မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိဘတွေရဲ့ လောင်းရိပ်အောက်ကနေ ငါဘယ်လိုရုန်းထွက်နိုင်မလဲ

မိဘတွေရဲ့ လောင်းရိပ်အောက်ကနေ ငါဘယ်လိုရုန်းထွက်နိုင်မလဲ

လူငယ်များအမေး . . .

မိဘတွေရဲ့ လောင်းရိပ်အောက်ကနေ ငါဘယ်လိုရုန်းထွက်နိုင်မလဲ

“ကျွန်တော့်အဖေဟာ ယေဟောဝါသက်သေတွေရဲ့အသင်းတော်တစ်ခုက လူသိများတဲ့ အကြီးအကဲတစ်ယောက်ဖြစ်တယ်။ အဖေ့ကို ကျွန်တော် လေးစားပါတယ်၊ ဒါပေမဲ့ ဘယ်နေရာပဲသွားသွား ကျွန်တော့်ကို ဘီလ်ရဲ့သားအဖြစ်ပဲ သိထားကြတော့ တစ်ခါတလေ ကျွန်တော် မကျေမနပ်ဖြစ်မိတယ်။”—လာရီ။ *

“ကျွန်တော့်အဖေဟာ ထင်ပေါ်တဲ့အကြီးအကဲတစ်ယောက်ဖြစ်တဲ့အတွက် လူတိုင်းက ကျွန်တော့်ကို အကြီးအကျယ် မျှော်လင့်ထားကြတယ်လို့ ခံစားရတယ်၊ ဒါက ကျွန်တော့်ပင်ကိုအတိုင်းနေဖို့ သိပ်ပြီးခက်ခဲစေတယ်။”—အလက်ဇန်းဒါး။

သင်အရွယ်ရောက်လာသည်နှင့်အမျှ သင့်ကိုယ်ပိုင်နာမည်၊ ဂုဏ်သတင်းကို မိမိဘာသာ ထင်ပေါ်ကျော်စောစေလိုသည်မှာ အဆန်းမဟုတ်ပါ။ သင်ဖွားမြင်စဉ်က သင့်မိဘများသည် သူတို့ကြိုက်နှစ်သက်သည့် နာမည်တစ်ခု မှည့်ပေးခဲ့ကြသည်။ ယခုတွင် သင်သည် မြီးကောင်ပေါက်အရွယ်ဝင်လာသည်နှင့်အမျှ သင့်ဂုဏ်သတင်းအတွက် မိမိဘာသာ ရွေးချယ်လုပ်ကိုင်လိုပေမည်။

ဘုရင်ရှောလမုန် ဤသို့ရေးခဲ့၏– “ကောင်းသောအသရေကို များစွာသောဥစ္စာထက် သာ၍ရွေးစရာကောင်း၏။ သူတစ်ပါးစုံမက်ခြင်းကျေးဇူးသည် ရွှေငွေထက်သာ၍ကောင်း၏။” (သု. ၂၂:၁) ငယ်ရွယ်စဉ်ကတည်းကပင် သင်သည် မည်သို့သောပုဂ္ဂိုလ်မျိုးဖြစ်ကြောင်း စတင်ဖော်ပြလိုပေလိမ့်မည်။

မိဘများ၏လောင်းရိပ်ဝယ် နေထိုင်ခြင်း

လာရီနှင့် အလက်ဇန်းဒါးတို့နည်းတူ လူငယ်တချို့သည် မိဘများ၏နာမည် သို့မဟုတ် ဖြစ်မြောက်အောင်မြင်မှုလောင်းရိပ်အောက်တွင် ရောက်နေကြသည်ဟု ခံစားမိကြသည်။ မိဘများ၏အလုပ် သို့မဟုတ် ပညာရေးကြောင့် အသိုင်းအဝိုင်းတွင် ထင်ပေါ်ကြခြင်း ဖြစ်ကောင်းဖြစ်ပေမည်။ သို့တည်းမဟုတ် သူတို့သည် ခရစ်ယာန်အသင်းတော်တွင် လူသိများခြင်းကြောင့် ဖြစ်နိုင်ဖွယ်ရှိသည်။ သင့်မိဘများသည် ဤအချက်တစ်ခုခုတွင် ထင်ပေါ်နေမည်ဆိုလျှင် သင်သည် အာရုံစိုက်ခြင်းခံရပြီး သင်လုပ်လေရာရာတိုင်းသည် မျက်လုံးဒေါက်ထောက် စောင့်ကြည့်ခြင်းခံရသည်ဟု တစ်ခါတစ်ရံ ခံစားမိနိုင်၏။ သင့်မိဘများ မည်သူမည်ဝါဖြစ်သည် ဟူသည့်အချက်ကြောင့်သာ တစ်နည်းနည်းဖြင့် ကျင့်ကြံပြုမူစေသည့်ဖိအားပေးမှုကို သင်မကျေနပ်နိုင်ဖြစ်ပေမည်။

သာဓကအားဖြင့် အိုင်ဗန်၏ဖခင်သည် ယေဟောဝါသက်သေများ၏ ဒေသခံအသင်းတော်တစ်ခုတွင် အကြီးအကဲတစ်ဦးအဖြစ် ထမ်းဆောင်နေသည်။ အိုင်ဗန် ဤသို့ပြောပြ၏– “ကျွန်တော့်အဖေက လူသိများပြီး ရိုသေလေးစားခံရတဲ့အတွက် ကျွန်တော်ဟာ ကျောင်းနဲ့ အိမ်မှာ ပုံသက်သေကောင်းတဲ့သူတစ်ယောက်ဖြစ်ရမယ်လို့ အမြဲခံစားမိတယ်။ တခြားမိဘများက သူတို့သားသမီးတွေ ဘယ်လိုပြုမူရမယ်ဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော့်ကို စံပြပုဂ္ဂိုလ်အဖြစ်ထားကြတယ်လို့ ခံစားမိတယ်။ မြှောက်ပင့်ချီးမွမ်းတာဖြစ်ပေမဲ့ ဒါက တခြားသူတွေရှေ့မှာ ပုံသက်သေကောင်းအောင် လုပ်ဆောင်ပြရမယ်ဆိုတဲ့ ဖိစီးမှုကြီးဖြစ်စေတယ်။ ရလဒ်ကတော့ တစ်ခါတလေ ကျိုးနွံစိတ်ပျောက်ပြီး ကျွန်တော့်မှာ ချွတ်ယွင်းချက်တွေရှိတယ်ဆိုတာကို ဝန်ခံဖို့ ပျက်ကွက်လာတယ်။” အလက်ဇန်းဒါး ဤသို့ပြောခဲ့၏– “ကျွန်တော်ဟာ အချိန်တိုင်းစောင့်ကြည့်ခံနေရတယ်၊ အမှားတစ်ခုလုပ်မိရင် ကျွန်တော့်ကို လက်ညှိုးထိုးဖို့ အမြဲအသင့်ရှိကြတယ်လို့ ခံစားမိတယ်။”

အစပိုင်းတွင် ကိုးကားဖော်ပြခဲ့သော လာရီသည် သူ့မိသားစုအမည်ကို ဖုံးကွယ်ထားခြင်းဖြင့် အာရုံစိုက်မခံရအောင် ကြိုးစားခဲ့သည်။ သူဤသို့ပြောခဲ့၏– “မိတ်ဆုံပွဲတွေမှာ လူသစ်တွေနဲ့တွေ့ဆုံတဲ့အခါ ကျွန်တော်က ‘ဟေး၊ ကျွန်တော့်နာမည် လာရီပါ’ ဆိုပြီး အဲ့ဒီမှာပဲ ရပ်လိုက်တယ်—ကျွန်တော့်မျိုးရိုးနာမည်ကို ထည့်မပြောတော့ဘူး။ ဖြစ်နိုင်တဲ့အခါ ကျွန်တော်ရဲ့ ပထမနာမည်နဲ့ပဲ လက်မှတ်ရေးထိုးပေးခဲ့တယ်။ ကျွန်တော့်အဖေ ဘယ်သူလဲဆိုတာသိသွားရင် လူတွေက တစ်မျိုးတစ်ဖုံဆက်ဆံကြမှာ ကျွန်တော်ကြောက်တယ်။ ရွယ်တူချင်းတွေရဲ့ ပုံမှန်အတိုင်းပြုမူဆက်ဆံတာကိုပဲ ကျွန်တော်လိုချင်တယ်။”

သင့်ဖခင်သည် ခရစ်ယာန်အကြီးအကဲတစ်ဦး သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦးအဖြစ် ထမ်းဆောင်နေလျှင် အခြားသူများက သင့်အား အလွန်မျှော်လင့်ထားကြမည်မှာ သင့်လျော်ပါသည်။ အမှန်မှာ ထိုကဲ့သို့ခန့်အပ်ခံအနေအထားမျိုး ရရှိထားသူသည် “မိမိသားသမီးနှင့် အိမ်သူအိမ်သားတို့ကို ကောင်းမွန်စွာအုပ်ချုပ်သောသူ” ဖြစ်သင့်သည်။ (၁ တိမောသေ ၃:၅၊ ၁၂)လူများကသင့်အားစံထားလောက်သူဖြစ်ရန် မျှော်လင့်ထားကြခြင်းကို နားလည်နိုင်ပါသည်! သို့သော် ယင်းသည် လုံးလုံးမနှစ်မြို့ဖွယ်ရာလော။ ဆယ်ကျော်သက်တစ်ဦးဖြစ်သည့်တိုင် ပေါလုနှင့်အတူ ခရီးသွားရန်၊ အရေးကြီးသည့် ဓမ္မအမှုလုပ်ငန်းတွင်ပါဝင်ရန် ရွေးချယ်ခဲ့သော ခရစ်ယာန်လူငယ်တိမောသေကို သုံးသပ်သည့်အခါ ယင်းသည် မနှစ်မြို့ဖွယ်ရာမဟုတ်ပါ။ (၁ သက်သာလောနိတ် ၃:၁-၃) ထို့ကြောင့် သင့်ဖခင်သည် ခန့်အပ်ခံအကြီးအကဲတစ်ဦး ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သင်သည် စံပြပုဂ္ဂိုလ်ဖြစ်အောင် ကြိုးစားသင့်ပါသည်။

ပုန်ကန်ခြင်းသည် ပညာမဲ့ရွေးချယ်မှုတစ်ရပ်

သို့တိုင် အချို့သောလူငယ်များသည် ပုန်ကန်ခြင်းဖြင့် မိမိတို့ မိဘများ၏လောင်းရိပ်အောက်မှ ရုန်းထွက်ရန် ကြိုးစားကြ၏။ အိုင်ဗန် ဤသို့ပြောခဲ့သည်–“ပုံသက်သေပြနေထိုင်ရတဲ့အချိန်တွေမှာ ကျွန်တော် ဒေါသထွက်တတ်တယ်။ တစ်ယောက်ယောက်က တစ်ခုခုပြောလာတဲ့အထိ ကျွန်တော့်ဆံပင်ကို အရှည်ထားပြီး ပုန်ကန်ခဲ့တယ်။”

ရှင်ဘုရင်ဒါဝိဒ်၏ သားတော်တစ်ပါးဖြစ်သော အဗရှလုံသည် ပုန်ကန်သည့်လမ်းစဉ် လိုက်ခဲ့၏။ သူ့ခမည်းတော်သည် ယေဟောဝါရှင်ထံ ဆည်းကပ်ဝတ်ပြုမှုအတွက် ထင်ပေါ်သူဖြစ်ခဲ့ပြီး ဣသရေလနိုင်ငံတွင် လူများစွာ၏ ချစ်ခင်မှုကိုရရှိခဲ့သည်။ ဒါဝိဒ်၏သားတော်အနေနှင့် အဗရှလုံထံမှ များစွာမျှော်လင့်ထားခဲ့ကြသည်။ သို့သော် အကျိုးသင့်အကြောင်းသင့်ရှိသော မျှော်လင့်ချက်များနှင့်အညီ နေထိုင်မည့်အစား အဗရှလုံသည် မိမိ၏ခမည်းတော်ကို ပုန်ကန်ခြင်းဖြင့် ကိုယ်တိုင် နာမည်ထင်ပေါ်ရန် ရွေးချယ်ခဲ့၏။ ဒါဝိဒ်သည် ယေဟောဝါရှင်၏ ခန့်အပ်ခံ ကိုယ်စားလှယ်တစ်ဦးဖြစ်သောကြောင့် အဗရှလုံသည် ဧကန်စင်စစ် ယေဟောဝါအား ဆန့်ကျင်ပုန်ကန်နေခြင်းဖြစ်သည်။ သူ့လုပ်ရပ်များက မိသားစုအား အရှက်ရစေပြီး သူကိုယ်တိုင် ဘေးဆိုးကြုံခဲ့ရ၏။—၂ ဓမ္မရာဇဝင် ၁၅:၁-၁၅; ၁၆:၂၀-၂၂; ၁၈:၉-၁၅

ပုန်ကန်ခြင်းက သင့်အား အလားတူဆိုးကျိုးများ ဖြစ်စေနိုင်၏။ ကျမ်းစာက နေဟမိအကြောင်း ကျွန်ုပ်တို့အား ဘာပြောသည်ကို သုံးသပ်ကြည့်ပါ။ ရန်သူတချို့က သူ့အား ဘုရားတရားမဲ့ အမူအကျင့်များ ကျင့်ကြံစေခြင်းဖြင့် သူ့ကိုလှည့်စားဖို့ ကြိုးစားခဲ့ကြသည်။ အဘယ့်ကြောင့်နည်း။ “ထိုသို့ပြုသဖြင့် ငါ၏ဂုဏ်သတင်းကို ပျက်စေပြီး အရှက်ရစေခြင်းငှာ” ဟုနေဟမိကပြောခဲ့၏။ (နေဟမိ ၆:၁၃ခေတ်သုံးအင်္ဂလိပ်ဘာသာပြန်ကျမ်း) ပုန်ကန်ခြင်းက လူများ မေ့ပျောက်ရန်ခက်ခဲသည့်အထိ နာမည်ဆိုးတစ်ခုကို ရရှိစေသည်။

ပုန်ကန်တတ်သည့်အမူအကျင့်သည် အခြားသူများအပေါ် ထိခိုက်စေတတ်ကြောင်းကို လျစ်လျူရှု၍မရချေ။ အနည်းဆုံးတော့ သင့်မိဘများကို မလိုလားအပ်သည့် စိတ်သောကပွားမှု ဖြစ်စေလိမ့်မည်။ (သု. ၁၀:၁) သင့်လုပ်ရပ်များက အခြားလူငယ်များကိုလည်း ဆိုးကျိုးဖြစ်စေနိုင်သည်။ အိုင်ဗန် ဤသို့ဝန်ခံခဲ့၏– “ကျွန်တော့်အကျင့်အကြံက ကျွန်တော့်ညီလေးအပေါ် ဆိုးကျိုးဖြစ်စေခဲ့တယ်။ အချိန်အတန်ကြာတော့ ခရစ်ယာန်အသင်းတော်ကို သူ,လုံးဝစွန့်ခွာသွားတယ်၊ သမ္မာကျမ်းစာနဲ့မကိုက်ညီမှန်း သူသိထားတဲ့အရာအားလုံးကို လုပ်နေတော့တာပဲ။ ကျေးဇူးတင်စရာက သူအသိတရားပြန်ရလာတယ်၊ အခု ယေဟောဝါရဲ့အမှုတော်ကို ပြန်ထမ်းဆောင်ပြီး ပျော်ရွှင်နေပါပြီ။”

သာ၍ကောင်းသောလမ်းစဉ်

အဗရှလုံ၏ အဖေတူအမေကွဲညီ ရှောလမုန်မှာမူ ကွဲပြားခြားနားသောလမ်းစဉ်ကို လိုက်ခဲ့သည်။ သူသည် ခမည်းတော်ဒါဝိဒ်ထံမှ နှိမ့်ချစွာ သင်ယူလိုစိတ်ရှိခဲ့၏။ (၃ ဓမ္မရာဇဝင် ၂:၁-၄) မိမိ၏ဂုဏ်အသရေ ထင်ရှားဖို့ ကြိုးစားမည့်အစား ရှောလမုန်သည် ဘုရားသခင်ရှေ့တော်၌ နာမည်ကောင်းရရှိရန် ရှာကြံခဲ့သည်။ ထိုသို့ပြုလုပ်ခဲ့ခြင်းဖြင့် သူ့မိသားစုကိုဂုဏ်တင်ခဲ့ပြီး ဣသရေလ၏မင်းကောင်းတစ်ပါးအဖြစ် ထင်ပေါ်ကျော်ကြားခဲ့၏။—၃ ဓမ္မရာဇဝင် ၃:၄-၁၄

ရှောလမုန်၏ ကောင်းသောပုံသက်သေက အရေးကြီးသည့်အချက် နှစ်ချက်ကို ပေါ်လွင်စေ၏– ပထမအချက်မှာ သင့်မိသားစုမှ သီးခြားခွဲထွက်ဖို့မကြိုးစားဘဲ မိသားစု၏ အပြုသဘောဆောင်အရည်အသွေးများမှ သင်ယူခြင်းဖြင့် သင်သည် မည်သို့သောလူစားမျိုးဖြစ်ကြောင်း ဖော်ပြနိုင်သည်။ ကြီးကောင်ဝင်ချိန်ဂျာနယ်က ဤသို့ဖော်ပြ၏– “ကြီးကောင်ဝင်ချိန်တွင် မိမိမည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြလိုစိတ်ပြင်းပြမှုကို ကျော်လွှားအောင်မြင်နိုင်ရန် လူငယ်များသည် မိဘများနှင့် သီးခြားခွဲနေရမည့်အချိန် မဟုတ်ချေ။” မိမိမည်သူမည်ဝါ ဖြစ်ကြောင်း ကိုယ်တိုင်ဖော်ပြလိုသည့် သင့်စွမ်းပကားသည် “မိဘများ၏ထောက်ကူမှုကြောင့် ပျက်ပြားသွားမည်မဟုတ်ပါ၊ ယင်းအစား ကြီးထွားရင့်သန်စေမည်” ဟုဂျာနယ်က ဆက်ဖော်ပြ၏။

စိတ်ဝင်စားဖွယ်မှာ ရှောလမုန်ကိုယ်တိုင် ဤသို့တိုက်တွန်းခဲ့၏– “သင့်ကိုဖြစ်ပွားစေသော အဘ၏စကားကို နားထောင်လော့။ အသက်ကြီးသောအမိကို မထီမဲ့မြင်မပြုနှင့်။” (သု. ၂၃:၂၂) ရှောလမုန်သည် ကလေးသူငယ်များထံ ရေးသားခဲ့ခြင်းမဟုတ်သည်မှာ ထင်ရှားပါသည်၊ အကြောင်းမှာ မိဘများ “အသက်ကြီး” ချိန်တွင်ဖြစ်၍ သားသမီးသည် အရွယ်ရောက်လောက်ပြီဖြစ်၍တည်း။ ဆိုလိုရင်းကား အဘယ်နည်း။ သင်အသက်အရွယ်ကြီးရင့်ကာ သင့်ကိုယ်ပိုင် အိုးအိမ်ထူထောင်ပြီးသည့်အချိန်တိုင် သင့်မိဘများ၏ ဉာဏ်ပညာမှ အကျိုးကျေးဇူး ခံစားနိုင်ဆဲဖြစ်၏။ အိုင်ဗန်ကိုယ်တိုင် သဘောပေါက်နားလည်လာကာ ဤသို့ပြောခဲ့၏– “ကျွန်တော်အသက်ကြီးလာတာနဲ့အမျှ မိဘတွေပြုမိတဲ့အမှားကို ရှောင်ဖို့ကြိုးစားနေရင်း သူတို့ရဲ့အားသာချက်အစွမ်းအစကို တုပဖို့ကြိုးစားတယ်။”

သုံးသပ်နိုင်သည့် ဒုတိယအချက်မှာ ရှောလမုန်၏ဦးစားထားရာဖြစ်ပြီး သူသည် “မည်သည့်ပုဂ္ဂိုလ်မျိုးဖြစ်ကြောင်း” ဖော်ပြဖို့မဟုတ်ဘဲ ယေဟောဝါစိတ်တော်နှင့်တွေ့ရန်သာဖြစ်၏။ မှန်ပါသည်၊ ဒါဝိဒ်၏သားတော်အဖြစ် သူ့ထံမှ များစွာမျှော်လင့်ခဲ့ကြသည်။ သို့သော် ရှောလမုန်သည် မိမိတာဝန်များကို ထမ်းဆောင်နိုင်စွမ်းရှိစေနိုင်သည့် ယေဟောဝါကို ယုံကြည်အားထားခဲ့၏။ အလက်ဇန်းဒါးသည် အလားတူသဘောထားမျိုး လက်ခံကျင့်သုံးခဲ့သည်။ သူဤသို့ ပြောပြ၏– “အကြီးအကဲတွေရဲ့ သားသမီးတွေဟာ အများအားဖြင့် ပိုပြီးမျှော်လင့်ခံရတယ် ဆိုတဲ့အချက်ကို အခု ကျွန်တော်လက်ခံလိုက်ပြီ။ ဒီလိုသဘောထားကို အကျိုးဖြစ်ထွန်းတဲ့နည်းနဲ့ အသုံးပြုဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်၊ ဒါဟာ ကျွန်တော့်အတွက် အကာအကွယ်တစ်ခုဖြစ်ခဲ့တယ်။ ကျွန်တော့်အပေါ် ယေဟောဝါရဲ့ရှုမြင်ပုံက အရေးကြီးဆုံးအရာဖြစ်တယ်ဆိုတာ သဘောပေါက်ခဲ့ပါတယ်။ ကျွန်တော်ဟာ ဘယ်သူ့ရဲ့သားဆိုတာ သိရုံသက်သက်မဟုတ်ဘဲ ကျွန်တော်ကိုယ်တိုင်ကို ကိုယ်တော်သိထားခြင်းဖြစ်တယ်။”

ဒါရင်း၏ဖခင်သည် ဂိလဒ်ကင်းမျှော်စင်ကျမ်းစာကျောင်း *—ခရစ်ယာန်သာသနာပြုများကို လေ့ကျင့်ပေးသောကျောင်း—မှကျောင်းဆင်းတစ်ဦးဖြစ်သည်၊ ဒါရင်းသည်လည်း လူသိများသော မိဘများရှိထားခြင်းကို ရင်ဆိုင်ဖြေရှင်းတတ်ရန် သင်ယူခဲ့သည်။ သူဤသို့ ပြောပြသည်– “ကျွန်တော်နှစ်ခြင်းခံချိန်မှာ အခြားပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကိုမဟုတ်ဘဲ ယေဟောဝါရှင်ထံ ဆက်ကပ်အပ်နှံခဲ့တာ။ ဆပ်ကပ်အပ်နှံမှုနဲ့အညီ အတတ်နိုင်ဆုံး အသက်ရှင်နေထိုင်ခြင်းက ကျွန်တော့်မိဘတွေလုပ်ဆောင်ခဲ့တဲ့ အရာအားလုံးကို မလုပ်ဆောင်နိုင်ရင်တောင် ယေဟောဝါရှင်ဟာ ကျွန်တော့်ကို နှစ်သက်တယ်ဆိုတဲ့ အသိကနေ ဖြစ်ပေါ်လာတဲ့ အတွင်းငြိမ်သက်မှု ရရှိပါတယ်။”

ဘုရင်ရှောလမုန်သည် ဤသို့ထုတ်ဖော်ပြောဆိုခဲ့၏– “သူငယ်သော်လည်း မိမိပြုသောအမှုသည် စင်သည်မစင်သည်၊ မှန်သည်မမှန်သည်ကို မိမိအခြင်းအရာအားဖြင့်ပြ၍ မိမိသဘောကိုထင်ရှားစေ၏။” (သု. ၂၀:၁၁) နောက်ဆုံးတွင် လူများက သင်ပြောဆိုလုပ်ဆောင်ရာကိုသာ အမှတ်ရကြပေမည်။ “စကားပြောခြင်း၊ ကျင့်ကြံပြုမူခြင်း၊ သူတစ်ပါးကိုချစ်ခြင်း၊ ဝိညာဉ်သဘောရှိခြင်း၊ သစ္စာစောင့်ခြင်း၊ စင်ကြယ်ခြင်းအရာမှာ” ပုံသက်သေကောင်းသူဖြစ်ပါလေ။ သင်သည် ပုံသက်သေကောင်းသူဖြစ်လျှင် လူများက သင့်အား ချစ်ခင်လေးစားကြပါလိမ့်မည်!—၁ တိမောသေ ၄:၁၂

အခြားလူငယ်များအတွက်မူ အလွန်အောင်မြင်မှုရရှိသည့် အစ်ကို သို့မဟုတ် အစ်မများ၏လောင်းရိပ်အောက်မှ ရုန်းထွက်လိုခြင်းသည် စိန်ခေါ်ချက်ဖြစ်ပေမည်။ နောင်ဆောင်းပါးတွင် ဤစိန်ခေါ်ချက်ကို သင်မည်သို့ရင်ဆိုင်နိုင်ကြောင်း ဆွေးနွေးပါလိမ့်မည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 3 နာမည်အချို့ကို ပြောင်းလဲထားပါသည်။

^ အပိုဒ်၊ 22 ဂိလဒ်ကျောင်းသည် ယေဟောဝါသက်သေများ စီမံညွှန်ကြားသည့်ကျောင်းဖြစ်သည်။

[စာမျက်နှာ ၂၀ ပါ အကျဉ်းဖော်ပြချက်]

ပုန်ကန်ခြင်းသည် မိဘများကို စိတ်သောက ရောက်စေပြီး သင့်ဂုဏ်သတင်းညှိုးနွမ်း ခြင်းသာ ဖြစ်စေလိမ့်မည်

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

သင့်ပုံသက်သေကောင်းက အခြားသူများအား အကျိုးပြုနိုင်