မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

တိုင်းတစ်ပါးမှ တိရစ္ဆာန်များ စပိန်သို့ ကျူးကျော်ဝင်ရောက်

“ကမ္ဘာ့ဒေသအသီးသီးမှ တိရစ္ဆာန်မျိုးစိတ်ပေါင်း လေးဆယ်ကျော်သည် ကုန်းကြောင်း၊ ရေကြောင်းနှင့် လေကြောင်းမှတစ်ဆင့် စပိန်နိုင်ငံသို့ ကျူးကျော်ဝင်လာကြရာ ဒေသပင်များနှင့် တိရစ္ဆာန်စုတို့ကို အကြီးအကျယ်ပျက်စီးစေသည်” ဟု စပိန်သတင်းစာ အယ်လ် ပိုင်းယက်စ်ကဖော်ပြသည်။ ကျူးကျော်လာသောမျိုးစိတ်များစာရင်းတွင် ဂျာမနီနိုင်ငံမှ ဧရာမငါးခူ၊ ကရစ်ဘီယန်ကျွန်းစုမှ အစိမ်းရောင်အယ်လဂျီ မှော်ပင်၊ အာဂျင်တီးနားမှ ကြက်တူရွေးငယ်တစ်မျိုးနှင့် မြောက်အမေရိကမှ အမွေးရှည်မြွေပါတို့ ပါဝင်သည်။ ၎င်းတို့အများစုကို တိုင်းတစ်ပါးမှ အိမ်မွေးတိရစ္ဆာန်များအဖြစ် သို့မဟုတ် စီးပွားဖြစ်ရောင်းချဖို့ စပိန်နိုင်ငံသို့ တင်သွင်းခဲ့ကြသည်။ အချို့မှာ ပိုင်ရှင်များလက်မှ ထွက်ပြေးလွတ်မြောက်သွား၏၊ တိရစ္ဆာန်အချို့ကိုမူ ဝန်ထုပ်ဝန်ပိုးဖြစ်လာသောအခါ သို့မဟုတ် အကျိုးအမြတ်မရှိသောအခါ ပိုင်ရှင်များက လွှတ်ပေးလိုက်ကြသည်။ “နေစရာဘုံပျောက်ခြင်းအပြင် ယခုအခါ နယ်ကျွံလာသောမျိုးစိတ်များသည် ဒေသခံမျိုးစိတ်များ လျော့နည်းသွားရသည့် အဓိကအကြောင်းရင်းဖြစ်နေသည်” ဟု ဇီဝဗေဒပညာရှင် ဒယ်နီရယ် ဆိုးလ်ကဆို၏။

ကြက်ဥများမှ မြွေဆိပ်ဖြေဆေး

“ကြက်ဥများသည် မြွေကိုက်ခံရခြင်းကိုကုသဖို့ မော်လီကျူးရင်းမြစ်ဖြစ်လာနိုင်ကြောင်း အိန္ဒိယသိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိခဲ့ကြပြီ” ဟု သည်တိုင်းမ်အော့ဖ်အင်ဒီးယား ကဆို၏။ ၁၂ ပတ်အရွယ် ကြက်များ၏ “အသားထဲ မသေစေလောက်သော မြွေ၊ ကင်းစသည့် အဆိပ်ဆေး တစ်ခါထိုးဆေးပမာဏကို ထိုးသွင်း” ပေးပြီး နှစ်ပတ်မှ သုံးပတ်အကြာတွင် အားဖြည့်ဆေးပမာဏ ထိုးသွင်းပေးခဲ့သည်။ ၂၁ ပတ်အကြာတွင် ၎င်းကြက်များသည် အဆိပ်ဖြေ ပဋိပစ္စည်းများပါဝင်သော ဥများကိုဥစပြုလေသည်။ “မြွေဆိပ်ဖြေဆေးရဖို့ နာကျင်စွာ အစမ်းသပ်ခံရသော” မြင်းများမှ ထုတ်ယူမည့်အစား ကြက်ဥမှရသော အဆိပ်ဖြေဆေးကို အသုံးပြုနိုင်မည်ဟု သုတေသီများက မျှော်လင့်ကြသည်” ဟုသည်တိုင်းမ်စ်ကဆို၏။ ဤနည်းပညာအသစ်ကို တိရစ္ဆာန်များ၌ စမ်းသပ်ခဲ့ကြရာ အောင်မြင်ကြောင်း ဩစတြေးလျနိုင်ငံမှ သိပ္ပံပညာရှင်များ ထုတ်ပြောနေကြပြီ။ ကြက်ဥမှရသော အဆိပ်ဖြေဆေးသည် လူအတွက်လည်း အကျိုးပြုမည်ဆိုလျှင် မှတ်တမ်းအရ နှစ်စဉ် မြွေကိုက်မှု ၃၀၀,၀၀၀ ရှိသည့် အိန္ဒိယနိုင်ငံအတွက် အကျိုးကြီးပေမည်။ မြွေကိုက်ခံရသူတို့အနက် ၁၀ ရာခိုင်နှုန်းမှာ သေဆုံးလေ့ရှိသည်။

လိပ်ပြာပျံသန်းနည်း

“လိပ်ပြာများသည် အရှိန်နှေးနှေး အားစိုက်ထုတ်မှုမရှိဟန်ဖြင့် နောက်ပြန်ဖြစ်စေ၊ ဘေးတိုက်ဖြစ်စေ အဘယ်ကြောင့် အလွန်ကျွမ်းကျင်စွာ ရစ်ဝဲပျံသန်းနိုင်ကြောင်းကို သိပ္ပံပညာရှင်များ နားလည်ဖို့ကြိုးစားခဲ့သည်မှာ နှစ်များစွာကြာခဲ့ပြီ” ဟုလန်ဒန်သတင်းစာ သည်အင်ဒီပဲန်ဒဲန့်ထ်ကဆို၏။ ယခု အောက်စ်ဖို့ဒ်တက္ကသိုလ်မှ သုတေသီများက အဆိုပါအင်းဆက်ပိုး၏လျှို့ဝှက်ချက်ကို မိမိတို့ရှာဖွေတွေ့ရှိခဲ့ကြပြီဟု ယူဆ၏။ လေစီးကြောင်းကိုထုတ်ဖော်သိရှိရန် အထူးပုံစံပြုထားသော စမ်းသပ်လေပြွန်တစ်ခုနှင့် အခိုးအငွေ့မျှင်တန်းများကို အသုံးပြုကာ အနီရောင်လိပ်ပြာကြီးများ၏ ပျံသန်းပုံကို သူတို့ဂရုစိုက်ကြည့်ရှုခဲ့ကြသည်။ ထိုလိပ်ပြာများသည် စမ်းသပ်လေပြွန်အတွင်းရှိ ပန်းအတုများထံ ခေါက်တုံ့ခေါက်ပြန်ပျံသန်းသွားစဉ် ၎င်းတို့၏တောင်ပံများဝန်းကျင်ရှိ လေစီးကြောင်းကို မြန်နှုန်းမြင့်ဒစ်ဂျစ်တယ်ကင်မရာများဖြင့် စစ်ဆေးလေ့လာခဲ့ကြသည်။ “လိပ်ပြာများတောင်ပံခတ်ပုံသည် အလျဉ်းသင့်လျှင်သင့်သလို၊ ရောက်တတ်ရာရာ လှည့်လည်ပျံဝဲနေခြင်းမဟုတ်ဘဲ လေခွင်းအား (အယ်ရိုဒိုင်နမစ်နည်းပညာ) ပုံစံအမျိုးမျိုးကို ပိုင်နိုင်ကျွမ်းကျင်သောကြောင့်ဖြစ်ကြောင်း သုတေသီများ တွေ့ရှိခဲ့ကြသည်။ ၎င်းနည်းပညာကိုသိရှိလာခြင်းဖြင့် အဝေးထိန်းကိရိယာသုံး လက်မအနည်းငယ်သာရှိ တောင်ပံတိုလေယာဉ်ကိုဆောက်လုပ်ရန် သိပ္ပံပညာရှင်များ မျှော်လင့်ကြသည်။ ကင်မရာတစ်လုံးတပ်ဆင်ထားသည့် အဆိုပါလေယာဉ်များကို ကျဉ်းမြောင်းသောနေရာများသို့လွှတ်ပြီး ကြည့်ရှုလေ့လာစေနိုင်မည်။

အီတလီနိုင်ငံ၌ အိပ်မပျော်ခြင်း

၂၀၀၂ ခုနှစ်အတွင်း အီတလီနိုင်ငံတွင် တစ်ခါမျှမပြုလုပ်ခဲ့ဖူးသော အိပ်မပျော်ခြင်းအကြောင်း အသေးစိတ်လေ့လာမှုတစ်ခုကို ဆရာဝန် ၆၀၀ ကျော်နှင့် လူနာ ၁၁,၀၀၀ ကျော်တို့ပါဝင်ပြုလုပ်ခဲ့ကြသည်။ အဆိုပါလေ့လာမှုအရ အီတာလျန်လူမျိုး ၁၂ သန်းကျော်မှာ အိပ်မပျော်သည့်ဝေဒနာကိုခံစားနေရကြောင်း လာစတဲန်ပါသတင်းစာက ဆို၏။ လေ့လာခံရသူများထဲမှ ၆၅ ရာခိုင်နှုန်းမှာ နံနက်ပိုင်းတွင်အိပ်ငိုက်ကြောင်း၊ ၈၀ ရာခိုင်နှုန်းမှာ တစ်နေ့တာ၏ အချိန်တစ်ချိန်ချိန်တွင် အိပ်ငိုက်ကြောင်းနှင့် ၄၆ ရာခိုင်နှုန်းမှာ အလုပ်တွင် အာရုံမစိုက်နိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။ “မတော်တဆကားတိုက်မှု ၂၂ ရာခိုင်နှုန်းမှာ အိပ်ငိုက်ခြင်းကြောင့်ဖြစ်ကြောင်း ထင်ရှားသဖြင့် ယာဉ်မောင်းများသည် အန္တရာယ်အများဆုံးဖြစ်သည်” ဟုသတင်းစာကဆိုသည်။ အိပ်မပျော်သူ ၆၇ ရာခိုင်နှုန်းမှာ မိမိတို့အိပ်မရသည့်အကြောင်းကို ဆရာဝန်အား တစ်ခါမျှမပြောပြဖူးကြောင်း အဆိုပါလေ့လာမှုက ဖော်ပြသည်။ ထိုလေ့လာမှု၏ညှိနှိုင်းရေးမှူး မာရီယို ဂျီယိုဗာနီ တာဇန်နိုက “အိပ်မရသူ အနည်းဆုံး ၂၀ ရာခိုင်နှုန်းမှာ အကြောင်းရင်းမရှိဘဲ အိပ်မပျော်နိုင်ခြင်း ပထမအဆင့်ကို ခံစားနေကြရသည်” ဟုဆို၏။ သို့တိုင် ဆေးစစ်ချက်က ကျန်းမာရေးပြဿနာတစ်ခုခုကြောင့်ဖြစ်ကြောင်း ဖော်ပြနိုင်သည်။ အိပ်မပျော်ရသည့် အခြားသောအကြောင်းများတွင် စိုးရိမ်ပူပန်မှု (၂၄ ရာခိုင်နှုန်း)၊ ဖိစီးမှုများသောဖြစ်ရပ်များ (၂၃ ရာခိုင်နှုန်း) နှင့် စိတ်ဓာတ်ကျခြင်း (၆ ရာခိုင်နှုန်း) တို့ပါဝင်သည်ဟု တာဇန်နိုကဆို၏။

ဆီကာသမင်မျိုး မျိုးသုဉ်းမည့်အန္တရာယ်ဆိုက်နေ

“၁၉၉၃ ခုနှစ်တွင်၊ ဆီကာသမင် တစ်သန်းကျော်သည် ရုရှားနှင့် ကာဇက်စတန်လွင်ပြင်များ၌ ကျင်လည်ကျက်စားခဲ့ကြသည်။ ယနေ့ ကောင်ရေ ၃၀,၀၀၀ ပင်မရှိတော့” ဟုနယူးဆိုင်းယင်းတစ် မဂ္ဂဇင်းကဆို၏။ ၎င်းတိရစ္ဆာန်သည် “တရားမဝင်ခိုးယူဖမ်းဆီးခြင်း” ခံနေရသည်ဟု ထိုသတင်းကဖော်ပြသည်။ “ကြီးမားသောနို့တိုက်သတ္တဝါကောင်ရေ လျော့နည်းသွားခြင်းတွင် ယင်းသည် ဗြုန်းစားအဖြစ်ဆုံးနှင့် အသိသာဆုံးဖြစ်သည်ဟု ဇီဝဗေဒပညာရှင်များကဆို၏။” ဤသို့ခိုးယူဖမ်းဆီးမှု အဘယ်ကြောင့်တိုးများလာရသနည်း။ ၁၉၉၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် ဘေးသင့်နေသောကြံ့များ မျိုးသုဉ်းသွားမည်ကို သဘာဝဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူများ စိုးရိမ်ကြသဖြင့် တရုတ်တိုင်းရင်းဆေးတွင် ကြံ့ဦးချိုအစား ဆီကာသမင်ဦးချို အသုံးပြုရန် အားပေးခဲ့သည်။ တရုတ်ပြည်တွင် ဆီကာသမင် မရှိတော့သဖြင့် အာရှအလယ်ပိုင်းဒေသရှိ ထိုတိရစ္ဆာန်အုပ်များထံ မြားဦးလှည့်ကြခြင်းဖြစ်သည်။ ငါးနှစ် (၁၉၉၃-၉၈) အတွင်း ထိုတိရစ္ဆာန်ကောင်ရေ ထက်ဝက်နီးပါးလျော့နည်းသွားပြီး ၂၀၀၂ ခုနှစ်တိုင်လေသော် ၉၇ ရာခိုင်နှုန်းအထိ ထိုးကျလျော့နည်းသွားခဲ့သည်။ ကာဇက်စတန်အလယ်ပိုင်းတွင် ၉၉ ရာခိုင်နှုန်းအထိ လျော့နည်းသွားသည်။ ထိုတွင် ဆီကာသမင် ၄,၀၀၀ သာကျန်ရှိတော့သည်။ အပြည်ပြည်ဆိုင်ရာ သစ်ပင်ပန်းပင်များအဖွဲ့အစည်းမှ သတ္တဗေဒပညာရှင် အဘီဂေးလ် အဲန်တ်ဝီစယ်လ်က “၎င်းမျိုးစိတ် မျိုးမသုန်းစေရန် နှစ်နှစ်သာ အချိန် ရသည်” ဟုဆို၏။

အတွေး၊ စိတ်လှုပ်ရှားမှုနှင့် ကျန်းမာရေး

ကျွန်ုပ်တို့တွေးတောရာများသည် ယခင်က ယူဆထားသည်ထက် ကိုယ်ခန္ဓာအပေါ် အကြီးအကျယ် အကျိုးသက်ရောက်မှုရှိသည်ဟု ပိုလန်မဂ္ဂဇင်းဗရော့ဗ်စ်မှ သတင်းတစ်ပုဒ်က ဆိုသည်။ ယင်းက ဤသို့ထပ်ဆင့်သည်– “အတွေးများနှင့် စိတ်လှုပ်ရှားမှုများသည် အာရုံကြော၊ ကိုယ်ခံအား၊ ဟော်မုန်းဓာတ်၊ သွေးလည်ပတ်မှုနှင့် မျိုးပွားမှုစနစ်စသည့် အရေးပါသောအင်္ဂါများနှင့် ကိုယ်ခန္ဓာဖွဲ့စည်းပုံများအားလုံးကို အကျိုးသက်ရောက်မှုရှိသည်။” ထို့ကြောင့် ဝါဆောမြို့မှ တစ်ကိုယ်ရေကျန်းမာရေးနှင့် ကပ်ရောဂါဗေဒဆိုင်ရာ စစ်တက္ကသိုလ်ပါမောက္ခ မာရက်ခ် ကိုဗဲလ်ချစ်ခ်က “ဖိစီးမှုများသောဘဝဖြင့် အသက်ရှင်ရသူများသည် အခြားသူများထက် နှစ်ဆ အအေးမိပြီး တုပ်ကွေးဖြစ်တတ်ကြသည်။” ထို့ပြင် စိတ်ဓာတ်ကျသောအမျိုးသမီးများသည် ကိုယ်ဝန်ဆောင်ရန်အလားအလာ ၅၀ ရာခိုင်နှုန်းသာရှိသည်ဟု သူထပ်မံဆိုသည်။ ဖိစီးမှုကြောင့် ကင်ဆာရောဂါဖြစ်သည်ဟု မဆိုနိုင်သော်လည်း ယင်းသည် “မြုံနေသောကင်ဆာကို တိုး၍မြန်မြန်ဖြစ်ပေါ်စေနိုင်” သည်ဟုလည်း ဗရော့ဗ်စ်ကဆို၏။ အမျက်ဒေါသသည်လည်း ကျန်းမာရေးထိခိုက်နိုင်သည်၊ အကြောင်းမှာ ဒေါသကြီးပြီး ရန်လိုတတ်သူများသည် နှလုံးရောဂါဖြစ်ဖို့အကြောင်းပိုများသဖြင့် နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်ပွားမှုပမာဏ ပိုများသည်ဟု ခံယူထားကြသည်။

ဆင်စွယ် တရားဝင်ရောင်းချခြင်း

၁၉၇၉ မှ ၁၉၈၉ ခုနှစ်အထိ၊ ဆယ်နှစ်တာအတွင်းပင် အာဖရိကဆင်ကောင်ရေ တစ်ဝက်ကျော်ကျော် လျော့နည်းသွားခဲ့သည်။ သို့ဖြစ်ရသည့်အကြောင်းရင်းတစ်ခုမှာ ၎င်းတို့၏အစွယ်နှင့် ပြုလုပ်သည့်ပစ္စည်းများကို ဝယ်လိုအား များလာသောကြောင့်ဖြစ်သည်။ နောက်အကြောင်းတစ်ခုမှာ တရားမဝင်ခိုးဖမ်းသူများတွင် စက်သေနတ်များ တစ်ဟုန်ထိုး တိုးများလာခြင်းဖြစ်သည်။ ယင်းကြောင့် ၁၉၈၉ ခုနှစ်တွင်ကျင်းပသော မျိုးသုဉ်းမည့်အန္တရာယ်ရှိသည့် တိရစ္ဆာန်မျိုးစိတ်များရောင်းဝယ်မှုဆိုင်ရာ နိုင်ငံတကာသဘောတူညီချက် (စီအိုင်တီအီးအက်စ်) က ဆင်စွယ်ရောင်းဝယ်မှုကို လုံးဝပိတ်ပင်လိုက်လေသည်။ သို့သော် မကြာသေးမီက တောင်အာဖရိက၊ ဘော့စ်ဝါးနားနှင့် နမီးဘီးယားနိုင်ငံတို့အား ဆင်စွယ်တန်ချိန် ၆၀ ကိုတစ်ကြိမ်ရောင်းချရန် စီအိုင်တီအီးအက်စ် မှခွင့်ပြုခဲ့သည်ဟု အာဖရိကတောရိုင်းတိရစ္ဆာန်များ မဂ္ဂဇင်းကဆိုသည်။ ထိုဆင်စွယ်များသည် တရားမဝင်ခိုးဖမ်းသူများထံမှ သိမ်းယူထားသော၊ သို့မဟုတ် သဘာဝအလျောက် သေဆုံးသွားသောတိရစ္ဆာန်များမှရရှိသော ဆင်စွယ်များဖြစ်သည်။ အခြားနိုင်ငံနှစ်နိုင်ငံမှာမူ မိမိတို့၏ဆင်စွယ်များကို ရောင်းချခွင့်မရခဲ့ကြချေ၊ အကြောင်းမှာ “တရားမဝင်ဆင်စွယ်ရောင်းဝယ်မှုကို တားဆီးနိုင်မည်ဟု သူတို့အပြည့်အဝ အာမ,မခံနိုင်ကြခြင်း” ကြောင့်ဖြစ်သည်ဟု ထိုဆောင်းပါးကဆို၏။