မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ကားကို အန္တရာယ်ကင်းစွာ ပြင်ပါ

သင့်ကားကို အန္တရာယ်ကင်းစွာ ပြင်ပါ

သင့်ကားကို အန္တရာယ်ကင်းစွာ ပြင်ပါ

ကယ်ဗင်သည် ကားစက်ဆီကို မည်သို့လဲပေးရကြောင်း အတွေ့အကြုံမှ သိရှိခဲ့သည်။ ပိုက်ခေါင်းကိုဖြုတ်ပြီး ဆီခံခွက်ပေါ် ဆီမည်သို့ထုတ်ရမည်၊ ကရိုင်းအုပ်ကို မည်သို့သန့်စင်ပေးရမည်၊ ပလတ်ကို ပြန်တပ်ပြီး မည်သို့ကျပ်ပေးရမည်တို့ကို သူပြုလုပ်တတ်သည်။ သို့သော် တစ်ခါက ကယ်ဗင်သည် ခွဖြင့် မူလီခေါင်းကို အားစိုက် ကျပ်လိုက်သောအခါ လက်ချော်ထွက်သွားရာ ကိရိယာအချွန်တစ်ခုနှင့် ထိုးမိ၍ ကယ်ဗင်၏လက်ဖဝါးသည် ဟက်တက်ကွဲသွားသောကြောင့် နှစ်ချက်မက ချုပ်လိုက်ရသည်။

ကယ်ဗင်နည်းတူ လူများစွာသည် မိမိတို့၏ကားကို မိမိတို့ဘာသာပြင်လေ့ရှိကြ၏၊ အချို့သူတို့မူ အကုန်အကျသက်သာစေရန်သာ ထိုသို့ပြုကြခြင်းဖြစ်သည်။ သို့သော် ပြုပြင်ထိန်းသိမ်းမှု အခြေခံပညာကို သင်ယူထားခြင်းက အခြားအကျိုးများ ရရှိစေနိုင်သည်။ “တစ်ခါက ခရီးဝေးသွားနေတဲ့အခါ ကျွန်မရဲ့ကား ပြဿနာပေါ်ခဲ့တယ်။ ကျွန်မကားပြင်တတ်တဲ့အတွက် ကိုယ့်ဘာသာကိုယ် ပြင်ပြီး ခရီးဆက်နိုင်ခဲ့တယ်” ဟု ကေသီအမည်ရှိ အမျိုးသမီးတစ်ဦးကဆိုသည်။

သင်သည်လည်း ကိုယ့်ကားကို ကိုယ့်ဘာသာပြင်တတ်၊ ထိန်းသိမ်းတတ်လိုပေမည်။ သို့သော် ယင်းကို အန္တရာယ်ကင်းစွာ မည်သို့ပြင်နိုင်မည်နည်း။

ကြိုတင်စဉ်းစားပါ!

သင် ဦးစားပေးသင့်သည့်အရာကား အန္တရာယ်ကင်းရှင်းရေးဖြစ်သင့်၏။ * ကယ်ဗင် ထိခိုက်ဒဏ်ရာရပုံကိုကြည့်လျှင် နေရာကျဉ်းကျဉ်းကျပ်ကျပ်တွင် အလုပ်လုပ်ရသည့်အခါ သို့မဟုတ် ကိရိယာတစ်ခုကို အားစိုက်အသုံးပြုရသည့်အခါ သင့်ကိုယ်သင် ထိခိုက်ဖို့လွယ်ကူကြောင်း ထင်ရှားသည်။ မထိခိုက်စေရန် မည်သို့ပြုလုပ်နိုင်မည်နည်း။ မူလီကို ခွဖြင့်ကျပ်ပေးရသည့်အခါ ခွနှင့်မူလီ အံဝင်ခွင်ကျဖြစ်ဖို့ဂရုစိုက်ပါ။ ‘ခွချော်သွားရင် ငါ့လက် ဘယ်ဘက်ရောက်မလဲ’ ဟု သင့်ကိုယ်သင်မေးပါ။ လက်အိတ် ဝတ်ထားခြင်း သို့မဟုတ် သင့်လက်ကို အဝတ်စုတ်ဖြင့်ပတ်ထားခြင်းက ကာကွယ်မှုအတော်အသင့် ရရှိစေနိုင်သည်။ ဖြစ်နိုင်လျှင် သင်အသုံးပြုသည့်အားကို ထိန်းနိုင်ရန် ခွကို တွန်းလှည့်မည့်အစား သင့်ဘက်သို့ဆွဲလှည့်ပေးပါ။ အလားတူပင် ကျပ်နေသည့်မူလီကို ချောင်သွားစေရန် တစ်ခါလျှင် ၉၀ ဒီဂရီသာလှည့်ပေးသင့်သည်။ ကြိုမြင်ခြင်းနှင့် ထိန်းချုပ်ခြင်းဆိုင်ရာ ဤအခြေခံသဘောတရားများသည် အမြဲအကျိုးပြုသည်။ အလျင်စလိုပြုလုပ်ခြင်းကြောင့် ဘယ်သောအခါမျှ ယင်းတို့ကို လျစ်လျူမရှုမိစေပါနှင့်!

ပစ္စည်းကိရိယာတစ်ခုကို အသုံးပြုရန် ရည်ရွယ်ထားရာအတွက် အသုံးမပြုဘဲ အခြားတစ်စုံတစ်ရာအတွက် အသုံးပြုလိုက်သောအခါ မတော်တဆထိခိုက်မှုများ ဖြစ်လေ့ရှိသည်။ သာဓကအနေနှင့် တွမ် သည် သူ၏ကားတွင် မီးကူးပလတ်များလဲရန် အခက်တွေ့နေသည်။ အဘယ်ကြောင့်နည်း။ သူ၏ဆော့ကက်သည် တိုလွန်းရာ ဦးဆုံးပလတ်နှင့်မကိုက်ဘဲ ချော်ထွက်သွားနေ၏။ သို့နှင့် တွမ် သည် ဆော့ကက်နှင့် လှည့်တံကြား ကြားဆက်တံတပ်ပေးလိုက်ရာ ပထမဆုံးပလတ်တစ်ခုလဲရန် ကြာသလောက်အချိန်အတွင်း ကျန်ပလတ်ငါးခုကို ချောချောမောမော လဲလိုက်နိုင်ခဲ့သည်။ ယင်းမှ အဘယ်သင်ခန်းစာရရှိခဲ့သနည်း။ ပစ္စည်းကိရိယာမှန်ကိုအသုံးပြုရန် အလွန်အရေးကြီးခြင်းဖြစ်သည်။

ကားအောက်တွင် ဝင်အလုပ်လုပ်နေစဉ် သို့မဟုတ် ဒိုင်ခွက်ဘောင်အောက်မှမော့ကြည့်နေစဉ် သင့်မျက်စိထဲ မတော်တဆ တစ်စုံတစ်ရာဝင်သွားနိုင်သည်။ ထိုသို့မဖြစ်စေရန် မည်သို့တားဆီးနိုင်သနည်း။ “မျက်မှန်ကဲ့သို့သော မျက်စိအကာအကွယ်တစ်မျိုးမျိုးကို တပ်ဆင်ထားပါ” ဟု ဆယ်နှစ်ကျော် စက်ပြင်ဆရာလုပ်ခဲ့သူ ရှောန် ကသတိပေး၏။ “ကျွန်တော်အလုပ်လုပ်တဲ့ အလုပ်ရုံမှာ အဲဒီလို အကာအကွယ်ကိရိယာတွေကို မသုံးမနေ သုံးရတယ်” ဟု သူကထပ်ဆင့်ပြောဆိုသည်။ ဘက်ထရီအက်စစ်ရည်ကဲ့သို့သော ဘေးပြုနိုင်သည့်အရည်များအနီးတွင် အလုပ်လုပ်ရသောအခါ မျက်စိအကာအကွယ်ပစ္စည်းတစ်မျိုးမျိုးကို တပ်ဆင်ထားသင့်သည်။

သင်၏ကားအောက်တွင် အလုပ်ဝင်လုပ်သောအခါ ကားဂျိုက်ကောင်းကောင်း၊ အဆင့်မြင့်ပင့်စက် သို့မဟုတ် ခိုင်မာတောင့်တင်းသည့် ကားဒေါက်ကျင်းတို့ကို အမြဲအသုံးပြုပါ။ ဂျိုက်တစ်ခုတည်းဖြင့်ထောက်ထားသည့် ယာဉ်အောက်တွင် မည်သည့်အခါမျှ ဝင်အလုပ်မလုပ်ပါနှင့်။ ကားဝယ်သည့်အခါ ပါလာလေ့ရှိသော ကားပိုင်ရှင်လက်စွဲစာအုပ်၌ ကားပြင်ချိန်တွင် ကားကို အလုံအလောက်မ,တင်ထားရန် ဂျိုက်ကို အဘယ်နေရာများတွင် ထောက်ထားသင့်ကြောင်း ဖော်ပြပေးထားသည်။ သို့သော် သတိထားပါ—ကျပ်နေသောမူလီတစ်ခုကို အားဖြင့်ရုတ်တရက် လှည့်လိုက်သည့်အခါ ကားကို ဒေါက်များမှရွေ့သွားစေကာ ချော်ထွက်သွားစေနိုင်၏။

အန္တရာယ်များ ရုတ်တရက်မဖြစ်ပေါ်လာစေရန် ကြိုတင်ကာကွယ်ခြင်း

သင့်ကား၏ အချို့သောအစိတ်အပိုင်းများသည် အတော်ပူလာကာ ၎င်းတို့ကို သွားထိတို့မိပါက အသားလောင်သွားနိုင်သည်။ ဥပမာ၊ ကားရေတိုင်ကီမှရေသည် စက်သတ်ပြီးနောက်ပင် အတန်ကြာပူနေတတ်သည်။ ထို့ကြောင့် လက်ဖြင့်ကိုင်ဖွင့်နိုင်သည်အထိ မအေးမချင်း ကားရေတိုင်ကီအဖုံးကို မဖွင့်ပါနှင့်။ ကားအချို့တွင် ရေတိုင်ကီပန်ကာသည် စက်သတ်ထားပြီးနောက်၌ပင် လျှပ်စစ်စွမ်းအားဖြင့် အလိုအလျောက်လည်နေတတ်သည်။ ထိခိုက်ဒဏ်ရာမရရှိစေရန် အလုပ်တစ်ခုခု စတင်မလုပ်မီ ဝါယာကြိုးများကို ဘက်ထရီမှ ဖြုတ်ထားလိုက်ပါ။

သင်သည် ကားပြင်တော့မည်ဆိုလျှင် အထူးသဖြင့် စက်လည်ပတ်နေလျှင် လက်စွပ်များနှင့် အခြားလက်ဝတ်တန်ဆာများကို ချွတ်ထားပါ။ ၎င်းတို့သည် ငေါထွက်နေသောအစွန်းများနှင့် ငြိသွားနိုင်သည့်အပြင် သတ္တုလက်ဝတ်တန်ဆာများသည် လျှပ်ကူးနိုင်သောကြောင့် လက်ဝတ်တန်ဆာများသည် ချစ်ချစ်တောက်ပူသွားနိုင်သည်! အင်္ကျီလက်ပွများသာမက နက်ကတိုင်၊ လည်စည်းပဝါနှင့် ဆံပင်ရှည်တို့ပင် လည်ပတ်နေသောစက်ကိရိယာများတွင် ရစ်ပတ်သွားနိုင်သည်။

သင့်အလုပ်ကိုလက်စသတ်ပြီးပြီဟု ယူဆသည့်အခါ၌ပင် သင်လိုက်နာရမည့် နောက်ဆုံးစည်းမျဉ်းတစ်ခုရှိသေးသည်။ “သင့်အလုပ်ကို အမြဲ ထပ်ကြော့စစ်ဆေးပါ” ဟုအလုပ်များသည့် စက်ပြင်ဆိုင်တစ်ဆိုင်မှ ဝန်ဆောင်လုပ်ငန်းအကြံပေးပုဂ္ဂိုလ် ဒါ့ခ် ကဆိုသည်။ သူဤသို့ဆက်ပြောပြသည်– “တစ်ခါက စက်ပြင်တစ်ဦး ကားဘရိတ်ပြင်ပြီးတဲ့အခါ ပြန်စစ်ဆေးဖို့မေ့သွားတယ်။ ဘရိတ်မမိတဲ့အတွက် ကျွန်တော့်စားပွဲကို ဝင်တိုက်ပါလေရော!”

အရေးပေါ်အခြေအနေများကို ကိုင်တွယ်ခြင်း

တစ်ခါက သူ၏ကား အလွန်ပူလာသည်ကို တွမ် သတိပြုမိ၏။ ပိုက်ပေါက်နေ၍ ရေတိုင်ကီထဲ ရေမရှိကြောင်း တွေ့ရှိလေသည်။ ထိုအခါ တွမ် သည် ကားထဲဆောင်ထားလေ့ရှိသည့် ပိုက်ဖာတိပ်ပြားဖြင့် ပိုက်လုံးကိုယာယီဖာလိုက်ပြီး ကားရေတိုင်ကီထဲ ရေမခဲဆေးရည်နှင့် ရေကိုရောထည့်သည်။ ထို့နောက် ပိုက်လုံးအသစ်တစ်ခုဝယ်ရန် ကားပစ္စည်းအရောင်းဆိုင်သို့ မောင်းသွားနိုင်ခဲ့သည်။ သင်၏ကားတွင် ကားပြင်ပစ္စည်းများ အသင့်ထားရှိခြင်းသည် အကျိုးရှိကြောင်း တွမ် ၏တွေ့ကြုံမှုမှ သိရှိနိုင်သည်။

ကားမောင်းနေစဉ် ထူးခြားသည့်အသံဗလံများ၊ အနံ့များကို သတိပြုပါ။ အီဗွန်း သည် ကားအင်ဂျင်မှ ထူးခြားသောအနံ့တစ်ခုရခဲ့သည်။ ထိုအခါ သူ၏ခင်ပွန်းသည် ကားစက်အဖုံးဖွင့်ကြည့်ရာ ရေတိုင်ကီပိုက်အပေါ်ဘက်ရှိ အပေါက်ငယ်လေးတစ်ခုမှ ရေမခဲဆေးရည် ပန်းထွက်နေသည်ကို တွေ့လိုက်သည်။ ကားအင်ဂျင်အလွန်ပူမလာမီ ယင်းပြဿနာကိုတွေ့ရှိခဲ့သောကြောင့် အီဗွန်း နှင့် သူ၏ခင်ပွန်းသည် ကားပြင်ဆိုင်တစ်ခုသို့ အချိန်မီမောင်းသွားနိုင်ခဲ့ကြသည်။

သင့်ကားသည် အဝေးပြေးလမ်းမကြီးပေါ်တွင် စက်ပျက်သွားလျှင် မည်သို့ပြုလုပ်သင့်သနည်း။ ဦးဆုံးအနေနှင့် ကားကို လမ်းမကြီးမှ ဝေးနိုင်သ၍ဝေးဝေး လမ်းဘေးချရပ်ထားရန် ကြိုးစားပါ။ ခရီးသည်များ၊ အထူးသဖြင့် ကလေးများသည် ကားထဲတွင် ထိုင်ခုံခါးပတ်များ ပတ်ပြီး ထိုင်နေသင့်သည်။ သင်သည် ကားအပြင်တွင် ထွက်နေရမည်ဆိုလျှင်ပင် ယာဉ်အသွားအလာနှင့် ဝေးနိုင်သ၍ဝေးဝေးတွင် ရပ်နေပါ။ အရေးပေါ်မီးများ ဖွင့်ထားပါ။ ကားပျက်နေကြောင်း သိရှိစေရန် ကားစက်အဖုံးကို ဖွင့်ထားပါ။ အချက်ပြမီး သို့မဟုတ် အခြားသတိပေးအမှတ်အသားများကို မြင်သာအောင်ပြထားပါ။

သင်၏ကားဘက်ထရီ အားကုန်နေလျှင် အခြားယာဉ်တစ်စီးမှ ဘက်ထရီဓာတ်အားကူးရန် သင် ဆုံးဖြတ်ပေမည်။ သို့သော် ကားဘက်ထရီအိုးများသည် အလွန်မီးလောင်လွယ်သောဓာတ်ငွေ့ ထွက်တတ်ကြောင်း သတိရပါ။ မီးပွားကြောင့် ၎င်းဓာတ်ငွေ့သည် မီးတောက်လောင်ကာ ပေါက်ကွဲမှုဖြစ်စေနိုင်ရာ သင့်အပေါ် အက်ဆစ်လွင့်စဉ်နိုင်သည်။ ထို့ကြောင့် သင် သို့မဟုတ် သင့်အား ကူညီပေးသူသည် မည်သို့ဘက်ထရီဓာတ်အားကူးရမည်ကို မသေချာလျှင် ကူညီနိုင်သူကိုစောင့်ပါ။

ကျွန်ုပ်တို့တွေ့ရှိခဲ့ကြရသည့်အတိုင်း ကားတစ်စီးကို ပြုပြင်ထိန်းသိမ်းခြင်းသည် ကြီးလေးသောတာဝန်တစ်ခုဖြစ်၏။ သင်သည် အရေးပေါ်အခြေအနေတစ်ခုကြောင့် ကားပြင်ရသည်ဖြစ်စေ၊ ပုံမှန်ပြုပြင်ထိန်းသိမ်းနေရုံသာဖြစ်စေ သင်စိတ်စွဲသင့်သည်မှာ ဘေးအန္တရာယ်ကင်းရှင်းရေးပင် ဖြစ်သတည်း!

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 သင်သည် ဦးဆုံးအကြိမ် ကားပြင်သည့်အလုပ် လုပ်ကိုင်ရလျှင် ကားပြုပြင်ထိန်းသိမ်းနည်း လက်စွဲစာအုပ်တစ်အုပ်ရရှိရန် ကြိုးစားပါ သို့မဟုတ် အတွေ့အကြုံရှိသည့် မိတ်ဆွေတစ်ဦး၏အကူအညီကို တောင်းခံပါ။ သင့်ကားသည် ကွန်ပျူတာဖြင့် ပြုလုပ်ထားသည့် အဆင့်မြင့်နည်းစနစ်များပါရှိလျှင် ထိုကားကိုပြင်ရန် အတွေ့အကြုံရှိပြီး လိုအပ်သောစက်ပစ္စည်းကိရိယာများရှိသည့် စက်ပြင်ဆရာတစ်ဦးထံ သွားပြင်လျှင် ပို၍ကောင်းပေမည်။

[စာမျက်နှာ ၁၇ ပါ အကျဉ်းဖော်ပြချက်]

ပစ္စည်းကိရိယာတစ်ခုကို အသုံးပြုရန် ရည်ရွယ်ထားရာအတွက် အသုံးမပြုဘဲ အခြားတစ်စုံတစ်ရာအတွက် အသုံးပြုလိုက်သောအခါ မတော်တဆထိခိုက်မှုများဖြစ်လေ့ရှိသည်

[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သင်၏ကားတွင် ဆောင်ထားရမည့် ပစ္စည်းများ

ကားဘီးပိုနှင့် ဂျိုက်

ဘက်ထရီအားကူး ဝိုင်ယာကြိုးများ

အချက်ပြမီးများ သို့မဟုတ် ရောင်ပြန်ပြားများ

ကားပြင် ပစ္စည်းကိရိယာများနှင့် မျက်မှန်

လက်နှိပ်ဓာတ်မီး

စက်ဆီဘူးအပိုများ (ချောဆီ၊ ရေ၊ ရေမခဲဆေးရည်၊ ဘရိတ်ဆီ)

ပိုက်လုံးဖာသည့်တိပ်

ဖျူးအပိုများ

ယာဉ်ဆွဲလွန်ကြိုး (သတိပြုရန်– ဒေသအချို့တွင် ဥပဒေအရ သင်၏ကားကို လိုင်စင်ရ ယာဉ်ပျက်ရှင်းယန္တရားယာဉ်ဖြင့်သာ ဆွဲခွင့်ရှိပေမည်)

ကားပစ္စည်းများနှင့် ဘူးများကို သပ်ရပ်စွာ ထောင်ထားနိုင်ရန်သေတ္တာ

သင်သည် ကားပြင်ရန် နောက်ထပ်လိုမည့် ကားပစ္စည်းများကို သယ်ဆောင်သွားလိုပေမည်။ သို့သော် အရေးပေါ် လမ်းဘေးကားပြင်သည့် မော်တော်ကားအသင်း အချို့သည် ကားကို ပိုင်ရှင်ကိုယ်တိုင် စပြင်ထားပါက မပြင်ပေးချင်ကြပါ။ သင်သည် မော်တော်ကားအသင်းဝင် တစ်ဦးဖြစ်လျှင် အဘယ်ပြုပြင်မှုများကို လက်ခံကြောင်း စုံစမ်းထားပါ။