မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ငှက်မျိုးစိတ်သစ်များ ရှာဖွေတွေ့ရှိ

“၁၉၉၈ ခုနှစ်မှစ၍ သိပ္ပံဂျာနယ်များတွင်[ငှက်]မျိုးစိတ်သစ်စုစုပေါင်း ၂၈ မျိုးကို ဖော်ပြလာခဲ့ရာ သုတေသနပြုမှုကြောင့် ကမ္ဘာ့မျိုးစိတ်စုစုပေါင်း ၉,၇၀၀ ခန့်တွင် နောက်ထပ်မျိုးစိတ်များစွာ ထပ်တိုးလာနိုင်သည်” ဟုလန်ဒန်မြို့ထုတ် အဲန်ဒီပင်းဒင့်သတင်းစာကဆို၏။ ငှက်တို့ကမ္ဘာဟူသောမဂ္ဂဇင်း၏အယ်ဒီတာ စတိဗ်ဂန့်လာ့တ်၏အဆိုအရ “ကမ္ဘာကြီးသည် သွားရလာရ ပို၍လွယ်ကူလာခြင်းကြောင့် ဤစူးစမ်းရှာဖွေမှုများကို ပြုလုပ်နိုင်ခြင်းဖြစ်၏—သကုဏဗေဒပညာရှင်များသည် လွန်ခဲ့သောဆယ်စုနှစ်အနည်းငယ်က လက်လှမ်းမမီနိုင်သည့် ဝေးလံသောနေရာအားလုံးနီးပါးသို့ သွားရောက်နိုင်ပြီဖြစ်သည်။” ရှာဖွေတွေ့ရှိချက်များက “ငှက်အော်မြည်သံများဖြင့် မျိုးစိတ်များခွဲခြားရာတွင် ပိုမိုကျွမ်းကျင်လာကြကြောင်းကိုလည်း ဖော်ပြသည်—ယင်းနည်းလမ်းသည် ထူထပ်သော အပူပိုင်းမိုးသစ်တောများတွင် ၎င်းတို့အား ရှာဖွေတွေ့ရှိသည့် တစ်ခုတည်းသောနည်းဖြစ်လေ့ရှိသည်” ဟု ထိုအယ်ဒီတာကဆို၏။ သိပ္ပံပညာရှင်များက နောက်ထပ်မျိုးစိတ်များစွာ တွေ့ရှိဦးမည်ဟု ယုံကြည်ကြသည်။ သို့သော် သက်ရှိတို့၏ဇာတိမြေကို ဖျက်ဆီးခြင်းက ရှာဖွေတွေ့ရှိခဲ့သော မျိုးစိတ်သစ်များစွာကို အန္တရာယ်ရှိစေနိုင်သည်၊ “အကြောင်းမှာ ၎င်းတို့၏ အရေအတွက်သည် နည်းပါးကာ ယင်းတို့တည်ရှိရာနယ်မြေ ငယ်ရွယ်သောကြောင့်ဖြစ်၏” ဟုအဲန်ဒီပင်းဒင့် ကရှင်းပြသည်။

ဆူညံသောငါး

ဩစတြေးလျနိုင်ငံ ရေကြောင်းသိပ္ပံဌာန (AIMS) မှသုတေသီများက ‘ဒမ်မဆယ်ငါး၊ စစ်သည်တော်ငါးနှင့် ကာဒီနယ်ငါးအပါအဝင် ငါးတို့သည် . . . ဝက်အော်သံ၊ တကျွိကျွိမြည်သံ၊ လေချွန်သံများနှင့်တူသောအသံများဖြင့် စကားပြောဆိုကြသည်’ ကိုရှာဖွေတွေ့ရှိခဲ့ကြောင်း အနောက်သြစတြေးလျသတင်းစာက ဖော်ပြသည်။ ဤရှာဖွေတွေ့ရှိမှုက ငါးပေါက်လေးများသည် သန္တာကျောက်တန်းတစ်ခုမှ အဝေးသို့ရောက်သွားသောအခါ ၎င်းတို့၏နေရင်းနေရာသို့ ပြန်လာသည့်လမ်းကို မည်သို့ပြန်လည်တွေ့ရှိကြောင်း နားလည်စေ၏။ AIMS သုတေသီများသည် သန္တာကျောက်တန်း ဆူညံသံများကို အသံသွင်းထားကာ ၎င်းတို့ကို ငါးထောင်သည့်မြှုံးများထဲတွင် ပြန်ဖွင့်ကြသည်။ သိပ္ပံပညာရှင် ဒေါက်တာ မာ့ခ်မီကန်က “ဆူညံသံမရှိသည့် မြှုံးထဲတွင်ထက် သွင်းထားသောအသံကို ဖွင့်ထားသည့်မြှုံးထဲတွင် ငါးပေါက်လေးများ ပို၍ဖမ်းမိကြသဖြင့် ယင်းက ငါးတို့သည် အသံတစ်မျိုးမျိုးကို နှစ်သက်ကြကြောင်း ဖော်ပြနေသည်” ဟုသတင်းစာသို့ ပြောပြခဲ့သည်။ သုတေသီများသည် ငါးကြီးအချို့၏အသံများကို ၁၀ မိုင်အထိ ကြားနိုင်ကြောင်း တွေ့ရှိခဲ့ကြပြီ။ “နေဝင်ချိန်နှင့် အရုဏ်တက်ချိန်တွင် ငါးများ၏သံပြိုင်တေးသံသည် ဘောလုံးကွင်းတစ်ခုရှိ ထောင်နှင့်ချီသောသူတို့၏ ဟစ်ကြွေးသံလောက်ကျယ်သည်ဟုမီကန်ကဆိုသည်။ သို့သော် ဤ “သံပြိုင်တေးသံ” ကို လူတို့နားဖြင့် မကြားရချေ။

ကိုယ်အလေးချိန် လျှော့ချခြင်းလော၊ ငွေဖြုန်းတီးခြင်းလော

“ဥရောပသမဂ္ဂရှိ လူ ၂၃၁ သန်းခန့်သည် ၂၀၀၂ ခုနှစ်တွင် အစားအသောက်ဆင်ခြင်ရန် ကြိုးစားခဲ့ကြသည်” ဟု ပါရီမြို့ထုတ် နိုင်ငံတကာသံတော်ဆင့်သတင်းစာကဖော်ပြ၏။ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုများကို စူးစမ်းလေ့လာသည့် ဒေးတာမော်နီတာဟူသောအဖွဲ့တစ်ဖွဲ့၏ မှတ်တမ်းအရ ဥရောပတိုက်သားများသည် လွန်ခဲ့သည့်နှစ်တွင် ကိုယ်အလေးချိန်ကျစေသည့် ထုတ်ကုန်များအတွက် “မော်ရိုကို စီးပွားရေးထုတ်ကုန်များ၏ စုစုပေါင်းတန်ဖိုးနှင့်ညီမျှသော” ဒေါ်လာ ၁၀၀ ဘီလီယံ သုံးစွဲခဲ့ကြသည်။ သို့သော် “တစ်နှစ်ကျော်အတွင်း ကိုယ်အလေးချိန်လျှော့ချရာတွင် အောင်မြင်သူများမှာ ၄ သန်းပင် ပြည့်မည်မဟုတ်ချေ၊” “ဥရောပတွင် ပုံမှန်ကိုယ်အလေးချိန်လျှော့ချရာတွင် အစဉ်အောင်မြင်သွားသူများမှာ လူ ၅၀ တွင် တစ်ဦးပင်မပြည့်” ဟုသတင်းစာကဖော်ပြသည်။ ဗြိတိန်နိုင်ငံသားများသည် ကိုယ်အလေးချိန်ကျစေသည့် ထုတ်ကုန်များအတွက် ဒေါ်လာ ၁၆ ဘီလီယံ သုံးစွဲစဉ် ဂျာမနီနိုင်ငံသားများမှာ ဒေါ်လာ ၂၁ ဘီလီယံ နီးပါးသုံးစွဲကြရာ ၎င်းတို့၏သုံးစွဲမှုသည် အများဆုံးဖြစ်ခဲ့သည်။ အီတလီနှင့် ပြင်သစ်ရှိ စားသုံးသူများသည် ဒေါ်လာ ၁၅ ဘီလီယံနှင့် ၁၄ ဘီလီယံခန့်အသီးသီး သုံးစွဲခဲ့ကြသည်။ ဒေးတာမော်နီတာအဖွဲ့၏အဆိုအရ “အဝလွန်ခြင်းအတွက် ရေရှည်ဖြေရှင်းနည်းမှာ အစားအစာတစ်ခုတည်းနှင့်မဆိုင်ကြောင်း စားသုံးသူများ သဘောပေါက်ရန်လိုသည်” ဟုသံတော်ဆင့်ကဆို၏။

“လူ့သက်တမ်းလေးပုံတစ်ပုံ အကျပ်အတည်းကာလ”

“ပျော်ရွှင်ဖွယ်ရာ အသက်နှစ်ဆယ်နှင့် နှစ်ဆယ့်ကိုးကြားကာလ” သည် “ပျော်ရွှင်၊ ငြိမ်းအေးသောအသက်တာအတွက် အကောင်းဆုံးအချိန်” ဖြစ်သင့်၏၊ “လူလားမြောက်ချိန်ကျော်လွန်ကာ လူလတ်ပိုင်းအရွယ် အကျပ်အတည်းကာလရောက်ရန် ဝေးသေး၏” ဟုဂျာမန်သတင်းစာ ဂျီစာနာ အယ်လ်ဂျီမိုင်နာကဆိုသည်။ သို့သော် ပျော်ရွှင်ပြီး ငြိမ်းအေးမည့်အစား တိုးများလာနေသော အသက်နှစ်ဆယ်ကျော်ဝန်းကျင်ရှိသူများသည် ပါရဂူများခေါ်ဆိုသည့် လူ့သက်တမ်းလေးပုံတစ်ပုံ အကျပ်အတည်းကာလကို ရင်ဆိုင်နေကြရသည်။ ထိုဝေါဟာရသည် “ပညာရေးပြီးဆုံးခါနီးနှင့် ကျန်ရှိသည့်အသက်တာကို မည်သို့အသုံးပြုရမည်နှင့်ပတ်သက်၍ ဆုံးဖြတ်ရမည့်အချိန်တွင် လူငယ်များကြုံရသည့် ဝေခွဲမရသောအကျပ်အတည်းကာလကို ဆိုလိုသည်” ဟုသတင်းစာကဖော်ပြ၏။ မကြာသေးမီက လူမှုရေးဖွံ့ဖြိုးတိုးတက်မှုများသည် အနာဂတ်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှု တိုးများလာစေသည်ဟု မန်းဟိုင်းမ်မြို့မှ စိတ်ပညာရှင် ခရစ်စတီးယားနား ပါပါစတက်ဖာနိုးကရှင်းပြသည်။ ထို့အပြင် ယနေ့ လုပ်ငန်းအလားအလာများနှင့် ဘဝပုံစံရွေးချယ်စရာ များစွာရရှိထားကြရာ လူငယ်အချို့သည် ရွေးချယ်မှုမှားမည်ကို စိုးရိမ်ကြသည်။ သို့သော် ဂျာမန်သတင်းစာတွင် ကိုးကားဖော်ပြခဲ့သည့်အတိုင်း ပါပါစတက်ဖာနိုးက ဆုံးဖြတ်ချက်များဟူသည် ပြင်၍မရနိုင်သည့်အရာ မဟုတ်ကြောင်းနှင့် “ဘဝလမ်းခရီးတစ်လျှောက် ပြုပြင်ပြောင်းလဲမှု အနည်းငယ်” ပြုလုပ်ခြင်းသည် မမှားကြောင်း ယုံကြည်သည်။

နည်းပညာသစ်က ကျောင်းပြေးခြင်းကို ဖော်ထုတ်ပေး

“နည်းပညာသစ်ကြောင့် ဆရာဆရာမများသည် ကျောင်းသားများ ကျောင်းပြေးသည့်အခါ မိဘများထံ သတင်းပို့နိုင်ပြီ” ဟု အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် စပိန်သတင်းစာ အယ်လ်ပါအီးစ်ကဆို၏။ စပိန်နိုင်ငံရှိ ကျောင်းပေါင်း ၂၀၀ တွင် စာမေးပွဲအောင်စာရင်းကို သတင်းပို့ရန်၊ ကျောင်းပျက်သူများကို မှတ်တမ်းထားရန်၊ ကျောင်းသားများအပေါ် ပြဋ္ဌာန်းထားသည့် အရေးယူမှုများကို အသိပေးဖော်ပြရန် ဆရာဆရာမများအတွက် အထူးကွန်ပျူတာစနစ်တစ်ခုကို တပ်ဆင်ပေးခဲ့သည်။ နံနက်တိုင်းတွင် ဆရာဆရာမများသည် အိတ်ဆောင်ဂဏန်းတွက်စက်အရွယ်အစားရှိ လက်ကိုင် စက်ကိရိယာတစ်ခုဖြင့် နာမည်စာရင်းခေါ်ကြသည်။ ထို့နောက် သူတို့သည် ထိုကိရိယာကို အချက်အလက်များထုတ်လုပ်ပေးသည့် ပင်မကွန်ပျူတာနှင့် ချိတ်ဆက်ကြသည်။ “တစ်ခါတစ်ရံ မိဘများ၏ဆယ်လူလာဖုန်းသို့ သတင်းများ အလိုအလျောက်ပို့ပေးသည်” ဟုသတင်းစာကဆို၏။ ဤနည်းပညာကြောင့် ယခင်က သတိမပြုမိခဲ့ကြသည့် မကြာခဏကျောင်းပျက်ကွက်မှုကို ယခု မှတ်တမ်းထားနိုင်ပြီဖြစ်သည်။ စပိန်ဘာသာဖြင့်ထုတ်ဝေသည့် အယ်လ်ပါအီးစ်သတင်းစာအဆိုအရ နောက်ထပ် ကျောင်းပေါင်း ၄၀၀ သည် ကွန်ပျူတာစနစ်ကို တပ်ဆင်ရန် စိတ်ဝင်စားနေကြသည်။

ပြန်လည်မွမ်းမံခြင်းက ကလေးငယ်၏ကျန်းမာရေးကို ထိခိုက်နိုင်

“လူတို့သည် ကိုယ်ဝန်ရှိနေစဉ် သို့မဟုတ် ကလေးမွေးပြီးမကြာမီတွင် မိမိတို့၏နေအိမ်ကို ပြန်လည်မွမ်းမံလျှင် ကလေးငယ်မှာ အသက်ရှူလမ်းကြောင်း ရောင်ရမ်းနာကျင်မှုများ ခံစားရနိုင်သည် သို့မဟုတ် လသားအရွယ်တွင် အသက်ရှူလမ်းကြောင်းရောဂါကိုပင် ခံစားရနိုင်သည်။ သားအိမ်အတွင်း ရှိနေချိန်၌ပင် ကလေး၏ရောဂါပြီးစနစ်ကို ထိခိုက်စေရုံမက ကလေး၌ ကူးစက်တတ်သောရောဂါများနှင့် ဓာတ်မတည့်မှုများ ပို၍ဖြစ်စေကြောင်း ယခု ရှာဖွေတွေ့ရှိခဲ့ပြီ” ဟုဂျာမနီသတင်းလွှာ မီးဒစ်နက်တ်စ်ကဖော်ပြသည်။ ဂျာမနီနိုင်ငံရှိ ဆေးခန်းများနှင့် အဖွဲ့အစည်းများစွာမှ သုတေသီများက ပြဿနာဖြစ်စေသည့် ဓာတုပစ္စည်းများတွင် ကော်များ၊ ကော်ဇော၊ သုတ်ဆေးအသစ်နှင့် ပရိဘောဂအသစ်မှ ထွက်သည့်အနံ့အသက်များပါဝင်ကြောင်း တွေ့ရှိခဲ့ကြသည်။ “အငွေ့ပြန်လွယ်သောဓာတုပစ္စည်းများသည် ဓာတ်မတည့်မှုများမှ ကာကွယ်နိုင်သည့် ကျွန်ုပ်တို့၏ရောဂါပြီးစနစ်ရှိ အရေးပါသောဆဲလ်များကို အားနည်းစေသည်” ဟုမီးဒစ်နက်တ်စ်ကဆို၏။ ဂေးအိုးမဂ္ဂဇင်းပါ အလားတူမှတ်တမ်းတစ်ခုက မိဘတို့သည် ကလေးငယ်၏ရောဂါပြီးစနစ် ပိုမိုကြံ့ခိုင်လာသည့် “နှစ်နှစ်သားအရွယ် မရောက်မချင်း” ပြန်လည်မွမ်းမံခြင်းကို ရွှေ့ဆိုင်းထားကြရန် အကြံပြုသည်။

အားကစားအသင်းများနှင့် စွဲစေတတ်သောပစ္စည်းများ

“အားကစားအသင်းဝင်လူငယ်များသည် အရက်ကို ပိုမိုသုံးစွဲလာကြကာ အခြားသူများထက် ပို၍ အကြိမ်များစွာ အရက်မူးကြသည်” ဟုဖင်လန်နိုင်ငံ ရုပ်သံထုတ်လွှင့်ရေးကုမ္ပဏီ၏ အွန်လိုင်းသတင်းကဆိုသည်။ ယူးဗာစ်ကယူလာတက္ကသိုလ်ရှိ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သုတေသနဌာနမှ ထုတ်ပြန်ခဲ့သည့် စူးစမ်းရှာဖွေမှုများက “အရက်ပြင်း၊ ဘီယာနှင့် စီးကရက်တို့သည် ကြော်ငြာလုပ်ငန်းနှင့် ကမကထပြုမှုတို့မှတစ်ဆင့် အားကစားများနှင့် များစွာဆက်နွှယ်လျက်ရှိကြောင်း” တွေ့ရှိခဲ့သည်ဟု ဟဲလ်စင်ကီမြို့ထုတ် ဟဲလ်စီနင်စာနိုးမာ့တ်သတင်းစာက ဖော်ပြသည်။ “လူငယ်များသည် ကြည်ညိုလေးစားမှုနှင့် တုပမှုခံခဲ့ရသော အားကစားသမားဟောင်းများ၏ပုံစံကို တုပကြသည်။ တံခွန်စိုက်ပြိုင်ပွဲ အခမ်းအနားများတွင် ရှန်ပိန်ဝိုင်များနှင့် ဆေးပြင်းလိပ်သောက်ခြင်းတို့ကို လူငယ်များ သတိမပြုမိဘဲမနေကြချေ။” အမှုန့်ကြိတ်ထားသောဆေးရွက်ကြီးကို နှာခေါင်းမှ ရှူသွင်းရန် ဖော်စပ်ခြင်းသည် နောက်ထပ်ပြဿနာတစ်ခုဖြစ်၏။ “အားကစားအသင်းများတွင် မဝင်သည့် ၁၅ နှစ်အရွယ် ယောက်ျားလေး ၄ ရာခိုင်နှုန်းအောက်သည် ပတ်စဉ် ဆေးရွက်ကြီးရှူကြသော်လည်း အားကစားအသင်းများတွင် ပါဝင်သည့် ယောက်ျားလေး ၁၀ ရာခိုင်နှုန်းနီးပါးမူ ထိုသို့ရှူခဲ့ကြသည်” ဟုသတင်းစာကဆို၏။

မျက်တောင်ခတ်ခြင်း

“ကျွန်ုပ်တို့၏မျက်ခွံသည် ရွေ့လျားမှုများပြုရန် အုပ်စု ၃၀ ထက်မကပါဝင်သော ထောင်နှင့်ချီသည့် နဗ်ကြောဆဲလ်များရှိဖို့ လိုအပ်သည်” ဟုစပိန်နိုင်ငံထုတ် အယ်ပါအီးစ်သတင်းစာက ရှင်းပြသည်။ တိရစ္ဆာန်များတွင် လေ့လာမှုပြုခဲ့သည့် စပိန်နိုင်ငံ နဗ်ကြောဆိုင်ရာသိပ္ပံပညာရှင်များ ဦးဆောင်သောအဖွဲ့တစ်ဖွဲ့သည် “မျက်ခွံနှင့် ဦးနှောက်အပြင်လွှာ” ကိုဆက်သွယ်ပေးသည့် ဤနဗ်ကြောဆဲလ်အုပ်စုများကို ယခင်ကထက် ပိုမိုတိကျစွာ ခွဲခြားသိရှိခဲ့ပြီဖြစ်သည်။ မျက်ခွံများသည် အဘယ်ကြောင့် ဤမျှလောက် များပြားရှုပ်ထွေးသည့် နဗ်ကြောဆဲလ်များ လိုအပ်ရသနည်း။ အကြောင်းမှာ ယင်းတို့သည် တစ်ပုံစံတည်းဖြင့် သို့မဟုတ် အကြောင်းတစ်ခုတည်းအတွက် အစဉ်ဖွင့်ပိတ်လုပ်နေခြင်း မဟုတ်သောကြောင့်ဖြစ်၏။ မျက်ခွံ၏လုပ်ဆောင်မှုများတွင် အလိုအလျောက် မျက်တောင်ခတ်ခြင်း—မျက်ကြည်လွှာစွတ်စိုနေစေရန် တစ်မိနစ်လျှင် ၁၅ ကြိမ်ခန့်—အပြင် မျက်စိထဲသို့ ရုတ်တရက် တစ်စုံတစ်ခုဝင်သောအခါ အလိုလိုမျက်တောင်ခတ်ခြင်းနှင့် ဆန္ဒအလျောက်၊ တမင်သက်သက် မျက်တောင်ခတ်ခြင်းတို့ပါဝင်သည်။ မျက်ခွံများသည် အချို့သောစိတ်လှုပ်ရှားမှုများကို တုံ့ပြန်သည့်အနေနှင့်လည်း အဖွင့်အပိတ်လုပ်နိုင်သည် သို့မဟုတ် အချိန်အတိုင်းအတာအသီးသီးအတွက် လုံးဝမှိတ်ထားနိုင်သည်။

ကွန်ပျူတာများ—၎င်းတို့၏ ဝန်းကျင်ဆိုင်ရာထိခိုက်မှု

“မျက်မှောက်ခေတ်ကွန်ပျူတာ၏ သန့်စင်ဝင်းလက်သောပုံရိပ်သည် ယင်း၏ဝန်းကျင်ဆိုင်ရာထိခိုက်မှုအမှန်ကို ဖုံးကွယ်ထားသည်” ဟုနယူးဆိုင်းယင်းတစ် မဂ္ဂဇင်းကဆို၏။ အချက်အလက်သိုလှောင်သည့် အခြေခံမှတ်ဉာဏ်ပြားရိုးရိုးလေးတစ်ခု (memory chip) ကိုပြုလုပ်ကာ သာမန်ကွန်ပျူတာတစ်လုံး၏ လေးနှစ်သက်တမ်းအတွက် အသုံးပြုခြင်းက “မှတ်ဉာဏ်ပြားအလေးချိန်၏ အဆပေါင်း ၈၀၀ရှိသော ရှေးရုပ်ကြွင်းလောင်စာဆီကို သုံးစွဲရသည်” ဟုမဂ္ဂဇင်းကရှင်းပြ၏။ ဂျပန်၊ ပြင်သစ်နှင့် အမေရိကန်ပြည်ထောင်စုရှိ သရုပ်ခွဲပညာရှင်များက နှစ်ဂရမ်အလေးချိန်ရှိပြီး ယူနစ် ၃၂-မီဂါဘိုက်ဆံ့သော မှတ်ဉာဏ်ပြားတစ်ခုကို ထုတ်လုပ်အသုံးပြုရန် အနည်းဆုံး ရှေးရုပ်ကြွင်းလောင်စာဆီ ၁.၆ ကီလိုဂရမ်အပြင် ရေ ၃၂ ကီလိုဂရမ်၊ အမိုးနီးယားနှင့် ဟိုက်ဒရိုကလိုရစ်အက်စစ်ကဲ့သို့သော အဆိပ်အတောက်ဖြစ်စေသည့်ဓာတုပစ္စည်း ၇၂ ဂရမ်လိုသည်ဟု ခန့်မှန်းကြသည်။ သရုပ်ခွဲပညာရှင်များက “မှတ်ဉာဏ်ပြားများ၏ ဝန်းကျင်ဆိုင်ရာထိခိုက်မှုသည် ၎င်းတို့၏သေးငယ်သောအရွယ်အစားထက် များစွာကြီးမားသည်” ဟုကောက်ချက်ချကြသည်။