မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆေးဖက်ဝင် အပင်ဆိုင်ရာဆေးများ—အသုံးတည့်နိုင်မည်လော

ဆေးဖက်ဝင် အပင်ဆိုင်ရာဆေးများ—အသုံးတည့်နိုင်မည်လော

ဆေးဖက်ဝင် အပင်ဆိုင်ရာဆေးများ—အသုံးတည့်နိုင်မည်လော

ရှေးအချိန်ကတည်းက ရောဂါကုသရာတွင် ဆေးဖက်ဝင်အပင်ဆိုင်ရာဆေးများကို အသုံးပြုလာခဲ့ကြပြီ။ ဘီ.စီ.အီး. ၁၆ ရာစုခန့်က အီဂျစ်နိုင်ငံတွင် ပြုစုရေးသားခဲ့သော အီးဘားစ်ပါပိုင်းရတ်ဆေးကျမ်း၌ ရောဂါဝေဒနာ အမျိုးမျိုးအတွက် ရာနှင့်ချီသောရိုးရာကုထုံးများ ပါဝင်သည်။ များသောအားဖြင့် ဆေးပင်ဆိုင်ရာနည်းများကို လူမျိုးတစ်ဆက်မှတစ်ဆက် နှုတ်တိုက်ချပေးလေ့ရှိသည်။

အနောက်တိုင်း အပင်ဆိုင်ရာဆေးပညာသည် ဒီ မေတီရေး မေဒီကေ ဆေးကျမ်းကို ရေးသားခဲ့သူ ပထမရာစုမှ ဂရိဆေးဆရာ ဒိုင်အဲစ်ကောရီဒီဇ်၏ကုသနည်းဖြင့် စတင်လာပုံရှိသည်ဟု ယူဆရသည်။ ယင်းသည် နောင်နှစ်ပေါင်း ၁,၆၀၀ အထိ ဆေးဝါးဗေဒပြဋ္ဌာန်းစာအုပ် ဖြစ်လာခဲ့သည်။ ကမ္ဘာ့ဒေသအသီးသီးတွင် ရိုးရာပရဆေးများကို လူကြိုက်များနေဆဲပင်။ ဂျာမနီနိုင်ငံရှိ အစိုးရကျန်းမာရေးအစီအစဉ်များသည် အပင်ဆိုင်ရာဆေးများအတွက် ကုန်ကျစရိတ်များကိုပင် စိုက်ထုတ်ပေး၏။

တိုင်းရင်းဆေးနှင့် ရိုးရာအပင်ဆိုင်ရာဆေးတို့သည် ခေတ်မီဆေးဝါးများထက် ဘေးကင်းသည်ဟု တစ်ခါတစ်ရံ ပြောဆိုတတ်ကြသော်လည်း လုံးဝဘေးကင်းသည်ကား မဟုတ်ချေ။ ထို့ကြောင့် အပင်ဆိုင်ရာဆေးများကိုအသုံးပြုရန် စဉ်းစားနေလျှင် အဘယ်သတိပေးချက်များနှင့် အကြံပြုချက်တို့ကို ထည့်တွက်သင့်သနည်း။ ကုထုံးတစ်ခုသည် အခြားတစ်ခုထက် ပို၍အကျိုးပြုနိုင်သည့် အခြေအနေများရှိပါသလောဟူသည့် မေးခွန်းများပေါ်လာပေသည်။ *

ဆေးပင်များ အသုံးဝင်ပုံ

ဆေးပင်များတွင် ရောဂါကုစားပေးနိုင်သည့် အစွမ်းသတ္တိများစွာရှိသည်ဟု ဆိုကြ၏။ အချို့က ခန္ဓာကိုယ်ရှိရောဂါပိုးကို တိုက်ဖျက်ပေးသည်ဟု ဆို၏။ အခြားဆေးပင်များမူ အစာခြေစနစ်ကို အထောက်အကူပြုသည်၊ အာရုံကြောများကို တည်ငြိမ်စေသည်၊ ဓာတ်သက်စေသည်၊ ဂလင်းများကို ထိန်းညှိပေးသည်ဟု ဆိုကြ၏။

ဆေးပင်များသည် အာဟာရလည်းဖြစ်၊ ဆေးဖက်လည်းဝင်နိုင်ပေသည်။ သာဓကအနေနှင့် တရုတ်နံနံကဲ့သို့သော အချို့အပင်များသည် ဆီးရွှင်စေ၏၊ ပိုတက်ဆီယမ်ပမာဏများစွာလည်းပါဝင်၏။ ထိုအပင်များမှ ပိုတက်စီယမ်သည် ဆီးသွားခြင်းကြောင့် ဆုံးရှုံးသွားသည့် သက်စောင့်ဓာတုဒြပ်စင်များကို ပြန်အစားထိုးပေးသည်။ အလားတူပင်၊ စိတ်ငြိမ်ဆေးအဖြစ် ကြာမြင့်စွာကတည်းက အသုံးပြုလာခဲ့သော ဗလေးရီယမ်အပင် (Valeriana officinalis) သည် ကယ်လ်စီယမ်ဓာတ်ကြွယ်ဝသည်။ ကယ်လ်စီယမ်ဓာတ်သည် အာရုံကြောစနစ်တွင် ဆေးပင်၏ စိတ်ငြိမ်စေသည့်အာနိသင်ကို တိုးပွားစေနိုင်သည်။

ဆေးပင်များကို အသုံးပြုနိုင်ပုံ

ဆေးပင်များကို လက်ဖက်ရည်၊ ဆေးပြုတ်ရည်၊ တင်ချာဆေးရည်၊ အနာအုံဆေးများစသည့် နည်းများစွာဖြင့် အသုံးပြုနိုင်သည်။ ဆေးပင်အပေါ် ရေဆူဆူလောင်းထည့်သောက်နိုင်သည်။ သို့သော် ကျွမ်းကျင်သူများက လက်ဖက်ရည်အဖြစ်သောက်သုံးသော ထိုဆေးပင်များကို များသောအားဖြင့် ရေထဲထည့်၍ မပြုတ်သင့်ဟု သတိပေးကြသည်။ ဆေးပင်၏အမြစ်၊ အခေါက်စသည်တို့မှ ပြုလုပ်ထားသော အဆီအနှစ်များကို ထုတ်ယူရန် ရေတွင်ပြုတ်ရ၏။

တင်ချာဆေးရည်များကော အသို့နည်း။ စာအုပ်တစ်အုပ်အရ ယင်းတို့သည် “အရက်စစ်စစ်၊ ဘရန်ဒီ၊ ဗော့ဒ်ကာအစရှိသည်တို့ကိုအသုံးပြု၍ ဆေးပင်မှထုတ်ယူဖော်စပ်ထားခြင်းဖြစ်သည်” ဟုဖော်ပြသည်။ နည်းအမျိုးမျိုးဖြင့် ဖော်စပ်နိုင်သည့် အနာအုံဆေးများလည်းရှိသည်။ ဤအနာအုံဆေးများကို အနာ သို့မဟုတ် နာကျင်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းပေါ် တင်အုပ်ပေးလေ့ရှိသည်။

ဗီတာမင်များ၊ ဆေးဝါးအများနှင့်မတူဘဲ ဆေးပင်များကို အစာအဖြစ်ယူမှတ်ထားကြပြီး ဘာအစာမှ မရှိဘဲလည်း စားသုံးလေ့ရှိသည်။ ၎င်းတို့ကို ပိုမိုအဆင်ပြေပြီး စားချင့်စဖွယ်ဖြစ်သည့် ဆေးတောင့်ပုံစံအဖြစ်လည်း စားသုံးနိုင်သည်။ သို့သော် သင်သည် ဆေးပင်များကို မှီဝဲလိုပါက ဆေးဝါးကျွမ်းကျင်သူများ၏ ညွှန်ကြားချက်အတိုင်း သုံးစွဲခြင်းသည် ပညာရှိရာရောက်၏။

အအေးမိခြင်း၊ အစာမကြေခြင်း၊ ဝမ်းချုပ်ခြင်း၊ အိပ်ရေးပျက်ခြင်းနှင့် ပျို့အန်ခြင်းစသည့် အခြေအနေတို့အတွက် ဆေးပင်များကိုမှီဝဲရန် အကြံပြုသည့် ထုံးတမ်းစဉ်လာရှိ၏။ တစ်ခါတစ်ရံ ဆေးပင်များကို ရောဂါဆိုးများ ကုသရန်သာမက ကာကွယ်ပေးဖို့အတွက်လည်း အသုံးပြုတတ်ကြသည်။ သာဓကအနေနှင့် ဂျာမနီနှင့် ဩစတြီးယားနိုင်ငံများတွင် ပါမက်တိုထန်းပင်ငယ် (Serenoa repens) ကို ပရောစတိတ်ကြီးထွားလွန်းခြင်း (ပရောစတိတ်ဂလင်း ရောင်ရမ်းခြင်း) အတွက် ပထမအဆင့်ကုထုံးအဖြစ် အသုံးပြုကြ၏။ အချို့နိုင်ငံများတွင် အမျိုးသား ၅၀ မှ ၆၀ ရာခိုင်နှုန်းအထိ ဤရောဂါဖြစ်တတ်သည်။ သို့သော် ထိုသို့ရောင်ရမ်းရသည့်အကြောင်းရင်းသည် အရေးစိုက်ကုသဖို့ လိုအပ်သော ကင်ဆာရောဂါဟုတ်မဟုတ် သေချာစေရန် ဆရာဝန်ပြဖို့ အရေးကြီးသည်။

သတိပြုစရာများ

ဆေးပင်တစ်မျိုးသည် ဘေးကင်းသည်ဟု အတော်အတန် ယူမှတ်ထားကြသော်လည်း သတိပြုဖို့လိုကြောင်း အကြံပြုကြသည်။ ထုတ်လုပ်ထားသည့်ဆေးတစ်ခုကို “သဘာဝဆေးစစ်စစ်” ဟုတံဆိပ်ကပ်ထားရုံနှင့် သတိမမူဘဲမနေပါနှင့်။ ဆေးပင်များနှင့်ပတ်သက်၍ စွယ်စုံကျမ်းတစ်စောင်က ဤသို့ဖော်ပြ၏– “အချို့ဆေးပင်များသည် အန္တရာယ်များစွာရှိ၏။ [ဝမ်းနည်းစရာမှာ] လူအချို့သည် ဆေးပင်မှာ အန္တရာယ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၎င်းကို အရေးမစိုက်ကြခြင်းဖြစ်သည်။” ဆေးပင်များရှိ ဓာတုပစ္စည်းပေါင်းစပ်မှုများသည် နှလုံးခုန်နှုန်း၊ သွေးဖိအားနှင့် ဂလူးကို့စ်အဆင့်ကို ပြောင်းလဲစေနိုင်သည်။ ထို့ကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါစသည့် ရောဂါသည်များ အထူးသတိထားရပေမည်။

သို့ရာတွင် အများအားဖြင့် ဆေးပင်များ၏ ဘေးထွက်ဆိုးကျိုးများမှာ ဓာတ်မတည့်ခြင်းသာဖြစ်သည်။ ယင်းကြောင့် ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ပျို့အန်ခြင်းနှင့် အင်ပျဉ်ထခြင်းတို့ ဖြစ်တတ်သည်။ အချို့က ဆေးပင်များသည် တုပ်ကွေးနှင့်ဆင်တူသည့် သို့မဟုတ် အခြားရောဂါလက္ခဏာများ ဖြစ်ပေါ်စေသည့် “ရောဂါကြွခြင်း” အဖြစ်မျိုးပေါ်စေသည်ဟုလည်း ပြောကြ၏။ ဆေးပင်များမှီဝဲသူတစ်ဦးသည် ရောဂါ မသက်သာမီ ရောဂါပိုမိုဆိုးရွားသွားပုံပေါက်မည်။ ယင်းသို့ ဖြစ်ပျက်ရခြင်းသည် ဆေးပင်ဆိုင်ရာကုထုံး၏ အစောပိုင်းအဆင့်များတွင် အဆိပ်ပစ္စည်းများကို ခန္ဓာကိုယ်မှ ဖယ်ထုတ်ခြင်းကြောင့်ဖြစ်သည်ဟု အများအားဖြင့် ယူဆထားကြသည်။

ဆေးတချို့ကြောင့် လူသေဆုံးမှုနှုန်းကိုထောက်၍ သတိပြုသုံးစွဲရန်လိုကြောင်း ထင်ရှားသည်။ သာဓကအနေနှင့် ကိုယ်အလေးချိန်လျှော့ဆေးအဖြစ် သုံးစွဲသည့် အဲ့ဖ်ဒရာဆေးပင်သည် သွေးတိုးစေနိုင်၏။ အဲ့ဖ်ဒရာမှထုတ်သည့် ဆေးများကြောင့် ယူနိုက်တက်စတိတ် တွင် သေဆုံးသူ ၁၀၀ ကျော်ရှိသည်ဟု ဆိုကြသော်လည်း ဆန်ဖရန်စစ္စကိုမှ ရောဂါဗေဒပညာရှင် စတီဗင်ကာ့ခ်ျက ဤသို့ဖော်ပြ၏– “ကျွန်ုပ်သိသည့်အတိုင်း [အဲ့ဖ်ဒရာဆေးသုံးစွဲ၍] သေဆုံးသူတို့တွင် နှလုံးပတ်သွေးလွှတ်ကြောရောဂါရှိသူ သို့မဟုတ် ဆေးအလွန်အကျွံသုံးစွဲသူများဖြစ်ကြသည်။”

ဆေးပင်များနောက်ဆက်တွဲစာအုပ်ကို ရေးသားခဲ့သည့် ဒေါက်တာ လိုဂန်ချိမ်ဘလိန်က ဤသို့ဖော်ပြသည်– “ဆေးများ၏ အန္တရာယ်ဆိုးကျိုးများ ခံခဲ့ရခြင်းနှင့်ပတ်သက်ပြီး မကြာသေးမီနှစ်များအတွင်းက အစီရင်ခံချက်များအရ ညွှန်ကြားချက်အတိုင်း မလိုက်နာကြသူများတွင် အဖြစ်များ၏။ . . . သုံးစွဲနေကျဆေးများကို မည်သို့မည်ပုံသောက်သုံးရမည်ဟူသော အကြံပြုချက်တို့သည် စိုးရိမ်စရာမရှိဘဲ တော်သင့်ရုံမျှဖြစ်၏။ ဆေးဆရာကောင်းတစ်ဦး၏အညွှန်း မလိုအပ်ဟူ၍ မထင်ပါနှင့်။”

ဆေးဆရာမ လင်ဒါပေ့ဂ်ျက ဤသို့သတိပေးခဲ့သည်– “လူတစ်ဦး၏ ကျန်းမာရေးအခြေအနေ အလွန်ဆိုးနေလျှင်ပင် ဆေးကို အလွန်အကျွံမသောက်ဘဲ တော်သင့်ရုံသာ သုံးစွဲသင့်သည်။ အချိန်ယူပြီး တဖြည်းဖြည်းကုသသွားခြင်းသည် ပိုအကျိုးရှိသည်။ ပြန်ကျန်းမာလာရန် အချိန်ယူ ကုသရမည်။”

ဆေးပင်ဆိုင်ရာပညာစာအုပ်တစ်အုပ်တွင် ဆေးအချို့မှာ ဆေးပမာဏ မများစေရန် ကာကွယ်မှုပါပြီးဖြစ်သည်ဟု ဖော်ပြထားသည်။ သာဓကအနေနှင့် ခန္ဓာကိုယ်ကို အနားပေးရန်သုံးသည့် ဆေးပင်တစ်မျိုးသည် လိုသည်ထက် ပိုသုံးမည်ဆိုလျှင် ပျို့အန်စေသည်။ သို့ရာတွင် ဆေးပင်အားလုံးတွင် ဤထူးခြားချက်မျိုး မပါသည့်အတွက် ဆေးညွှန်းအတိုင်းသောက်ရန်လိုသည်။

မည်သို့ဆိုစေ၊ ဆေးပင်ဆိုင်ရာတစ်ဖုံ၏ အာနိသင်ထိရောက်ဖို့ ဆေးပမာဏအလုံအလောက်ကို ဆေးအချိုးအစားမှန်အတိုင်း သောက်သုံးရမည်ဟု လူအများယူမှတ်ကြသည်။ တစ်ခါတစ်ရံ ယင်းသို့ပြုရန် ဆေးအနှစ်ကိုသာ သောက်သုံးဖို့ဖြစ်သည်။ ဂျင်န်ကိုဘီလိုဘာဆေးပင်ကို ထိုသို့သောက်သုံးရန်လိုသည်၊ ထိုဆေးပင်ကို မှတ်ဉာဏ်တိုးရန်နှင့် သွေးလည်ပတ်မှုကောင်းရန် အသုံးပြုခဲ့ကြသည်မှာ ကြာမြင့်ပေပြီ၊ ထိုထိရောက်သောဆေးတစ်ခွက်စာအတွက် အရွက်များ ပေါင်နှင့်ချီ၍ ပြုတ်သောက်ရန် လိုသည်။

ဆေးရောနှောမှု အန္တရာယ်ရှိနိုင်

ဆေးပင်များသည် ဆေးဘက်ဆိုင်ရာဆေးဝါးများကို နည်းအမျိုးမျိုးဖြင့် အပြန်အလှန်သက်ရောက်မှုရှိနိုင်သည်။ သာဓကအနေနှင့် ဆေးပင်များသည် ၎င်းဆေးဝါး၏အာနိသင်ကို တိုးစေ၊ လျော့စေနိုင်ပြီး ဆေး၏အာနိသင်ကို ခန္ဓာကိုယ်မှ ပုံမှန်ထက် မြန်ဆန်စွာဖယ်ထုတ်ပေးနိုင်၏၊ သို့မဟုတ် ဆေးဝါး၏ဘေးထွက်ဆိုးကျိုးများကို ပိုတိုးစေနိုင်၏။ ဂျာမနီနိုင်ငံတွင် သာမန်စိတ်ကျဝေဒနာအတွက် မကြာခဏ ညွှန်းလေ့ရှိသည့် စိန့်တ် ဂျောန်စ်ဝါ့တ်ဆေးပင်သည် ဆေးဝါးများစွာကို ကိုယ်ခန္ဓာမှ သာမန်ထက်နှစ်ဆ လျင်မြန်စွာ ဖယ်ရှားပစ်သောကြောင့် ဆေး၏အာနိသင်ကို လျော့နည်းစေ၏။ ထို့ကြောင့် သင်သည် သန္ဓေတားဆေးအပါအဝင် ဆရာဝန်ညွှန်းထားသည့် ဆေးဝါးများကို သုံးစွဲနေသူဖြစ်ပါက ဆေးပင်ဆိုင်ရာများမမှီဝဲမီ သင်၏ဆရာဝန်နှင့် တိုင်ပင်ပါလေ။

ဆေးပင်များ၏ရောဂါပျောက်ကင်းနိုင်စွမ်း စာအုပ်တစ်အုပ်တွင် ဤသို့ဖော်ပြသည်– “အရက်၊ ဆေးခြောက်၊ ကိုကင်း၊ အခြားစိတ်ကြွဆေးများနှင့် ဆေးရွက်ကြီးတို့ကို အချို့သောဆေးပင်ဆိုင်ရာများနှင့် ရောနှောသောက်သုံးမိပါက အသက်အန္တရာယ်ရှိနိုင်သည်။ . . . အထူးသဖြင့် ဖျားနေချိန်တွင် [အဆိုပါစိတ်ကြွဆေးများ] ကို ရှောင်ရန် အသိတရားက စေစားလိမ့်မည်။” ထို့ပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးငယ်ရှိသောမိခင်များသည် ထိုအကြံပြုချက်ကို အလေးထားသင့်ပေသည်။ ဆေးရွက်ကြီးနှင့် မူးယစ်ဆေးဝါးများ သုံးစွဲခြင်းနှင့်ပတ်သက်၍ ခရစ်ယာန်များသည် “ကိုယ်ခန္ဓာ၏အညစ်အကြေး၊ စိတ်ဝိညာဉ်၏အညစ်အကြေး ရှိသမျှတို့နှင့် [သင့်ကိုယ်ကို] ကင်းစင်” စေလော့ဟူသည့် ကျမ်းစာမိန့်မှာချက်ကို နာခံခြင်းကြောင့် အကာအကွယ်ရကြ၏။—၂ ကောရိန္သု ၇:⁠၁

ဆေးပင်များနှင့်စပ်လျဉ်းပြီး ဆေးကျမ်းတစ်အုပ်က ဤသို့သတိပေးသည်– “သင်သည် ဆေးပင်ဆိုင်ရာကို မှီဝဲနေစဉ် ကိုယ်ဝန်ရှိလာလျှင် ဆေးဆရာကို အကျိုးအကြောင်းပြောပြပြီးနောက် ဆေးမှီဝဲခြင်းကို ရပ်ထားလိုက်ပါ။ သင်မှီဝဲခဲ့သော ဆေးပမာဏအတိအကျနှင့် ဆေးသောက်ချိန်ကိုပါ မှတ်သားထားပါ။”

ဆေးပင်ဆိုင်ရာ စွယ်စုံကျမ်းတစ်စောင်က “မိမိဘာသာ [ဆေးပင်များမှီဝဲ] ဆေးကုသခြင်းသည် အန္တရာယ်များ၏” ဟု ဖော်ပြထားသည်။ “မိမိဘာသာ ဆေးကုခြင်း၏ အန္တရာယ်များ” ဟူသည့် ပူးတွဲပါလေးထောင့်ကွက်တွင် ဆေးပင်ဆိုင်ရာများမှီဝဲခြင်း၏ အန္တရာယ်များကို တွေ့ရပါလိမ့်မည်။

ကျန်းမာရေးအတွက် ထုတ်လုပ်ထားသောဆေးများကဲ့သို့ ဆေးပင်များကိုလည်း အသေအချာစဉ်းစားပြီး အသိဉာဏ်ရှိရှိ မျှမျှတတသုံးစွဲသင့်သည်—အချို့သောရောဂါများကို မျက်မှောက်အချိန်တွင် မကုသပေးနိုင်သေးကြောင်း သတိရသင့်သည်။ ခရစ်ယာန်စစ်များသည် ကောင်းမြတ်လှသည့် ဘုရားသခင်၏ နိုင်ငံတော်အုပ်ချုပ်မှုအောက်တွင် အဖျားအနာနှင့် သေခြင်း၏ရင်းမြစ်ဖြစ်သော ကျွန်ုပ်တို့ ကနဦးမိဘများထံမှ အမွေရခဲ့သည့် မစုံလင်မှု ဖယ်ရှားခံရမည့်အချိန်ကို စောင့်မျှော်နေကြပါသည်။—ရောမ ၅:၁၂၊ ဗျာ. ၂၁:၃၊ ၄

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 နိုးလော့! သည် ဆေးဂျာနယ်မဟုတ်ပါ၊ ထို့ကြောင့် အပင်ဆိုင်ရာဆေး သို့မဟုတ် အခြားနည်းဖြင့် ရောဂါကုသပုံတစ်နည်းနည်း၊ ဓာတ်စာတစ်မျိုးမျိုးကို အကြံမပြုပါ။ ဤဆောင်းပါးပါ အချက်အလက်များသည် အထွေထွေဗဟုသုတ သက်သက်မျှဖြစ်၏။ ကျန်းမာရေးနှင့် ဆေးဝါးကိစ္စများကို စာရှုသူများကိုယ်တိုင် ဆုံးဖြတ်ရပေမည်။

[စာမျက်နှာ ၁၄ ပါ လေးထောင့်ကွက်]

မိမိဘာသာဆေးကုခြင်း၏ အန္တရာယ်များ

အောက်ပါတို့မှာ ကျွမ်းကျင်သူတို့၏ အကူအညီမယူဘဲ ဆေးပင်ဆိုင်ရာများမှီဝဲ ခြင်း၏ အန္တရာယ်များဖြစ်သည်။

သင် ဘာရောဂါဖြစ်နေသည်ကို သင်အမှန်တကယ် သိချင်မှသိမည်။

ရောဂါအမည်ကို မှန်ကန်စွာ ဖော်ထုတ် သိရှိပြီးသည့်တိုင် မိမိအစီအစဉ်ဖြင့် ဆေးကုခြင်းသည် ရောဂါတခြား ဆေးတခြား ဖြစ်သွားနိုင်သည်။

မိမိဘာသာဆေးကုထားခြင်းကြောင့် အမှန်လိုအပ်ပြီး သင့်တော်သည့်ကုသမှု ဖြစ်သည့် ရောဂါအမြစ်ပြတ်ကုသရေးကို ကြန့်ကြာစေနိုင်၏။

မိမိဘာသာဆေးကုခြင်းသည် ဆရာဝန် ပေးထားသည့်ဆေးများနှင့် မတည့်ဘဲဖြစ်သွားနိုင်သည်၊ သာဓကအနေနှင့် ဓာတ်မတည့်သည့်ဆေးဝါး၊ သွေးတိုးခြင်းအတွက်ဆေးဝါး။

မိမိဘာသာဆေးကုခြင်းသည် သာမန် ရောဂါဝေဒနာကို ပျောက်ကင်းစေနိုင် သော်လည်း သွေးတိုးခြင်းကဲ့သို့သော အခြားကျန်းမာရေးပြဿနာကို ပိုမိုဆိုးရွားစေနိုင်သည်။

[Credit Line]

Source: Rodale’s Illustrated Encyclopedia of Herbs