မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငါ့ရဲ့မွေးချင်း လောင်းရိပ်အောက်က ငါဘယ်လိုလွတ်နိုင်မလဲ

ငါ့ရဲ့မွေးချင်း လောင်းရိပ်အောက်က ငါဘယ်လိုလွတ်နိုင်မလဲ

လူငယ်များအမေး . . .

ငါ့ရဲ့မွေးချင်း လောင်းရိပ်အောက်က ငါဘယ်လိုလွတ်နိုင်မလဲ

“ကျွန်မဟာ ကိုယ်ပိုင်ဟန်နဲ့နေချင်တယ်၊ ဒါပေမဲ့ အစ်မတွေရဲ့ကျော်ကြားမှုတွေနောက် အမီလိုက်နေရမယ်လို့ ကျွန်မ အမြဲခံစားခဲ့ရတယ်။ အစ်မ လုပ်ဆောင်ဖြစ်မြောက်နိုင်တာတွေကို ကျွန်မ ဘယ်တော့မှ လုပ်ဆောင်နိုင်မှာမဟုတ်ဘူးလို့လည်း ခံစားခဲ့ရတယ်။”—ကလဲ။

အရာရာတိုင်းနီးပါး၌ အောင်မြင်နေပုံပေါက်သည့် အစ်ကို သို့မဟုတ် အစ်မတစ်ယောက်ယောက် သင်၌ရှိသလော။ ထိုမွေးချင်းဖြစ်သူနှင့် ပိုတူအောင်ကြိုးစားဖို့ မိဘများက သင့်အား မပြတ်တိုက်တွန်းနေသလော။ သို့ဖြစ်ပါက သင်သည် သူ့လောင်းရိပ်အောက်တွင် အမြဲရှိနေမှာကို စိုးရိမ်မိပေမည်⁠—⁠သင်၏တန်ဖိုးသည် သင့်မွေးချင်း၏ ပြီးမြောက်အောင်မြင်မှုများနှင့်စာလျှင် သင်မည်မျှဖြစ်မြောက်နိုင်သည်နှင့် အမြဲတိုင်းတာခံရမည်။

ဘာရီ *၏အစ်ကိုများသည် အလွန်အလေးထားကြသည့် ဓမ္မအမှုသင်တန်းကျောင်း *မှ ကျောင်းဆင်းများဖြစ်ကာ ခရစ်ယာန်များအဖြစ် ဂုဏ်သတင်းကောင်းရရှိကြသည်။ ဘာရီ ဤသို့ဝန်ခံသည်– “ဟောပြောခြင်းလုပ်ငန်းမှာ သူတို့ရဲ့စံနှုန်းတွေကို လိုက်မီဖို့၊ ဒါမှမဟုတ် လူထုဟောပြောချက်ပေးတဲ့အခါတွေမှာ သူတို့လောက်ကောင်းဖို့ ဘယ်တော့မှဖြစ်နိုင်မှာ မဟုတ်ဘူးလို့ ခံစားရတဲ့အတွက် ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချမှု နည်းလာတယ်။ ကျွန်တော့်အစ်ကိုတွေ ဖိတ်ကြားခံရတဲ့အခါမျိုးမှာ သူတို့နောက်ပဲ အဖော်လိုက်ရတာကြောင့် ကိုယ့်ဘာသာကို မိတ်ဆွေသူငယ်ချင်းတွေရှာဖို့ မလွယ်ဘူးဆိုတာ သိလာတယ်။ ကျွန်တော့်အစ်ကိုတွေကြောင့်သာ ကျွန်တော့်ကို လူတွေခင်မင်ကြတာလို့ ခံစားရတယ်။”

မကြာခဏ ချီးမွမ်းခံရသည့် မွေးချင်းတစ်ယောက် သင်၌ရှိပါက မနာလိုဖြစ်မည်မှာ မဆန်းပါ။ ကျမ်းစာခေတ်မှ လူငယ်ယောသပ်သည် သူ့အစ်ကိုများအလယ်တွင် ထင်ပေါ်ခဲ့သည်။ သူ၏မွေးချင်းများအပေါ် အဘယ်အကျိုးသက်ရောက်ခဲ့သနည်း။ “သူ့ကိုမုန်း၍ မေတ္တာစကားကို သူ့အားမပြောနိုင်ကြ။” (ကမ္ဘာဦး ၃၇:၁-၄) အမှန်မှာ ယောသပ်သည် ကျိုးနွံသူဖြစ်၏။ သို့သော် သင့်မွေးချင်းဖြစ်သူသည် သူ၏အောင်မြင်မှုများကို သင့်အားမပြတ်ပြောဆိုခြင်းဖြင့် ပြိုင်ဆိုင်လိုစိတ်ကို နှိုးဆွကာ မခံချိမခံသာဖြစ်စေပေမည်။

ထိုသို့သောအပြုအမူများကို လူငယ်အချို့က ပုန်ကန်ခြင်းဖြင့် တုံ့ပြန်ကြသည်—⁠ကျောင်းတွင် အဆင့်ကျအောင်ပြုခြင်း၊ ခရစ်ယာန်လုပ်ငန်းဆောင်တာများကို သိသိသာသာလျှော့ချလိုက်ခြင်း သို့မဟုတ် ဆိုးဝါးသောအမူအကျင့်များ ပြုကျင့်ခြင်းတို့ဖြစ်နိုင်သည်။ သူတို့၏ မွေးချင်းကဲ့သို့ မလုပ်ဆောင်နိုင်လျှင် လုံးဝမကြိုးစားဘဲနေခြင်းက သာ၍ကောင်းမည်ဟု တွေးမိနိုင်သည်။ သို့သော် ပုန်ကန်ခြင်းသည် ရေရှည်တွင် သင့်အားသာ ထိခိုက်နစ်နာစေမည်။ သင့်ကိုယ်ကို ယုံကြည်စိတ်ချမှုရှိစေသည့်နည်းဖြင့် သင့်မွေးချင်း၏ လောင်းရိပ်အောက်မှ သင်မည်သို့ လွတ်နိုင်မည်နည်း။

သူတို့ကို အထင်မကြီးလွန်းပါနှင့်

သင့်မွေးချင်းရရှိထားသည့် အာရုံစိုက်မှုအားလုံးကိုထောက်ရှု၍ သူသည် ခြောက်ပြစ်ကင်းဖြစ်ကာ သင့်အနေနှင့် ဘယ်တော့မျှ မယှဉ်သာဟု ယူမှတ်လာနိုင်သည်။ သို့သော် ယင်းသည် တကယ်မှန်ပါ၏လော။ ထိုအကြောင်းကို သမ္မာကျမ်းစာက ဤသို့ပွင့်ပွင့်လင်းလင်း ဖော်ပြထားသည်– “လူအပေါင်းတို့သည် [မကောင်းမှု] ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။”—⁠ရောမ ၃:⁠၂၃

မှန်ပါသည်၊ မွေးချင်းများ၏ ပင်ကိုစွမ်းရည်များသည် မည်သို့ပင်ရှိပါစေ သူတို့သည် ကျွန်ုပ်တို့ကဲ့သို့ “လောကဓံတရား၌ ကျင်လည်သောသူဖြစ်” ကြဆဲပင်။ (တမန်တော် ၁၄:၁၅) သူတို့အားအထင်ကြီးလွန်းရန် သို့မဟုတ် အကြည်ညိုပိုလွန်းရန် အကြောင်းမရှိချေ။ စုံလင်သောစံနမူနာကို ချမှတ်ခဲ့သည့် တစ်ဦးတည်းသောလူသားမှာ ယေရှုခရစ်ဖြစ်သည်။—⁠၁ ပေတရု ၂:⁠၂၁

သူတို့ထံမှ သင်ယူလေ!

ထို့နောက်၊ အတွေ့အကြုံသင်ယူရန် အခွင့်အရေးတစ်ရပ်အဖြစ် သင့်အနေအထားကို ကြိုးစားရှုမြင်ပါ။ သာဓကအနေနှင့် ယေရှုခရစ်၏ မောင်နှမများကို သုံးသပ်ကြည့်ပါ။ (မဿဲ ၁၃:၅၅၊ ၅၆) သူတို့၏ စုံလင်သောအစ်ကိုကြီးထံမှ သူတို့သင်ယူနိုင်ရာများကို စဉ်းစားကြည့်ပါ! သို့တိုင် “ညီတော်တို့ပင် ကိုယ်တော်ကို မယုံကြည်ကြ။” (ယောဟန် ၇:၅သမ္မာ) မာနကြီးခြင်းနှင့် မနာလိုခြင်းတို့က သူတို့၏ယုံကြည်ခြင်းကို ဟန့်တားခြင်းဖြစ်ကောင်းဖြစ်မည်။ “ငါ့ထံ၌နည်းခံကြလော့” ဟူသည့် ယေရှု၏ စေတနာပါသောဖိတ်ခေါ်ချက်ကို တုံ့ပြန်ခဲ့ကြသူများမှာ ကိုယ်တော်၏ ဝိညာဉ်ရေးညီအစ်ကိုများ—⁠တပည့်များ—⁠ဖြစ်ကြသည်။ (မဿဲ ၁၁:၂၉) ယေရှု ရှင်ပြန်ထမြောက်ပြီးနောက်မှသာ ကိုယ်တော့်ထံမှ သင်ယူစရာများစွာရှိကြောင်း ယေရှု၏ညီတော်များ သဘောပေါက်လာခဲ့ကြသည်။ (တမန်တော် ၁:၁၄) သို့တိုင် သူတို့၏ ထင်ပေါ်ကျော်ကြားသောအစ်ကိုကြီးထံမှ သင်ယူနိုင်သည့် အခွင့်ထူးများစွာကို လက်လွတ်သွားခဲ့ကြပေပြီ။

ကာဣနသည် အလားတူအမှားမျိုး ကျူးလွန်ခဲ့၏။ သူ၏ညီ အာဗေလသည် ယေဟောဝါ၏ ထင်ပေါ်သောကျေးကျွန်တစ်ဦးဖြစ်ခဲ့သည်။ သမ္မာကျမ်းစာ၌ ‘ထာဝရဘုရားသခင်သည် အာဗေလနှင့် သူ၏ပူဇော်ရာယဇ်ကို ပမာဏပြုတော်မူ၏’ ဟုဆိုသည်။ (ကမ္ဘာဦး ၄:၄) သို့သော် အကြောင်းရင်းတချို့ကြောင့် ဘုရားသခင်သည် ‘ကာဣနနှင့် သူ၏ပူဇော်ရာယဇ်ကို ပမာဏပြုတော်မမူ။’ ကာဣနသည် နှိမ့်ချမှုပြကာ သူ့ညီထံမှ သင်ယူနိုင်ပေသည်။ ယင်းအစား “ကာဣနသည် အလွန်စိတ်ဆိုး” ၍ အဆုံး၌ အာဗေလကို သတ်လိုက်သည်။—⁠ကမ္ဘာဦး ၄:၅-၈

သင်သည် သင့်မွေးချင်းအပေါ် ထိုသို့သောအမျက်ဒေါသမျိုး ဘယ်တော့မျှထွက်မည် မဟုတ်ပေ။ သို့သော် မာနကြီးခြင်းနှင့် မနာလိုခြင်းတို့က အတားအဆီးဖြစ်စေမည်ဆိုလျှင် သင်လည်း အဖိုးတန်အခွင့်အလမ်းများ လက်လွတ်သွားနိုင်သည်။ သင်္ချာဘာသာတွင် ထူးချွန်သော၊ သမိုင်းဘာသာတွင် ထူးချွန်သော၊ သင်အနှစ်သက်ဆုံးအားကစားကို ကျွမ်းကျင်သော၊ ကျမ်းစာနှင့်ပတ်သက်၍ ထူးခြားသည့်အသိပညာရှိသော သို့မဟုတ် လူထုရှေ့စကားပြောကောင်းသော မွေးချင်းတစ်ယောက် သင်၌ရှိပါက မနာလိုစိတ်မရှိရန် သင်တွန်းလှန်ရပေမည်! ထို့ထက်ကား “ငြူစူသောသဘော [“မနာလိုခြင်း၊” ကဘ] မူကား အရိုးဆွေးမြေ့ခြင်းအကြောင်းဖြစ်” ၍ သင့်အား အကျိုးယုတ်စေနိုင်သည်။ (သု. ၁၄:၃၀; ၂၇:၄) စိတ်ခုနေမည့်အစား သင့်မွေးချင်းထံမှ ကြိုးစားသင်ယူပါလေ။ သင်၌မရှိသော စွမ်းရည် သို့မဟုတ် အတတ်ပညာအချို့ သူ၌ရှိသည်ဟူသည့်အချက်ကို လက်ခံပါ။ ကိစ္စရပ်များကို သင့်မွေးချင်း လုပ်ဆောင်ပုံကို သတိပြုမှတ်သားပါ—⁠သို့မဟုတ် အကူအညီတောင်းလျှင် ပို၍ပင်ကောင်းသည်။

အစောပိုင်းကဖော်ပြခဲ့သော ဘာရီသည် သူ့အစ်ကိုများချမှတ်ခဲ့သည့် ပုံသက်သေကောင်းများမှ အကျိုးရရှိခဲ့သည်။ သူဤသို့ဆိုသည်– “အသင်းတော်ကသူတွေကိုရော ဟောပြောခြင်းလုပ်ငန်းမှာတွေ့တဲ့သူတွေကိုပါ တလိုတလားကူညီနေတာကြောင့် အစ်ကိုတွေ သိပ်ပျော်ကြတာ ကျွန်တော်တွေ့ရတယ်။ ဒါကြောင့် အစ်ကိုတွေရဲ့ ပုံသက်သေကိုလိုက်ဖို့ ဆုံးဖြတ်လိုက်ပြီး ဘုရားသခင့်နိုင်ငံတော်ခန်းမနဲ့ ဗေသလဆောက်လုပ်ရေးလုပ်ငန်းမှာ ကျွန်တော်ပါဝင်ခဲ့တယ်။ ကျွန်တော်ရလိုက်တဲ့အတွေ့အကြုံက ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုရှိစေပြီး ယေဟောဝါနဲ့ ဆက်ဆံရေးကိုလည်း တိုးတက်လာစေတယ်။”

သင့်ကိုယ်ပိုင်အစွမ်းအစများကို ရှာဖွေခြင်း

သင့်မွေးချင်း၏ အရည်အသွေးကောင်းများကိုတုပခြင်းသည် သင့်ကိုယ်ပိုင်အရည်အသွေးများကို လက်လွတ်ခြင်းဖြစ်မည်ဟု သင်စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်မည်။ သို့သော် ထိုသို့ဖြစ်ရန်မလိုပါ။ ပထမရာစုခရစ်ယာန်များအား တမန်တော်ပေါလု ဤသို့တိုက်တွန်းခဲ့သည်– “ငါကျင့်သည်နည်းတူ . . . ကျင့်ကြ” လော့။ (၁ ကောရိန္သု ၄:၁၆) ထိုအချက်က ပေါလုသည် ထိုသူတို့၏ ကိုယ်ပိုင်အရည်အသွေးများ ကင်းမဲ့သွားစေလို၍ဖြစ်သည်ဟု ဆိုလိုပါသလော။ လုံးဝမဆိုလိုပါ။ ကိုယ်ပိုင်အရည်အသွေးပြရန် အခွင့်အလမ်းများစွာ ရှိပါသည်။ သင်္ချာဘာသာ၌ သင့်မွေးချင်းကဲ့သို့ သင်မထူးချွန်လျှင် သင်၌ချွတ်ယွင်းချက်ရှိနေသည်ဟု မဆိုလိုပေ။ သင်သည် သူနှင့်မတူခြင်းသာဖြစ်သည်။

ပေါလုက လက်တွေ့ကျသောအကြံဉာဏ်ကို ပေးခဲ့သည်– “လူတိုင်း ကိုယ်ပြုသောအမှုကိုစစ်ကြောစေ။ သို့ပြုလျှင် သူတစ်ပါး၌မဆိုဘဲ ကိုယ်၌သာ ဝါကြွားဝမ်းမြောက်စရာအကြောင်း ရှိလိမ့်မည်။” (ဂလာတိ ၆:၄) သင့်ကိုယ်နှိုက်၏ တစ်မူထူးသည့်ကျွမ်းကျင်မှုများနှင့် စွမ်းရည်များ ပိုမိုကျယ်ပြန့်လာရန် လုပ်ဆောင်ပါလေ။ နိုင်ငံခြားဘာသာစကားသင်ယူခြင်း၊ တူရိယာတစ်မျိုးမျိုးတီးတတ်အောင် သင်ယူခြင်း သို့မဟုတ် ကွန်ပျူတာသုံးတတ်ရန်သင်ယူခြင်းတို့က သင့်ကိုယ်သင် လေးစားမှုပိုရှိလာစေပြီး အဖိုးတန်သောအတတ်ပညာများကိုလည်း ရရှိစေမည်။ အပြစ်ဆိုဖွယ်မရှိအောင် လုပ်နိုင်မနိုင်ကို မစိုးရိမ်ပါနှင့်! စေ့စပ်သူ၊ အသိစိတ်ရှိရှိလုပ်ဆောင်တတ်သူ၊ တတ်စွမ်းနိုင်သူဖြစ်အောင် သင်ယူပါ။ (သု. ၂၂:၂၉) သင်သည် တစ်စုံတစ်ခုကို ဝါသနာသိပ်မပါသည့်တိုင် နယပုံပြင် ၁၂:၂၄ [သမ္မာ] က “လုံ့လဝီရိယရှိသောသူသည် အစိုးရလိမ့်မည်” ဟုဆိုထားသည်။

သို့ရာတွင် အထူးသဖြင့် ပြုစုပျိုးထောင်ရန်လိုသည်မှာ သင့်ဝိညာဉ်ရေးတိုးတက်မှုဖြစ်သည်။ ဝိညာဉ်ရေးရာအရည်အသွေးများသည် အာရုံစိုက်မှုပိုရရှိကောင်းရရှိမည့် မည်သည့်စွမ်းရည်ထက်မဆို ပို၍တာရှည်သောတန်ဖိုးရှိသည်။ အမြွှာညီအစ်ကို ဧသောနှင့် ယာကုပ်ကို သုံးသပ်ကြည့်ပါ။ ဧသောသည် “လိမ္မာသော တောသားမုဆိုးဖြစ်” သောကြောင့် ဖခင်၏ချီးမွမ်းမှု များစွာခံရသည်။ သူ၏ညီယာကုပ်မူ “တဲ၌နေတတ်၍ စိတ်ကောင်းသောသူဖြစ်” သောကြောင့် အစပိုင်းတွင် ဂရုမပြုမိဘဲဖြစ်နိုင်သည်။ (ကမ္ဘာဦး ၂၅:၂၇) ဧသောသည် ဝိညာဉ်ရေးရာဘက်တိုးတက်စေရန် ပျက်ကွက်သောကြောင့် ကောင်းချီးများ လက်လွတ်သွားသည်။ ယာကုပ်မူကား ဝိညာဉ်ရေးရာများအပေါ် မြတ်နိုးသောစိတ်ကို ပြုစုပျိုးထောင်သောကြောင့် ယေဟောဝါထံမှ ကောင်းချီးကြွယ်ဝစွာရရှိခဲ့သည်။ (ကမ္ဘာဦး ၂၇:၂၈၊ ၂၉; ဟေဗြဲ ၁၂:၁၆၊ ၁၇) အဘယ်သင်ခန်းစာရသနည်း။ ဝိညာဉ်ရေးဘက် တိုးတက်စေကာ “သင်တို့၏အလင်းကို လင်းစေ” လျှင် သင်၏ ‘တိုးပွားခြင်းသည် လူအပေါင်းတို့ရှေ့ ထင်ရှားလိမ့်မည်။’—⁠မဿဲ ၅:၁၆; ၁ တိမောသေ ၄:⁠၁၅

အစပိုင်း၌ဖော်ပြခဲ့သော ကလဲက ဤသို့ဆိုသည်– “အစ်မရဲ့ လောင်းရိပ်အောက်မှာနေရတာ ကျွန်မကျေနပ်ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ မေတ္တာကို ‘ကျယ်ဝန်းစေပါ’ ဆိုတဲ့ ကျမ်းစာအကြံပြုချက်ကိုလိုက်နာဖို့ ကျွန်မဆုံးဖြတ်လိုက်တယ်။ အသင်းတော်မှာရှိတဲ့ တခြားသူတွေနဲ့ လယ်ကွင်းဓမ္မအမှုလုပ်ငန်းမှာ အတူလုပ်ဆောင်တယ်၊ အသင်းတော်က အကူအညီလိုနေတဲ့သူတွေကို လက်တွေ့ကျကျကူညီပေးနိုင်မယ့်နည်းလမ်းတွေကို ကျွန်မရှာဖွေတယ်။ အသက်အရွယ်အမျိုးမျိုးရှိတဲ့ ညီအစ်ကို၊ ညီအစ်မတွေကို အိမ်ကိုဖိတ်ခေါ်ပြီး ချက်ပြုတ်ဧည့်ခံတယ်။ အခုဆိုရင် ကျွန်မမှာ မိတ်ဆွေအများကြီးရှိတဲ့အပြင် ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချမှု ပိုရှိလာတယ်။”—⁠၂ ကောရိန္သု ၆:⁠၁၃

ရံဖန်ရံခါ သင့်မိဘများသည် မေ့မေ့လျော့လျော့နှင့် သင့်မွေးချင်းတစ်ဦးဦးနှင့်တူရန် သင့်အားဆုံးမကောင်းဆုံးမပေမည်။ သို့သော် မိဘများသည် သင်၏အကောင်းဆုံးအကျိုးကို လိုလားကြောင်းသဘောပေါက်ထားခြင်းက စိတ်နာခြင်းကို လျော့နည်းစေနိုင်သည်။ (သု. ၁၉:၁၁) သို့ရာတွင် ထိုသို့နှိုင်းယှဉ်ပြောဆိုခြင်းက သင့်အားစိတ်ထိခိုက်စေကြောင်း မိဘများအား လေးစားစွာပြောပြခြင်းသည် ကောင်းပေမည်။ မိဘများအနေနှင့် သူတို့၏စိုးရိမ်ပူပန်မှုကို ဖော်ပြရာတွင် အခြားနည်းများ ကြိုးစားရှာဖွေကောင်းရှာဖွေပေမည်။

သင်သည် ယေဟောဝါဘုရားသခင်၏ အမှုတော်ဆောင်သူဖြစ်လျှင် သင့်အား ကိုယ်တော်ဂရုစိုက်ကြောင်းကို ဘယ်တော့မျှမမေ့ပါနှင့်။ (၁ ကောရိန္သု ၈:၃) ထိုအချက်ကို ဘာရီ ဤသို့ချုံး၍ပြောပြသည်– “ယေဟောဝါအမှုတော်ကို ပိုပြီးထမ်းဆောင်လေ ပိုပျော်ရွှင်လာလေပဲ။ အခုဆို လူတွေက ကျွန်တော့်ကိုသိလာကြတယ်၊ ကျွန်တော့်အစ်ကိုတွေကို ခင်မင်ကြသလို ကျွန်တော့်ကိုလည်း ခင်ကြတယ်။”

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 5 အမည်အချို့ကို ပြောင်းထားသည်။

^ အပိုဒ်၊ 5 ယေဟောဝါသက်သေများ စီစဉ်သည်။

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

သင့်မွေးချင်းသည် အဓိကအာရုံစိုက်မှုကို ခံရလေ့ရှိသလော

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

သင့်ကိုယ်ပိုင်အရည်အသွေးများနှင့် စိတ်ဝင်စားရာများကို စူးစမ်းရှာဖွေပါ

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ဝိညာဉ်ရေးအရည်အသွေးများကို တိုးတက်စေခြင်းဖြင့် “သင်တို့၏အလင်းကို လင်းစေ” ပါ