မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အနောက်မြောက်ဘက် ရေကြောင်းခရီး—အိပ်မက် အကောင်အထည်ပေါ်ပြီလော

အနောက်မြောက်ဘက် ရေကြောင်းခရီး—အိပ်မက် အကောင်အထည်ပေါ်ပြီလော

အနောက်မြောက်ဘက် ရေကြောင်းခရီး—အိပ်မက် အကောင်အထည်ပေါ်ပြီလော

ဖင်လန်နိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်

ကမ္ဘာကြီးပူနွေးလာခြင်းသည် များသောအားဖြင့် ဆိုးကျိုးများနှင့် ဆက်စပ်လေ့ရှိ၏။ သို့ရာတွင် ယင်းသည် သင်္ဘောသားများ၏ အပြင်းပြဆုံးအိပ်မက်တစ်ခုကို အကောင်အထည်ဖော်ပေးနိုင်ပေသည်—ယင်းအိပ်မက်ကား အနောက်မြောက်ဘက်ရေကြောင်းခရီးကို လွယ်လင့်တကူ သွားလာစေနိုင်ရေးဖြစ်သည်။ ဆိုင်းယင့်မဂ္ဂဇင်းအရ ထိုလမ်းကြောင်းသည် မြောက်အမေရိကတိုက် ထိပ်ဖျားပိုင်းကိုဖြတ်ကာ အတ္တလန္တိတ်နှင့် ပစိဖိတ်သမုဒ္ဒရာတို့ကို ဆက်ထားသည့်လမ်းကြောင်းဖြစ်ပြီး ဤရာစုနှစ်အတွင်း ရေကြောင်းခရီးဖြင့် ပုံမှန်သွားလာနိုင်မည်ဖြစ်သည်။ “ယင်းလမ်းကြောင်းသည် ပနားမားတူးမြောင်းမှ ဖြတ်သန်းသွားသည့် ဥရောပ-အာရှ ရေကြောင်းကို [မိုင် ၆,၈၀၀] တိုစေပြီး ပနားမားတူးမြောင်းကို ဖြတ်သန်းသွားလာနိုင်ခြင်းမရှိသော ရေနံတင်သင်္ဘောကြီးများအတွက် ဟွန်းအငူကိုပတ်သွားရသည့်ခရီးကို [မိုင် ၁၂,၀၀၀] တိုစေသည်” ဟုဆိုင်းယင့်က ရှင်းပြခဲ့သည်။

အဆိုပါရေကြောင်းခရီးကို လွန်ခဲ့သည့်နှစ်ပေါင်း ၅၀၀ ကျော်က စိတ်ကူးယဉ်တမ်းတခဲ့ကြသည်။ ခရစ္စတိုဖာကိုလံဘတ်က အမေရိကတိုက်ကို ရှာဖွေတွေ့ရှိပြီး မကြာမီတွင် မြောက်ဘက်ရေလမ်းကြောင်းကိုရှာဖွေရန် အစောပိုင်းက ကြိုးပမ်းမှုများပြုလုပ်ခဲ့ကြသည်။ ၁၄၉၇ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၏ဘုရင် သတ္တမမြောက်ဟင်နရီသည် အရှေ့တိုင်းသို့သွားသည့် ပင်လယ်ရေကြောင်းခရီးကိုရှာဖွေရန် ဂျွန် ကတ်ဘောတ်အား တာဝန်ပေးခဲ့သည်။ ကိုလံဘတ်နည်းတူ ကတ်ဘောတ်သည် ဥရောပတိုက်မှ အနောက်ဘက်သို့ရွက်လွှင့်ခဲ့သည်၊ သို့သော် မြောက်ဘက်ဆီသို့ ဦးတည်မိလျက်သားဖြစ်သွားခဲ့သည်။ ကတ်ဘောတ်သည် မြောက်အမေရိကတိုက်ရှိ နယူးဖောင်လန်ဖြစ်ဖွယ်ရှိသည့်နေရာ၌ ကမ်းကပ်ချိန်တွင် မိမိသည် အာရှတိုက်တွင်ရောက်ရှိနေပြီဟု တထစ်ချယူမှတ်ခဲ့သည်။ သို့ရာတွင် ယင်းနေရာသည် ဥရောပနှင့်အာရှတိုက်ကြားတွင် တည်ရှိသည့် ကမ္ဘာအသစ်တစ်ခုလုံးလုံးဖြစ်မှန်း နောက်ပိုင်းတွင် သိရှိသွားသော်လည်း မြောက်ဘက်လမ်းကြောင်းဖြင့် အရှေ့တိုင်းသို့သွားမည့်အကြံအစည်ကို မေ့ဖျောက်မရခဲ့ကြချေ။ ဤအသစ်ရှာဖွေတွေ့ရှိသော တိုက်ကြီးကိုပတ်၍ မြောက်ဘက်သို့ ရေကြောင်းသွားနိုင်မည်လော။

ရေခဲပြင် အဆီးအတား

သီအိုရီအရဆိုလျှင် အနောက်မြောက်ဘက်ရေကြောင်းခရီးကို ရှာဖွေဖြတ်သန်းခြင်းသည် လွယ်ကူမည်ဟုထင်ရသည်။ လက်တွေ့တွင်မူ အာတိတ်ဒေသ၏ ကြမ်းတမ်းလှသောအခြေအနေများသည် ထိုအချိန်က ဘယ်သူ့မျှ စိတ်ကူး၍မရနိုင်လောက်အောင် ခက်ခဲသည့်အလုပ်ဖြစ်ခဲ့သည်။ အကြီးမားဆုံးအဆီးအတားမှာ ရေခဲပြင်ဖြစ်သည်။ “ရေခဲပြင်သည် ရွေ့သွားလိုက်၊ မျောသွားလိုက်ဖြစ်နေပြီး ကွဲကွာသွားသည့်အချိန်တွင် သင်္ဘောများဖြတ်မောင်းသွားရာ ကွဲကွာသွားသည့်ရေခဲပြင် ပြန်ကပ်သွားသဖြင့် သင်္ဘောများနှင့် သင်္ဘောသားတို့မှာ ညှပ်ပူးညှပ်ပိတ်ဖြစ်ပြီး ထောင်ချောက်ဆင်ဖမ်းခံရသလိုဖြစ်ခဲ့သည်” ဟုဂျိမ်းစ် ပီ. ဒယ်လ်ဂဒိုက ကမ္ဘာထိပ်ဖျားတစ်လျှောက် ဟူသည့်စာအုပ်တွင် ရေးသားခဲ့သည်။

အာတိတ်ကိုဖြတ်၍ အနောက်မြောက်ဘက် ရေလမ်းကြောင်းကိုရှာဖွေရန် မြောက်အမေရိကတိုက်ကြီး၏ မြောက်ပိုင်းသို့သွားခဲ့သည့် ပထမဆုံးနယ်မြေသစ်ရှာဖွေရေးအဖွဲ့ကို ဦးဆောင်သူ ဆာမာတင်ဖရိုဘစ်ရှာသည် ရေခဲပြင်နှင့် ရင်ဆိုင်တွေ့ခဲ့သည်။ သင်္ဘောနှစ်စင်းနှင့် ရွက်လှေတစ်စင်းပါသည့်အဖွဲ့သည် ၁၅၇၆ ခုနှစ်တွင် လန်ဒန်မှ ထွက်ခွာခဲ့ကြ၏။ ဖရိုဘစ်ရှာသည် အာတိတ်တိုင်းရင်းသားများဖြစ်သည့် အင်နူအစ်လူမျိုးနှင့်လည်း တွေ့ဆုံခဲ့သည်။ အစပိုင်းတွင် သူတို့အား ပင်လယ်ဖျံများ သို့မဟုတ် ငါးများဟု ထင်မှတ်ခဲ့သည်၊ “သို့သော် တဖြည်းဖြည်းနီးကပ်လာရာ သားရေဖြင့်ပြုလုပ်ထားသော လှေငယ်များထဲမှ လူများဖြစ်ကြောင်း သူသိရှိခဲ့သည်” ဟု ဖရိုဘစ်ရှာ၏ခရီးသွားမှတ်တမ်းစာအုပ်တွင် ဖော်ပြထားသည်။ ဖရိုဘစ်ရှာသည် အာတိတ်ဒေသသို့ သုံးကြိမ်တိုင် ခရီးသွားခဲ့သော်လည်း တစ်ခေါက်မျှ အနောက်မြောက်ဘက် ရေလမ်းကြောင်းကို ရှာမတွေ့နိုင်ခဲ့ချေ။ သို့ရာတွင် ဖရိုဘစ်ရှာသည် မိမိ၏အာတိတ်စူးစမ်းရှာဖွေရေးခရီးစဉ်အားလုံးတွင် ဘေးမသီရန်မခ အိမ်သို့ပြန်နိုင်ခဲ့ခြင်းမှာ ကျေးဇူးတင်စရာပင်။ ဤဒဏ္ဍာရီဆန်ဆန် ရေလမ်းကြောင်းကိုရှာဖွေသည့် အခြားစူးစမ်းရှာဖွေသူများမှာမူ ထိုသို့မဟုတ်ပါ။ အများစုအတွက်မူ ရေခဲပြင်၊ အေးစိမ့်မှုနှင့် လတ်ဆတ်သည့်အစားအစာမရရှိခြင်းတို့ စုဝေးရာ အာတိတ်ဒေသသည် မကျော်လွှားနိုင်သော အတားအဆီးကြီးဖြစ်ခဲ့၏။ သို့တိုင် ဖရိုဘစ်ရှာပြီးနောက် နောက်ပိုင်းနှစ်များအတွင်း သင်္ဘောများစွာနှင့် ထောင်နှင့်ချီသောလူတို့သည် မြောက်ပိုင်းသို့ဦးတည်ပြီး ရေခဲပြင်ကိုဖြတ်သန်းသွားနိုင်ဖို့ ကြိုးစားခဲ့ကြသည်။

ဖရန့်ကလင် ဘယ်ပျောက်နေသနည်း

၁၉ ရာစုတွင် ဗြိတိသျှရေတပ်သည် အနောက်မြောက်ဘက် ရေလမ်းကြောင်းကိုရှာဖွေရန် နယ်မြေသစ်ရှာဖွေရေးအဖွဲ့ကြီးများစွာ ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့များထဲမှတစ်ဖွဲ့သည် အာတိတ်ရေကြောင်းသွားလာမှုသမိုင်းတွင် အကြီးမားဆုံးဘေးဆိုးကို ကြုံတွေ့ခဲ့ရသည်။ အတွေ့အကြုံရှိသော အာတိတ်ဒေသစူးစမ်းရှာဖွေသူ ဆာဂျွန် ဖရန့်ကလင်သည် စူးစမ်းရှာဖွေရေးအဖွဲ့ကို ဦးဆောင်ရန် ရွေးချယ်ခံခဲ့ရသည်။ သင်္ဘောနှစ်စင်းတွင် ရေနွေးငွေ့စက်များကို တပ်ဆင်ထားသည်။ သင်္ဘောနှစ်စင်းစလုံးကို ရေတပ်တွင် အရည်အချင်းအရှိဆုံးပုဂ္ဂိုလ်များအား မောင်းနှင်စေခဲ့ပြီး သုံးနှစ်စာ စားနပ်ရိက္ခာအလုံအလောက် ပြင်ဆင်ပေးခဲ့သည်။ ထို့ပြင် သင်္ဘောသားတို့၏ စိတ်လှုပ်ရှားမှုပိုင်းတွင် ကောင်းမွန်စေရေးအတွက်လည်း အလွန်ဂရုစိုက်ပေးခဲ့ကြသည်။ သာဓကအနေနှင့် သင်္ဘောများတွင် စုံလင်လှသောစာကြည့်တိုက်များပါရှိပြီး လက်ဆွဲအော်ဂင်များကိုပင် ထားရှိပေး၏။ စူးစမ်းရှာဖွေရေးအဖွဲ့တွင်ပါဝင်သည့် အရာရှိတစ်ဦးက ဤသို့ရေးသားခဲ့၏– “အသုံးလိုသည့်အရာမှန်သမျှ ရှိနေသည်၊ ကျွန်ုပ်သည် လန်ဒန်မြို့တွင် တစ်နာရီ၊ နှစ်နာရီလောက် ဈေးဝယ်ခွင့်ရနိုင်လျှင်ပင် ကျွန်ုပ်အတွက် ဝယ်ဖို့ ဘာမျှမလိုအပ်တော့ချေ!” ၁၈၄၅၊ မေလတွင် စူးစမ်းရှာဖွေရေးအဖွဲ့သည် အင်္ဂလန်မှ စတင်ထွက်ခွာခဲ့ပြီး ဇူလိုင်လတွင် ဘာ့ဖင်ပင်လယ်အော်သို့ ရောက်ရှိခဲ့ကြသည်။

တစ်နှစ်တာ ကုန်သွားလေပြီ၊ နောက်တစ်နှစ် ကုန်လွန်သွားပြန်လေပြီ။ နောက်ဆုံးတွင် ကြုံရနိုင်ဖွယ် အဆိုးဝါးဆုံးအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားသည့် သုံးနှစ်တာကာလမှာ ကုန်လွန်သွားခဲ့သည်၊ သို့သော် ဖရန့်ကလင်၏ စူးစမ်းရှာဖွေရေးအဖွဲ့အကြောင်း ဘာမျှမကြားရတော့ပါ။ သင်္ဘောနှစ်စင်းနှင့် သင်္ဘောသားများ ထူးဆန်းစွာပျောက်ဆုံးသွားခြင်းက အာတိတ်ရေကြောင်းခရီးသွားလာမှုကို ရုတ်တရက်တိုးများလာစေသည်။ စူးစမ်းရှာဖွေရေးအဖွဲ့များစွာသည် ဖရန့်ကလင်စူးစမ်းရှာဖွေရေးအဖွဲ့၏ အဖြစ်ဆိုးကိုသာမက အနောက်မြောက်ဘက်ရေလမ်းကြောင်း၏ ဆန်းကြယ်ပုံကိုပါ အလင်းဖြာပေးခဲ့သည်။

ကပ္ပတိန်ရောဘတ် မက်ခလူယာသည် ဖရန့်ကလင်ကိုရှာဖွေရန် စေလွှတ်ခံရသည့် သင်္ဘောနှစ်စင်းအနက် တစ်စင်း၏ ဒုဗိုလ်မှူးကြီးဖြစ်သည်။ ၁၈၅၀ ပြည့်နှစ်တွင် လန်ဒန်မှထွက်ခွာပြီး သင်္ဘောများသည် ဘာရင်ရေလက်ကြားကိုဖြတ်၍ ပစိဖိတ်သမုဒ္ဒရာမှ အမေရိကတိုက် မြောက်ပိုင်းကမ်းရိုးတန်းသို့ ရောက်ရှိလာခဲ့ကြ၏။ ဇွဲရှိသော မက်ခလူယာသည် သင်္ဘောတစ်စင်းကိုချန်ထားခဲ့၍ အာတိတ်သမုဒ္ဒရာဆီသို့ အားမလျှော့စတမ်း တိုးဝင်လာခဲ့သည်။ မကြာမီပင် သူသည် ဥရောပသားတစ်ဦးမျှ မရောက်ဖူးသည့်ရေပြင်တွင် ရွက်လွှင့်နိုင်ခဲ့သည်။ များစွာစွန့်စားပြီး နောက်ဆုံးတွင် သူသည် ဘန့်ခ်ကျွန်း၏ကမ်းရိုးတန်းသို့ ဆိုက်ရောက်ခဲ့ကာ ဤတွင် စိတ်လှုပ်ရှားဖွယ်ရာများ တွေ့ရှိခဲ့သည်။ ဤကျွန်းမှာ အစောပိုင်းနှစ်များက အက်ဝါ့ဒ် ပါရီဆိုသူသည် အနောက်မြောက်ဘက်ရေကြောင်းခရီးကို အရှေ့ဘက်မှ ရှာဖွေချိန်တွင် တွေ့မြင်ခဲ့သည့်ကျွန်းဖြစ်၏။ အကယ်၍ မက်ခလူယာသည် ကျွန်း၏အခြားတစ်ဖက်သို့ ရွက်လွှင့်နိုင်ခဲ့မည်ဆိုလျှင် သူသည် အနောက်မြောက်ဘက် ရေကြောင်းခရီးကို ပြီးစီးသွားမည်တည်း။

သို့သော် ရေခဲပြင်သည် သူ၏သင်္ဘောကို ပိတ်ညှပ်ထားလိုက်သည်။ နောက်နှစ်နှစ်ကြာအထိ မက်ခလူယာနှင့် သူ၏လူများသည် ရေခဲပြင်တွင် ပိတ်မိနေဆဲဖြစ်သည်။ သို့သော် မျှော်လင့်ချက် လုံးဝမရှိတော့ဟုထင်ရချိန်တွင် လူများ ရွက်သင်္ဘောဆီသို့ လာနေကြသည်ကို မိုးကုပ်စက်ဝိုင်းအပေါ်တွင် သူတို့တွေ့လိုက်ရသည်။ ယင်းသည် အံ့ဖွယ်ပင်။ အခြားစူးစမ်းရှာဖွေရေးအဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဟင်နရီ ကဲလ်လက်သည် မာဗီးလ်ကျွန်းပေါ်တွင် မက်ခလူယာ ထားခဲ့သောသတင်းကိုတွေ့ရှိသဖြင့် ကယ်ဆယ်ရန် လူများကို စေလွှတ်နိုင်ခဲ့ခြင်းဖြစ်သည်။ သေလုမျောပါးဖြစ်နေသည့် မက်ခလူယာ၏လူများကို ကဲလ်လက်၏သင်္ဘောဖြင့် တင်ဆောင်ခဲ့ကြပြီး အရှေ့ရေကြောင်းခရီးဖြင့် အိမ်သို့ ရွက်လွှင့်ပြန်ခဲ့ကြသည်။ ကဲလ်လက်သည် အတ္တလန္တိတ်သမုဒ္ဒရာမှ အမေရိကတိုက် မြောက်ဘက်ကမ်းရိုးတန်းသို့ ရောက်ခဲ့သည်ကို စဉ်းစားကြည့်ပါလေ! မက်ခလူယာသည် “သင်္ဘောတစ်စင်းထက်မကဖြင့်သွားခဲ့ကာ အချို့နေရာများတွင် ခြေကျင်သွားခဲ့ရငြား အနောက်မြောက်ဘက် ရေကြောင်းခရီးကို ပထမဆုံး ဖြတ်သန်းသွားလာခဲ့သူဖြစ်သည်” ဟု ဗြိတဲန်နီကာစွယ်စုံကျမ်းသစ်က ဆိုသည်။

သို့သော် ဖရန့်ကလင်၏စူးစမ်းရှာဖွေရေးအဖွဲ့ ဘာဖြစ်ခဲ့သနည်း။ သဲလွန်စအသွယ်သွယ်က ၁၈၄၅ ခုနှစ်နောက်ပိုင်း အဖြစ်အပျက်များနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်အချို့ ဖော်ပြသည်။ စူးစမ်းရှာဖွေရေးသင်္ဘောနှစ်စင်းစလုံးသည် ဗစ်တိုးရီးယားရေလက်ကြားရှိ ရေခဲပြင်တွင် ပိတ်မိသွားသည်။ သင်္ဘောများသည် ရေခဲပြင်တွင်ပိတ်မိပြီး ၁၈ လအကြာတွင် ဖရန့်ကလင်အပါအဝင် အဖွဲ့သားအတော်များများ သေဆုံးခဲ့ကြသည်။ အသက်မသေဘဲ ကျန်ရစ်ခဲ့သူများသည် သင်္ဘောများကိုထားခဲ့ပြီး တောင်ပိုင်းသို့ ခြေလျင်ခရီးဆက်ရန် ဆုံးဖြတ်ကြသည်၊ သို့သော် လူများသည် အားအင်ချည့်နဲ့နေကြပြီဖြစ်ရာ သွားစဉ်ပင် သေဆုံးခဲ့ကြသည်။ သင်္ဘောသားတစ်ဦးမျှ မလွတ်မြောက်ခဲ့ချေ။ စူးစမ်းရှာဖွေရေးအဖွဲ့၏အဖြစ်ဆိုးမှာ မှန်းဆစရာအကြောင်း ဖြစ်နေဆဲပင်။ စည်သွတ်ဘူးများမှ ခဲဆိပ်သင့်ခြင်းကြောင့်ပင် လူများ အသေစောရသည့်အကြောင်းရင်းတစ်ရပ်ဖြစ်သည်ဟူ၍ ဆိုကြသည်။

ပထမဆုံးအကြိမ် ထိုးဖောက်ကျော်လွှားခြင်း

အနောက်မြောက်ဘက် ရေလမ်းကြောင်းရှိကြောင်း အထောက်အထားရှိပြီးဖြစ်သော်လည်း ၂၀ ရာစုမတိုင်မီအထိ ရေကြောင်းမသွားလာခဲ့ကြချေ။ လူငယ် ရိုနယ်အာမွန်စန်သည် နော်ဝေးလူမျိုးခုနစ်ဦးပါသော အုပ်စုကိုဦးဆောင်၍ ခရီးထွက်ခဲ့သည်။ သူတို့သည် အလွန်ကြီးမားသော ဗြိတိသျှသင်္ဘောများနှင့်လုံးဝခြားနားသည့် ယိုအာဟုခေါ်သော ငါးဖမ်းသင်္ဘောငယ်ကို အသုံးပြုခဲ့ကြသည်။ ဝမ်းခေါင်းတိမ်သည့် ထိုငါးဖမ်းသင်္ဘောလေးသည် ကျဉ်းမြောင်းသော ရေလမ်းကြောင်းအများအပြားအပြင် ကျောက်ဆောင်များနှင့် ရေအောက်သဲသောင်များရှိသည့် အာတိတ်သမုဒ္ဒရာတွင် သယ်ယူပို့ဆောင်ရန် အကောင်းဆုံးဖြစ်သည်။ ၁၉၀၃၊ ဇွန်လ ၁၆ ရက်တွင် အာမွန်စန်နှင့် သူ၏အဖွဲ့သားများသည် အော့စ်လိုမှ မြောက်အမေရိကမြောက်ဝင်ရိုးစွန်းသို့ အရှေ့ပိုင်းရေကြောင်းလမ်းမှ ခရီးရှည်ကြီးကို စထွက်ခဲ့ကြသည်။ နှစ်နှစ်ကျော်အကြာ ၁၉၀၅၊ ဩဂုတ်လ ၂၇ ရက်တွင် ယိုအာသင်္ဘောပေါ်မှ သင်္ဘောသားများသည် ဘာရင်ရေလက်ကြားကိုဖြတ်၍ အနောက်ဘက်ရေကြောင်းခရီးဖြင့် အာတိတ်သမုဒ္ဒရာဆီသို့လာနေသော ဝေလငါးဖမ်းသင်္ဘောတစ်စင်းကို တွေ့ရှိခဲ့သည်။ အာမွန်စန်သည် တွေ့ဆုံခြင်းနှင့်စပ်လျဉ်း၍ ဤသို့ရေးခဲ့၏– “အနောက်မြောက်ဘက် ရေကြောင်းခရီးကို အောင်မြင်ခဲ့ပါပြီ။ ကလေးဘဝကတည်းက ကျွန်တော့်အိပ်မက်လေး အခုတကယ်ဖြစ်လာခဲ့ပြီ . . . ကျွန်တော် မျက်ရည်ဝဲခဲ့ရတယ်။”

သို့ရာတွင် ယခုထိတိုင် ဤရေကြောင်းခရီးလမ်းကို ပုံမှန်သွားလာရန်မဖြစ်နိုင်သေးချေ။ အာမွန်စန်အချိန်ကတည်းက ရေယာဉ်များစွာသည် မြောက်အမေရိကတိုက်ထိပ်ဖျားပိုင်းကို ဖြတ်သန်းပြီး ရေကြောင်းသွားလာနိုင်ကြပြီဖြစ်သော်လည်း လွယ်ကူသည့်ခရီးစဉ်ကား မဟုတ်သေးချေ။ သို့တိုင် ယင်းသည် ရေရှည်အထိ အခက်အခဲမဖြစ်ခဲ့ပါ။

အံ့ဖွယ် ဖြေရှင်းနည်းလော

အာတိတ်ရေခဲပြင်သည် ယခု အံ့ဖွယ်နှုန်းဖြင့် အရည်ပျော်နေပြီ။ ယင်းကြောင့် ၂၀၀၀ ပြည့်နှစ်တွင် ကနေဒါ ရဲသင်္ဘောတစ်စင်းသည် တစ်လခန့်ဖြင့် အနောက်မြောက်ဘက်ရေကြောင်းခရီးကို ဖြတ်သန်းနိုင်ခဲ့ပြီ။ တပ်ကြပ်ကြီး ကပ္ပီတန်ကန် ဘာတွန်သည် ရေလမ်းကြောင်းကို အောင်မြင်စွာဖြတ်သန်းပြီးနောက် နယူးယောက်တိုင်းမ်က လူတွေ့မေးမြန်းသည့်အခါ သူတို့သည် ရေခဲပြင်ကြောင့် အခက်အခဲမကြုံခဲ့ရ၍ သူစိုးရိမ်မကင်းဖြစ်ခဲ့ရသည်။ “ပေါလောမျောနေတဲ့ ရေခဲတောင်တချို့ရှိပေမဲ့ ဘာမှ စိုးရိမ်စရာမတွေ့ခဲ့ပါဘူး။ နှစ်ရှည်လများရှိနေတဲ့ ရေခဲမျောအမြောင်းလိုက်တွေအချို့ကို ကျွန်တော်တို့တွေ့ရပြီး အားလုံးဟာ သေးငယ်ပြီး အပိုင်းအစတွေဖြစ်နေလို့ ကျွန်တော်တို့ ရှောင်ကွင်းပြီးသွားနိုင်ကြတယ်” ဟု ဘာတွန်ပြောခဲ့သည်။ ဆိုင်းယင့်မဂ္ဂဇင်းအရ “အာတိတ်ရေခဲပြင်၏ကျယ်ပြန့်မှုသည် လွန်ခဲ့သောအနှစ် ၂၀ ကထက် ၅ ရာခိုင်နှုန်းကျုံ့သွားပြီး ရေခဲထုသည်လည်း ပါးသွားကာ ရာသီဥတုခန့်မှန်းချက်အစီအစဉ်များအရ ကမ္ဘာ့အပူချိန်မြင့်တက်လာသည်နှင့်အမျှ ကျုံ့သည်ထက်ကျုံ့လာသည်။” ယူ.အက်စ်. အာတိတ်သုတေသနကော်မရှင်အဖွဲ့မှ ထုတ်ဝေသည့်သတင်းတစ်ပုဒ်ကို ကိုးကားသည့်ဆောင်းပါးတွင် ဆယ်စုနှစ်တစ်ခုအတွင်း “အနောက်မြောက်ဘက် ရေကြောင်းခရီးတွင် ရေခဲများကိုတွန်းလှန်စရာမလိုဘဲ နွေရာသီတွင် အနည်းဆုံးတစ်လ သင်္ဘောများသွားလာနိုင်ဖွယ်ရှိသည်” ဟုခန့်မှန်းကြသည်။

တစ်ချိန်တစ်ခါက အောင်မြင်ဖို့ လူတို့ သဲသဲမဲမဲကြိုးစားခဲ့ကြသည့်အိပ်မက်ကို ဖြစ်ချင်တော့လည်း ယခုအခါမူ “အိမ်တွင် အငြိမ့်သားနေထိုင်ပြီး တန်ပေါင်းဘီလီယံနှင့်ချီသည့် လောင်စာဆီများကို လောင်ကျွမ်းစေရုံမျှဖြင့်” အကောင်အထည်ပေါ်လာတော့မည်ဟု ဆိုင်းယင့်မဂ္ဂဇင်းက ဖော်ပြခဲ့သည်။ သို့တိုင် ရေခဲပြင်ကြီးအရည်ပျော်ပြီး ရေကြောင်းလမ်းပေါက်သွားခြင်းကြောင့် ဝင်ရိုးစွန်းဝက်ဝံဖြူများ၊ ပင်လယ်ဖျံကြီးများနှင့် အာတိတ်ဒေသရှိ တိုင်းရင်းသားတို့အပေါ် သက်ရောက်လာမည့် အကျိုးဆက်များနှင့်ပတ်သက်၍ သုတေသီများက စိုးရိမ်မကင်းဖြစ်နေကြသည်။ ထို့ပြင် အနောက်မြောက်ဘက်ရေကြောင်းခရီး ပေါက်သွားပြီဆိုလျှင် နိုင်ငံရေးပဋိပက္ခများလည်း ပေါ်ပေါက်လာနိုင်သည်။ အနောက်မြောက်ဘက်ရေကြောင်းခရီး လမ်းပွင့်သွားခြင်းကြောင့် အခြားအဘယ်အရာများ ဖြစ်လာနိုင်သေးသနည်း။ အချိန်က ပြောလာပါလိမ့်မည်။

[စာမျက်နှာ ၁၇ ပါ မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

မာတင် ဖရိုဘစ်ရှာ၏ ခရီးစဉ် ၁၅၇၈

ဂျွန် ဖရန့်ကလင်၏ ခရီးစဉ် ၁၈၄၅-၄၈

ရောဘတ် မက်ခလူယာ၏ ခရီးစဉ် ၁၈၅၀-၅၄

ရိုအယ် အာမွန်စန်၏ ခရီးစဉ် ၁၉၀၃-၅

(အစက်ချမျဉ်းများသည် ကုန်းတွင်းခရီးလမ်းကို ရည်ညွှန်းသည်)

မြောက်ဝင်ရိုးစွန်း

ရုရှား

အလာစကာ၊ ယူ.အက်စ်.အေ.

ကနေဒါ

ဂရင်းလန်

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ဂျွန် ကတ်ဘောတ်

[Credit Line]

Culver Pictures

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ဆာမာတင် ဖရိုဘစ်ရှာ

[Credit Line]

Painting by Cornelis Ketel/Dictionary of American Portraits/Dover Publications, Inc., in 1967

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ဆာဂျွန် ဖရန့်ကလင်

[Credit Line]

National Archives of Canada/C-001352

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ရောဘတ် မက်ခလူယာနှင့် သူ၏သင်္ဘော “စူးစမ်းရှာဖွေသူ” (အောက်ပုံ)

[Credit Lines]

National Archives of Canada/C-087256

National Archives of Canada/C-016105

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ရိုအယ် အာမွန်စန်

[Credit Line]

Brown Brothers

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ကမ္ဘာချီအပူချိန်မြင့်တက်လာမှုသည် ရေခဲပြင်လမ်းကြောင်းများတွင် ပိုမိုသွားလာစေနိုင်

[Credit Line]

Kværner Masa-Yards

[Picture Credit Line on page 15]

From the book The Story of Liberty, 1878