မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝေဒနာသည်များအတွက် မျှော်လင့်ချက်

ဝေဒနာသည်များအတွက် မျှော်လင့်ချက်

ဝေဒနာသည်များအတွက် မျှော်လင့်ချက်

လွန်ခဲ့သောအချိန်က စိတ်ဝေဒနာများခံစားရသူတို့ကို လူတို့ရှောင်ကြဉ်တတ်ကြ၏။ ယင်းကြောင့် ထိုဝေဒနာသည်များခမျာ အပယ်ခံများ ဖြစ်လာကြ၏။ တချို့မှာ အလုပ်ဖြုတ်ခံခဲ့ရ၏။ အခြားသူတို့မှာမူ မိသားစုအသိုင်းအဝိုင်း၏ ပစ်ပယ်ခြင်းကိုခံခဲ့ရ၏။ ယင်းကြောင့် ပြဿနာပိုမို ကြီးထွားလာပြီး ဝေဒနာသည်များ အကူအညီမရဘဲဖြစ်နေလေသည်။

သို့ရာတွင်၊ မကြာသေးမီ ဆယ်စုနှစ်များအတွင်း စိတ်ကျဝေဒနာနှင့် စိတ်ကြွစိတ်ကျရောဂါအကြောင်းကို တိုးသိနားလည်လာခဲ့ကြပြီ။ ယခုအခါ အဆိုပါရောဂါများကို ကုသ၍ရနိုင်ကြောင်း အများသိလာကြပြီ။ သို့သော် အကူအညီတောင်းခံခြင်းက အမြဲလွယ်ကူသည်ကားမဟုတ်ချေ။ အဘယ်ကြောင့်နည်း။

ရောဂါလက္ခဏာများကို အကဲခတ်ခြင်း

စိတ်ဝေဒနာတစ်မျိုးကို သွေးစစ်ရုံ သို့မဟုတ် ဓာတ်မှန်ရိုက်ရုံဖြင့် မသိရှိရချေ။ ယင်းအစား၊ လူတစ်ဦး၏အမူအရာ၊ တွေးတောပုံနှင့် ချင့်ချိန်တတ်မှုတို့ကို ကာလအတန်ကြာ စောင့်ကြပ်စစ်ဆေးရ၏။ ရောဂါအမျိုးအမည်တပ်နိုင်ရန် ရောဂါလက္ခဏာအတော်များများ ပေါ်လွင်ထင်ရှားရမည်ဖြစ်သည်။ ပြဿနာမှာ မိသားစုဝင်များနှင့် မိတ်ဆွေများ တွေ့မြင်နေကြရသည်ကား စိတ်ဝေဒနာလက္ခဏာဖြစ်နေကြောင်းကို တစ်ခါတစ်ရံ မသိရှိကြခြင်းဖြစ်သည်။ “လူတစ်ဦး၏အမူအရာသည် သာမန်မဟုတ်သည်ကို လူအများသဘောတူကြသည့်တိုင် ထိုသို့အဘယ်ကြောင့်ဖြစ်ရကြောင်းနှင့်ပတ်သက်၍ အလွန်ကွာခြားသောအမြင်များ ရှိနေနိုင်သည်” ဟု ဒေါက်တာ ဒေးဗစ် ဂျေ. မစ်ခ်လိုဝစ္စက ရေးသားဖော်ပြ၏။

ထို့ပြင်၊ အခြေအနေမှာ စိုးရိမ်ဖွယ်ဖြစ်သည်ဟု မိသားစုဝင်များက ယူဆကြသည့်တိုင် ဆေးကုသဖို့လိုကြောင်း ဝေဒနာသည်အား လက်ခံယုံကြည်စေဖို့ကား ခက်ခဲကောင်းခက်ခဲပေမည်။ သို့မဟုတ် သင်သည် ရောဂါသည်တစ်ဦးဖြစ်ပါက အကူအညီတောင်းခံလိုစိတ်ရှိမည်မဟုတ်ချေ။ ဒေါက်တာ မာ့ခ် အက်စ်. ဂိုးလ်က ဤသို့ရေးသားသည်– “သင်သည် စိတ်ဓာတ်ကျသည့်အခါ သင့်စိတ်ထဲပေါ်လာရာကို သင်လက်ခံယုံကြည်ပေမည်—⁠ယင်းက မိမိသည် တန်ဖိုးမရှိ၊ မိမိလိုလူမျိုးအတွက် မျှော်လင့်ချက်မရှိသောကြောင့် အကူအညီတောင်းလျှင်လည်း အကျိုးမထူးဟူ၍ဖြစ်မည်။ ယင်းကိစ္စကို တစ်ဦး တစ်ယောက်နှင့် သင်တိုင်ပင်ဆွေးနွေးလိုမည်ဖြစ်သော်လည်း စိတ်ကျရောဂါဖြစ်နေသည့်အတွက် ရှက်စရာ၊ သင့်အမှားကြောင့်ဖြစ်၏ဟု သင်ယူဆမိမည်။ . . . သင်ခံစားနေရသည်မှာ စိတ်ကျရောဂါဖြစ်ကြောင်း မသိဘဲနေပေမည်။” သို့တိုင်၊ ကြီးမားသောစိတ်ကျဝေဒနာ ခံစားရသူတို့အတွက် ဆေးကုသမှုခံယူရန် အလွန်အရေးကြီးသည်။

မည်သူမဆို ရံဖန်ရံခါ စိတ်ပျက်အားလျော့ အားငယ်တတ်ကြ၏၊ ယင်းကို စိတ်ဝေဒနာတစ်မျိုးဟု မသတ်မှတ်နိုင်ချေ။ သို့သော် ယင်းခံစားချက်များသည် အခိုက်အတန့်စိတ်ညှိုးငယ်ခြင်းထက် ပိုပြင်းထန်နေလျှင်ကော အသို့နည်း။ နှစ်ပတ် သို့မဟုတ် ထိုထက်မက ထူးထူးခြားခြား ဆက်လက်စိတ်ညှိုးငယ်နေမည်ဆိုလျှင်ကော အသို့နည်း။ ထို့ပြင်၊ စိတ်ဓာတ်ကျဆင်းနေခြင်းကြောင့် သင်သည် အလုပ်တွင်ဖြစ်စေ၊ ကျောင်းတွင်ဖြစ်စေ၊ သူတစ်ပါးနှင့်ပေါင်းသင်းဆက်ဆံရာတွင်ဖြစ်စေ ပုံမှန်မဖြစ်နိုင်ဟု ဆိုကြပါစို့။ ဤအခြေအနေမျိုးတွင် စိတ်ကျရောဂါကို ခွဲခြားဖော်ပြနိုင်ပြီး ကုသပေးနိုင်သည့် အရည်အချင်းရှိ ဆေးပညာရှင်တစ်ဦးနှင့် တိုင်ပင်ခြင်းသည် ပညာရှိရာရောက်ပေမည်။

ဇီဝဓာတုပစ္စည်းများ အချိုးညီမျှမှုမရှိသည့်အခါ ဆေးသောက်ဖို့လိုပေမည်။ အခြားကိစ္စများတွင်မူ ဝေဒနာသည်အား မိမိ၏အခြေအနေကို မည်သို့ကိုင်တွယ်ဖြေရှင်းနိုင်ကြောင်း သိရှိစေရန် အကြံပေးအစီအစဉ်တစ်ခုကို ပြောပြပေးနိုင်ပေမည်။ တစ်ခါတစ်ရံ အဆိုပါနည်းနှစ်နည်းစလုံးက အကျိုးကျေးဇူးများစွာ ရရှိစေခဲ့သည်။ * အရေးကြီးသည်မှာ အကူအညီလှမ်းတောင်းဖို့ဖြစ်သည်။ “ဝေဒနာသည်တွေဟာ အများအားဖြင့် ကြောက်ရွံ့တတ်ပြီး သူတို့ရဲ့ရောဂါကြောင့် ရှက်နေကြတယ်။ ဒါပေမဲ့ တကယ်ရှက်စရာကတော့ အကူအညီ အလွန်လိုအပ်နေတာကို ရိပ်မိလျက်နဲ့ မတောင်းဆိုဘဲနေတာဖြစ်တယ်” ဟု ရှေ့ဆောင်းပါးတွင် ဖော်ပြထားသည့် စိတ်ကြွစိတ်ကျရောဂါသည် လီနောရ်ကဆိုသည်။

လီနောရ်သည် မိမိကိုယ်တွေ့ကို ပြန်ပြောပြနေခြင်းဖြစ်သည်။ “ကျွန်မ တစ်နှစ်လောက် အိပ်ရာပေါ်က မထနိုင်ခဲ့ဘူး။ ကျွန်မ နည်းနည်းအားရှိလာတဲ့တစ်ရက်မှာ ဆရာဝန်ဆီ ဖုန်းဆက်ပြီး တွေ့ချိန်တောင်းလိုက်တယ်” ဟု သူကဆိုသည်။ လီနောရ်၏ရောဂါမှာ စိတ်ကြွစိတ်ကျရောဂါဟုသိရှိရပြီး သောက်ဆေးများပေးခဲ့သည်။ ယင်းက သူ့အတွက် ဘဝအလှည့်အပြောင်းတစ်ခု ဖြစ်လာစေခဲ့သည်။ “ဆေးသောက်ရင် ကျွန်မနေလို့ကောင်းတယ်၊ ဒါပေမဲ့ ဆေးမသောက်ဘဲနေရင် ရောဂါလက္ခဏာဟောင်းတွေ ပြန်ပေါ်လာမှာစိုးလို့ ဆေးသောက်ဖို့ ကျွန်မကိုယ်ကျွန်မ သတိပေးနေရတယ်” ဟု လီနောရ်ပြောပြ၏။

စိတ်ကျရောဂါခံစားနေရသည့် ဘရန်ဒွန်လည်း အလားတူပင်။ “ဆယ်ကျော်သက်အရွယ်တုန်းက ကျွန်တော်ဟာ တန်ဖိုးမရှိသူပဲဆိုပြီး ကိုယ့်ကိုယ်ကိုသတ်သေဖို့ ခဏခဏ ကြံစည်ခဲ့တယ်။ အသက်သုံးဆယ်ရောက်မှ ဆရာဝန်ဆီသွားခဲ့တာ” ဟု သူကဆို၏။ လီနောရ်ကဲ့သို့ပင် ဘရန်ဒွန်လည်း သူ၏ရောဂါကိုကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ဆေးသောက်ရသည်၊ သို့သော် ထိုထက်မကလိုပါသေးသည်။ “ကျွန်တော်အဘက်ဘက်မှာ ကျန်းကျန်းမာမာရှိရအောင် ကျွန်တော့်စိတ်နဲ့ကိုယ်ခန္ဓာကို ဂရုစိုက်တယ်။ ကျွန်တော် ကောင်းကောင်းအနားယူတယ်၊ အစားအသောက်ကိုလည်း သတိထားစားတယ်။ ဒါ့အပြင် ကျွန်တော့်စိတ်နှလုံးကို တည်ဆောက်မှုပေးတဲ့ ကျမ်းစာစကားတွေနဲ့ ဖြည့်ထားတယ်” ဟု သူကဆိုသည်။

သို့ရာတွင်၊ စိတ်ကျဝေဒနာသည် ဝိညာဉ်ရေးမဟုတ်၊ ဆေးဘက်ဆိုင်ရာပြဿနာဖြစ်ကြောင်း ဘရန်ဒွန်က ထောက်ပြသည်။ ပြန်နာလန်ထူလာဖို့ ယင်းကိုသဘောပေါက်ရန် အလွန်အရေးကြီးသည်။ ဘရန်ဒွန်က ဤသို့ပြောပြသည်– “ခရစ်ယာန်ချင်းတစ်ယောက်က ဂလာတိ ၅:၂၂၊ ၂၃ မှာ ဝမ်းမြောက်ခြင်းဟာ ဘုရားသခင့်ဝိညာဉ်အသီးဖြစ်တယ်၊ ဝိညာဉ်တော်ကိုတားဆီးတဲ့အရာတစ်ခုခု ကျွန်တော်လုပ်ထားမိလို့ စိတ်ဓာတ်ကျနေတာဖြစ်မယ်လို့ စိတ်ရင်းမှန်နဲ့ လာပြောတယ်။ အဲဒါကြောင့် ကျွန်တော့်ကိုယ်ကျွန်တော် အပြစ်ရှိတယ်လို့ ပိုခံစားရပြီး စိတ်ဓာတ် ပိုကျပါလေရော။ ဒါပေမဲ့ ကျွန်တော်လိုအပ်တဲ့အကူအညီရလာတာနဲ့ ညှိုးငယ်တဲ့စိတ်တွေ ပျောက်လွင့်သွားတော့တယ်။ တကယ်စိတ်သက်သာသွားတာပဲ! စောစောကတည်းက ဒီအကူအညီတောင်းခံခဲ့ရင် အကောင်းသား။”

တိုက်ပွဲကို အနိုင်ယူခြင်း

ရောဂါအမျိုးအမည် သိရှိရပြီး ကုသမှုစတင်ခံယူနေစဉ်ပင် စိတ်ဝေဒနာသည်အနေနှင့် အခက်အခဲများကို အဆက်မပြတ် ရင်ဆိုင်နေရပေဦးမည်။ စိတ်ကျဝေဒနာကို အကြီးအကျယ်တွန်းလှန်နေရသည့် ကယ်လီသည် သူ၏ရောဂါကို ကုသပေးနေသည့် ဆရာဝန်များကို အလွန်ကျေးဇူးတင်နေသည်။ ထို့အပြင်၊ အခြားသူများ၏ အားပေးထောက်မမှုသည်လည်း အလွန်အရေးကြီးကြောင်း သူတွေ့ရှိရ၏။ အစပိုင်းတွင် ကယ်လီသည် ဝန်ထုပ်ဝန်ပိုးအဖြစ် အထင်မခံလိုသောကြောင့် အခြားသူများထံ ချဉ်းကပ်ပြီး အကူအညီမတောင်းလိုခဲ့ပါ။ ကယ်လီက “ဘယ်သူ့ဆီက အကူအညီရနိုင်မယ်ဆိုတာကို ရှာရုံတင်မကဘူး၊ အကူအညီကိုလက်ခံတတ်ဖို့လည်း ကျွန်မသင်ယူခဲ့ရတယ်။ ပြောပြောဆိုဆိုရှိလာတော့မှပဲ ကျွန်မဟာ ဆက်ပြီး စိတ်ဓာတ်ကျမနေတော့တာ” ဟုဆို၏။

ယေဟောဝါသက်သေတစ်ဦးဖြစ်သည့် ကယ်လီသည် ယုံကြည်သူချင်းများနှင့်အတူ ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် အစည်းအဝေးများကို တက်ရောက်လေသည်။ သို့သော် တစ်ခါတစ်ရံ ဤပျော်ရွှင်စရာအခါသမယများသည်ပင် အခက်အခဲ ဖြစ်သေး၏။ “လျှပ်စစ်မီးရောင်တွေ၊ လှုပ်လှုပ်ရှားရှား သွားလာနေတဲ့သူတွေ၊ ပြီးတော့ ဆူညံသံတွေက မခံမရပ်နိုင်စရာဖြစ်တယ်။ အဲဒီအခါ အပြစ်ရှိတယ်လို့ ခံစားရပြန်ရော၊ ကျွန်မရဲ့ရောဂါဟာ ဝိညာဉ်ရေးစိတ်ဓာတ်မရှိလို့ဖြစ်တာဆိုပြီး စိတ်ဓာတ်ပိုကျလာတယ်။” ကယ်လီသည် ဤအခြေအနေကို မည်သို့ကိုင်တွယ်ဖြေရှင်းသနည်း။ သူက “စိတ်ကျရောဂါဟာ ကိုင်တွယ်ဖြေရှင်းဖို့လိုတဲ့ ရောဂါတစ်ခုဖြစ်တယ်ဆိုတာကို ကျွန်မအသိအမှတ်ပြုလာပြီ။ အဲဒါဟာ ဘုရားသခင် ဒါမှမဟုတ် ခရစ်ယာန်ချင်းတွေကို ကျွန်မချစ်တဲ့အတိုင်းအတာနဲ့ မဆိုင်ဘူးဆိုတာကိုသိပြီ။ ကျွန်မရဲ့ ဝိညာဉ်ရေးအခြေအနေကြောင့် မဟုတ်ဘူး” ဟုဆိုသည်။

ဤအခန်းဆက်ဆောင်းပါးများတွင် အစောပိုင်းက ဖော်ပြခဲ့သည့် လူစီယာသည် သူရရှိလိုက်သည့် အလွန်ကောင်းမွန်သော ဆေးဘက်ဆိုင်ရာကုသမှုအတွက် အလွန်ဝမ်းမြောက်ခဲ့၏။ “စိတ်ရောဂါအထူးကုဆရာဝန်ဆီသွားပြီး ဒီရောဂါနဲ့ တွဲဖက်နေတဲ့ စိတ်အပြောင်းအလဲတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာကို သင်ယူခဲ့တာ ကျွန်မအတွက် အရမ်းအရေးပါခဲ့တယ်” ဟု သူပြောပြသည်။ ထို့အပြင် အနားယူခြင်းသည် အလွန်တန်ဖိုးရှိကြောင်းကိုလည်း လူစီယာ အလေးပေးဖော်ပြသည်။ သူက “စိတ်ကြွရောဂါအတွက် အိပ်ရေးဝဝအိပ်တာဟာ တကယ်အရေးကြီးတယ်။ ကျွန်မအအိပ်နည်းလေ ရောဂါလက္ခဏာပိုပြင်းလေပဲ။ မအိပ်နိုင်ရင်တောင် အိပ်ရာထဲကမထဘဲ အနားယူဖို့ ကျွန်မကိုယ်ကျွန်မ လေ့ကျင့်ပေးထားတယ်” ဟုပြောသည်။

အစောပိုင်းကဖော်ပြခဲ့သည့် ရှီလာသည်လည်း မိမိ၏ခံစားချက်များကို ဖွင့်အန်နိုင်ရန် နေ့စဉ်မှတ်တမ်းတစ်ခု ပြုစုထား၏။ သူ၏ရှုမြင်ပုံ တိုးတက်လာသည်ကို သူသတိပြုမိသည်။ သို့တိုင်၊ အခက်အခဲများ ရှိနေပါသေးသည်။ “ကျွန်မအရမ်းမောရင် စိတ်ထဲမှာ အပျက်သဘောတွေ ပေါ်လာတတ်တယ်။ ဒါပေမဲ့ အဲဒီသဘောထားတွေကို ဖျောက်တတ်လာတယ်၊ ဒါမှမဟုတ် အနည်းဆုံးတော့ လျှော့ချတတ်လာတယ်” ဟုပြောပြသည်။

ဘုရားသခင့်နှုတ်မြွက်စကားတော်မှ နှစ်သိမ့်မှု

“စိုးရိမ်ကြောင့်ကြ” စရာများသူတို့အတွက် သမ္မာကျမ်းစာသည် ခွန်အားဖြစ်သည်။ (ဆာလံ ၉၄:၁၇-၁၉၊ ၂၂သမ္မာ) ဥပမာ၊ ချယ်ရီအတွက် ဆာလံ ၇၂:၁၂၊ ၁၃ [သမ္မာ] သည် အထူးခွန်အားဖြစ်ခဲ့သည်။ ထိုတွင် ဆာလံဆရာက ဘုရားသခင့် ခန့်အပ်ခံဘုရင် ယေရှုခရစ်အကြောင်း ဤသို့ဖော်ပြထားသည်– “နွမ်းပါးသူအော်ဟစ်သောအခါ ထိုသူကိုလည်းကောင်း၊ ခိုကိုးရာမရသောဆင်းရဲသူကိုလည်းကောင်း ကယ်လွှတ်တော်မူ၏။ ဆင်းရဲသူနှင့်နွမ်းပါးသူကို သနား၍ နွမ်းပါးသူတို့၏အသက်ကို ကယ်တင်တော်မူ၏။” ချယ်ရီသည် ရောမ ၈:၃၈၊ ၃၉ [သမ္မာ] တွင် မှတ်တမ်းတင်ထားသည့် တမန်တော်ပေါလု၏ ဤစကားများမှလည်း ခွန်အားရရှိခဲ့လေသည်– “သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွတ်အမြတ်ဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတ္တံ့သောအရာဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ အခြားအဘယ် . . . အရာဖြစ်စေ . . . ဘုရားသခင်၏မေတ္တာတော်နှင့် ငါတို့ကိုမကွာစေနိုင်။”

ဘုရားသခင်နှင့် မိမိ၏ဆက်ဆံရေးသည် ကျောက်ဆူးတစ်ခုပမာဖြစ်ကြောင်း စိတ်ကြွစိတ်ကျရောဂါသည်ဖြစ်သူ အီလိန်း သိလာခဲ့သည်။ သူသည် ဆာလံဆရာ၏ ဤစကားများဖြင့် အကြီးအကျယ် စိတ်သက်သာရာရခဲ့၏– “အိုဘုရားသခင် ကိုယ်တော်သည် ကျိုးပဲ့ကြေမွသောနှလုံးကို ငြင်းပယ်တော်မမူတတ်ပါ။” (ဆာလံ ၅၁:၁၇) “ကျွန်မတို့ရဲ့ မေတ္တာရှင် ကောင်းကင်ခမည်းတော် ယေဟောဝါဟာ နားလည်ပေးတတ်တယ်ဆိုတာကို သိထားလို့ တကယ်နှစ်သိမ့်မှုရတယ်။ အထူးသဖြင့် စိုးရိမ်ပူပန်၊ သောကရောက်တဲ့အခါ ကိုယ်တော့်ဆီ ဆုတောင်းချဉ်းကပ်လိုက်ရင် ခွန်အားပြည့်လာတာပဲ” ဟု သူဆို၏။

တွေ့ရှိရသည့်အတိုင်းပင် စိတ်ဝေဒနာကို ခါးစည်းခံနေရခြင်းဖြင့် ထူးခြားသောစိန်ခေါ်ချက်အမျိုးမျိုး ကြုံကြိုက်ကြရသည်။ သို့ရာတွင်၊ ချယ်ရီနှင့် အီလိန်းတို့သည် ဆုတောင်း၍ ဘုရားသခင်အားကိုးစားပြီး သင့်တော်လျောက်ပတ်သော ကုသမှုကိုခံယူခြင်းဖြင့် သူတို့၏အခြေအနေကို တိုးတက်စေနိုင်ခဲ့ကြောင်း တွေ့ရှိခဲ့ပြီ။ သို့သော်၊ စိတ်ကြွစိတ်ကျရောဂါ သို့မဟုတ် စိတ်ကျဝေဒနာ ခံစားနေရသူတို့ကို သူတို့၏မိသားစုများနှင့် မိတ်ဆွေများ မည်သို့ကူညီပေးနိုင်သနည်း။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 နိုးလော့! သည် နည်းတစ်ခုခုကို ထောက်ခံနေခြင်းမဟုတ်ပါ။ သို့သော် ခရစ်ယာန်များသည် မိမိတို့ခံယူသည့် မည်သည့်ကုသမှုမျိုးမဆို ကျမ်းစာမူများနှင့် မဆန့်ကျင်ကြောင်း သေချာစစ်ဆေးသင့်သည်။

[စာမျက်နှာ ၁၀ ပါ အကျဉ်းဖော်ပြချက်]

“ကျွန်တော်လိုအပ်တဲ့အကူအညီရလာတာနဲ့ ညှိုးငယ်တဲ့စိတ်တွေ ပျောက်လွင့် သွားတော့တယ်။ တကယ်စိတ်သက်သာသွားတာပဲ!”—ဘရန်ဒွန်

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]

ဘဝကြင်ဖော်တစ်ဦး၏ ရှုမြင်ချက်များ

“လူစီယာ ရောဂါမဖြစ်ခင်က သူ့ရဲ့ထိုးထွင်းသိမြင်နိုင်စွမ်းနဲ့ လူအတော်များများရဲ့ဘဝကို လွှမ်းမိုးနိုင်ခဲ့တယ်။ အခုတောင်မှ ကျွန်တော့်ဇနီး စိတ်ငြိမ်တဲ့အခါ လူတွေလာလည်ကြရင် သူနဲ့နေရတာ သိပ်ပျော်ပုံရတယ်။ လူစီယာဟာ လွန်လွန်ကဲကဲ စိတ်ကြွလိုက်၊ စိတ်ကျလိုက်ဖြစ်နေတာကို လူတွေ သိပုံမရဘူး။ စိတ်ကြွစိတ်ကျရောဂါဟာ အဲ့ဒီလိုပဲ၊ သူ့ခမျာ ဒီရောဂါဖြစ်တာ လေးနှစ်လောက်ရှိပြီ။

“လူစီယာ စိတ်တက်ကြွနေချိန်မှာ သူ့ခေါင်းထဲ ဖန်တီးကြံဆမှုတွေ ချာလပတ်လည်နေပြီး မနက် တစ်နာရီ၊ နှစ်နာရီ၊ ဒါမှမဟုတ် သုံးနာရီ အထိတောင် မအိပ်ဘဲ နိုးနေတတ်တယ်။ သူ့မှာ အားအင်တွေအပြည့်ပဲ။ အသေးအဖွဲကိစ္စလေးတွေကို ရေးကြီးခွင့်ကျယ်လုပ်တတ်ပြီး စိတ်ကူး ပေါက်သလို ပိုက်ဆံဖြုန်းတတ်တယ်။ သိက္ခာကျစရာ၊ ထိခိုက်စရာ ဘာအကြောင်းမှ မရှိပါဘူးဆိုတဲ့ သဘောမျိုးနဲ့ အန္တရာယ်အရှိဆုံး အခြေအနေတွေထဲ ကမူးရှူးထိုးဝင်သွားတတ်တယ်။ ဒီလိုစိတ်လိုက်မာန်ပါလုပ်ရင်းနဲ့ သူ့ကိုယ်သူသတ်သေတဲ့အန္တရာယ်ရှိတယ်။ စိတ်ကြွရောဂါ ထပြီးရင် တစ်ဆက်တည်း စိတ်ကျရောဂါ ဝင်လာတတ်တယ်၊ ရောဂါ ပြင်းထန်မှုကတော့ အများအားဖြင့် အတူတူပဲ။

“ကျွန်တော့်ဘဝဟာ သိသိသာသာကြီး ပြောင်းလဲသွားပြီ။ လူစီယာကို ဆေးကုပေးနေရင်းနဲ့တောင် ဒီနေ့ ကျွန်တော်တို့ လုပ်နိုင်တာဟာ မနေ့ကလုပ်ခဲ့တာနဲ့မတူဘူး၊ မနက်ဖြန်နဲ့လည်း တူနိုင်မှာမဟုတ်ဘူး။ အခြေအနေအလိုက် ပြောင်းလဲရတယ်။ ကျွန်တော့်ကိုယ်ကိုထင်ထားတာထက်တောင် အလိုက်အထိုက် ပြောင်းလဲလုပ်လာစေနိုင်ခဲ့တယ်။”—⁠မာရီယို။

[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်]

ဆေးဝါး သုံးစွဲနေရသောအခါ

ဆေးဝါးသောက်သုံးခြင်းသည် ချို့တဲ့မှု၏ လက္ခဏာတစ်ရပ်ဟု တချို့ယူဆကြသည်။ သို့သော် ဤသို့စဉ်းစားကြည့်ပါ– ဆီးချိုရောဂါသည်တစ်ဦးသည် အင်ဆူလင်ထိုးခြင်းပါဝင်နိုင်သည့် ကုသမှုအစီအစဉ်တစ်ရပ်ကို လိုက်နာရပေမည်။ ယင်းသည် ကျန်းမာရေးချို့တဲ့မှု လက္ခဏာ တစ်ရပ်လော။ လုံးဝမဟုတ်ပါ! ဝေဒနာခံစားရသူသည် ကျန်းကျန်းမာမာဆက်ရှိနေနိုင်ရန် ကိုယ်ခန္ဓာ၏အာဟာရဓာတ်များကို အချိုးညီစေခြင်းမျှသာဖြစ်သည်။

စိတ်ကျရောဂါနှင့် စိတ်ကြွစိတ်ကျရောဂါတို့အတွက် ဆေးဝါးသောက်သုံးခြင်းသည်လည်း ထပ်တူပင်။ လူများစွာသည် ၎င်းတို့၏ရောဂါကို နားလည်ရန် ပညာပေးအစီအစဉ်၏ အကူအညီရခဲ့သော်လည်း သတိပြုစရာရှိပါသည်။ ဓာတုပစ္စည်းမညီမျှမှုနှင့် စပ်လျဉ်းသည့်အခါ ရောဂါ တစ်ခုကို ကျိုးကြောင်းဆီလျော်စွာ ဆင်ခြင်၍မရတော့ချေ။ စိတ်ကြွ စိတ်ကျရောဂါသည် စတီဗင်က ဤသို့ပြန်ပြောပြသည်– “ကျွန်တော့်ကို ဆေးကုပေးခဲ့တဲ့ဆရာဝန်က ဒီလိုရှင်းပြတယ်– လူတစ်ယောက်ကို ယာဉ်မောင်းသင်တန်း ပေးနိုင်သမျှအကုန်ပေးပြီးနောက် အဲ့ဒီလူကို စတီယာရင်မပါ၊ ဘရိတ်မပါတဲ့ကား တစ်စီးပေးမယ်ဆိုရင် အဲ့ဒီသင်တန်းတွေက ဘာအကျိုးမှရှိမှာမဟုတ်ဘူး။ အဲဒီလိုပဲ၊ စိတ်ဓာတ်ကျနေတဲ့လူကို အသိဉာဏ်ပိုင်းဆိုင်ရာ လမ်းညွှန်မှုပေးရုံနဲ့ ဖြစ်စေချင်သလိုဖြစ်လာမှာ မဟုတ်ဘူး။ ဦးနှောက်ထဲကဓာတုပစ္စည်းတွေကို အချိုးအဆညီမျှပေး တာက တန်ဖိုးဖြတ်မရတဲ့ ပထမဆုံးအဆင့်ပဲ။”

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

သမ္မာကျမ်းစာသည် အပျက်သဘောများ ဝင်နေသူတို့အတွက် ခွန်အားဖြစ်