မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခြားသူများ အကူအညီပေးနိုင်ပုံ

အခြားသူများ အကူအညီပေးနိုင်ပုံ

အခြားသူများ အကူအညီပေးနိုင်ပုံ

သင်သည် စိတ်ကျဝေဒနာ သို့မဟုတ် စိတ်ကြွစိတ်ကျရောဂါခံစားနေရသူတစ်ဦးဦးကို သိကောင်းသိပေမည်။ သို့ဆိုလျှင် သင်မည်သို့ အကူအညီပေးနိုင်မည်နည်း။ စိတ်ရောဂါ အမျိုးသားမဟာမိတ်အဖွဲ့မှ ဒီ. ဂျေ. ဂျာဖီးက ဤသို့ အကြံပြုသည်– “ရောဂါကို ရောဂါသည်နဲ့ မရောထွေးလိုက်ပါနဲ့; အဲ့ဒီအစား၊ ရောဂါကိုမုန်းပြီး လူကိုတော့ချစ်ပါ။”

စူဇန်နာအမည်ရှိ အမျိုးသမီးတစ်ဦးသည် ထိုသို့ပြုလုပ်နိုင်ရန် စိတ်ရှည်၍ မေတ္တာပြခဲ့သည်။ သူ၏မိတ်ဆွေတစ်ဦးသည် စိတ်ကြွစိတ်ကျရောဂါသည်ဖြစ်၏။ “တစ်ခါတလေ ကျွန်မနဲ့ သူလုံးလုံးမပေါင်းချင်ဘူး” ဟု စူဇန်နာပြောပြသည်။ ထိုအခါ စူဇန်နာသည် မိတ်ဖျက်လိုက်မည့်အစား စိတ်ကြွစိတ်ကျရောဂါအကြောင်း ပိုမိုသိရှိနားလည်ရန် ရှာဖွေလေ့လာခဲ့၏။ “ကျွန်မသူငယ်ချင်းရဲ့ အပြုအမူဟာ သူ့ရောဂါကြောင့်ပဲလို့ အခုမှ ကောင်းကောင်းသဘောပေါက်တော့တယ်” ဟု သူပြောပြသည်။ ဝေဒနာသည်အား နားလည်ပေးရန် ကြိုးပမ်းခြင်းက အကျိုးများစွာရှိကြောင်း စူဇန်နာယူဆသည်။ သူက “အဲဒီလိုနားလည်ပေးမယ်ဆိုရင် ရောဂါခံစားနေရတဲ့သူဟာ တကယ်တော့ ဘယ်လောက်ချစ်စရာကောင်းပြီး မြတ်နိုးထိုက်သူဖြစ်တယ်ဆိုတာကို သိလာစေတယ်” ဟုဆိုသည်။

ရောဂါသည်,သည် မိသားစုမှ တစ်ဦးတစ်ယောက်ဖြစ်နေမည်ဆိုလျှင် သူ့ကိုအပြည့်အဝ ကူညီထောက်မပေးဖို့ အလွန်အရေးကြီးသည်။ ဤအခန်းဆက်ဆောင်းပါးများတွင် အစပိုင်း၌ဖော်ပြခဲ့သည့် မာရီယိုသည် စောစောစီးစီးပင် ယင်းကိုသိနားလည်ခဲ့သည်။ အစောပိုင်းတွင် ဖော်ပြခဲ့သည့် သူ့ဇနီး လူစီယာမှာ စိတ်ကြွစိတ်ကျဝေဒနာသည်တစ်ဦးဖြစ်သည်။ “အစပိုင်းမှာ ကျွန်တော့်ဇနီးနဲ့အတူ ဆရာဝန်ဆီလိုက်သွားပေးပြီး ဒီထူးဆန်းတဲ့ရောဂါအကြောင်း လေ့လာလိုက်လို့ ကျွန်တော်တို့ ဘာတွေတွေ့ကြုံရမယ်ဆိုတာကို ကျွန်တော်ကောင်းကောင်းသိလိုက်ရတယ်။ လူစီယာနဲ့ ကျွန်တော် များများတိုင်ပင်ဆွေးနွေးပြောဆိုကြပြီး ဖြစ်ပျက်လာသမျှကို နိုင်နင်းဖို့ ကြိုးစားခဲ့ကြတယ်။”

ခရစ်ယာန်အသင်းတော်မှ အကူအညီ

ခရစ်ယာန်အားလုံးသည် “စိတ်ငယ်သောသူတို့ကို အားပေး” ကာ “ခပ်သိမ်းသောသူတို့အား ရှည်သောစိတ်” ရှိကြဖို့ သမ္မာကျမ်းစာက တိုက်တွန်းသည်။ (၁ သက်သာလောနိတ် ၅:၁၄) ယင်းကို သင်မည်သို့လုပ်ဆောင်နိုင်သနည်း။ ဦးဆုံး စိတ်ပိုင်းမကျန်းမာခြင်းနှင့် ဝိညာဉ်ရေးမကျန်းမာခြင်းကို ခွဲခြားသိဖို့ အရေးကြီးသည်။ ဥပမာ၊ ဆုတောင်းခြင်းဖြင့် ဝိညာဉ်ရေးအရ နေထိုင်မကောင်းဖြစ်နေသူကို ပြန်ကောင်းလာစေနိုင်ကြောင်း ကျမ်းရေးသူ ယာကုပ်ဖော်ပြခဲ့၏။ (ယာကုပ် ၅:၁၄၊ ၁၅) သို့သော် ကာယရေးအရ ဖျားနာနေသူတို့ကိုမူ ဆရာဝန်ပြဖို့လိုကြောင်း ယေရှုအသိအမှတ်ပြုခဲ့သည်။ (မဿဲ ၉:၁၂) မှန်ပါသည်၊ ကျွန်ုပ်တို့၏ကျန်းမာရေးအပါအဝင် အဘယ်စိုးရိမ်ပူပန်မှုအတွက်မဆို ယေဟောဝါထံဆုတောင်းခြင်းက အမြဲသင့်တော်ပြီး အကူအညီဖြစ်စေပါသည်။ (ဆာလံ ၅၅:၂၂; ဖိလိပ္ပိ ၄:၆၊ ၇) သို့သော် ဝိညာဉ်ရေးလုပ်ငန်းဆောင်တာများကို တိုး၍လုပ်ဆောင်ခြင်းဖြင့်သာ လက်ရှိကျန်းမာရေးပြဿနာများကို ဖြေရှင်းပေးနိုင်မည်ဟု ကျမ်းစာမဖော်ပြချေ။

ထို့ကြောင့် စိတ်ဓာတ်ကျနေသူတို့သည် ကိုယ့်အပြစ်နှင့်ကိုယ် ဝေဒနာခံနေရသည်ဟု ပိုင်းခြားသိမြင်မှုရှိ ခရစ်ယာန်များ ပြောဆိုမည်မဟုတ်ပေ။ ထိုသို့ပြောဆိုခြင်းသည် ယောဘအား နှစ်သိမ့်ပေးဟန်ဆောင်သူများပြောခဲ့သည့် စကားများနှင့် အတူတူပင်ဖြစ်ပေလိမ့်မည်။ (ယောဘ ၈:၁-၆) အမှန်မှာ စိတ်ဓာတ်ကျဆင်းခြင်း ဝေဒနာကို မကုသပေးပါက မပျောက်သည့်အခြေအနေ များစွာရှိသည်။ အထူးသဖြင့် လူတစ်ဦးသည် အကြီးအကျယ်စိတ်ဓာတ်ကျနေပြီး သေကြောင်းကြံစည်သည်အထိပင် ဖြစ်လာသည့်အခါ ထိုသို့ကုသပေးရန်လိုသည်။ ထိုသို့သောအခြေအနေမျိုးတွင် အထူးကုဆရာဝန်ပြဖို့လိုပေသည်။

သို့တိုင်၊ ခရစ်ယာန်ချင်းများသည် နည်းအမျိုးမျိုးဖြင့် ကူညီထောက်မပေးနိုင်ပါသည်။ သို့သော် စိတ်ရှည်မှုရှိရန်လိုသည်မှာ အမှန်ပင်။ ဥပမာ၊ ခရစ်ယာန်လမ်းစဉ်မှ အချို့အပိုင်းကို စိတ်ဝေဒနာသည်များ မပြုလုပ်နိုင်ဘဲနေပေမည်။ ဒိုင်ယန်းအမည်ရှိ စိတ်ကြွစိတ်ကျဝေဒနာသည်တစ်ဦးက ဤသို့ဆို၏– “ဓမ္မအမှုမှာ ကျွန်မ အတော်ကြိုးစားပါဝင်ရတယ်။ ကျွန်မကိုယ်တိုင် မပျော်နိုင်တဲ့အခါ ကျမ်းစာထဲက သတင်းကောင်းကို သူများကိုပြောပြဖို့ တကယ်မလွယ်ဘူး။”

အဆိုပါဝေဒနာသည်များအတွက် အကူအညီဖြစ်စေရန် စာနာတတ်ဖို့ကြိုးစားပါ။ (၁ ကောရိန္သု ၁၀:၂၄; ဖိလိပ္ပိ ၂:၄) ကိစ္စရပ်များကို မိမိရှုထောင့်မှမကြည့်ဘဲ ဝေဒနာသည်၏ရှုထောင့်မှ မြင်ကြည့်ပါ။ ထိုသူထံမှ သူနိုင်သည်ထက်ပို၍ မတောင်းဆိုပါနှင့်။ စိတ်ကျရောဂါနှင့် နပန်းလုံးနေရသူ ကားလ်က ဤသို့ဆိုသည်– “လက်ရှိအခြေအနေအတိုင်း ကျွန်တော့်ကိုလက်ခံတဲ့အခါ ရင်းနှီးဖော်ရွေလာတယ်လို့ တဖြည်းဖြည်း ပြန်ခံစားရတယ်။ မိတ်ဆွေဟောင်းတချို့က ကျွန်တော့်ကို စိတ်ရှည်ရှည်နဲ့ ကူညီပေးခဲ့တဲ့အတွက် ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးပိုရှိလာပြီး အခြားသူတွေလည်း အဲဒီလိုဆက်ဆံရေးမျိုးရှိလာရအောင် ကူညီပေးနိုင်လို့ ကျွန်တော်အရမ်းပျော်တယ်။”

စိတ်ကျရောဂါခံစားနေရသူတို့ကို ကူညီထောက်မမည်ဆိုလျှင် ၎င်းတို့ခံစားနေရသည့် စိတ်ဆင်းရဲခြင်းကို အကြီးအကျယ်လျော့နည်းသွားစေနိုင်ပါလိမ့်မည်။ စိတ်ကြွစိတ်ကျလူနာတစ်ဦးဖြစ်သည့် ဘရန်ဒါအမည်ရှိ ခရစ်ယာန်အမျိုးသမီးတစ်ဦးကို သုံးသပ်ကြည့်ပါ။ သူက ဤသို့ပြောပြသည်– “ကျွန်မ စိတ်ဓာတ်ကျတဲ့အချိန်မှာ အသင်းတော်က ကျွန်မရဲ့မိတ်ဆွေတွေဟာ အကြီးအကျယ်ကူညီထောက်မပေးပြီး နားလည်ပေးကြတယ်၊ ကျွန်မကို ဝိညာဉ်ရေးအားနည်းသူလို့ တစ်ခါမှ မဝေဖန်ခဲ့ကြဘူး။ သူတို့အမှုဆောင်ထွက်တဲ့အခါ ကျွန်မကို သူတို့နဲ့အတူခေါ်သွားပြီး နားထောင်ရုံနားထောင်ခိုင်းတဲ့အခါတွေ၊ ဒါမှမဟုတ် ဘုရားသခင့်နိုင်ငံတော်ခန်းမမှာ လူတိုင်းနေရာယူပြီးမှ ကျွန်မဝင်လာပြီး သူတို့အနားမှာထိုင်နိုင်ဖို့ ကျွန်မအတွက် ထိုင်ခုံယူထားပေးတဲ့အခါတွေရှိတယ်။”

ရှေ့ဆောင်းပါးတွင် ဖော်ပြထားသည့် စိတ်ကျဝေဒနာသည် ချယ်ရီအတွက် မေတ္တာပြည့်ဝပြီး ထောက်ထားစာနာတတ်သည့် အသင်းတော်အကြီးအကဲများ၏ အကူအညီသည် အကြီးအကျယ် အထောက်အကူဖြစ်ခဲ့သည်။ သူက ဤသို့ဆိုသည်– “အကြီးအကဲတွေက ယေဟောဝါရဲ့မေတ္တာတော် ကျွန်မခံစားနေရတယ်လို့ အားပေးတဲ့အခါ၊ ကျမ်းပိုဒ်တွေ ဖတ်ပြတဲ့အခါ၊ အေးချမ်းသာယာတဲ့ ပရဒိသုကို ယေဟောဝါရည်ရွယ်ထားတဲ့အကြောင်း ပြောပြကြတဲ့အခါ၊ နောက် တယ်လီဖုန်းဆက်ပြီး ကျွန်မနဲ့အတူ ဆုတောင်းပေးတဲ့အခါ ကျွန်မရဲ့ဝန်ထုပ်ကြီး ပေါ့သွားသလိုပဲ။ ယေဟောဝါရော ညီအစ်ကိုတွေကပါ ကျွန်မကိုပစ်မထားကြဘူးလို့ သိလိုက်ရတဲ့အခါ တကယ်ခွန်အားရတယ်။”

ဝေဒနာသည်၏အကျိုးကို သူ၏မိသားစုနှင့် မိတ်ဆွေများပါ အဓိပ္ပာယ်ရှိရှိ အမှန်တကယ်ဆောင်ရွက်ပေးနိုင်ပါသည်။ လူစီယာက ဤသို့ပြောပြသည်– “ကျွန်မဘဝကိုကျွန်မ အတော်လေး ထိန်းချုပ်နိုင်ပြီ ထင်တယ်၊ ရောဂါကိုနိုင်နင်းဖို့ ကျွန်မခင်ပွန်းနဲ့ ကျွန်မတွဲပြီး အတူတူ ကြိုးစားခဲ့ကြတာ အခု ခါတိုင်းထက်ကို အခြေအနေပိုကောင်းလာပြီ။”

စိတ်ရောဂါအမျိုးမျိုးနှင့် နပန်းလုံးနေရသူများစွာတို့သည် အဆိုပါ ကြောက်မက်ဖွယ်ဝေဒနာများကို ရေရှည်တိုက်လှန်နေကြရမည်ကို သဘောပေါက်ထားကြ၏။ သို့တိုင်၊ ဘုရားသခင့်ကမ္ဘာသစ်တွင် “မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ” တော့ကြောင်း သမ္မာကျမ်းစာက ကတိပေးပါသည်။ (ဟေရှာယ ၃၃:၂၄) ယနေ့ လူများစွာ ခံစားနေရသည့် စိတ်ပျက်ဖွယ်ရောဂါဝေဒနာများသည် ပျောက်ကွယ်သွားတော့မည်ဖြစ်သည်။ စိတ်ဝေဒနာများအပါအဝင် အနာရောဂါအားလုံး ဘုရားသခင့်ကတိတော်ရှိသည့် ကမ္ဘာသစ်တွင် ထာဝစဉ်ကွယ်ပျောက်သွားတော့မည်ကို စဉ်းစားကြည့်ခြင်းက အမှန်တကယ် အားရှိစရာပင်။ ထိုအချိန်တွင် ညည်းတွားခြင်း၊ ငိုကြွေးခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မည်မဟုတ်ဟု ကျမ်းစာကဆိုသည်။—⁠ဗျာ. ၂၁:၄

[စာမျက်နှာ ၁၂ ပါ အကျဉ်းဖော်ပြချက်]

ဖျားနာနေသူတို့သည် ဆေးသမားကိုအလိုရှိကြကြောင်း ယေရှုအသိအမှတ်ပြုခဲ့သည်။—⁠မဿဲ ၉:၁၂

[စာမျက်နှာ ၁၃ ပါ အကျဉ်းဖော်ပြချက်]

ဘုရားသခင့်ကမ္ဘာသစ်တွင် “မြို့သားကလည်း ‘ငါနာသည်’ ဟု မဆိုရတော့” ဟု သမ္မာကျမ်းစာက ကတိပြုသည်။—⁠ဟေရှာယ ၃၃:၂၄