မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာကြီး ကယ်တင်ခံရမည့်ပုံ

ကမ္ဘာကြီး ကယ်တင်ခံရမည့်ပုံ

ကမ္ဘာကြီး ကယ်တင်ခံရမည့်ပုံ

ကမ္ဘာကြီးပေါ်တွင် ဝန်းကျင်အရိပ်မည်းကြီး ထိုးနေသော်လည်း ကမ္ဘာကြီးကို ကျွန်ုပ်တို့ ကယ်တင်လိုကြသည်။ အကြောင်းမှာ ယင်းသည် ကျွန်ုပ်တို့၏စံအိမ်—ကျွန်ုပ်တို့ သားမြေးတို့၏စံအိမ်ဟု မျှော်လင့်ရခြင်းကြောင့်ဖြစ်သည်။ ထိုမျှော်လင့်ချက် ခိုင်မြဲနေစေဖို့ ကျွန်ုပ်တို့လုပ်ဆောင်နိုင်မည့်အရာ တစ်စုံတစ်ခုရှိပါသလော။

လူအများစုသည် ပတ်ဝန်းကျင်နှင့်စပ်လျဉ်းပြီး စိုးရိမ်ပူပန်နေကြသော်လည်း လူများစွာမှာမူ မြေပေါ်တွင် ဖြစ်ကတတ်ဆန်း အမှိုက်စွန့်ခြင်း၊ မြစ်ချောင်းထဲသို့ ပစ်ချခြင်း သို့မဟုတ် အသုံးမပြုဘဲ လျှပ်စစ်မီးများဖွင့်ထားခြင်းတို့ကို ဆက်ပြုလုပ်နေကြသည်။ အဆိုပါအမူအကျင့်များသည် အသေးအဖွဲဟုထင်ရသော်လည်း သန်းထောင်နှင့်ချီရှိသည့်လူများ တစ်ဦးစီသည် ကမ္ဘာပေါ် မိမိတို့၏ပြုမူပုံကို ဂရုစိုက်ကြမည်ဆိုလျှင် ထူးခြားမှုရှိနိုင်သည်။ စွမ်းအင်ကိုချွေတာသုံးစွဲခြင်း၊ သုံးစွဲပြီးပစ္စည်းများကို ပြန်လည်အသုံးပြုနိုင်အောင်ဆောင်ရွက်သည့် အစီအစဉ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အမှိုက်သရိုက်များကို ကောင်းစွာ စွန့်ပစ်ခြင်းစသည်တို့သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကို ထောက်ကူရာရောက်သည်။ ကမ္ဘာကြီးကို ဂရုစိုက်ကြောင်း ကျွန်ုပ်တို့၏အမူအကျင့်များဖြင့် ယခု တင်ပြနိုင်သည်။

သို့တိုင် ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ လူအများစု၏လုပ်ဆောင်မှုများကို ကျွန်ုပ်တို့ ထိန်းချုပ်နိုင်မည်မဟုတ်ပါ။ သို့ဆိုလျှင် ယင်းက အခြေအနေမှာ မျှော်လင့်ချက်မဲ့နေပြီဟု ဆိုလိုပါသလော။

သာလွန်ကောင်းမွန်သောဖြေရှင်းမှု နီးပြီ

ပတ်ဝန်းကျင်ဆိုင်ရာပြဿနာ၏ အဓိကအချက်ကို ဂရင်းပိစ်ခေါ် အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ကို ကိုယ်စားပြုသော တီလိုဘိုးဒါ့၏စကားကို တိုင်းမ်စ်မဂ္ဂဇင်းတွင် ဤသို့ကိုးကားဖော်ပြသည်– “ကျွန်ုပ်တို့၏အဓိကရည်မှန်းချက်မှာ ကော်ပိုရေးရှင်းများက မိမိတို့၏ထုတ်ကုန်များကို မည်သို့မည်ပုံ စွန့်ပစ်ကြသည်ကို စဉ်းစားသုံးသပ်ရန်ဖြစ်သည်။ သူတို့သည် အချက်သုံးချက်ကို စဉ်းစားရမည်– ထုတ်လုပ်ခြင်း၊ အသုံးပြုခြင်းနှင့် စွန့်ပစ်ခြင်းတို့ဖြစ်၏။” ကျွန်ုပ်တို့သည် ကုန်စည်များကို ထုတ်လုပ်နိုင်ကြသည်၊ မည်သို့အသုံးပြုရမည်ကို သိကြသည်၊ သို့သော် ၎င်းတို့ကို ကောင်းစွာမစွန့်ပစ်ကြခြင်းမှာ ဝမ်းနည်းစရာပင်။ အချို့ကိစ္စများတွင် လူတို့သည် ပို၍ဘေးကင်းအောင် မည်သို့လုပ်ဆောင်ရမည်ကို လုံးဝ မသိကြချေ။

လူသားများတွင် ကန့်သတ်ချက်များရှိသော်လည်း ကမ္ဘာကြီးကို ဖန်ဆင်းသည့်အရှင်မှာမူ ထိုသို့မဟုတ်ပါ။ ကိုယ်တော်သည် ကမ္ဘာမြေတွင် ကျွန်ုပ်တို့မြင်တွေ့နေရသည့် ဖန်ဆင်းရာများ၌ မိမိ၏ထူးကဲလှသောဉာဏ်ပညာကို ပြသခဲ့ပြီးဖြစ်၏။ ကိုယ်တော်သည် အရာဝတ္ထုများကို မည်သို့ပြုလုပ်ရမည်၊ မည်သို့အသုံးပြုရမည်နှင့် မည်သို့ကောင်းစွာစွန့်ပစ်ရမည်ကို သိတော်မူသည်။ ကိုယ်တော်ပြုလုပ်ပေးထားသော စနစ်များစွာမှာ အလိုအလျောက်လုပ်ဆောင်သည့်စနစ်များဖြစ်သည်။ မျိုးစေ့တစ်စေ့ အညှောက်ထွက်သည်၊ ထို့နောက် အပင်ဖြစ်လာပြီး အသီးသီးသည်။ ထို့နောက် အပင်သေသွားသည်—ယင်းတွင် ပါဝင်သည့်အရာအားလုံးသည် ညစ်ညမ်းမှုမဖြစ်စေဘဲ ကျေပျက်သွားပြီး အရန်သင့် ပြန်လည်သုံးနိုင်လေသည်။ ယင်းသည် ပြန်လည်အသုံးပြုခြင်းအတွက် အကောင်းဆုံးစနစ်ဖြစ်၏! အဆိပ်အတောက်ညစ်ညမ်းမှု မရှိချေ!

ဖန်ဆင်းရှင်သည် ကမ္ဘာကြီးကို လူသူနေထိုင်ရန် မသင့်သည့် အမှိုက်ပုံကြီးအဖြစ် ပျက်စီးယိုယွင်းသွားဖို့ မရည်ရွယ်ချေ။ ဟေရှာယ ၄၅:၁၈ တွင် ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “မြေကြီးကိုပြုပြင်ဖန်ဆင်း၍ အမြဲတည်စေတော်မူသောအရှင်၊ အချည်းနှီးဖန်ဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဖို့ဖန်ဆင်းတော်မူသော ဘုရားသခင်မိန့်တော်မူသည်ကား ငါသည် ထာဝရဘုရား[သခင်]ဖြစ်၏။”

ဘုရားသခင်သည် ကမ္ဘာမြေကို လူသားများနေထိုင်ရန် ဖန်တီးခဲ့သည်ဆိုလျှင် အဘယ်ကြောင့် ဤမျှဝမ်းနည်းဖွယ်အခြေအနေသို့ ဆိုက်ရောက်စေသနည်း။ အစအဦး၌ လူကို ပရဒိသုတွင် နေရာချထားခဲ့ကြောင်း သမ္မာကျမ်းစာက ရှင်းပြထားသည်။ အမှန်မှာ ဤပရဒိသုသည် ကမ္ဘာမြေတစ်ဆုံးရောက်ပြီး လူသားများနှင့်ပြည့်စေဖို့ ဘုရားသခင် ရည်ရွယ်တော်မူသည်။ (ကမ္ဘာဦး ၁:၂၈) သို့သော် ပုန်ကန်မှုပေါ်ပေါက်ခဲ့၏။ ပထမယောက်ျားနှင့် မိန်းမတို့သည် ဘုရားသခင့်အုပ်စိုးမှုကို ဆက်၍လက်အောက်ခံလိုစိတ် မရှိခဲ့ကြချေ။

ဘုရားသခင် လူသားများအား ကိုယ့်နည်းကိုယ့်ဟန်ဖြင့် အုပ်ချုပ်ခွင့်ပြုတော်မူခဲ့၏။ ရလဒ်မှာ ယနေ့ ကျွန်ုပ်တို့ တွေ့ မြင်နေရသည့် ဆိုးဝါးသည့်ရှုံးနိမ့်မှုကြီးပင်တည်း။ လူတို့သည် မိမိတို့ပြဿနာများကို မိမိတို့ဘာသာ မဖြေရှင်းနိုင်ကြောင်း ရှင်းလင်းစွာ ဖော်ပြနေသည်။ ဖြစ်ပျက်ခဲ့ရာများအတွက် ဘုရားသခင်ကို အပြစ်မတင်နိုင်ချေ။ လူ့ဘောင်တစ်ရပ်လုံးနှင့်ပတ်သက်၍ သမ္မာကျမ်းစာအဆိုမှာ မှန်လိုက်လေခြင်း– “သူတို့သည် ယိုယွင်းကြပြီ။ ဘုရားသခင်၏သားမဟုတ်၊ အညစ်အကြေးကပ်ကြ၏။ သဘောကောက်၍ ဖောက်ပြန်သောအမျိုးဖြစ်ကြ၏!”—တရားဟောရာ ၃၂:⁠၅

သို့သော်ငြားလည်း ဘုရားသခင်သည် ကမ္ဘာမြေပျက်စီးယိုယွင်းနေမှုကို မျက်ကွယ်မပြုပါ။ ကိုယ်တော်သည် အချိန်မနှောင်းမီ၊ ကမ္ဘာမြေတွင် လူသူမနေထိုင်နိုင်သည့်အဖြစ်သို့မရောက်မီ အရေးယူလုပ်ဆောင်တော်မူလိမ့်မည်။ ယင်းကို ကျွန်ုပ်တို့ မည်သို့သိရသနည်း။ ဗျာ. ၁၁:၁၈ တွင် ဤသို့ရှင်းပြထား၏– “လူမျိုးတို့သည် အမျက်ထွက်ကြသည်ဖြစ်၍ အမျက်တော်သည်လည်း ရောက်ပါပြီ။ . . . မြေကြီးကို ဖျက်ဆီးသောသူတို့ကို ဖျက်ဆီးတော်မူသောအချိန် ရောက်ပါပြီဟု လျှောက်ဆိုကြ၏။” ကမ္ဘာမြေပျက်စီးယိုယွင်းမှုသည် ရပ်တန့်သွားပါလိမ့်မည်။

ကမ္ဘာမြေကို ပရဒိသုဖြစ်စေမည်ဟူသည့် ဘုရားသခင့်မူလရည်ရွယ်ချက် ပြည့်စုံလာပါလိမ့်မည်။ ကိုယ်တော့်မိန့်ဆိုချက်များက ယင်းကို ဖော်ပြနေသည်။ သာဓကအနေဖြင့် ကိုယ်တော် ဤသို့မိန့်ဆိုခဲ့၏– “ထိုအတူ ငါ၏နှုတ်[မြွက်]စကားသည် . . . အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။” (ဟေရှာယ ၅၅:၁၁) ဟေရှာယ အခန်းကြီး ၃၅ ကိုဖတ်ရှုခြင်းဖြင့် သင်ပျော်ရွှင်နိုင်ပေသည်၊ ယင်းတွင် ပျက်စီးယိုယွင်းသည့်မြေများကို ဥယျာဉ်ကဲ့သို့သော ပန်းခြံများနှင့် သစ်သီးခြံကြီးများအဖြစ် အသွင်ပြောင်းပေးမည်ဟူ၍ ဘုရားသခင် ဖော်ပြထားသည်။

ယခုအချိန်တွင်ပင် ညစ်ညမ်းမှုမရှိတော့သည့်ဒေသများတွင် ကမ္ဘာမြေသည် မိမိဘာသာ ပြန်လည်သစ်လန်းနိုင်သည့် အံ့ဖွယ်အစွမ်းရှိကြောင်း ပြသနေသည်။ ဘုရားသခင်သည် ကမ္ဘာကို ထိုသို့ပင်ဖြစ်စေရန် ဖန်ဆင်းခဲ့၏။ ကမ္ဘာကြီးသည် ညစ်ညမ်းပစ္စည်းများဖြင့် မနိုင်ဝန်ထမ်းနေရခြင်း မရှိတော့လျှင် ရေနှင့်မြေထဲရှိ အဏုဇီဝသက်ရှိလေးများ၏ ပျက်စီးမှုများစွာကို ကုစားပေးနိုင်ကြမည်။ ထို့ပြင် ဘုရားသခင် ကြားဝင်ဆောင်ရွက်ပြီး ကိစ္စရပ်များကို ညွှန်ကြားပေးသောအခါ ပြန်လည်သစ်လွင်ဆန်းသစ်မှုအဆင့်ဆင့်သည် ပို၍ပင် ထိရောက်မှုရှိလိမ့်မည်ဖြစ်ကြောင်း ယုံကြည်နိုင်စရာ အကြောင်းရှိပါသည်။ ကိုယ်တော်သည် လူသားများ ယခု လိုအပ်နေသည့် လေ့ကျင့်ပေးမှုနှင့် အလွန်ကောင်းမွန်သည့် လမ်းညွှန်ချက်များကို ပေးနိုင်ပါသည်။

ထို့ကြောင့် ကမ္ဘာကြီး၏အနာဂတ်သည် မျှော်လင့်ချက်မဲ့နေသည်မဟုတ်ပါ။ အပင်များနှင့် တိရစ္ဆာန်များသည် ကယ်တင်ခံရကြမည်။ အန္တရာယ်ကြုံနေရသည့် မျိုးစိတ်စာရင်းများ ရှိတော့မည်မဟုတ်ပေ။ လေနှင့်ရေသည် တစ်ဖန် သန့်ရှင်းစင်ကြယ်လာမည်။ နာခံမှုရှိသောလူသားများသည် ယင်းတွင် မွေ့လျော်ကြမည်။ ယင်းကို အသင် မြင်တွေ့လိုပါသလော။ မြင်တွေ့နိုင်ပါသည်။ မည်သို့အားဖြင့်နည်း။ ဘာပြုလုပ်ရမည်ကို သမ္မာကျမ်းစာတွင် အသေးစိတ်ဖော်ပြထားသည်။ သင်ကိုယ်တိုင်သိရှိနိုင်ရန် သမ္မာကျမ်းစာကို စနစ်တကျလေ့လာပါလေ။ သမ္မာကျမ်းစာကို စလေ့လာရာတွင် သင့်ကို ကူညီပေးနိုင်မည့်သူ တစ်စုံတစ်ဦးနှင့်တွေ့ဆုံရန် ဤမဂ္ဂဇင်းထုတ်ဝေသူများနှင့် ဆက်သွယ်ပါ။ သင်နှင့် သင့်မိသားစုသည် အစဉ်သန့်ရှင်း စင်ကြယ်နေသည့်ဝန်းကျင်တွင် မည်သို့ပျော်မွေ့နိုင်ကြောင်း လေ့လာနိုင်သည့်အခွင့်ထူးကို လက်လွတ်မခံပါနှင့်။