယ်လေးတွေနဲ့ မြက်ခင်းပြင်တွေပါတဲ့ အဲဒီခြံဟာ မြေဧက ၂၄,၀၀၀ ရှိတယ်။ သိုး၊ ကျွဲနွားတိရစ္ဆာန်တွေနဲ့ မြင်းတွေရဲ့ အော်မြည်သံအပြင် နွားကျောင်းသားတွေရဲ့ မြင်းစီးဖိနပ်ဖနောင့်ပိုင်းက စူးချွန်ဘီးရဲ့ ချူသံတွေကိုလည်း ကျွန်တော်ကြားယောင်နေတုန်းပဲ။ တစ်ခါတလေ မြက်ပင်ကို လေတိုးတဲ့အသံနဲ့ ရေကန်ပတ်လည်က ဒီလုံးငှက်တွေရဲ့ စူးစူးရှရှအော်မြည်သံကို ကျွန်တော်နားထောင်လေ့ရှိတယ်။
လူတစ်ဦးရဲ့ဘဝမှာ အစောပိုင်းလွှမ်းမိုးခံရတာတွေက နက်နက်ရှိုင်းရှိုင်း ရေရှည်စွဲမှတ်စေနိုင်တယ်။ အနောက်တိုင်းပုံပြင်တွေကို ပြောပြလေ့ရှိတဲ့အဘိုးနဲ့ ကျွန်တော်အချိန်ကြာကြာနေခဲ့တယ်။ လူသတ်သမားအဖြစ်နာမည်ကြီးပြီး ၁၈၈၁ ခုနှစ်မှာ အသက် ၂၁ နှစ်အရွယ်နဲ့သေဆုံးခဲ့တဲ့ ဝရမ်းပြေးလူငယ်လေး ဘီလ်ရဲ့အပေါင်းပါတွေအကြောင်းကိုတောင် အဘိုးသိထားတယ်။
ကျွန်တော့်ရဲ့မိဘတွေက ယေဟောဝါသက်သေတွေဖြစ်ကြပြီး ခရစ်ယာန်ဓမ္မအမှုအတွက် ဟွန်ဒိုချိုင့်ဝှမ်းတစ်လျှောက်က လူသူအရောက်အပေါက်နည်းတဲ့ မွေးမြူရေးခြံကြီးတွေ၊ အုတ်အိမ်တွေဆီ သူတို့နဲ့အတူ ကျွန်တော့်ကို ခေါ်သွားကြတယ်။ သူတို့က ကျွန်တော် သိပ်သဘောကျတဲ့ ဂျေ. အက်ဖ်. ရပ်သဖော့ဒ်ရဲ့အသံသွင်းထားတဲ့ ကျမ်းစာတိတ်ခွေတွေနဲ့အတူ ဓာတ်ပြားစက်တစ်လုံးကို မကြာခဏ အသုံးပြုကြတယ်။ * သူ့ရဲ့ဟောပြောချက်တွေကို မွေးမြူရေးလုပ်သားတွေ၊ မက္ကဆီကန်လယ်သမားတွေနဲ့ အပါခ်ျနဲ့ ပွယ်ဘလိုစတဲ့ အမေရိကန်တိုင်းရင်းသားတွေကို ဖွင့်ပြခဲ့တယ်။ မဂ္ဂဇင်းတွေနဲ့ လမ်းပေါ်သက်သေခံရတာကို ကျွန်တော်သိပ်ကြိုက်တယ်၊ စစ်ဖြစ်နေတဲ့နှစ်တွေမှာတောင် သူငယ်လေးတစ်ယောက်ဆီက မဂ္ဂဇင်းတွေကို လက်မခံတဲ့သူနည်းတယ်။
ကျွန်တော်ဟာ အုတ်မြစ်ကောင်းတစ်ခု ရရှိခဲ့တယ်။ ဒါပေမဲ့ “အဘယ်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တစ်ဦးကိုမုန်း၍ တစ်ဦးကိုချစ်မည်။ သခင်တစ်ဦးကိုမှီခို၍ တစ်ဦးကိုမခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏အစေကိုလည်းကောင်း၊ လော[က]စည်းစိမ်အစေကိုလည်းကောင်း မခံနိုင်ကြ” ဆိုတဲ့ ယေရှုရဲ့သတိပေးချက်ကို ကျွန်တော် အာရုံမစိုက်ခဲ့ဘူး။ (မဿဲ ၆:၂၄) အချိန်ပြည့်ဓမ္မအမှုမှာ ကောင်းမြတ်တဲ့အသက်တာကို ကျွန်တော်ရရှိထားတယ်လို့ ပြောချင်ပါတယ်။ ဒါပေမဲ့ အစောပိုင်းသြဇာလွှမ်းမိုးမှုခံရတဲ့ “သခင်” တစ်ပါးက ကျွန်တော်သုံးနှစ်အရွယ်ကစပြီး အဲဒီလမ်းက သွေဖည်စေခဲ့တယ်။ ဘာတွေဖြစ်ပျက်ခဲ့သလဲ။
လေယာဉ်မောင်းခြင်းကို ကျွန်တော်ဝါသနာထုံလာခဲ့
လွန်ခဲ့တဲ့ ၁၉၄၁ ခုနှစ်မှာ ပိုင်ပါကပ်လေယာဉ်ငယ်လေးဟာ စပါးကျီနားမှာဆင်းသက်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ သိုးတွေကို လာဆွဲတတ်တဲ့ ဝံပုလွေတွေကိုလိုက်ဖို့ အဲဒီလေယာဉ်ကို အသုံးပြုခဲ့ကြတယ်။ အဲဒီအချိန် ကျွန်တော်အသက်သုံးနှစ်အရွယ်မှာပဲ လေယာဉ်မှူးလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီလိုပုံသွင်းခံရတဲ့နှစ်တွေ ကုန်လွန်သွားပြီးနောက် အသက် ၁၇ နှစ်အရွယ်မှာ အိမ်ကနေထွက်ပြီး နယူးမက္ကဆီကိုပြည်နယ်၊ ဟော့ဘ်လေဆိပ်မှာ အလုပ်လုပ်ခဲ့တယ်။ လေယာဉ်မောင်းသင်တန်းသင်ယူဖို့ လေယာဉ်ရုံကို လှဲကျင်းပြီး အလုပ်လုပ်ခဲ့တယ်။ ခရစ်ယာန်ဓမ္မအမှုကိုတော့ ကျွန်တော့်အသက်တာမှာ ဒုတိယနေရာထားလိုက်တယ်။
အသက် ၁၈ နှစ်အရွယ်မှာ ကျွန်တော်အိမ်ထောင်ပြုခဲ့ပြီး ကလေးသုံးယောက်ရခဲ့တယ်။ ကျွန်တော် ဘယ်လို အသက်မွေးဝမ်းကျောင်းပြုခဲ့သလဲ။ ကောက်ပဲသီးနှံတွေကို လေယာဉ်နဲ့ ဆေးဖျန်းတယ်၊ လေယာဉ်တွေကို အငှားချတယ်၊ သားရဲတိရစ္ဆာန်တွေကို လေယာဉ်နဲ့ မောင်းပေးတဲ့အပြင် လေယာဉ်မောင်းသင်တန်းတွေ ပေးခဲ့တယ်။ နောက်ခြောက်နှစ်ကြာတဲ့အခါ ကျွန်တော်ဟာ တက္ကဆက်ပြည်နယ်၊ ဒါးလပ်မြို့ပြင်က တက္ကဆက်အပြည်ပြည်ဆိုင်ရာ လေကြောင်းမှာ စပြီးလေယာဉ်မောင်းခဲ့တယ်။ ဒါက ကျွန်တော့်ဘဝကို ပိုတည်ငြိမ်စေပြီး ဒန်တန်အသင်းတော်ရဲ့ အကြီးအကဲတစ်ဦးအဖြစ်တောင် အမှုဆောင်ခဲ့တယ်။ ကျမ်းစာအမှန်တရားကို လက်ခံခဲ့ကြတဲ့ လေယာဉ်မှူးတစ်ဦး၊ သူ့ဇနီးနဲ့ သူတို့မိသားစုအပါအဝင် ကျမ်းစာသင်အံမှု အတော်များများကိုလည်း ကျွန်တော်ကျင်းပနိုင်ခဲ့တယ်။
၁၉၇၃ ခုနှစ်ကစပြီး ပေါ့ပ်ဂျက်ကို သုံးနှစ်လောက် မောင်းခဲ့ပေမဲ့ ဒီစီ-၃ လေယာဉ်ကို မသုံးတော့တဲ့အခါ လေယာဉ်မောင်းတဲ့အလုပ်ကို စိတ်ဝင်စားမှု နည်းလာခဲ့တယ်။ တကယ်တော့ ကျွန်တော် နယူးမက္ကဆီကို,ကို သတိရနေတုန်းပါပဲ။ လေယာဉ်မမောင်းတော့ဘူးဆိုရင် ကျွန်တော် ဘယ်လိုအသက်မွေးဝမ်းကျောင်းပြုမလဲ။
အနုပညာကို ကျွန်တော်ဝါသနာထုံလာခဲ့
၁၉၆၁ ခုနှစ်ကစပြီး ဝါသနာအရ အမေရိကန်အနောက်ပိုင်းဒေသရဲ့ ပန်းချီကားတွေဆွဲခဲ့ပြီး အဲဒီပန်းချီကားတွေ ရောင်းအားကောင်းခဲ့တယ်။ ဒါနဲ့ လေကြောင်းကနေ အလုပ်ထွက်ပြီး ဆန်းကြယ်တဲ့မြေလို့ခေါ်တဲ့ နယူးမက္ကဆီကို,ကို ပြန်ပြောင်းလာခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် ဟန်ချက်ညီညီနဲ့ မနေထိုင်တတ်ခဲ့ဘူး။ ဒီအနုပညာနဲ့ပဲ ကျွန်တော့်အချိန်တွေ ကုန်ဆုံးသွားစေခဲ့တယ်။ ပန်းချီဆွဲတယ်၊ ပြီးတော့ ပန်းပုထုတယ်၊ အချိန်ပိုင်း လေယာဉ်မောင်းတယ်၊ ဒါနဲ့ပဲ ကျွန်တော့်အချိန်တွေ ကုန်သွားတယ်။ တစ်နေ့ကို ၁၂ နဲ့ ၁၈ နာရီကြား ကျွန်တော်အလုပ်လုပ်ခဲ့တယ်။ ကျွန်တော့်မိသားစုနဲ့ ကျွန်တော့်ဘုရားသခင်ကို လျစ်လျူရှုတဲ့အထိ ဖြစ်လာခဲ့တယ်။ နောက်တော့ကော။
ကျွန်တော့်အိမ်ထောင်ရေး ပြိုကွဲသွားပြီး ကွာရှင်းခြင်းနဲ့ အဆုံးသတ်ခဲ့ရတယ်။ မွန်တာနာပြည်နယ် မြောက်ပိုင်းကို ကျွန်တော်ပြောင်းရွှေ့ခဲ့ပြီး စိတ်သက်သာရာရဖို့ အရက်ပဲသောက်နေတော့တယ်။ ခရစ်ယာန်မဆန်တဲ့ ဘဝလမ်းစဉ်က ယေရှုရဲ့ပုံဥပမာထဲက ဖြုန်းတီးတဲ့သားမိုက်လို မိုက်မဲတဲ့လမ်းကြောင်းထဲ ကျွန်တော့်ကို ဆွဲချခဲ့တယ်။ (လုကာ ၁၅:၁၁-၃၂) ဒါနဲ့ တစ်နေ့တော့ ကျွန်တော့်မှာ မိတ်ဆွေစစ်တစ်ယောက်မှ မရှိမှန်း သဘောပေါက်လာတယ်။ ဒုက္ခရောက်နေတဲ့ လူတွေကိုတွေ့ရင် သူတို့ကို “ယေဟောဝါသက်သေတွေကို ရှာပါ၊ သူတို့က တကယ်အကူအညီပေးနိုင်တယ်” လို့ ကျွန်တော်ပြောတယ်။ “ဒါဆိုရင် မင်းကော ဘာကြောင့်သက်သေခံ မဖြစ်တာလဲ” ဆိုပြီး တုံ့ပြန်ကြတယ်။ ကျွန်တော့်လို ဘဝလမ်းစဉ်မျိုးနဲ့ ယေဟောဝါသက်သေတစ်ယောက် မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်ဝန်ခံပါတယ်။
နောက်ဆုံး ၁၉၇၈ ခုနှစ်မှာ ကျွန်တော့်ကို သိထားတဲ့ ယေဟောဝါသက်သေတွေရှိတဲ့ အသင်းတော်ရှိရာ နယူးမက္ကဆီကို,ကို ပြန်လာခဲ့တယ်။ နှစ်အတော်များများမှာ ပထမဆုံးအကြိမ်အဖြစ် ဘုရားသခင့်နိုင်ငံတော်ခန်းမထဲ ရောက်တာဖြစ်တယ်၊ ငိုချရုံကလွဲပြီး ကျွန်တော်ဘာမှမတတ်နိုင်ခဲ့ဘူး။ ယေဟောဝါ ကျွန်တော့်ကို တကယ်ကရုဏာပြခဲ့တယ်။ အသင်းတော်က မိတ်ဆွေတွေဟာ တကယ်ကြင်နာကြပြီး ယေဟောဝါရဲ့လမ်းစဉ်တွေဘက် ပြန်လှည့်လာနိုင်အောင် ကျွန်တော့်ကို ကူညီပေးကြတယ်။
ကြင်ဖော်သစ်တစ်ဦးနှင့် ဘဝသစ်တစ်ခုစတင်ခြင်း
ကျွန်တော် နှစ်အတော်ကြာသိကျွမ်းထားတဲ့ လှပတဲ့သက်သေခံတစ်ဦးဖြစ်တဲ့ ကာရင်ကို ၁၉၈၀ ပြည့်နှစ်မှာ လက်ထပ်ခဲ့တယ်။ သူ့မှာ ပထမအိမ်ထောင်နဲ့ရတဲ့ ဂျေဆင်နဲ့ ဂျော်နသန်ဆိုတဲ့ သားနှစ်ယောက်ရှိတယ်။ သူဟာ ယေဟောဝါကို တကယ်ချစ်မြတ်နိုးတဲ့အတွက် ကျွန်တော့်ဘဝကို တည်ငြိမ်လာစေပြီး ပိုလိမ္မာတဲ့ ဘင်နဲ့ ဖိလစ် ဆိုတဲ့သားနှစ်ယောက်လည်း ထပ်ရလာတယ်။ ဒါပေမဲ့ ဘဝဆိုတာ ပန်းခင်းလမ်း မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့အနာဂတ်မှာ ပူဆွေးစရာတွေရှိနေတယ်။
ကျွန်တော် အနုပညာကို သင်ယူလေ့လာခဲ့ပြီး လူနဲ့ တိရစ္ဆာန်ခန္ဓာဗေဒ—အထူးသဖြင့် မြင်းခန္ဓာဗေဒ—အပြင် ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ အချိုးအစားနဲ့ အမြင်ရေးဆွဲနည်းတွေကို အချိန်နာရီ မြောက်မြားစွာအကုန်ခံပြီး လေ့လာသင်ယူခဲ့တယ်။ ရွှံ့စေးနဲ့ ပန်းပု,စထုခဲ့တယ်၊ အထူးသဖြင့် ရှေးခေတ်အနောက်တိုင်းပုံစံ ပုံတူတွေ—မြင်းတွေ၊ မြင်းပေါ်က အင်ဒီးယန်းတွေ၊ ကောင်းဘွိုင်တွေ၊ မြင်းရထားလုံးနဲ့ ခရီးသွားတဲ့ ရှေးခေတ်ဆရာဝန်ပုံတွေ—ကို ထုလုပ်ခဲ့တယ်။ ကျွန်တော် အောင်မြင်စပြုလာတယ်။ ဒါနဲ့ ပြခန်းတစ်ခုဖွင့်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ကြတယ်။ ကာရင်က တောင်ကြားလမ်းပြခန်းဆိုပြီး အမည်ပေးခဲ့တယ်။
၁၉၈၇ ခုနှစ်မှာ စီဒိုးနား၊ အရီဇိုးနားပြည်နယ်မှာ ပြခန်းတစ်ခုကို ကျွန်တော်တို့ဝယ်လိုက်ပြီး အဲဒီနာမည်ပဲ မှည့်ပေးခဲ့တယ်။ ကာရင်က ပြခန်းမှာ အလုပ်လုပ်နေချိန်မှာ ကျွန်တော်က အိမ်ကစတူဒီယိုအခန်းမှာ အလုပ်လုပ်ပြီး သားတွေကို ကြည့်ရှုစောင့်ရှောက်တယ်။ ဒါပေမဲ့ ကလေးတွေဟာ နေမကောင်းဖြစ်လာတယ်၊ ဈေးအရောင်းပါးလာတယ်။ ကာရင်က အိမ်မှာကလေးတွေကို ကြည့်ရှုနိုင်ဖို့ ကျွန်တော်တို့ တာဝန်ပြောင်းဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ကျွန်တော်ရဲ့ ရွှံ့စေးတွေကို ဆိုင်ကိုယူသွားပြီး ဖောက်သည်တွေရဲ့ရှေ့မှာ ပန်းပုထုခဲ့တယ်။ အဲဒါက အကြီးအကျယ်ပြောင်းလဲသွားစေခဲ့တယ်!
ကျွန်တော်လုပ်တဲ့ ကြေးသွန်းရုပ်တွေအကြောင်းကို လူတွေ စပြီးမေးမြန်းလာကြတယ်။ ကျွန်တော့်အလုပ်အကြောင်း သူတို့ကို ရှင်းပြပြီး ကျွန်တော့်ဒီဇိုင်းတွေရဲ့ အခြေခံအဖြစ်သုံးတဲ့ ရှေးဟောင်းပစ္စည်းတွေကို ပြောပြတယ်၊ ကျွန်တော်ဖတ်ရှုလေ့လာခဲ့သမျှ ရှေးခေတ်အနောက်တိုင်း သမိုင်းကြောင်းကို အမည်၊ နေရာ၊ အဖြစ်အပျက်တွေနဲ့တကွ ရှင်းပြပေးရတယ်။ လူတွေက ကျွန်တော်လုပ်တဲ့ လက်ရာကို တကယ်စိတ်ဝင်စားကြပြီး သူတို့ မြင်တွေ့ရတဲ့ ပုံသွင်းနေဆဲ ပစ္စည်းအမျိုးအမည်တွေအတွက် စရန်ငွေ ပေးချေကြတယ်။ ဒီလိုနဲ့ “မသွန်းလုပ်မီ ရောင်းခြင်း” ဆိုတာဖြစ်လာတယ်။ ချက်ချင်းပဲ အောင်မြင်လာတယ်။ ပြခန်းသုံးခန်းနဲ့ အလုပ်သမား ၃၂ ယောက်ရှိတဲ့ သတ္တုရည်ကြိုစက်ရုံကြီးတစ်ခု ထောင်နိုင်တဲ့အထိ ကျွန်တော့်ရဲ့စီးပွားရေး တိုးတက်လာတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ အင်အားတွေကို အများကြီး စိုက်ထုတ်ခဲ့ရတယ်! ဒီလိုငြီးငွေ့စရာပုံသေအလုပ်ကြီးကို ဘယ်လိုရပ်နားနိုင်မလဲလို့ ကျွန်တော်နဲ့ ကာရင်တို့ စဉ်းစားခဲ့ကြတယ်။ အဲဒီအတွက် ကျွန်တော်တို့ ဆုတောင်းကြတယ်။ အခုဆိုရင် ကျွန်တော်ဟာ အသင်းတော်အကြီးအကဲတစ်ဦးဖြစ်ပြီး ယေဟောဝါအတွက် ပိုပြီးလုပ်နိုင်တယ်ဆိုတာ သိခဲ့ပါပြီ။
သခင်တစ်ပါးထံတွင် ပြန်လည်အစေခံခြင်း
၁၉၉၆ ခုနှစ်မှာ အသင်းတော်ကို တိုက်နယ်ကြီးကြပ်မှူး လာရောက်လည်ပတ်ပြီး သူနဲ့အတူ နေ့လယ်စာစားကြဖို့ ကျွန်တော်တို့ကို ပြောခဲ့တယ်။ နေ့လယ်စာ မစားခင်မှာဘဲ ဗုံးပစ်သလိုစကားတစ်ခွန်းကို ပြောလိုက်တယ်—ချင်းလီမြို့မှာ အသင်းတော်သစ်တစ်ခု အစပြုဖို့ နယ်ဗာဟိုအင်ဒီးယန်းသီးသန့်နယ်မြေကို ကျွန်တော်တို့ ပြောင်းရွှေ့နိုင်မလား။ စိန်ခေါ်ချက်တစ်ခုပါပဲ! ကျွန်တော်တို့ဟာ သီးသန့်နယ်မြေကို အကြိမ်ကြိမ်လည်ပတ်ခဲ့ကြပြီး အဲ့ဒီဝေးလံတဲ့ဒေသတချို့မှာ ဟောပြောခြင်းလုပ်ငန်း လုပ်ဆောင်နိုင်အောင် ကူညီပေးခဲ့တယ်၊ အဲဒါက ကျွန်တော်တို့ကို အာရုံစိုက်စရာအသစ်တစ်ခု ရစေခဲ့တယ်။ အဲဒါကတော့ ညှာတာမှုကင်းတဲ့ ရုပ်ဝါဒသံသရာကိုစွန့်ပြီး ယေဟောဝါနဲ့ ကိုယ်တော့်လူမျိုးအတွက် အချိန်ပိုပေးနိုင်တဲ့ အခွင့်အလမ်းပဲ။ ကျွန်တော်တို့ဟာ သခင်တစ်ပါးကိုပဲ ပြန်ပြီးအစေခံနေကြပါပြီ!
ဒီစွန့်စားရတဲ့အလုပ်မှာ ကျွန်တော်တို့ရဲ့မိတ်ဆွေကောင်းတွေဖြစ်တဲ့ နောက်ထပ်အကြီးအကဲတစ်ဦးနဲ့ သူ့ရဲ့ခါရူစက်မိသားစုကိုလည်း ကျွန်တော်တို့နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ခဲ့တယ်။ သီးသန့်နယ်မြေမှာ အခြေချနေထိုင်နိုင်ဖို့ ကျွန်တော်တို့အိမ်ကောင်းတွေကို ရောင်းလိုက်ပြီး ကားအိမ်တွေကို ဝယ်လိုက်ကြတယ်။ ပြခန်းတွေနဲ့ နောက်ဆုံး သတ္တုကြိုစက်ရုံကိုပါ ရောင်းထုတ်လိုက်တယ်။ ကျွန်တော်တို့ရဲ့အသက်တာကို ရိုးရှင်းစေခဲ့ကြပြီး ခရစ်ယာန်ဓမ္မအမှုလုပ်ငန်းကို စိတ်တိုင်းကျ တိုးချဲ့နိုင်ခဲ့တယ်။
၁၉၉၆၊ အောက်တိုဘာလမှာ ကျွန်တော်တို့ရဲ့ချင်းလီအသင်းတော်သစ်ဟာ ပထမဆုံးအကြိမ်အစည်းအဝေးကို ကျင်းပခဲ့တယ်။ အဲဒီအချိန်ကတည်းက နယ်ဗာဟိုလူမျိုးထဲမှာ ဟောပြောခြင်းလုပ်ငန်းဟာ ကျယ်ပြန့်လာပြီး ကျွန်တော်တို့ရဲ့ အသင်းတော်မှာ နယ်ဗာဟိုစကားပြောတဲ့ တကယ်တော်တဲ့ရှေ့ဆောင်တွေရှိလာတယ်။ ကျွန်တော်တို့ဟာ နယ်ဗာဟိုလူမျိုးမဟုတ်ကြပေမဲ့ ဒီခက်ခဲတဲ့ ဘာသာစကားကို တဖြည်းဖြည်း စသင်ယူကြတယ်။ အင်ဒီးယန်းအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ မြေရရှိခဲ့ကြတယ်၊ ချင်းလီမှာ ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်လုံး ဆောက်လုပ်ပြီး အဲဒီနှစ် ဇွန်လထဲမှာပဲ အပ်နှံခဲ့ကြတယ်။
ကြေကွဲဖွယ်အဖြစ်ဆိုးများ!
၁၉၉၆၊ ဒီဇင်ဘာမှာ ကာရင်ဟာ ကျွန်တော်တို့ရဲ့သားတွေကို နယူးမက္ကဆီကိုပြည်နယ်၊ ရူဒိုစိုရွာကို ခဏတစ်ဖြုတ် အလည်အပတ်ခေါ်သွားခဲ့တယ်။ ကျွန်တော်ကတော့ ချင်းလီမှာပဲ နေရစ်တယ်။ ကျွန်တော်တို့ရဲ့ ၁၄ နှစ်အရွယ် သားဖြစ်တဲ့ ဘင် ဟာ ရေခဲပြင်လျှောစီးရင်း ကျောက်ဆောင်ကြီးနဲ့ အပြင်းအထန်ဝင်တိုက်မိပြီး သေဆုံးသွားချိန်မှာ ကျွန်တော် ဘယ်လောက်တောင် ထိတ်လန့်ချောက်ချားပြီး ဝမ်းနည်းကြေကွဲမယ်ဆိုတာကို မြင်ယောင်ကြည့်ပါ! ဒါဟာ ကျွန်တော်တို့အားလုံးအတွက် တကယ့်ဝမ်းနည်းစရာ အဖြစ်ဆိုးကြီးတစ်ခုပါပဲ။ ကျမ်းစာရဲ့ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်က ဒီအဖြစ်ဆိုးကြီးကြားမှာ ကျွန်တော်တို့ကို ခံရပ်စေတယ်။ ခရစ်ယာန်ညီအစ်ကိုတွေရဲ့ ထောက်မမှုကလည်း ကြီးမားတဲ့အကူညီတစ်ခုပါပဲ။ နှစ်အတော်ကြာကြာနေထိုင်ခဲ့တဲ့ စီဒိုးနားမြို့၊ ဘုရားသခင့်နိုင်ငံတော်ခန်းမမှာ အသုဘဟောပြောချက်ပေးတဲ့အချိန်မှာ အိမ်နီးချင်းတွေက သူတို့တွေ့ဖူးခဲ့သမျှထက် ပိုပြီးများတဲ့ နယ်ဗာဟိုလူမျိုးတွေကို တွေ့ခဲ့ကြတယ်။ သီးသန့်နယ်မြေက ညီအစ်ကို၊ ညီအစ်မတွေဟာ မိုင်၂၀၀ ကျော်ဝေးတဲ့နေရာက လာကြပြီး ကျွန်တော်တို့ကို အားပေးကူညီခဲ့ကြတယ်။
ဘင်ရဲ့ညီ၊ ဖိလစ်ဟာ ဝိညာဉ်ရေးမှာ တိုးတက်လာတာမြင်ရတာ ကောင်းချီးတစ်ခုပါပဲ။ သူဟာ ဝိညာဉ်ရေးပန်းတိုင်ကောင်းတွေရှိပြီး ကျွန်တော်တို့ကို တကယ်ပျော်ရွှင်စေတယ်။ သူ့ရဲ့ ဆရာတစ်ဦးအပါအဝင် ကျမ်းစာသင်အံမှု အတော်များများကျင်းပနေတယ်။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး ယေဟောဝါကတိထားတဲ့ ကမ္ဘာသစ်မှာ ဘင်ကို ပြန်တွေ့ချင်နေကြတယ်။—ယောဘ ၁၄:၁၄၊ ၁၅; ယောဟန် ၅:၂၈၊ ၂၉; ဗျာ. ၂၁:၁-၄။
ကျွန်တော်တို့မှာ ချစ်ခင်စရာကောင်းပြီး အားပေးထောက်မတတ်တဲ့ မိသားစုတစ်စုရထားတယ်။ ကျွန်တော့်ရဲ့ပထမအိမ်ထောင်က သားငယ် ခရစ္စနဲ့ သူ့ဇနီး လိုရီတို့လိုပဲ ကျွန်တော့်ရဲ့မွေးစားသား ဂျော်နသန်ဟာ သူ့ဇနီး ခန်နဲ့အတူ ယေဟောဝါအမှုဆောင်နေတယ်။ ကျွန်တော်တို့ရဲ့ မြေးတွေဖြစ်တဲ့ ဝူးရိုနဲ့ ယောနက သီအိုကရက်တစ်ဓမ္မအမှုကျောင်းမှာ ကျောင်းသားဟောပြောချက်တွေ ပေးနေကြပြီ။ ၁၉၈၇ ခုနှစ်မှာ ကျွန်တော့်အဖေ ကွယ်လွန်သွားပြီး အသက် ၈၄ နှစ်ရှိတဲ့ အမေကတော့ ကျွန်တော့်ညီ ဂျွန်နဲ့ သူ့ဇနီး ရှယ်ရီတို့လို ယေဟောဝါရဲ့အမှုတော်မှာ တက်တက်ကြွကြွပါဝင်နေတုန်းပဲ။
“အဘယ်သူမျှ သခင်နှစ်ဦး၏အစေကိုမခံနိုင်၊ သင်တို့သည် ဘုရားသခင်၏အစေကိုလည်းကောင်း၊ လောကစည်းစိမ်၏အစေကိုလည်းကောင်း မခံနိုင်ကြ” ဆိုတဲ့ယေရှုရဲ့စကား တကယ်မှန်ကန်တယ်ဆိုတာ အတွေ့အကြုံကနေ ကျွန်တော်သိလာတယ်။ အခုတောင်မှ အနုပညာဟာ အင်မတန် ဝန်တိုတတ်တဲ့ သခင်တစ်ပါး ဖြစ်နိုင်တယ်။ ကျွန်တော့်ကို အနုပညာက လွှမ်းမိုးမသွားအောင် ဟန်ချက်ညီညီနဲ့ သတိရှိရှိနေဖို့ အရေးကြီးတယ်ဆိုတာ ကျွန်တော်သိလာခဲ့တယ်။ တမန်တော်ပေါလုရဲ့ အကြံပေးချက်တွေအတိုင်း လုပ်ဆောင်ခြင်းက ပိုကောင်းပါတယ်– “ငါချစ်သောညီအစ်ကိုတို့၊ သင်တို့သည် သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်၍ အကျိုးကြီးသည်ကိုသိမှတ်သဖြင့် တည်ကြည်သောစိတ်နှင့်ပြည့်စုံ၍၊ မရွေ့လျော့မတိမ်းယိမ်းဘဲလျက် သခင်ဘုရား၏အမှုတော်ကို ကြိုးစားအားထုတ်ကြလော့။”—၁ ကောရိန္သု ၁၅:၅၈။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 5 ဂျေ. အက်ဖ်. ရပ်သဖော့ဒ်သည် သူသေဆုံးသည့် ၁၉၄၂ ခုနှစ်အထိ ယေဟောဝါသက်သေများကို ဦးဆောင်ခဲ့၏။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
၁၉၉၆ ခုနှစ်၊ ချင်းလီမှ ကျွန်တော့်လေယာဉ်
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
“ဖင့်နွှဲရန်အချိန်မဟုတ်” ဟုခေါ်သည့် ပန်းပုကြေးရုပ်တစ်ခု
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
ကျမ်းစာလေ့လာရန်တွေ့ဆုံနေကြပြီး ထိုအချိန်မှစ၍ ထိုနေရာတွင် ကျွန်ုပ်တို့၏ဝတ်ပြုခန်းမကို တည်ဆောက်ခဲ့
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
ကျွန်တော့်ဇနီး ကာရင်နဲ့အတူ
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
နယ်ဗာဟိုအိမ်တွင် ဟောပြောခြင်း