မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကော့ကေးဆပ်ဒေသတွင် ရေလွှမ်းမိုးမှုကို ရင်ဆိုင်ဖြေရှင်းခြင်း

ကော့ကေးဆပ်ဒေသတွင် ရေလွှမ်းမိုးမှုကို ရင်ဆိုင်ဖြေရှင်းခြင်း

ကော့ကေးဆပ်ဒေသတွင် ရေလွှမ်းမိုးမှုကို ရင်ဆိုင်ဖြေရှင်းခြင်း

ရုရှားနိုင်ငံမှ နိုးလော့! စာရေးသူ ရေးသားပေးပို့သည်

လွန်ခဲ့သည့်နှစ်က ရုရှားနိုင်ငံ၏ ကော့ကေးဆပ်မြောက်ပိုင်းဒေသတွင် သုံးလတာရွာသွန်းရမည့် မိုးရေပမာဏနှင့် ညီမျှသည့်မိုးရေကို နှစ်ရက်တာအတွင်း ရွာချခဲ့သည်။ မြစ်ချောင်းများစွာ ရေလျှံသွား၏။ ချောင်းငယ်လေးများပင် အရှိန်အဟုန်ပြင်းသည့် ရေစီးကြောင်းများ ဖြစ်လာကြရာ ရှိသမျှကို တိုက်ချသွားလေသည်။ ဆည်များ ကျိုးပျက်သွားပြီး အိမ်များနှင့် အခြားအဆောက်အအုံများ ပျက်စီးခဲ့ရသည်။ ရုတ်တရက်ပင် ထောင်နှင့်ချီသောလူများ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြ၏။ မိမိတို့အိမ်များမှ မထွက်လာနိုင်သူများစွာမှာ တစ်ခဏချင်းတွင် သေဆုံးသွားကြသည်။ အချို့မှာ အရှိန်ပြင်းလှသည့် ရေလုံးကြီးများကြားတွင် ချစ်မြတ်နိုးရသူများ မျောပါသွားသည်ကို ဘာမျှမတတ်နိုင်ဘဲ ရပ်ကြည့်နေကြရသည်။

နီယယ်ဗင်နမစ္စမြို့ရှိ မိသားစုတစ်စုသည် လယ်ထွန်စက်တစ်စီးဖြင့် လွတ်မြောက်ရန် ကြိုးစားကြသည်။ သို့သော်လည်း လှိုင်းလုံးကြီးသည် လယ်ထွန်စက်ကို တိုက်လှဲပစ်ရာ တစ်မိသားစုလုံး သေဆုံးသွားကြ၏။ တချို့မှာ အခြားသူများကို ကယ်ဆယ်ရန်ကြိုးစားရင်း သေဆုံးကြရသည်။ တရားဝင်ခန့်မှန်းချက်များအရ လူပေါင်း ၃၃၅,၀၀၀ သည် ရေလွှမ်းမိုးခြင်းကြောင့် ထိခိုက်ကြရ၏။ ထိုသူတို့တွင် လူ ၂၀၀ ကျော်သေဆုံးပြီး လူများစွာမှာ ပျောက်ဆုံးသွားခဲ့ကြသည်။

သောင်းနှင့်ချီသောအိမ်များ ရေမြုပ်သွားသည်။ ရေပိုက်လိုင်းများနှင့် မိလ္လာစနစ်များ ပျက်စီးသွား၏။ ထောင့်သန်းရောဂါဖြင့် သေသွားသည့် တိရစ္ဆာန်များအပါအဝင် မြှုပ်နှံထားသောအလောင်းများမှာ ရေလုံးကြီးကြောင့် ပြန်ပေါ်လာသည်။ ရေလွှမ်းမိုးမှုကြောင့် ငွေကြေးပမာဏ ရူဘယ် သန်းပေါင်း ၁၆,၀၀၀ ခန့်၊ သို့မဟုတ် ယူ.အက်စ်.ဒေါ်လာ သန်းပေါင်း ၅၀၀ ခန့် ပျက်စီးဆုံးရှုံးသွားသည်ဟု ခန့်မှန်းကြသည်။

သီချင်းနှင့် ကဗျာလင်္ကာ စပ်ဆိုဖွဲ့နွဲ့လေ့ရှိကြသည့် သာယာလှပပြီး မြေသြဇာကောင်းသောနယ်မြေမှာ ကြေကွဲဖွယ်မြင်ကွင်း ဖြစ်သွားခဲ့သည်! သို့တိုင် ဘေးဆိုးကြီးသည် စစ်မှန်သောအိမ်နီးချင်းမေတ္တာကိုမူ မဖျက်ဆီးနိုင်ခဲ့ချေ။

အထောက်အပံ့များ လျင်မြန်စွာပေးကြ

အစပိုင်းတွင် ရေသန့် မရှိ၊ လျှပ်စစ်မီး မရှိ၊ လောင်စာ မရှိ၊ တယ်လီဖုန်းအဆက်အသွယ်မရှိ ဖြစ်ခဲ့သည်။ လူများသည် တစ်ဦးနှင့်တစ်ဦး အဆက်အသွယ် မပြုလုပ်နိုင်ကြချေ။ ယေဟောဝါသက်သေ ၃,၀၀၀ ကျော်သည် ဘေးသင့်သည့်ဒေသတွင် နေထိုင်ကြပြီး ၇၀၀ ကျော်မှာ နီယယ်ဗင်နမစ္စမြို့တွင်းနှင့် အနီးဝန်းကျင်တွင် နေထိုင်ကြ၏။ ထို့ကြောင့် သက်သေခံများသည် ရေလွှမ်းမိုးသည့်သတင်း ကြားသည်နှင့်တစ်ပြိုင်နက် ဘေးသင့်နေသူများကို ကူညီစောင့်ရှောက်နိုင်ရန် အထူး အရေးပေါ်ကော်မတီများကို ဖွဲ့စည်းခဲ့ကြသည်။ ဤကော်မတီများသည် အစိုးရ၏ကယ်ဆယ်ရေးလုပ်သားများ ရောက်မလာမီ စတင် လုပ်ဆောင်နေကြပြီဖြစ်၏။

နီယယ်ဗင်နမစ္စမြို့၏ အရှေ့တောင်ဘက် မိုင် ၄၀ ကျော်ရှိ အော်ဘယ်ရာနိုကာ,ရွာလေးတွင် လျင်မြန်စွာပင် ရေတက်လာသည်။ သက်သေခံ အမျိုးသမီးနှစ်ဦးအပါအဝင် လူရှစ်ဦးတို့သည် ကုန်းမြင့်တစ်ခုထိပ်ပေါ်တွင် ခိုနေကြ၏။ သူတို့နည်းတူ တိရစ္ဆာန်လေးများနှင့် မြွေအမြောက်အမြားမှာလည်း လာရောက် ခိုကပ်နေကြသည်။ သို့နှင့် လူရှစ်ဦးသည် တစ်ညလုံး မြွေများကို ရိုက်ထုတ်ခဲ့ကြရသည်။

နောက်နေ့နံနက်တွင် ဒေသခံ ယေဟောဝါသက်သေများသည် သောင်တင်နေသည့် မိမိတို့ခရစ်ယာန်ညီအစ်မနှစ်ဦးထံ ရောက်နိုင်ရန်နည်းလမ်းများရှာကြံကြ၏။ နောက်ဆုံး မွန်းလွဲအစောပိုင်း၌ ရော်ဘာလှေငယ်တစ်စင်းကို ရှာတွေ့ခဲ့ကြသည်။ သို့သော် သက်သေခံများသည် ညီအစ်မများကို မကယ်ဆယ်မီ လေဖြတ်ထားသည့် အသက်ကြီးသူတစ်ဦးကို ဘေးလွတ်ရာသို့ လှေဖြင့် ပို့ပေးရသည်။ ထို့နောက် သူတို့သည် ညီအစ်မများကို ဘေးလွတ်ရာသို့ ခေါ်သွားသည်နှင့် ရဟတ်ယာဉ်တစ်စင်း ရောက်လာပြီး ကုန်းမြင့်ပေါ်တွင် သောင်တင်နေသည့် အခြားသူများကို တင်ဆောင်သွားသည်။

ထိုနေ့နှောင်းပိုင်းအထိ သက်သေခံများသည် ရော်ဘာလှေငယ်ဖြင့် အခြားသူများကို ကယ်ဆယ်နေကြဆဲဖြစ်၏။ “ကျွန်တော်တို့ကို သိသလား” ဟုသက်သေခံများက မေးသည့်အခါ လူများသည် “အရေးပေါ် အကူအညီပေးရေးအဖွဲ့က ဖြစ်မှာပေါ့” ဟုပြန်ဖြေကြ၏။ ကယ်ဆယ်သူများမှာ သက်သေခံများဖြစ်ကြောင်း သိလိုက်ရ၍ သူတို့ အံ့အားသင့်ခဲ့ကြသည်။

နီယယ်ဗင်နမစ္စမြို့ရှိ သက်သေခံများသည် သယ်ယူရလွယ်သောမီးဖိုတစ်ခု ဝယ်လိုက်ကြပြီး လိုအပ်နေသူများအတွက် အစားအသောက်ပူပူနွေးနွေးတို့ကို ပြင်ဆင်ပေးခဲ့သည်။ သူတို့သည် အစားအစာများအပြင် ရေ၊ အဝတ်အထည်နှင့် ဆေးဝါးကိုလည်း ပေးဝေကြ၏။ သက်သေခံ စေတနာ့ဝန်ထမ်းအုပ်စုတို့သည် အိမ်များကိုလည်း သန့်ရှင်းရေးလုပ်ပေးကြပြီး အိမ်ဝန်းကျင်မှ အကျိုးအပဲ့အပျက်အစီးများကို ရှင်းလင်းပေးကြသည်။

ဇာရိုကမ်ရှ်မြို့တွင် ကိုယ်ပိုင်စီးပွားရေးလုပ်သော သက်သေခံမောင်နှံတစ်စုံသည် ရေ၊ အစားအစာနှင့် အဝတ်အထည်ကို ဈေးမှ အစုလိုက်အပုံလိုက်ဝယ်ယူပြီး သူတို့၏ကားဖြင့် သယ်ပို့ပေးခဲ့သည်။ ဇနီးဖြစ်သူ၏အသိအကျွမ်းများက မည်သူ့အတွက် ဝယ်ခြမ်းနေကြောင်း မေးမြန်းကြသောအခါ ရေလွှမ်းမိုးဘေးကြောင့် ထိခိုက်ခံခဲ့ရသည့် မိမိတို့၏ယုံကြည်သူချင်းများအတွက် ဝယ်ခြမ်းနေခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ညီအစ်မ၏ ဂရုစိုက်ကြည့်ရှုလိုသည့်သဘောထားကြောင့် သူတို့လည်း အကူအညီပေးလိုစိတ် ဖြစ်ပေါ်ခဲ့ကြသည်။ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးက ခေါက်ဆွဲအိတ်ကြီးတစ်အိတ်၊ နောက်တစ်ဦးက ဆပ်ပြာအိတ်ကြီးတစ်အိတ်နှင့် အချို့သူတို့က သကြားအိတ်ကြီးများကို ပေးကမ်းခဲ့ကြသည်။

ရပ်ဝေးဒေသများမှအထောက်အပံ့

ရုရှားနိုင်ငံရှိ သက်သေခံများစွာသည် ရေလွှမ်းမိုးဘေးသင့်နေသူများအား မည်သို့ကူညီပေးနိုင်ကြောင်း သိလိုကြသောကြောင့် လိုအပ်နေသူများအတွက် အထောက်အပံ့ပစ္စည်းပို့ပေးရန် အထူးရန်ပုံငွေတစ်ရပ်ကို ထူထောင်ခဲ့ကြသည်။ စိန့်. ပီတာစဘတ်မြို့အနီးတွင် တည်ရှိသော ရုရှားနိုင်ငံ ယေဟောဝါသက်သေများ၏ဌာနခွဲရုံးမှ စေတနာ့ဝန်ထမ်းများပင် လာရောက်ကူညီပေးခဲ့ကြ၏။ အချို့က ရေလွှမ်းမိုးဘေးဒဏ်ကြုံရသူများအတွက် ပစ္စည်းအသစ်များကို ဝယ်ခြမ်းပေးကြသည်။ ညီအစ်မတစ်ဦးက ဤသို့ရှင်းပြခဲ့၏– “ကျွန်မမှာ တစ်စုံတစ်ရာ ရှိနေပေမဲ့ ကျွန်မတို့ ညီအစ်ကို၊ ညီအစ်မတွေမှာတော့ ဘာမှမရှိတဲ့အတွက် ကျွန်မရဲ့အကောင်းဆုံးအရာတွေကို ပေးခဲ့တယ်။”

ဌာနခွဲရုံးသည် စိန့်. ပီတာစဘတ်နှင့် မော်စကိုမြို့ရှိ အချို့သော အသင်းတော် ၁၅၀ ထံသို့ စာရေးပြီး ညီအစ်ကိုများသည် ငွေကြေး၊ အစားအစာနှင့် အဝတ်အထည်ကို မည်သို့လှူဒါန်းနိုင်ကြောင်း ရှင်းပြခဲ့၏။ ရုရှားနိုင်ငံ၏ စီးပွားရေးအခြေအနေမှာ သိပ်ကောင်းလှသည်မဟုတ်၍ သက်သေခံအများစုတွင် ရုပ်ပစ္စည်းအနည်းငယ်သာ ရှိကြသော်လည်း သူတို့၏လှူဒါန်းမှုများမှာ ရက်ရောများပြားလှပေသည်။ ယင်းက ယုဒနယ်ရှိ လိုအပ်နေသည့် ညီအစ်ကို၊ ညီအစ်မများအတွက် မာကေဒေါနိပြည်မှ ချို့ငဲ့သောခရစ်ယာန်များ၏ ပေးကမ်းစွန့်ကြဲခြင်းကို ပြန်အမှတ်ရစေသည်။—၁ ကောရိန္သု ၈:၁-၄

လှူဒါန်းပစ္စည်းများကို ဗဟိုစုဆောင်းရေးဌာနများတွင် စုစည်းလိုက်ကြပြီး ထရပ်ကားများပေါ်တင်၍ ဘေးဒဏ်ကြုံရသည့်ဒေသသို့ ယူဆောင်သွားကြသည်။ ၎င်းလှူဒါန်းပစ္စည်းများအပြင် ဌာနခွဲရုံးမှ အစားအစာ ဆယ်တန်၊ အိပ်ရာခင်းအစုံ ၅၀၀၊ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ပစ္စည်းများ၊ ရေလွှမ်းမိုးဘေးသင့်ခဲ့သည့်နေရာများကို သန့်ရှင်းရေးလုပ်ရန် ကိရိယာတန်ဆာပလာများနှင့် အလုပ်ဝတ်,အဝတ်အစားများကို ဝယ်ပေးခဲ့၏။ အားလုံးပေါင်း တန်-၅၀ရှိထရပ်ကား ခြောက်စီးစာ ကယ်ဆယ်ရေးပစ္စည်းများကို ကော့ကေးဆပ်မြောက်ပိုင်းဒေသသို့ သယ်ဆောင်သွားကြသည်။

ရက်ရောပေးကမ်းခြင်းက သက်သေခံချက်တစ်ရပ်ဖြစ်စေ

ရေလွှမ်းမိုးဘေးသင့်ခဲ့သောနယ်မြေကို သန့်ရှင်းရေးလုပ်ပေးသည့် သက်သေခံများ၏ လုပ်ဆောင်ချက်မှာ သတိမပြုဘဲ မနေနိုင်အောင်ဖြစ်ခဲ့၏။ သက်သေခံ ၃၀၀ ကျော်နေထိုင်သည့် လှပသော ကစ္စလိုဗိုဒခ်မြို့၏ အခြေအနေကို သုံးသပ်ကြည့်ပါ။ သူတို့သည် မြို့စီမံခန့်ခွဲရေးလုပ်ငန်းတွင် ပါဝင်လုပ်ဆောင်ရန် ကမ်းလှမ်းခဲ့ကြပြီး သန့်ရှင်းရေးလုပ်ဖို့ ဧရိယာတစ်နေရာ ရရှိခဲ့သည်။

ဇွန်လ ၂၈ ရက်၊ နံနက် ၈ နာရီတွင် မိသားစုတစ်စုလုံးအပါအဝင် သက်သေခံ ၁၅၀ ကျော်သည် မိမိတို့၏ ကိရိယာတန်ဆာပလာတို့ကို ယူဆောင်လာပြီး အလုပ်,လုပ်ရန် စုဝေးကြသည်။ အချို့သူများသည် သန့်ရှင်းရေးလုပ်ငန်းတွင် ပါဝင်လုပ်ဆောင်နိုင်ရန် မိမိတို့အလုပ်များမှ လစာမဲ့ခွင့် ယူခဲ့ကြ၏။ မကြာမီ ကားတစ်စီးဆိုက်ရောက်လာပြီး ပထမအဆင့်ရှိ ဒုတိယ-မြို့တော်ဝန် ဆင်းလာသည်။ “ဒီလူတွေက ဘယ်သူတွေလဲ” ဟု သူမေးခဲ့သည်။

“ယေဟောဝါသက်သေတွေပဲ၊ သူတို့က ရေလွှမ်းမိုးဘေးပြီးတဲ့နောက် မြို့ကို သန့်ရှင်းရေးလုပ်ဖို့ လာကြတာပါ” ဟူသော အဖြေရရှိ၏။

လူများစွာကို မြင်တွေ့ရသောကြောင့် ဒုတိယ-မြို့တော်ဝန်သည် အံ့အားသင့်သွားပြီး ဤသို့ပြောခဲ့သည်– “ကောင်းလိုက်တာ! ကျေးဇူးပဲဗျာ! မှတ်သားလောက်ပါပေတယ်!”

ထို့နောက် နေ့လယ်စာ,မစားမီလေးတွင် မြို့အရာရှိနောက်တစ်ဦးသည် ကားဖြင့်ရောက်လာ၏။ ကားကိုရပ်ကာ သက်သေခံများထံ ချဉ်းကပ်ပြီး– “ကျွန်မတို့က ရှင်တို့ရဲ့အလုပ်ကို အကဲခတ်နေတာ၊ ကျွန်မတို့ တကယ်အံ့သြတယ်၊ ရှင်တို့လို အလုပ်လုပ်တဲ့လူတွေကို တစ်ခါမှ မမြင်ဖူးဘူး၊ ရှင်တို့ဟာ အကြီးအကျယ်လုပ်ခဲ့ကြတယ်!” ဟုပြောခဲ့သည်။

ထိုအချိန်လောက်တွင် အသက်ကြီးအမျိုးသမီးတစ်ဦး လျှောက်လာပြီး ဤသို့မေးခဲ့၏– “ဒီလူတွေ ဘာ့ကြောင့် အလုပ်ကို လုံ့လစိုက် ကြိုးစားလုပ်နေကြတာလဲ။” ယေဟောဝါသက်သေများသည် မြို့ကို အကူအညီပေးနေကြောင်း ပြောပြကြသည့်အခါ သူ,မျက်ရည်ဝဲလာ၏။ “ရှင်တို့က စစ်မှန်တဲ့ယုံကြည်သူတွေပဲ၊ လူတွေရဲ့စရိုက်အမှန်ဟာ ဘေးဒုက္ခရောက်ချိန်ကျမှ ပေါ်လာတယ်။” နောက်အမျိုးသမီးတစ်ဦးက ဤသို့ပြောခဲ့သည်– “တကယ် အံ့ဩစရာကောင်းတဲ့လုပ်ဆောင်ချက်ပဲ! ဒီလိုလုပ်ရပ်မျိုး ကျွန်မဖြင့် တစ်ခါမှ မမြင်ဖူးဘူး။”

နောက်တစ်နေ့၊ နာ ဗိုဒခ် ဒေသခံသတင်းစာတွင် ယေဟောဝါသက်သေများသည် မြို့ထဲမှ ရွှံ့နုန်းမြေ တန်ချိန် ၁၀၀ ကျော်ကို ဖယ်ရှားပေးကြောင်း ချီးမွမ်းခဲ့သည်။ ကစ္စလိုဗိုဒခ်မြို့မှ မြို့အရာရှိများသည် သက်သေခံများထံ ကျေးဇူးတင်စာတစ်စောင် ရေးသားကာ– “သင်တို့၏ တန်ဖိုးမဖြတ်နိုင်သော ကူညီပေးမှုသည် မြို့ကို ယခင်အတိုင်း ပြန်လည်လှပစေခဲ့သည်။ ကျွန်ုပ်တို့မြို့သို့ လာရောက်လည်ပတ်သူ မြောက်မြားစွာ၏ ကျေးဇူးတင်စကားများသည် သင်တို့၏ အကောင်းဆုံးဆုလာဘ်များ ဖြစ်မည်မှာ သေချာပါသည်” ဟုပြောခဲ့သည်။

ကော့ကေးဆပ်မြောက်ပိုင်းဒေသတွင် ကျရောက်ခဲ့သည့် သဘာဝကပ်ဘေးကြီးသည် ဆုံးရှုံးမှုနှင့် မငြိမ်မသက်မှုများစွာ ဖြစ်စေခဲ့သော်လည်း ယေဟောဝါသက်သေများမှာမူ မိမိတို့၏ယုံကြည်သူချင်းများနှင့် အိမ်နီးချင်းများအား မေတ္တာပြသရသည့်အတွက် ပျော်ရွှင်ကြသည်။ ထိုသို့သော မေတ္တာပြသမှုများက ကျွန်ုပ်တို့၏ဖန်ဆင်းရှင် ယေဟောဝါ၏ဘုန်းတော်ကို ထင်ရှားစေကြောင်း သိရှိကြသောကြောင့် သူတို့ကို အထူးပျော်ရွှင်စေခဲ့သည်။

[စာမျက်နှာ ၁၆ ပါ မြေပုံ]

[ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ]

ပင်လယ်နက်

ကော့ကေးဆပ် တောင်တန်းများ

နီယယ်ဗင်နမစ္စ

အော်ဘယ်ရာနိုကာ

ဇာရိုကမ်ရှ်

ကစ္စလိုဗိုဒခ်

ကက်စပီယန် ပင်လယ်

[Credit Line]

Globe: Mountain High Maps® Copyright © 1997 Digital Wisdom, Inc.

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

သက်သေခံများသည် ဤသယ်ယူရလွယ်သော မီးဖိုကို ဝယ်ပြီး လိုအပ်သူများအတွက် အစားအစာများ ပြင်ဆင်ပေးကြ

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ဤသက်သေခံညီအစ်မသည် အစားအစာနှင့် အထောက်အပံ့ပစ္စည်းများသယ်ပို့ရန် မိသားစု,ကားကို အသုံးပြုခဲ့

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ကစ္စလိုဗိုဒခ်အရာရှိများက သူတို့မြို့ကို ပြန်လည်ပြုပြင်မွမ်းမံရန် ကူညီပေးသည့် ယေဟောဝါသက်သေများကို ချီးမွမ်းခဲ့