မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

မတော်တရော်

လက်နှိပ်စက်ပေါင်းများစွာကို မျောက်ပေါင်းများစွာအား ရိုက်ခိုင်းထားလျှင် နောက်ဆုံးတွင် ရှိတ်စပီးယားစာအုပ်တစ်အုပ်လုံးကို ရိုက်နိုင်လိမ့်မည်ဟု အချို့က သီအိုရီထုတ်ကြသည်။ ထို့ကြောင့် အင်္ဂလန်နိုင်ငံရှိ ပလိုင်းမောက်တက္ကသိုလ်မှ သုတေသီများသည် မျောက်ခြောက်ကောင်ကို တစ်လအထိ ကွန်ပျူတာတစ်လုံးပေးခဲ့သည်။ မျောက်များသည် “စာလုံးတစ်လုံးကိုပင် မရိုက်နိုင်” ဟု သည်နယူးယောက်တိုင်းမ်စ် ကဖော်ပြသည်။ အင်္ဂလန်နိုင်ငံအနောက်တောင်ဘက်ရှိ ပဲန်တာန်တိရစ္ဆာန်ဥယျာဉ်မှ မျောက်ခြောက်ကောင်သည် အများအားဖြင့် အက်စ်စာလုံးများပါရှိသည့် “စာမျက်နှာ ငါးမျက်နှာကိုသာ ရိုက်ခဲ့သည်။” မျောက်များသည် စာမျက်နှာ၏အဆုံးတွင် ဂျေ, အေ, အိုင်နှင့် အမ် အစရှိသော စာလုံးအနည်းငယ်ကို ရိုက်ခဲ့သည်။ ကွန်ပျူတာကီးဘုတ်ကို ဘုံအိမ်သာအဖြစ်လည်း သူတို့အသုံးပြုခဲ့ကြသည်။

အန္တရာယ်ကြုံနေရရှာသော ဘုရင်လိပ်ပြာများ

၂၀၀၂၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ဘုရင်လိပ်ပြာများ ဆောင်းခိုသည့် ထင်းရှူးတောများရှိရာ မက္ကဆီကိုတောင် များတစ်လျှောက် မိုးသက်မုန်တိုင်း ကျရောက်ခဲ့သည်။ အပူချိန်ကျပြီး စွတ်စိုမှုနှင့် အအေးဒဏ်တို့ကြောင့် ခန့်မှန်းခြေ လိပ်ပြာကောင်ရေသန်း ၅၀၀ သည် သစ်ပင်များအောက် ထုသုံးပေအထိ အစုလိုက်အပြုံ သေကျေခဲ့ရသည်။ “ကြောက်မက်ဖွယ် ထိုတစ်နေ့တည်း၌ နွေဦးကာလ ယူနိုက်တက်စတိတ်အရှေ့ပိုင်းသို့ ပြန်လာကြသော ဘုရင်လိပ်ပြာရှိသမျှ၏ ၇၀ မှ ၈၀ ရာခိုင်နှုန်းအထိ သေကျေခဲ့ကြသည်” ဟု အင်တာနေရှင်နယ် မီယာမီသံတော်ဆင့်သတင်းက ဆို၏။ သို့သော် ယခုအခါ နောက်ထပ်အန္တရာယ် ကြုံတွေ့ရတော့မည်ဖြစ်သည်။ မက္ကဆီကိုအစိုးရသည် ဘုရင်လိပ်ပြာဇီဝထုဘေးမဲ့တော ဖန်တီးထားသည့်ကြားမှ တရားမဝင်သစ်ခုတ်မှုကြောင့် လိပ်ပြာနယ်မြေ လျော့နည်းလာနေ၏။ ဘေးမဲ့တော ၄၄ ရာခိုင်နှုန်းခန့်သည် ပျက်သုဉ်းသွားခဲ့ပြီ။ အဆိုပါအကြမ်းခံသတ္တဝါများသည် မိုင် ၂,၅၀၀ သို့ပြောင်းရွှေ့နေထိုင်နိုင်သော်လည်း သူတို့၏ဆောင်းခိုရာနေရာများ တဖြည်းဖြည်း ပျက်သုဉ်းလာခြင်းကိုမူ ခံနိုင်မည်၊ မခံနိုင်မည်ကို အချိန်ကသာ ပြောပါလိမ့်မည်။

ရုန်းကန်နေရသော လယ်သမားများ

“ကမ္ဘာတစ်ဝန်း လယ်ယာထွက်ကုန်တိုးစေသည့် မြစိမ်းရောင်စစ်ဆင်ရေးကြောင့် တန်ဖိုးကြီးကြီး ပေးဆပ်နေရပြီ– အာဖရိကရှိ သန်းနှင့်ချီသော ကမ္ဘာ့အဆင်းရဲဆုံးလယ်သမားတို့သည် ဆင်းရဲတွင်းနက်သည်ထက်နက်လာ၏” ဟု နယူးဆိုင်းယင်းတစ်မဂ္ဂဇင်းမှ သတင်းတစ်ပုဒ်တွင် ရေးသားလိုက်သည်။ မည်သို့များ ဖြစ်သွားသနည်း။ ကမ္ဘာ့လူဦးရေအကြီးအကျယ် တိုးပွားလာမှုကြောင့် ဖြစ်လာနိုင်ဖွယ်အငတ်ဘေးကို တားဆီးကာကွယ်ရန် ၁၉၅၀ ပြည့်လွန်နှစ်များနှောင်းပိုင်းမှစ၍ အထူး အထွက်တိုး ဂျုံနှင့်စပါးမျိုးသစ်များကို စတင်ဖြန့်ဝေလာသည်။ သို့သော် ဤအထူးအထွက်တိုးမျိုးသစ်များကြောင့် သီးနှံအလျှံပယ်ပေါများလာရာ ဈေးနှုန်းကျသွားသည်။ “ဤမျိုးသစ်များကို ဝယ်ယူစိုက်ပျိုးနိုင်သောလယ်သမားများအဖို့ သီးနှံဈေးကျသွားသော်လည်း အထွက်တိုးလာမှုကြောင့် ပြန်ထေမိသည်၊ သို့သော် ဤမျိုးသစ်များကို ဝယ်မစိုက်နိုင်သူတို့အဖို့မူ အရှုံးနှင့်ရင်ဆိုင်ရလေသည်” ဟု နယူးဆိုင်းယင်းတစ်က ဆိုသည်။ ထို့ပြင် အဆိုပါမျိုးသစ်များကို အာရှနှင့် လက်တင်အမေရိကတို့တွင် စိုက်ပျိုးရန်ထုတ်လုပ်ထားသောကြောင့် အာဖရိကအခြေအနေနှင့် လုံးဝအံမဝင်ချေ။

အန္တရာယ်! ငိုက်မျဉ်းတတ်သော ယာဉ်မောင်းများ

“ယာဉ်မောင်း၏ပင်ပန်းနွမ်းလျမှု သို့မဟုတ် ငိုက်မျဉ်းခြင်းသည် ကျွန်ုပ်တို့၏လူ့ဘောင်တွင် ပျံ့နှံ့လျက်ရှိပြီး အကြီးအကျယ်ပြဿနာတက်နေ၏” ဟုသြစတြေးလျဆေးဂျာနယ် (အမ်ဂျေအေ) တွင်ဖော်ပြထားသော လေ့လာမှုတစ်ရပ်ကဆိုသည်။ သုတေသီများ၏အဆိုအရ “လမ်းပေါ်ယာဉ်တိုက်မှု၏ ၂၀ ရာခိုင်နှုန်းကျော်သည် ယာဉ်မောင်းငိုက်မျဉ်းခြင်းကြောင့်ဖြစ်သည်ဟု လေ့လာမှုများက ဖော်ပြသည်။” အမ်ဂျေအေ ဂျာနယ်တွင် ဖော်ပြထားသော လေ့လာမှုက ဤသို့ဆို၏– “အိပ်ပျော်သွား၍ ယာဉ်တိုက်မှုဖြစ်ရခြင်းမျိုးတွင် အများအားဖြင့် ညအချိန် သို့မဟုတ် နေ့လယ် ‘တစ်မှေးအိပ်ချိန်’ ၌တစ်ဦးတည်း အရှိန်ပြင်းပြင်းဖြင့် ကားမောင်းခြင်းပါဝင်၏။ အခြား MVAs [ယာဉ်တိုက်မှုများ] မှာကဲ့သို့ အိပ်ပျော်သွားခြင်းကြောင့်ဖြစ်ရသော ယာဉ်တိုက်မှုများသည် အသက် ၃၀ အောက်ရှိ အမျိုးသားများတွင် ပိုအဖြစ်များ၏။” ကားမောင်းနေစဉ် အိပ်ပျော်သွားခြင်းကြောင့် အန္တရာယ်ဖြစ်ရသူများမှာ (အိုအက်စ်အေ) ခေါ် အသက်ရှူလမ်းကြောင်း ခေတ္တပိတ်ဆို့သည့်ရောဂါအဖြစ် လူသိများသော အိပ်မရသည့်ဝေဒနာသည်များဖြစ်၏။ “လူလတ်ပိုင်းအမျိုးသား ၂၅ ရာခိုင်နှုန်းခန့်တွင်” အိုအက်စ်အိုရောဂါလက္ခဏာကို တွေ့ရသည်ဟု ထိုဂျာနယ်က ဖော်ပြ၏။ အိုအက်စ်အိုဝေဒနာသည်များသည် ကားမောင်းနေစဉ် အိပ်ပျော်တော့မည်ကို မသိကြပေ။

အရည်ပျော်နေသော ရေခဲမြစ်များ

မုတ်သုန်မိုးနောက်ကျမှုကြောင့် အိန္ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်နယ်အနှံ့ရှိ ရေတွင်းရေကန်များ၏ရေပြင် နိမ့်ကျချိန်တွင် ဆတ်လက်ခ်ျမြစ်ပေါ်ရှိ ဘတ်ခရာရေကာတာရှိရေသည် ယမန်နှစ်က ရေမျက်နှာပြင်ထက် နှစ်ဆနီးပါးတက်လာသည်။ အဘယ်ကြောင့်နည်း။ ဆတ်လက်ခ်ျမြစ်၏ အဓိကမြစ်လက်တက်သည် ရေခဲမြစ် ၈၉ ခုရှိသည့် ဒေသတစ်ခုသို့ ဖြတ်ဆင်းသွားသည်ဟု ဒေါင်းတူအတ်သ် မဂ္ဂဇင်းက ဖော်ပြသည်။ “မုတ်သုန်မိုးမရွာသောကြောင့် ရေခဲမြစ်အရွယ်အစား ငယ်သည်ထက်ငယ်လာ၏။ မိုးသားတိမ်လိပ်မရှိသောကြောင့် ရေခဲမြစ်များပေါ်သို့ တိုက်ရိုက်ကျလာသော နေရောင်၏အပူရှိန် ပို၍ပူသည်။ ဤအခြေအနေသည် အပူချိန်မြင့်မှုနှင့်ပေါင်းစပ်သွားသောအခါ အရည်ပျော်ခြင်းကို လျင်မြန်စေသည်” ဟု ဂျဝါဟလ္လာ နေရူးတက္ကသိုလ်မှ ရေခဲမြစ်အကြောင်း ကျွမ်းကျင်သူ ဆစ်တ် အစ်ခ်ဘာလ် ဟာစ်နဲန်က ရှင်းပြသည်။ အရည်ပျော်ခြင်းကြောင့် ရေခဲအိုင်အများအပြားဖြစ်လာနိုင်သည်ဟု ကျွမ်းကျင်သူများက ယူဆကြ၏။ ထို့ပြင် ရေခဲမြစ်များ ငယ်သွားခြင်းမည်သည် အနာဂတ် ရေအရင်းအမြစ် လျော့နည်းသွားပြီဟူသည့် သဘောပင်ဖြစ်ရာ စွမ်းအင်ထုတ်လုပ်မှုနှင့် စိုက်ပျိုးရေးတို့ကို ထိခိုက်စေနိုင်သည်။

လှချင်လွန်း၍

ဩစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးလ်ပြည်နယ်တွင် “အရေပြားကင်ဆာရောဂါလက္ခဏာသစ် အမျိုးပေါင်း ၂၈၅၀ ကိုနှစ်စဉ် တွေ့ရှိရပြီး အရေပြားကင်ဆာရောဂါဖြင့် လူပေါင်း ၃၄၀ သေဆုံးရသည်” ဟု ဆစ်ဒနီနံနက်သံတော်ဆင့် ကဖော်ပြသည်။ ဩစတြေးလျလူဦးရေ လေးပုံတစ်ပုံသည် လှချင်လွန်း၍ နေပူခံကြပြီး သုံးနှစ်အတွင်း နေပူခံသူ ၁၀ ရာခိုင်နှုန်း တိုးများလာသည်ဟု ဗစ်တိုရိယကင်ဆာကောင်စီ၏ လေ့လာမှုတစ်ရပ်က ဖော်ပြသည်။ ယင်းသတင်းစာကပင် ဤသို့ဆက်ဆို၏– “နေပူခံခြင်းသည် ပို၍ကျန်းမာသန်စွမ်းစေသည်ဟုဆိုသူ လူဦးရေသုံးပုံတစ်ပုံနှင့်အတူ ဆယ်ကျော်သက် ၆၀ ရာခိုင်နှုန်းကျော်သည် တမင်တကာ နေပူခံနေကြကြောင်း သုတေသီများက ထိတ်လန့်ဖွယ် တွေ့ရှိခဲ့ကြ၏။” ယမန်နှစ်၌ စူပါမားကက်တွင် နေပူခံလိမ်းဆေးများ မရောင်းရသော်လည်း အသားညိုလိမ်းဆေးရည်အချို့မှာ ၁၈ ရာခိုင်နှုန်းအထိ အရောင်းသွက်ခဲ့သည်။ နေပူခံ၍ တဖြည်းဖြည်းအသားညိုလာအောင်လုပ်ခြင်းသည် အန္တရာယ်မရှိဟု လူအချို့ ယုံကြည်လာကြကြောင်း ဩစတြေးလျအရေပြားရောဂါဗေဒကောလိပ်မှ ဒေါက်တာရော်ဘင် မာခ်စ်က သတိပြုမိသည်။ သို့သော် “နေမလောင်ဘဲ တဖြည်းဖြည်းအသားညိုလာရန်ပြုခြင်းအပါအဝင် မည်သည့်နည်းဖြင့်နေပူခံခြင်းမဆို အန္တရာယ်မရှိဟူ၍ ထင်မြင်ခြင်းသည် အလွန်မှားယွင်းကြောင်း အရေပြားကင်ဆာပါရဂူများကဆိုသည်” ဟုထိုသတင်းစာက ဖော်ပြသည်။ ဒေါက်တာမာခ်စ်က ဤသို့သတိပေးသည်– “အသားညိုလာခြင်းသည် အသားမာတက်လာခြင်းနှင့်တူပြီး ယင်းက ပုံမှန်မဟုတ်ကြောင်း ဖော်ပြသည်။”

ဂျပန်ဘာသာစကား စိုးရိမ်ရဖွယ်အခြေအနေ

နိုင်ငံခြားစကားလုံးများစွာသည် ဂျပန်နိုင်ငံသို့ ပျံ့နှံ့စိမ့်ဝင်လာရာ အထူးသဖြင့် သက်ကြီးအိုရွယ်ဂျပန်များသည် သူတို့၏မိခင်ဘာသာစကားကိုပင် နားမလည်တော့ဟု ဂျပန်တိုင်းမ်သတင်းစာက ဖော်ပြသည်။ ယခုအခါ နိုင်ငံခြားဝေါဟာရများ အများအားဖြင့် အင်္ဂလိပ်စကားလုံးများကို အဘိဓာန်အချို့တွင် ၁၀ ရာခိုင်နှုန်း ရေးသွင်းထားသည်။ “[ဂျပန်ဘာသာစကား] ကိုနားမလည်တော့ဘူး။ တစ်ခါတလေ ကိုယ့်ရဲ့ဘာသာစကားကိုတောင် နားလည်ဖို့ ဘာသာပြန်တစ်ယောက်လိုတယ်လို့ ခံစားရ” ကြောင်း အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးက ညည်းညူခဲ့သည်။ လူငယ်များ၊ နိုင်ငံရေးသမားများ၊ သတင်းမီဒီယာနှင့် အားကစားသမားများ၊ ဖက်ရှင်နှင့် အဆင့်မြင့်နည်းပညာလုပ်ငန်းကို လုပ်ကိုင်သူများသည် “ခေတ်ဆန်ပြီး စိတ်ဝင်စားစရာကောင်းသည့်” နိုင်ငံခြားစကားလုံးများကို အားပါးတရ အသုံးပြုလိုလာကြသည်။ သို့သော် အဆိုပါစကားလုံးသစ်များကို နိုင်ငံခြားစကားလုံးများနှင့် ဖလှယ်ထားသည့် ခါတာခါနာအက္ခရာဖြင့် ရေးသားထားသည်။ ထို့ကြောင့် ဤဝေါဟာရများသည် “‘နိုင်ငံခြား’ စကားလုံးအဖြစ် ခေတ်အဆက်ဆက် ဆက်ရှိသွားမည်ထင်သည်” ဟုထိုသတင်းစာကဆို၏။ နယူးယောက်တိုင်းမ်သတင်းစာ၏အဆိုအရ ဂျပန်လူမျိုးအချို့သည် “ဂျပန်ကြိယာ သို့မဟုတ် ဝါစင်္ဂကို ရံဖန်ရံခါသုံးသည်မှလွဲ၍ အနောက်တိုင်း ရင်းမြစ်စကားလုံးများကိုသာ အသုံးပြုပြီး ခေတ်ပေါ်ဂျပန်ဘာသာစကားဖြင့် ဝါကျတစ်ခုလုံးကို ရေးသားနိုင်သည့်အမြင်အပေါ် ဒေါသထွက်” လာကြ၏ဟုဆိုသည်။ လူ့အဖွဲ့အစည်းကို ထိခိုက်သည့်ဆိုးကျိုးတစ်ခုမှာ အိမ်ထောင်စုအချို့တွင် ဆက်သွယ်ရေး ကွာဟသည်ထက် ကွာဟသွားခြင်းဖြစ်သည်။