မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စိတ်ဝေဒနာကို ခါးစည်းခံခြင်း

စိတ်ဝေဒနာကို ခါးစည်းခံခြင်း

စိတ်ဝေဒနာကို ခါးစည်းခံခြင်း

စိတ်ဝေဒနာများကို အထိတ်တလန့် တွေ့မြင်နေရ၏။ ဥပမာ၊ ခန့်မှန်းခြေအရ ကမ္ဘာတစ်ဝန်း လူသန်းပေါင်း ၃၃၀ ကျော်သည် စိတ်ကျဝေဒနာကို ဆိုးဆိုးရွားရွား ခံစားနေကြရ၏၊ ယင်းသည် တစ်ချိန်လုံး ဝမ်းနည်းလျက်နေကာ နေ့စဉ်လုပ်ငန်းဆောင်တာများ၌ မပျော်ရွှင်သည့် အခြေအနေမျိုးဖြစ်၏။ နောက်အနှစ် ၂၀ အတွင်း စိတ်ကျဝေဒနာသည် နှလုံးသွေးကြောဆိုင်ရာရောဂါပြီးလျှင် ဒုတိယအဖြစ်အများဆုံး ရောဂါဖြစ်လာမည်ဟု ခန့်မှန်းရသည်။ ယင်းကြောင့် ၎င်းကို “အအေးမိခြင်းကဲ့သို့ပင် အဖြစ်များလာသည့် စိတ်ရောဂါ” ဟု ခေါ်ဆိုကြခြင်းသည် အံ့ဩစရာမဟုတ်ချေ။

မကြာသေးမီနှစ်များအတွင်း စိတ်ကြွစိတ်ကျရောဂါကို လူအများ ပိုအာရုံစိုက်လာကြပြီ။ ဤရောဂါ၏ လက္ခဏာများတွင် စိတ်ဓာတ်ကျလိုက် တက်လိုက်ဖြစ်သော စိတ်နေစိတ်ထား အပြောင်းအလဲမြန်ခြင်း ပါဝင်သည်။ “စိတ်ဓာတ်ကျနေစဉ် သင်သည် သေကြောင်းကြံလိုသည့်အတွေးများ ဝင်ပေမည်။ စိတ်တက်ကြွနေစဉ်မူ သင်၏ ကောင်းစွာချင့်ချိန်သုံးသပ်နိုင်စွမ်း ပျောက်ပြယ်သွားနိုင်ရာ သင့်လုပ်ရပ်များ၏ ဘေးဆိုးများကို မမြင်နိုင်ဘဲနေမည်” ဟု အမေရိကန်ဆေးအဖွဲ့မှ မကြာသေးမီက ထုတ်ဝေသည့် စာအုပ်တစ်အုပ်က ဆိုသည်။

စိတ်ကြွစိတ်ကျရောဂါသည် ယူနိုက်တက်စတိတ် လူဦးရေ၏ ၂ ရာခိုင်နှုန်းကို ထိခိုက်နေသည်ဟုယူဆရ၏၊ ဆိုလိုသည်မှာ ထိုနိုင်ငံတစ်နိုင်ငံတည်းတွင် ဝေဒနာရှင် သန်းချီ၍ရှိနေခြင်းဖြစ်သည်။ သို့သော် အဆိုပါကိန်းဂဏန်းများသက်သက်က စိတ်ဝေဒနာအား အလူးအလဲခါးစည်းခံနေရသည်ကို ရုပ်လုံးမဖော်ပြနိုင်ချေ။

စိတ်ဓာတ်ကျဆင်းမှု—⁠အချိန်ပြည့်ဝမ်းနည်းနေရခြင်း

ဝမ်းနည်းမှု၏ လှိုင်းဂယက်ရိုက်ခံရသူ များစွာရှိ၏။ နာရီအနည်းငယ် သို့မဟုတ် ရက်အနည်းငယ်အကြာတွင် ထိုခံစားချက် ပျောက်ပြယ်သွားပေမည်။ သို့သော် စိတ်ကျဝေဒနာသည်တစ်ဦး၏ အခြေအနေမှာမူ ထိုထက်စိုးရိမ်ရ၏။ အဘယ်နည်းဖြင့်နည်း။ “ကျွန်ုပ်တို့၏စိတ်အပြောင်းအလဲများသည် နောက်ဆုံး၌ အဆုံးသတ်သွားကြောင်း စိတ်ဓာတ်မကျသည့် ကျွန်ုပ်တို့အားလုံး သိရှိကြသော်လည်း စိတ်ဓာတ်ကျသူခမျာမှာ စိတ်ကြွလိုက် ကျလိုက်ဖြစ်နေကာ အထိန်းအချုပ်မဲ့ မီးရထားတစ်စင်းပေါ်တွင်ရှိနေသည့်အလား မီးရထားပေါ်မှ အဘယ်သို့ဆင်းရမည်၊ အဘယ်အချိန်တွင်ဆင်းရမည်ကို ကွဲကွဲပြားပြား မသိတော့ဘဲ သူ၏ခံစားချက်များဖြင့် ချာလပတ်လည်နေသည်” ဟု ဒေါက်တာ မိခ်ျ ဂိုလန်က ရှင်းပြသည်။

ဆေးဝါးဖြင့်ကုသဖို့လိုသည့် စိတ်ကျဝေဒနာသည် ပုံစံအမျိုးမျိုးရှိနိုင်ပါသည်။ ဥပမာ၊ လူတချို့တွင် ရာသီအလိုက် စိတ်ကျတတ်သည့်ရောဂါ (အက်စ်အေဒီ) ရှိကြ၏၊ ယင်းသည် အများအားဖြင့် ဆောင်းရာသီတွင် ဖြစ်ပေါ်တတ်၏။ “အက်စ်အေဒီရောဂါရှိသူတို့သည် မြောက်ဘက်ပိုင်းပိုကျပြီး ရာသီဥတု ပိုမှုန်မှိုင်းရီဝေသည့် အရပ်ဒေသတွင်နေထိုင်လေလေ ၎င်းတို့၏စိတ်ဓာတ်ကျဆင်းမှုမှာ ပို၍ဆိုးဝါးသွားလေလေ ဖြစ်သည်။ မှိုင်းမှုန်သည့် ဆောင်းဥတုနှင့်ဆက်စပ်ပြီး အက်စ်အေဒီရောဂါ ဖြစ်တတ်သည်ဟုဆိုကြသော်လည်း တစ်ခါတလေ မှောင်မည်းနေသည့် အလုပ်ခန်းများ၊ ပုံမှန်မဟုတ်သော တိမ်ထူသည့်အခါများ၊ မြင်ကွင်းမသဲကွဲသည့်အခါများ၌လည်း ဖြစ်တတ်သည်” ဟု လူ့ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းမှ ထုတ်ဝေသည့် စာအုပ်တစ်အုပ်က ဆိုသည်။

အဘယ်အရာက စိတ်ကျဝေဒနာဖြစ်စေသနည်း။ တိကျသည့်အဖြေ မရှိချေ။ တချို့ကိစ္စများတွင် မျိုးရိုးဗီဇနှင့်ဆိုင်ပုံရသော်လည်း ဖြစ်ရပ်အများစုတွင်မူ ဘဝအတွေ့အကြုံများပေါ် အဓိကမူတည်ပုံရှိသည်။ ထို့ပြင် ယင်းရောဂါသည် အမျိုးသားများတွင်ထက် အမျိုးသမီးများ၌ နှစ်ဆ အဖြစ်များသည်ကို သတိပြုမိသည်။ * သို့သော် အမျိုးသားများသည် ထိုရောဂါမရဟူ၍ မဆိုလိုချေ။ သို့ဖြစ်မည့်အစား အမျိုးသား ၅ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိသည် သူတို့၏အသက်တာတစ်ချိန်ချိန်တွင် စိတ်ကျဝေဒနာဖြစ်လာနိုင်သည်ဟု ခန့်မှန်းထား၏။

ဤကဲ့သို့သော စိတ်ကျဆင်းမှုဝေဒနာမျိုးခံရပါက ဝေဒနာသည်၏ဘဝကဏ္ဍတိုင်းကို ထိခိုက်နိုင်၏။ ယင်းက “သင့်ကို လုံးလုံး တုန်လှုပ်ချောက်ချားသွားစေသည်၊ သင်၏ယုံကြည်ကိုးစားမှု၊ မိမိကိုယ်ကိုလေးစားမှု၊ ရှင်းလင်းပြတ်သားစွာ စဉ်းစား၍ ဆုံးဖြတ်ချက်ချနိုင်စွမ်းတို့ကို တရွေ့ရွေ့ ပြိုပျက်သွားစေသည်၊ အလွန်အမင်းစိတ်ဓာတ်ကျလာသည့်အခါ သင်ခံနိုင်စွမ်းရှိမရှိ ဖျစ်ညှစ်ဖိနှိပ်ခံရပြန်သေးသည်” ဟု ရှီလာအမည်ရှိ ဝေဒနာသည်တစ်ဦးကဆိုသည်။

ဝေဒနာသည်တစ်ဦးသည် မိမိ၏ခံစားချက်များကို စာနာပေးတတ်သူအား ရင်ဖွင့်ပြောဆိုခြင်းဖြင့် စိတ်သက်သာရာရနိုင်သည့် အချိန်အခါများရှိသည်။ (ယောဘ ၁၀:၁) သို့ဆိုသည့်တိုင် ဇီဝဓာတု မညီမျှမှုရှိနေပါက အပြုသဘောထားရှိရုံနှင့် စိတ်ဓာတ်ကျဆင်းမှု ပျောက်သွားမည်မဟုတ်ချေ။ အမှန်မှာ ဤသို့သောကိစ္စမျိုးတွင် ဝေဒနာသည်အနေနှင့် စိတ်ပျက်ဖွယ်ကောင်းသည့် ဤရောဂါကို မထိန်းချုပ်နိုင်ပါ။ ထို့ပြင်၊ ဝေဒနာသည်,သည် သူ၏မိသားစုနှင့် မိတ်ဆွေများကဲ့သို့ပင် မိမိ၏အခြေအနေကို နားလည်မည်မဟုတ်ပေ။

မိမိ၌ စိတ်ကျရောဂါရှိနေကြောင်း မသိရသေးမီ အကြီးအကျယ် ဝမ်းနည်းပူဆွေးခဲ့ရသည့် ခရစ်ယာန်တစ်ဦးဖြစ်သူ ပေါ်လာကိုကြည့်ပါ။ * “တစ်ခါတလေ ခရစ်ယာန်အစည်းအဝေးပြီးတာနဲ့ ဘာအကြောင်းပြချက်မှမရှိဘဲ ကျွန်မရဲ့ကားဆီ တစ်ဟုန်ထိုးပြေးထွက်သွားပြီး ငိုချလိုက်မိတယ်။ တစ်ချိန်လုံး အထီးကျန်နေပြီး နာကျင်နေခဲ့ရတယ်။ ကျွန်မကို ဂရုစိုက်ကြတဲ့ မိတ်ဆွေတွေအများကြီးရှိမှန်းသိပေမဲ့ အဲဒါကို ကျွန်မ အသိအမှတ်မပြုနိုင်ခဲ့ဘူး” ဟု သူပြောပြသည်။

အယ်လင်လည်း အလားတူအဖြစ်မျိုးကြုံခဲ့ရ၏၊ သူသည် စိတ်ကျဝေဒနာကြောင့် ဆေးရုံတက်ခဲ့ရသည်။ “ကျွန်မမှာ သားနှစ်ယောက်၊ ချစ်စရာကောင်းတဲ့ ချွေးမနှစ်ယောက်နဲ့ ခင်ပွန်းရှိပါတယ်၊ သူတို့အားလုံး ကျွန်မကို ချစ်ကြမှန်းသိပါတယ်” ဟု သူဆို၏။ ကျိုးကြောင်းဆင်ခြင်လိုက်လျှင် ယင်းကြောင့် သူ၏ဘဝသည် နှစ်လိုဖွယ်ဖြစ်ပြီး မိသားစုကလည်း သူ့ကိုမြတ်နိုးကြောင်း အယ်လင်သိဖို့ကောင်းပေသည်။ သို့သော် စိတ်ကျရောဂါကို တွန်းလှန်တိုက်ခိုက်ရသည့်အခါ ဝေဒနာသည်ခမျာ မခံမရပ်နိုင်အောင် အကြောင်းမဲ့ဝမ်းနည်းနေနိုင်သည်။

မိသားစုတွင် စိတ်ကျဝေဒနာသည်တစ်ဦးရှိလျှင် သူတို့ မည်သို့ခံစားရမည်ကိုလည်း လျစ်လျူရှုထား၍မရပါ။ “သင်ချစ်မြတ်နိုးရသူတစ်ဦး စိတ်ဓာတ်ကျနေသောအခါ မသေချာမရေရာသည့်စိတ်ထား အမြဲရှိနေပေမည်၊ အကြောင်းမှာ သင်ချစ်ရသူသည် အဘယ်အချိန်ကျမှ သက်သာမည် သို့မဟုတ် အဘယ်အချိန်တွင် ရောဂါပြန်ဖြစ်လာမည်ကို အတိအကျမသိနိုင်ချေ။ အကြီးအကျယ်ဆုံးရှုံးသွားပြီဟု သင်ခံစားရပေမည်၊ သင့်ဘဝသည် ပုံမှန်အခြေအနေမှ အစဉ်အမြဲ ပြောင်းလဲသွားပြီလောဟု စဉ်းစားမိပြီး ဝမ်းနည်းပူဆွေးရုံမက ဒေါသပင်ထွက်ပေမည်” ဟု ဒေါက်တာ ဂိုလန်က ရေးသားသည်။

မိဘဖြစ်သူ စိတ်ကျဝေဒနာခံစားနေရသည်ကို ကလေးများရိပ်မိနိုင်သည်။ “စိတ်ကျနေသည့်မိခင်၏ ကလေးသည် ၎င်းမိခင်၏ စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာ အခြေအနေများကို အလွန်အမင်း အကဲဆတ်တတ်လာသည်၊ မသိသာသောပြောင်းလဲမှုတိုင်းကို သူဂရုတစိုက် စောင့်ကြည့်လာတတ်၏” ဟု ဒေါက်တာ ဂိုလန်ကရေးသည်။ စိတ်ကျရောဂါသည်မိဘတစ်ဦး၏ ကလေးများသည် “အမူအရာပိုင်းဆိုင်ရာ ပြဿနာများ၊ သင်ယူမှုအခက်အခဲများနှင့် ရွယ်တူချင်းပြဿနာများရှိရန် အကြောင်းပိုများသည်။ ၎င်းတို့ကိုယ်တိုင်လည်း စိတ်ကျရောဂါခံစားလာနိုင်စရာရှိ၏” ဟု ဒေါက်တာ ကယ်ရယ်လ် ဝါ့တ်ကင်းစ်ကဆိုသည်။

စိတ်ကြွစိတ်ကျရောဂါ—⁠အစဉ်ပြောင်းလဲနေခြင်း

စိတ်ကျရောဂါသည် အမှန်တကယ်ပင် ကုရခက်သည်။ ယင်းနှင့်အတူ အလွန်အမင်း စိတ်လှုပ်ရှားတက်ကြွလာပုံရှိလျှင် ဘိုင်ပိုလာရောဂါခေါ် စိတ်ကြွစိတ်ကျရောဂါပါဖြစ်နေ၏။ * “စိတ်ကြွစိတ်ကျရောဂါနဲ့ပတ်သက်လို့ ဖြစ်မြဲဖြစ်တတ်တာကတော့ အဲဒီရောဂါဟာ ပုံမှန်မရှိတာပဲ” ဟု လူစီယာအမည်ရှိ ဝေဒနာသည်တစ်ဦးပြောပြသည်။ စိတ်တက်ကြွနေစဉ် စိတ်ကြွစိတ်ကျရောဂါသည်များသည် “သည်းညည်းမခံနိုင်လောက်အောင် အနှောင့်အယှက်ပေးတတ်ပြီး ပိုင်စိုးပိုင်နင်းပြုမူလာတတ်၏၊ ကမူးရှူးထိုးနှင့် ဂနာမငြိမ်ဖြစ်ကာ ဝမ်းသာကြည်နူးနေရာမှ ရုတ်ခြည်းပင် စိတ်တိုသွားမည်၊ သို့မဟုတ် ဒေါသထွက်ပေလိမ့်မည်” ဟု ဟားဗဒ် စိတ်ကျန်းမာရေးသဝဏ်လွှာက မှတ်သားဖော်ပြသည်။

လီနောရ်သည် စိတ်တက်ကြွ၍ ရွှင်ပျလန်းဆန်းခဲ့ရသည့် အဖြစ်မျိုးကို ဤသို့ပြန်ပြောပြသည်– “ကျွန်မမှာ အားအင်တွေ ပြည့်လျှံနေတယ်။ လူအတော်များများက ကျွန်မကို စူပါအမျိုးသမီးလို့တောင် ခေါ်ကြတာ။ လူတွေက ‘ရှင်နဲ့ တူချင်လိုက်တာ’ လို့ ပြောကြတယ်။ မကြာခဏဆိုသလို ကျွန်မ ဘာမဆိုတတ်နိုင်တယ်၊ အစွမ်းထက်တယ်လို့ ခံစားရတယ်။ အကြီးအကျယ်လေ့ကျင့်ခန်းယူ လှုပ်ရှားခဲ့တယ်။ တစ်ညကို နှစ်နာရီ၊ သုံးနာရီလောက်ပဲ အိပ်ပေမဲ့ အားအင်အပြည့်နဲ့ အိပ်ရာကနိုးထလာတယ်။”

သို့ရာတွင်၊ အတန်ကြာသော် လီနောရ်သည် မှိုင်တွေညှိုးငယ်သွားလေတော့သည်။ “ကျွန်မ အရမ်းဝမ်းသာကြည်နူးနေချိန်မှာပဲ ကျွန်မအထဲမှာ စိတ်လှုပ်ရှားမှုတစ်မျိုး ခံစားလာရတယ်၊ ပိတ်လို့မရတဲ့ အင်ဂျင်စက်ကြီးတစ်လုံး လည်နေသလိုပဲ။ ကျွန်မရဲ့ နှစ်သက်ဖွယ်ကောင်းတဲ့ စိတ်သဘောထားက ရုတ်တရက်ကြီး ရန်လိုလာပြီး အပျက်သဘောပဲရှိတော့တယ်။ ကျွန်မမိသားစုထဲက တစ်ယောက်ယောက်ကို အကြောင်းမဲ့ ပြောဆိုကြိမ်းမောင်းတော့တာပဲ။ အရမ်းဒေါသထွက်ပြီး လူတွေကို မုန်းပဲမုန်းနေတာ၊ ကိုယ့်ကိုယ်ကို လုံးလုံးမချုပ်တည်းနိုင်တော့ဘူး။ ဒီလိုထိတ်လန့်တကြားဖြစ်ပြီးတဲ့နောက် ရုတ်တရက် အမောဖောက်လာရော၊ ဝမ်းနည်းပက်လက် ငိုကြွေးလိုက်ပြီး အရမ်းစိတ်ဓာတ်ကျသွားတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးမရှိတဲ့သူ၊ လူဆိုးလူမိုက်လို့ပဲ ခံစားရတယ်။ နောက်တစ်ခါကျတော့ ဘယ်တုန်းကမှ ဘာမှမဖြစ်ဖူးသလိုပဲ အံ့သြဖို့ကောင်းလောက်အောင် ရွှင်ပျလန်းဆန်းနေပြန်ရော” ဟု သူပြောပြသည်။

ဤသို့သော စိတ်ကြွစိတ်ကျရောဂါကြောင့် မိသားစုဝင်များ စိတ်ရှုပ်ထွေးသွားပေမည်။ မေရီ၏ခင်ပွန်းသည် စိတ်ကြွစိတ်ကျရောဂါသည်ဖြစ်၏၊ မေရီက ဤသို့ဆိုသည်– “ကျွန်မရဲ့ခင်ပွန်းဟာ ပျော်ပျော်ပါးပါး လျှာသွက်အာသွက် စကားပြောနေရာကနေ ချက်ချင်းဆိုသလို စိတ်ပျက်အားငယ်သွားတာ၊ မှိုင်ကျသွားတာကိုကြည့်ပြီး နားလည်ရခက်တယ်။ သူ့အခြေအနေကို သူမထိန်းချုပ်နိုင်ဘူးဆိုတာကို လက်ခံနိုင်ဖို့ ကျွန်မတို့ အမြဲကြိုးစားနေကြရတယ်။”

အမှန်မှာ စိတ်ကြွစိတ်ကျရောဂါသည်ကိုယ်နှိုက်ကိုပင် မကြာခဏ စိတ်သောကပိုရောက်စေ၏။ “ဘဝဟန်ချက်ညီပြီး တည်တည်ငြိမ်ငြိမ်ရှိတဲ့သူတွေကို ကျွန်မ မနာလိုဖြစ်မိတယ်။ စိတ်ကြွစိတ်ကျရောဂါသည်တွေဟာ တည်ငြိမ်တဲ့နေရာကို အလည်အပတ်လောက်ပဲ ရောက်ဖူးကြတာပါ။ တကယ်တော့ ကျွန်မတို့တစ်ယောက်မှ အဲဒီနေရာမျိုးမှာ ရှိမနေဘူး” ဟု ဂလိုရီယာအမည်ရှိ စိတ်ကြွစိတ်ကျရောဂါသည်တစ်ဦးကဆို၏။

အဘယ်အရာက စိတ်ကြွစိတ်ကျရောဂါ ဖြစ်စေသနည်း။ စိတ်ကျရောဂါထက် ပို၍အားကောင်းသော မျိုးရိုးဗီဇပါ၍ဖြစ်နိုင်သည်။ “သိပ္ပံဆိုင်ရာလေ့လာချက်အချို့အရ စိတ်ကြွစိတ်ကျရောဂါရှိသူတို့၏ မိသားစုအရင်းအချာများ—⁠မိဘများ၊ ညီအစ်ကိုမောင်နှမများ သို့မဟုတ် သားသမီးများ—⁠သည် ကျန်းမာသူတို့၏ ဆွေမျိုးရင်းချာတို့ထက် ၈ ဆမှ ၁၈ ဆအထိ ရောဂါရနိုင်စရာအကြောင်းပိုများသည်။ ထို့အပြင်၊ စိတ်ကြွစိတ်ကျရောဂါရှိသည့် ဆွေမျိုးရင်းချာတစ်ဦးရှိခြင်းက ကြီးမားသောစိတ်ကျဝေဒနာ သင်၌ဖြစ်ဖို့အကြောင်း ပို၍ပင်များသည်” ဟု အမေရိကန်ဆေးအဖွဲ့ကဆို၏။

စိတ်ကျရောဂါနှင့်မတူသည်မှာ စိတ်ကြွစိတ်ကျရောဂါခံစားရသူ အမျိုးသားအမျိုးသမီးအရေအတွက် အတူတူဖြစ်သည်။ အများအားဖြင့် ကြီးကောင်ဝင်ချိန်လူငယ့်ဘဝတွင် စတင်လေ့ရှိသော်လည်း ဆယ်ကျော်သက်များ၊ ကလေးသူငယ်များ၌ပင် စိတ်ကြွစိတ်ကျရောဂါဖြစ်ပေါ်တတ်ကြောင်း သိရှိရလေပြီ။ မည်သို့ဆိုစေ ရောဂါလက္ခဏာများကို ဆန်းစစ်လေ့လာပြီး လျော်ကန်သည့် ကောက်ချက်တစ်ခုခုချခြင်းက ဆေးဘက်ပညာရှင်တစ်ဦးအတွက်ပင် အလွန်ခက်ခဲနိုင်ပေသည်။ “စိတ်ကြွစိတ်ကျရောဂါသည် ပုတ်သင်ညိုကဲ့သို့ အရောင်ပြောင်းနေတတ်ပြီး လူနာတစ်ဦးနှင့်တစ်ဦး ရောဂါလက္ခဏာပြပုံ မတူသကဲ့သို့ လူနာတစ်ဦးတည်းတွင်ပင် ဖြစ်ပျက်ပုံပြောင်းနေတတ်သော စိတ်ရောဂါမျိုးဖြစ်သည်။ ဤဝေဒနာမျိုးသည် ရုတ်တရက် မမျှော်လင့်ဘဲ အလွန်စိတ်ညှိုးငယ်မှုကို တနင့်နင့်လွှမ်းခြုံခံစားလာစေပြီးနောက် နှစ်နှင့်ချီ၍ ပျောက်သွားပြန်သည်၊ ပေါ်လာပြန်တော့လည်း အလွန်စိတ်ကြွ၊ စိတ်လှုပ်ရှားနေတတ်ပြန်သည်” ဟု ဂျွန်ဟော့ပ်ကင်းစ် ဆေးတက္ကသိုလ်မှ ဒေါက်တာ ဖရန်စစ္စ မာ့ခ် မွန်ဒီမောရ်က ရေးသားတင်ပြသည်။

စိတ်ဝေဒနာများကို ရောဂါအမျိုးအမည်ဖော်ရခက်သည့်ပြင် ရောဂါခံစားနေရသူအတွက်ဆိုလျှင် ပို၍ပင် ခံရခက်ပေမည်။ သို့သော် ဝေဒနာသည်များအတွက် မျှော်လင့်ချက်ရှိပါသည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 8 တစ်ကြောင်းမှာ မီးဖွားပြီးနောက် စိတ်ဓာတ်ကျဆင်းလွယ်သည့်အပြင် မီးယပ်သွေးဆုံးချိန်တွင် ဟော်မုန်းအပြောင်းအလဲများကြောင့်လည်း ဖြစ်နိုင်ပေသည်။ ထို့အပြင် အမျိုးသမီးများသည် အမျိုးသားများထက် ဆေးကုသမှုခံယူလေ့ရှိရာ ရောဂါရှာဖွေစစ်ဆေးခံကြရသည်။

^ အပိုဒ်၊ 11 ဤဆောင်းပါးပါ နာမည်တချို့ကို ပြောင်းထားပါသည်။

^ အပိုဒ်၊ 16 အဆိုပါစိတ်အခြေအနေတစ်ခုချင်းစီသည် လပေါင်းများစွာ တာရှည်လေ့ရှိကြောင်း ဆရာဝန်များက ဆိုကြသည်။ သို့ရာတွင်၊ “စိတ်အပြောင်းအလဲမြန်သူ” တချို့သည် တစ်နှစ်လျှင် အကြိမ်ပေါင်းများစွာ စိတ်ကျလိုက်၊ စိတ်တက်ကြွလိုက် မတည်မငြိမ်ဖြစ်တတ်ကြကြောင်း သတိပြုဖော်ပြကြသည်။ ဖြစ်ခဲသည့်အခြေအနေများတွင် ဝေဒနာသည်များသည် ၂၄ နာရီအတွင်း အလွန်အမင်း စိတ်ကျလိုက်၊ အလွန်အမင်း စိတ်တက်ကြွလိုက်ဖြစ်တတ်ကြသည်။

[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]

“စိတ်ကြွစိတ်ကျရောဂါသည်တွေဟာ တည်ငြိမ်တဲ့နေရာကို အလည်အပတ်လောက်ပဲ ရောက်ဖူးကြတာပါ။ တကယ်တော့ ကျွန်မတို့ တစ်ယောက်မှ အဲဒီနေရာမျိုးမှာ ရှိမနေဘူး။”—ဂလိုရီယာ

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ကြီးမားသောစိတ်ကျဝေဒနာ လက္ခဏာများ *

● တစ်နေ့လုံးနီးပါး၊ နေ့တိုင်းလိုလို၊ အနည်းဆုံးနှစ်ပတ်ကြာ စိတ်ဓာတ်ကျနေသည်

● တစ်ချိန်က နှစ်သက်ခဲ့သော လှုပ်ရှားမှုများကို စိတ်မဝင်စားတော့ခြင်း

● သိသိသာသာ ကိုယ်အလေးချိန်လျော့သွားသည်၊ သို့မဟုတ် တိုးလာသည်

● အအိပ်လွန်ခြင်း၊ သို့မဟုတ် အိပ်မရနိုင်ခြင်း

● လှုပ်ရှားမှုကျွမ်းကျင်နှုန်း မူမမှန်တော့ဘဲ မြန်လိုက်၊ နှေးလိုက်ဖြစ်ခြင်း

● အကြောင်းမည်မည်ရရမရှိဘဲ လွန်ကဲစွာမောပန်းနေခြင်း

● တန်ဖိုးမရှိဟူသော ခံစားချက်များရှိခြင်း နှင့်/သို့မဟုတ် အပြစ်ရှိသည်ဟု မလျော်မကန်ခံစားရခြင်း

● အာရုံစူးစိုက်နိုင်စွမ်း လျော့နည်းသွားခြင်း

● အကြိမ်ကြိမ် ကိုယ့်ကိုယ်ကို သတ်သေလိုစိတ်ပေါက်ခြင်း

ဤရောဂါလက္ခဏာအချို့သည် မပြင်းထန်သော်လည်း နာတာရှည် စိတ်ကျရောဂါ ဒစ်သီမီးယားရောဂါဖြစ်နိုင်ပေသည်

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 31 ဤစာရင်းသည် ခြုံငုံဖော်ပြချက်တစ်ရပ်သာဖြစ်၏၊ မိမိဘာသာ ရောဂါအမျိုးအမည် စစ်ဆေးကြည့်ရန် မဟုတ်ပါ။ ရောဂါလက္ခဏာတချို့ကိုယ်နှိုက်က စိတ်ကျရောဂါအပြင် အခြားရောဂါများ၏ လက္ခဏာများလည်း ဖြစ်နိုင်သည်။