မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နာတာရှည် နဗ်ကြောဖွဲ့ရောဂါကို ခါးစည်းခံခြင်း

နာတာရှည် နဗ်ကြောဖွဲ့ရောဂါကို ခါးစည်းခံခြင်း

နာတာရှည် နဗ်ကြောဖွဲ့ရောဂါကို ခါးစည်းခံခြင်း

အေးဗက်စ်သည် အိမ်သို့ တစ်ဦးတည်း ကားမောင်းပြန်လာစဉ် သူ၏မျက်စိများ ရုတ်တရက် ဝေဝါးလာသည်။ သူသည် ကားကို ချက်ချင်းရပ်လိုက်၏။ မိနစ်အနည်းငယ်ကြာပြီးနောက် သူ၏အမြင် ပြန်ကြည်လင်လာရာ မောပန်းခြင်းကြောင့် မတော်တဆဖြစ်သည်ဟုယူဆပြီး ကားကို ဆက်မောင်းလာခဲ့သည်။ သို့နှင့် လေးနှစ်အကြာ အားလပ်ရက်အနားယူစဉ်တွင် အေးဗက်စ်မှာ ခေါင်းကိုက်လွန်း၍ ညဉ့်သန်းခေါင်အချိန်တွင် အိပ်ရာမှနိုးထလာ၏။ သူသည် ဆေးရုံသို့သွားခဲ့ရာ ဆရာဝန်က အကိုက်အခဲပျောက်ဆေးများပေးပြီး သွေးကြောဖောင်းရောဂါကြောင့်ဖြစ်မည်ကို စိုးရိမ်ကာ မပြတ်စောင့်ကြည့်ပေးခဲ့သည်။

နောက်တစ်နေ့တွင် ဝေဒနာ ပျောက်သွားလေသည်။ သို့ရာတွင် အေးဗက်စ်မှာ အလွန်အားနည်းနေ၏။ ရေတစ်ခွက်ကိုပင် အနိုင်နိုင်ကိုင်ရပြီး သူ့ကိုယ်ခန္ဓာ၏ညာဘက်ခြမ်းမှာ ကျဉ်တင်တင်နှင့် ပူလောင်နေ၏။ စိုးရိမ်စိတ်ဖြင့် သူနှင့်ခင်ပွန်းဖြစ်သူမှာ မိမိတို့၏ အားလပ်ရက်အနားယူချိန်ကို အဆုံးသတ်လိုက်ပြီး အိမ်သို့ ကားမောင်းပြန်ခဲ့ကြသည်။ နောက်တစ်နေ့ နံနက်စာ,စားချိန်တွင် အေးဗက်စ်သည် ခက်ရင်းကိုပင် မကိုင်နိုင်အောင်ဖြစ်ပြီး သူ့ခန္ဓာကိုယ်ညာဘက်ခြမ်းမှာ အားနည်းနေသည်ဟု ယခု ခံစားရ၏။ သူသည် ဆေးရုံသို့သွားပြီး ဆရာဝန်များက ဆက်တိုက် ဘက်စုံစစ်ဆေးမှုများပြုလုပ်ခဲ့ရာ လေဖြတ်ခြင်းမဟုတ်ဟု ယူဆကြသည်။ အစောပိုင်းလေးနှစ်တွင် ဖြစ်ပျက်ခဲ့ရာကို မသိကြသောကြောင့် ဆရာဝန်များက စစ်ဆေးချက်အဖြေများသည် တိကျသေချာမှုမရှိဟု ယူဆခဲ့ကြသည်။ လအတန်ကြာပြီးနောက် အေးဗက်စ်သည် သူ့ခန္ဓာကိုယ်၏ညာဘက်ခြမ်းကို ပြန်လည်အသုံးပြုလာနိုင်သည်။ ထူးဆန်းသည့် ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဝေဒနာခံစားခဲ့ရသည်ဟု သူ ယူဆခဲ့သည်။

နောက်လေးနှစ်တာကာလမှာ ကုန်လွန်သွားခဲ့ပြန်၏။ သို့နှင့် သောကြာနေ့တစ်မနက်ခင်း၌ အေးဗက်စ်သည် အိပ်ရာမှနိုးထချိန်တွင် ဘယ်ဘက်မျက်လုံးမှာ အမြင်မှုန်ဝါးနေ၏။ သူ၏ဆရာဝန်က ယင်းသည် စိတ်ဖိစီးမှုကြောင့်ဖြစ်သည်ဟု ယူဆခဲ့၏။ သို့သော် တနင်္ဂနွေနေ့တွင် ဘယ်ဘက်မျက်လုံးမှာ ကွယ်သွားလေသည်။ အထိထ်တလန့်ဖြစ်သွားကာ ငိုကြွေးပြီး ဆရာဝန်ကိုခေါ်ပြရာ ချက်ချင်းပင် ဆေးစစ်ခဲ့သည်။ စတီးရွိုက်ဆေးဝါးများဖြင့် ကုသခြင်းက သူ့အမြင်အာရုံကို အနည်းငယ်ပြန်ကောင်းစေခဲ့၏။ အခြားသော စစ်ဆေးချက်များပြုပြီးနောက် ဆရာဝန်များက အေးဗက်စ်၏ဝေဒနာကို ရောဂါအမည် တပ်လိုက်ကြသည်။ သူသည် နာတာရှည် နဗ်ကြောဖွဲ့ရောဂါ သို့မဟုတ် MS ရောဂါဖြစ်နေသည်။

နာတာရှည် နဗ်ကြောဖွဲ့ရောဂါဟူသည် အဘယ်နည်း

MS ရောဂါသည် ဦးနှောက်နှင့် ကျောရိုးနဗ်ကြောစည်းတို့ဖြင့်ဖွဲ့စည်းထားသော ဗဟိုနဗ်ကြောဖွဲ့ (CNS) တွင် ရောင်ရမ်းသည့် နာတာရှည်ရောဂါဖြစ်၏။ MS ရောဂါဟူသည် ခန္ဓာကိုယ်အတွင်းပဋိပစ္စည်းများ အလိုအလျောက်တုံ့ပြန်သည့်ရောဂါဟု ဆရာဝန်များစွာက ယူဆထားကြ၏။ ယင်းစကားလုံးသည် ရောဂါပြီးစနစ် ကမောက်ကမဖြစ်ကာ ခန္ဓာကိုယ်ရှိ အချို့သောတစ်ရှူးများကို တိုက်ခိုက်သည့် ရောဂါအုပ်စုအဝင်ဖြစ်ကြောင်း ရည်ညွှန်းနေခြင်းဖြစ်၏။ MS ရောဂါဖြစ်ရသည့် အကြောင်းရင်းကိုမူ မသိရသော်လည်း ဗိုင်းရပ်စ်ကူးစက်မှုမှ စဖြစ်လာခြင်းဖြစ်နိုင်သည်ဟု ယူမှတ်ကြသည်။ အဆုံးတွင် ယင်းသည် CNS နဗ်ကြောမျှင်များကို ဝန်းရံထားသော မိုင်ယီလင်အစွပ်ကို ပစ်မှတ်ထားတိုက်ခိုက်သည့် ရောဂါပြီးစနစ်၏ အစိတ်အပိုင်းဖြစ်ဖွယ်ရှိပြီး အရေးပါသော အဆီဓာတ်တစ်မျိုးဖြစ်သည့် မိုင်ယီလင်ပေါ်တွင် ချိုင့်ခွက် အနာအဆာများ ဖြစ်စေ၏။ အမှန်မှာ နာတာရှည် နဗ်ကြောဖွဲ့ရောဂါဟူသည် နဗ်ကြောမျှင်များတွင် ဖြစ်ပေါ်သည့် တစ်ရှူးအနာခွက်များကို ရည်ညွှန်းခြင်းဖြစ်သည်။

မိုင်ယီလင်သည် တချို့သောနဗ်ကြောတစ်ရှူးများကို ကာရံပေးထားသည့် လျှပ်ကာပစ္စည်းကဲ့သို့ လုပ်ဆောင်၏။ ထို့ကြောင့် မိုင်ယီလင် ပျက်စီးယိုယွင်းလာသည့်အခါ လျှပ်စစ်လှုံ့ဆော်လှိုင်းများမှာ လုံးဝ ပိတ်ဆို့ခံလိုက်ရပေမည်၊ သို့မဟုတ် အနီးစပ်ဆုံးနဗ်ကြောများတွင် လျှပ်စစ်ပတ်လမ်း ပြတ်သွားကာ လွန်ကဲသည့်လှုံ့ဆော်မှု ဖြစ်စေသည်။ သို့နှင့် CNS ၏နေရာတိုင်းလိုလိုတွင် ပျက်ယွင်းမှုဖြစ်ပေါ်နိုင်သောကြောင့် ရောဂါလက္ခဏာ တထေရာတည်း တူညီသည့်လူနာဟူ၍ မရှိချေ။ CNS ရှိ ထိခိုက်သည့် အစိတ်အပိုင်းပေါ်မူတည်ပြီး လူနာတစ်ဦးတွင် ရောဂါလက္ခဏာအမျိုးမျိုး ခံစားရနိုင်သည်။ သို့တိုင် ရောဂါလက္ခဏာများတွင် များသောအားဖြင့် မောဟိုက်ခြင်း၊ အားနည်းခြင်း၊ ခြေဖျားလက်ဖျားများ ထုံကျဉ်ခြင်း၊ လမ်းလျှောက်ရခက်ခြင်း၊ အမြင်မှုန်ဝါးခြင်း၊ ဖျဉ်းတင်းတင်းဖြစ်ခြင်း၊ ပူလောင်ခြင်းတို့ပါဝင်ပြီး ဆီးအိမ်နှင့် အူသိမ်အူမတို့၏လုပ်ဆောင်မှု ကမောက်ကမဖြစ်ခြင်းတို့အပြင် အာရုံစိုက်မရခြင်းနှင့် ဆုံးဖြတ်ချက်ကောင်း မချနိုင်ခြင်းတို့ ပါဝင်လေ့ရှိသည်။ သို့ရာတွင် စိတ်သက်သာစရာအချက်မှာ လူနာများစွာသည် “ဆိုးဆိုးရွားရွား မသန်မစွမ်းဖြစ်မသွားကြ” ဟု ယူနိုက်တက်စတိတ်ရှိ အမျိုးသား နာတာရှည်နဗ်ကြောဖွဲ့ရောဂါ တိုက်ဖျက်ရေးအသင်း ကဖော်ပြခဲ့၏။—“MS ရောဂါ၏ အဓိကအမျိုးအစားလေးမျိုး” လေးထောင့်ကွက်ကိုရှု။

အေးဗက်စ်၏ကိစ္စကဲ့သို့ပင် အစပိုင်းတွင် ရောဂါအမည်တပ်ရန် ခက်ခဲနိုင်၏၊ အကြောင်းမှာ အခြားရောဂါအတော်များများနှင့် လက္ခဏာဆင်တူနိုင်သောကြောင့်တည်း။ သို့သော် ထပ်တလဲလဲ ရောဂါပြန်ထတတ်သည့် ရာဇဝင်ရှိသောကြောင့် ဆရာဝန်များသည် အများအားဖြင့် ပို၍တိကျမှန်ကန်စွာ အကဲဖြတ်သတ်မှတ်နိုင်ကြပြီ။—“MS ရောဂါ အထူးစမ်းသပ်နည်းများ” လေးထောင့်ကွက်ကိုရှု

ကမ္ဘာတစ်ဝန်းတွင် လူ ၂.၅ သန်းကျော်သည် MS ရောဂါခံစားနေကြသည်။ ဤကိန်းဂဏန်းတွင် ကနေဒါလူမျိုး ၅၀,၀၀၀ နှင့် အပတ်စဉ် လူ ၂၀၀ ခန့်မှာ ဤရောဂါလက္ခဏာပြနေသည့် ယူနိုက်တက်စတိတ်တွင်နေထိုင်သူ ၃၅၀,၀၀၀ နီးပါးတို့ ပါဝင်ကြသည်။ “ထိခိုက်ဒဏ်ရာရခြင်းမှအပ [MS] ရောဂါသည် လူလတ်ပိုင်းတွင် အာရုံကြောချို့ယွင်းမှု အများဆုံးဖြစ်စေသည်” ဟု ဆေးစာအုပ်တစ်အုပ်တွင် ဖော်ပြထား၏။ ယင်းသည် အမျိုးသားများထက် အမျိုးသမီးများစွာတွင် နှစ်ဆနီးပါး ဖြစ်ပွားတတ်ပြီး အစပိုင်းရောဂါလက္ခဏာများမှာ အများအားဖြင့် အသက် ၂၀ နှင့် ၅၀ ကြားတို့တွင် ဖြစ်ပေါ်လေ့ရှိ၏။

MS ရောဂါကို ကိုင်တွယ်ထိန်းချုပ်ခြင်း

MS ရောဂါသည် ကုသ၍မပျောက်နိုင်သေးသောကြောင့် ဆရာဝန်များသည် ရောဂါဆိုးလာမှုကို ရပ်သွားစေခြင်း သို့မဟုတ် နှေးကွေးစေခြင်းတို့ဖြင့် ရောဂါကို ကိုင်တွယ်ထိန်းချုပ်ထားရန် ကြိုးစားနေကြသည်။ MS ရောဂါဆိုးလာမှု ရပ်သွား သို့မဟုတ် နှေးကွေးသွားစေပြီး အသည်းအသန်ဖြစ်မှုကို လျော့နည်းစေရန် ရည်ရွယ်ဖော်စပ်သည့်ထားဆေးဝါးများတွင် အင်တာဖာရွန် (ကိုယ်ခံအားဆဲလ်များမှထုတ်လုပ်သည့် သဘာဝပရိုတိန်း) အနည်းဆုံးနှစ်မျိုးနှင့် ဂလက်တီရာမာအက်ဆီတိတ် ပရိုတိန်းတုဟုခေါ်သည့် ဆေးဝါးတို့ပါဝင်သည်။

ဆရာဝန်များသည် ရောင်ရမ်းမှုကို သက်သာပျောက်ကင်းစေရန်နှင့် ရောဂါပြန်ထလာသည့်အခါ အမြန်ဆုံးနာလန်ထူလာစေရန် အချို့လူနာများအတွက် ကော်တီကိုစတီးရွိုက်ဆေးများကိုလည်း ပေးကြသည်။ သို့သော် “ကော်တီကိုစတီးရွိုက်ဆေးဖြင့် ရေရှည်ကုသခြင်းသည် မသင့်တော်ပါ၊ အရိုးပွရောဂါ၊ အနာခွက်များနှင့် ဆီးချိုရောဂါအပါအဝင် ဆင့်ပွားရောဂါ မြောက်မြားစွာ ဖြစ်စေနိုင်သည်”ဟု သည်မာ့ခ်လက်စွဲဆေးစာစောင်တွင် ဖော်ပြထား၏။ ထို့ပြင် စတီးရွိုက်ကုထုံးသည် ဤရောဂါအတွက် ရေရှည်ဆေးပတ်ကို ပြောင်း၍မရပါ။ ထို့ကြောင့် အချို့ဆရာဝန်များသည် ရောဂါသိပ်မပြင်းလျှင် ထိုနည်းဖြင့် မကုသပေးလိုကြချေ။ *

တစ်ဖက်မှနေ၍လည်း ပျက်စီးသွားသော မိုင်ယီလင်ကို ပြန်အစားထိုးနိုင်သည့်နည်းများကို အချို့သုတေသီများက ရှာဖွေလေ့လာနေကြသည်။ ဓာတ်ခွဲခန်းလေ့လာမှုများတွင် သူတို့သည် အရွယ်ရောက် မိုင်ယီလင်ထုတ်ဆဲလ်များကို ဖြစ်ပေါ်စေသည့် မျိုးရိုးလိုက်သောဆဲလ်တချို့ကို တွေ့ရှိခဲ့ကြသည်။ ယင်းဖြစ်စဉ်ကို လှုံ့ဆော်ပေးနိုင်မည့်နည်းကို သိရှိကြမည်ဆိုလျှင် သူတို့သည် ပျက်စီးသွားသည့်နဗ်ကြောများကို ပြန်အစားထိုးပြုပြင်ပေးရန် ကိုယ်ခန္ဓာအား လှုံ့ဆော်ပေးနိုင်ကြပေမည်။

MS ရောဂါကို ခါးစည်းခံခြင်း

MS ရောဂါခံစားနေသူ ၅၀ ရာခိုင်နှုန်းကျော်က သူတို့ ခံစားရအခက်ခဲဆုံးပြဿနာတစ်ခုမှာ မောဟိုက်နေခြင်းဖြစ်သည်ဟု ဆိုကြ၏။ မောဟိုက်ခြင်းသည် ရောဂါလက္ခဏာများ တိုး၍ဆိုးရွားစေနိုင်ပြီး လူတစ်ဦး၏အလုပ်အကိုင်နှင့် အလုပ်အကိုင် ရရေး၊ မြဲရေးကို ထိခိုက်စေနိုင်သည်။ ယင်းက ရောဂါအား တောင့်ခံထားနိုင်မှုကို ဆုတ်ယုတ်စေနိုင်သည်။ ထို့ကြောင့် မွန်းလွဲပိုင်းတွင် မောဟိုက်မှုခံစားရသူများစွာသည် တစ်နေ့တာ၏ အစောပိုင်းအချိန်တွင် မိမိတို့လုပ်ဆောင်ဖွယ်ရာများကို လုပ်ထားကြပြီး မွန်းလွဲပိုင်းတွင် မှန်မှန် တစ်မှေးအိပ်စက်ခြင်းက အကူအညီဖြစ်စေကြောင်း တွေ့ရှိခဲ့ကြသည်။ သာဓကအနေနှင့် မွန်းလွဲချိန်တိုင်းတွင် တစ်နာရီမျှ အနားယူခြင်းသည် အေးဗက်စ်အား သူ၏အချိန်ပြည့် ဓမ္မအမှုစေတနာ့ဝန်ထမ်းတစ်ဦးအဖြစ် ဆက်လုပ်ဆောင်ရန် အထောက်အကူရခဲ့သည်။

MS ဝေဒနာရှင်များအတွက် အထွေထွေကျန်းမာရေး စောင့်ရှောက်မှုနှင့်ပတ်သက်၍ “စိတ်ဖိစီးမှုကိုလျော့ချခြင်း၊ အာဟာရမျှတသောအစာကိုစားခြင်း၊ ကိုယ်အလေးချိန် ရုတ်ခြည်းလျှော့ချခြင်းကို ရှောင်ခြင်းနှင့် လုံလောက်သည့် အနားယူခြင်းအပါအဝင်” ကျန်းမာရေးထိန်းသိမ်းထားခြင်း၏ အရေးကြီးမှုကို ဟယ်ရီဆင်၏ ကိုယ်တွင်းဆေးပညာ အခြေခံသဘောတရားများတွင် အလေးပေးဖော်ပြထားသည်။ စိတ်ဖိစီးမှုသည် ရောဂါပြန်ထမှုကို မြန်စေနိုင်သည်ဟု သုတေသီအများစုက ယူဆကြသည်။ သို့ဖြစ်၍ အတော်အတန် ရှောင်ရှားနိုင်ဖွယ်ရှိသည့် စိတ်ဖိစီးမှုဖြစ်စေသည့်အကြောင်းရင်းများကို သိရှိထားခြင်းသည် ယောက်စီယောက်တိုင်းအတွက် အကျိုးရှိသည်။

တစ်ဖက်တွင်မူ MS ဝေဒနာရှင်များသည် ဘဝ၏ ပုံမှန်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်သင့်သော်လည်း အလွန်အကျွံအလုပ်လုပ်ခြင်း၊ အမောခံခြင်း သို့မဟုတ် အပူ၊ အအေးခံလွန်းခြင်းတို့ကို ရှောင်ကြဉ်သင့်၏။ သူတို့သည် သင့်လျော်သည့် လေ့ကျင့်ခန်းများကိုလည်း ပြုလုပ်သင့်သည်။ သည်မာ့ခ်လက်စွဲက ဤသို့ဆို၏– “လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်း (ဥပမာ၊ လေ့ကျင့်ခန်းလုပ် စက်ဘီးစီးခြင်း၊ လေ့ကျင့်စက်ခါးပတ်တွင် လေ့ကျင့်ခန်းလုပ်ခြင်း၊ ရေကူးခြင်း၊ အကြောလျှော့လေ့ကျင့်ခန်းလုပ်ခြင်း) သည် နှလုံးနှင့် ကြွက်သားများကို ကျန်းမာစေပြီး ကြွက်တက်ခြင်းကို လျော့နည်းစေသည့်အတွက် MS ရောဂါရင့်နေသည့် ဝေဒနာရှင်များအတွက်ပင် သင့်တော်ပြီး စိတ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးများလည်း ရရှိစေသည်။”

“သင်ကိုယ်သင် သိဖို့အရေးကြီးတယ်” ဟု အေးဗက်စ်ပြောခဲ့၏။ “ပုံမှန်မဟုတ်တဲ့ မောဟိုက်မှုကို ကျွန်မခံစားရတဲ့အခါ ဒါမှမဟုတ် ကျွန်မရဲ့ ခြေဖျားလက်ဖျားတွေ ဖျင်းတင်းတင်း ကျဉ်တင်တင်ဖြစ်လာတဲ့အခါ တစ်ရက်၊ နှစ်ရက်လောက် နားနားနေနေ,နေဖို့လိုပြီဆိုတာ ကျွန်မသိလိုက်တယ်။ ဒါက ဝေဒနာကို ထိန်းထားနိုင်ဖို့ ကျွန်မကို အကူအညီဖြစ်စေတယ်။”

စိတ်ဓာတ်ကျခြင်းသည် MS ဝေဒနာရှင်များအတွက် ပြဿနာတစ်ခု ဖြစ်နိုင်သော်လည်း ရောဂါဖြစ်စဉ်၏ တိုက်ရိုက်အကျိုးဆက်တစ်ခုတော့ မဟုတ်ပါ။ ရောဂါစ၍ခံစားရပြီးနောက် ဝေဒနာရှင်များသည် စိတ်သောကအမျိုးမျိုး ခံစားသွားကြရရှာသည်။ အဖြစ်မှန်ကိုလက်မခံနိုင်ခြင်း၊ ဒေါသထွက်ခြင်း၊ အလိုမကျဖြစ်ခြင်း၊ ဝမ်းနည်းခြင်းနှင့် အကူအညီမဲ့ဖြစ်ခြင်းတို့ ခံစားရနိုင်သည်။ ၎င်းခံစားချက်များသည် ပုံမှန်ဖြစ်နေကျများဖြစ်ကာ ပြန်တည်ငြိမ်သွားတတ်ပြီး ပို၍ အပြုသဘောဆောင်သည့် သဘောထားကို ရရှိလာစေသည်။

မိသားစုဝင်နှင့် မိတ်ဆွေများနှင့်လည်း ပတ်သက်လာနိုင်သည်မှာ သဘာဝဖြစ်ရာ ရောဂါတွေ့ရှိစ လူတစ်ဦး၏ဝမ်းနည်းမှုကို မျှဝေခံစားပေးရလေ့ရှိသည်။ သို့သော် သူတို့သည် ဤရောဂါအကြောင်းသိရှိရန် ကြိုးစားကြမည်ဆိုလျှင် အောင်မြင်စွာရင်ဆိုင်ဖို့ အသင့်ရှိစေပြီး ဝေဒနာရှင်ဖြစ်သူကို ကောင်းကောင်း ထောက်မနိုင်ပါလိမ့်မည်။ MS ရောဂါကြောင့် အသက်တိုသွားခြင်းမျိုးမရှိ၊ မကူးစက်တတ်ကြောင်းနှင့် တိုက်ရိုက် မျိုးရိုးလိုက်ခြင်းမရှိကြောင်း သိထားလျှင် ကောင်းသည်။ သို့သော်လည်း ရောဂါသည် မျိုးရိုးလိုက်ဖွယ်ရှိကြောင်း စာရင်းအချက်အလက်များက ဖော်ပြ၏။

MS ဝေဒနာရှင်များစွာသည် ဘဝကို တန်ဖိုးရှိရှိနှင့် ပျော်ရွှင်စွာ နေထိုင်လျက်ရှိကြသည်။ အေးဗက်စ်သည် ဘုရားသခင်နှင့်ဆက်ဆံရေး၊ အနာဂတ်အတွက် ကျမ်းစာအခြေပြုမျှော်လင့်ချက်တို့မှ ထပ်ဆင့်ခွန်အားရရှိခဲ့၏။ မှန်ပါသည်၊ သူသည် ဘုရားသခင့် နိုင်ငံတော်အုပ်ချုပ်မှုအောက် “ငါနာသည်” ဟုမည်သူမျှ မပြောဆိုတော့မည့်အချိန်ကို စိတ်အားထက်သန်စွာ စောင့်မျှော်လျက်ရှိ၏။ (ဟေရှာယ ၃၃:၂၄; ဗျာ. ၂၁:၃၊ ၄) သင်သည် MS ရောဂါ သို့မဟုတ် အခြားပြင်းထန်သော ရောဂါတစ်မျိုးမျိုးကို ခံစားနေရလျှင် “ကျမ်းစာ၌ပါသော သက်သာခြင်း” သည် သင့်ကိုလည်း ထောက်မအားပေးနိုင်ပြီး သင့်အခက်အခဲများကို ပို၍ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် ကူညီပေးပါလိမ့်မည်။—ရောမ ၁၅:⁠၄

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 12 မကြာသေးမီလေ့လာချက်များအရ MS ရောဂါခံစားနေရသူ ၅၀ နှင့် ၆၀ ရာခိုင်နှုန်းကြားသည် ဗီတာမင်၊ သတ္တုဓာတ်၊ ဆေးဖက်ဝင်အပင်များနှင့် အခြားဖြည့်စွက်ဓာတ်စာများ မှီဝဲကြကြောင်းသိရှိရသည်။ ၎င်းတို့အနက်တချို့မှာ MS ရောဂါခံစားနေရသည့် ဝေဒနာရှင်များအတွက် ဘေးမဖြစ်စေသော်လည်း တချို့မှာမူ ရည်ရွယ်သည့်အတိုင်းဖြစ်မလာ သို့မဟုတ် အန္တရာယ်ပင်ဖြစ်သွားတတ်၏။ ထို့ကြောင့် လူနာများသည် မည်သည့်ထပ်ဆင့်ကုထုံးများ သို့မဟုတ် ဖြည့်စွက်ဓာတ်စာများကိုမဆို ကုသမှီဝဲခြင်းမပြုမီ ဖြစ်နိုင်ဖွယ်အန္တရာယ်များကို ထည့်သွင်းစဉ်းစားထားသင့်သည်။

[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်]

MS ရောဂါ၏ အဓိကအမျိုးအစားလေးမျိုး

ရောဂါပြန်ထလိုက် သက်သာသွားလိုက်ဖြစ်ခြင်း– ယင်းသည် ရောဂါ၏ ဖြစ်နေကျပုံစံဖြစ်ပြီး ရောဂါလက္ခဏာ၏ပထမအဆင့်၌ ဝေဒနာရှင် ၇၀ မှ ၈၀ ရာခိုင်နှုန်းသည် ဤသို့ပင် ခံစားကြရသည်။ ရောဂါပြန်ထချိန် သို့မဟုတ် ပြန်ပေါ်ချိန်များသည် ရောဂါကင်းရှင်းချိန်ကာလများနှင့် သိသိသာသာကွာခြားသည်၊ ရောဂါရှင်းချိန်ကာလအတွင်း ရောဂါလက္ခဏာလုံးဝမရှိတော့ သို့မဟုတ် တချို့တစ်ဝက်လျော့ပါးသွားသည်။ ရောဂါပြန်မထမီ ကြားချိန်များတွင် ရောဂါဆိုးရွားလာသည့်လက္ခဏာ မရှိပါ။

ရောဂါဒုတိယအဆင့်– ရောဂါထလိုက်၊ သက်သာလိုက်ဖြစ်သည့်ပုံစံမျိုးကို အစပိုင်း၌ခံစားခဲ့ရသော လူနာ ၇၀ ရာခိုင်နှုန်းကျော်သည် MS ရောဂါဒုတိယအဆင့်သို့ ဆက်ဖြစ်သွားသည်။ သူတို့သည် ဆက်လက်၍ ရောဂါပြန်ထနေပေမည်၊ သို့သော် နဗ်ကြောလုပ်ဆောင်မှုများ ပျက်စီးသည်ထက်ပျက်စီးလာကြောင်းကိုလည်း သူတို့ တဖြည်းဖြည်း ခံစားရကြသည်။

ဆက်တိုက် ရောဂါထခြင်း– ဤ MS ရောဂါအမျိုးအစားသည် လူနာ ၁၀ ရာခိုင်နှုန်းကျော်ကို ထိခိုက်စေပြီး စတင်ခံစားရချိန်မှစ၍ ဆိုးရွားသည်ထက်ဆိုးရွားလာသည်။ လူနာများသည် အပြင်းအထန်ရောဂါပြန်ထပြီး သက်သာသွားကြသည် သို့မဟုတ် ပြန်မသက်သာဘဲလည်း ဖြစ်တတ်သည်။ ရောဂါပြန်ထလိုက် သက်သာလိုက်ဖြစ်သည့်ပုံစံမျိုးနှင့်မတူဘဲ ရောဂါပြန်ထသည့်အချိန်စပ်ကြား ရောဂါတိုးလာသည်။

အဓိကအဆင့် ရောဂါတိုးခြင်း– ဤ MS ရောဂါအမျိုးအစားသည် ဝေဒနာရှင် ၁၀ မှ ၁၅ ရာခိုင်နှုန်းကို ထိခိုက်စေ၏။ ယင်း၏အစပိုင်းမှစ၍ သိသိသာသာရောဂါပြန်ထခြင်းနှင့် သက်သာသွားလိုက်ဖြစ်ခြင်းတို့မရှိဘဲ ဆက်တိုက်နီးပါး ရောဂါတိုးလာသည်။ သို့သော် တစ်ခဏမျှ အနည်းအကျဉ်းသက်သာလိုက်နှင့် ရောဂါဖြစ်နေစဉ်တစ်လျှောက်တွင် ရောဂါတိုးနှုန်းမှာ အမျိုးမျိုးပြောင်းလဲနိုင်၏။ ယင်းသည် အသက် ၄၀ ကျော်ပြီးနောက်မှ MS ရောဂါရရှိလာသည့် လူများတွင် ပိုပြီးဖြစ်လေ့ရှိသည်။

[Credit Line]

Sources: The U.S. National Multiple Sclerosis Society and the book Multiple Sclerosis in Clinical Practice. Depending on the source, percentage figures vary slightly.

[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်]

MS ရောဂါ အထူးစမ်းသပ်နည်းများ

သံလိုက်ဓာတ်မှန် (MRI)- ဓာတ်မှန်စနစ်များအနက် အသုံးအဝင်ဆုံးနည်း တစ်နည်းဖြစ်သော MRI သည် ဦးနှောက်တစ်ရှူး၏ပုံရိပ်များကို အလွန့်အလွန် အသေးစိတ်ပုံဖော်ပေးနိုင်သည်။ ယင်းပုံရိပ်များသည် MS ရောဂါ၏ မထင်ရှားသည့်လက္ခဏာများကို ဖော်ထုတ်ပေးနိုင်သည်၊ သို့မဟုတ် ယုတ်စွအဆုံး ထိုလူနာတွင် MS ရောဂါရှိနေလျှင် အခြားရောဂါလက္ခဏာများနှင့် ခွဲခြားပေးနိုင်သည်။

ဦးနှောက်အာရုံကြောမအရည်ကို ဓာတ်ခွဲခြင်း (CSF)–  CSF အရည်ကို ကျောရိုးထဲမှ စုပ်ယူရ၏။ ဆရာဝန်များသည် အချို့သော ရောဂါပြီးစနစ်ပစ္စည်းများနှင့် ပျက်ယွင်းသွားသည့်မိုင်ယီလင်မှ ပစ္စည်းများ၏ ပုံမှန်မဟုတ်သောအခြေအနေများကို ရှာဖွေကြသည်။

တုံ့ပြန်မှုနှိုးဆွ စစ်ဆေးနည်း– ဤကွန်ပျူတာသုံးကိရိယာကို အသုံးပြုကာ အာရုံထိတွေ့မှုများကို နဗ်ကြောစနစ်တစ်လျှောက်တွင် ပျမ်းမျှအားဖြင့် မည်မျှကြာမှ အချက်ပြသည်ကို တိုင်းတာသည်။ MS ဝေဒနာရှင် ၈၀ မှ ၉၀ ရာခိုင်နှုန်းတွင် မူမမှန်သောတုံ့ပြန်မှုကို တွေ့ရှိရသည်။

[စာမျက်နှာ ၁၄ ပါ လေးထောင့်ကွက်]

MS ရောဂါကို ရင်ဆိုင်ဖြေရှင်းခြင်း

အကူအညီ– စာနာနားလည်တတ်ပြီး အထောက်အကူပေးသည့် ဆွေမျိုး၊ မိတ်ဆွေများနှင့် ရင်းနှီးသည့်ဆက်ဆံရေးက သင့်ကျန်းမာရေးကို တိုးတက်စေသည်။ ထို့ကြောင့် သင်လိုအပ်နေချိန်တွင် အကူအညီတောင်းဆိုပါ၊ ထီးတည်းမနေပါနှင့်။

ပွင့်လင်းစွာ ပြောဆိုဆက်သွယ်ပါ– MS ရောဂါနှင့် ယင်း၏အခက်အခဲများကို ပွင့်လင်းစွာ ပြောဆိုလိုစိတ်ရှိခြင်းက စာနာနားလည်မှုကို တိုးပွားစေပြီး ဝေဒနာကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် အကူအညီရစေသည်။ တစ်ဖက်တွင်မူ ပြောဆိုဆက်သွယ်ရန် တွန့်ဆုတ်နေခြင်းက နားလည်မှုလွဲခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် ထီးတည်းဖြစ်ခြင်းတို့ကို ခံစားသွားရနိုင်သည်။

ဝိညာဉ်ရေး– များပြားလှသော အထောက်အထားများအရ ဝိညာဉ်ရေးသည် ကျွန်ုပ်တို့ကျန်းမာရေးအတွက် အကျိုးရှိပြီး အနာဂတ်ကို အပြုသဘောဖြင့် ရှုမြင်ခြင်းအပါအဝင် အခြားအကျိုးရှိသည့် ပင်ကိုစရိုက်များကို တိုးပွားစေကြောင်း တွေ့ ရှိရသည်။ ယင်းသည် ယေရှု၏စကားများနှင့်ကိုက်ညီပါသည်– “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင် [“ယေဟောဝါ၊” ကဘ] မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည်။”—မဿဲ ၄:⁠၄

ဟာသဉာဉ်– MS ရောဂါသည် ရယ်စရာ အထူးအဆန်း ဘာမျှမရှိသော်လည်း ရယ်မောလိုက်ခြင်းက ခန္ဓာကိုယ်နှင့် စိတ်အတွက် ကုဆေးတစ်လက်ဖြစ်နိုင်၏။

[Credit Line]

Based on the book Multiple Sclerosis in Clinical Practice.

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

MS ရောဂါသည် အမျိုးသားများထက် အမျိုးသမီးများတွင် နှစ်ဆ အဖြစ်များ

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

လေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်းက ခန္ဓာကိုယ်နှင့် စိတ်အတွက်ကောင်းမွန်