မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်အား အမည်နှင့်တကွ သင် သိနိုင်ပုံ

ဘုရားသခင်အား အမည်နှင့်တကွ သင် သိနိုင်ပုံ

ဘုရားသခင်အား အမည်နှင့်တကွ သင် သိနိုင်ပုံ

သတင်းစာ ပင်တိုင်ဆောင်းပါးရှင်တစ်ဦးသည် စာဖတ်ပရိသတ်တစ်ဦးထံမှ အောက်ပါ စာတစ်စောင်ကို လက်ခံရရှိခဲ့၏– “ကျွန်မဘဝတစ်လျှောက် ဤမေးခွန်းနှင့် နပန်းလုံးနေခဲ့ရသည်၊ သင်တို့ အဖြေပေးနိုင်မည်ဟု ကျွန်မမျှော်လင့်ပါသည်။ ဘုရားသခင့်အမည်ကား အဘယ်နည်း။ ဂျူးလူမျိုးများက စစ်မှန်သည့်အမည် ပျောက်ကွယ်သွားသည်မှာ နှစ်ပေါင်းများစွာကြာပြီဟု ပြောကြပါသည်။ ခရစ်ယာန်ဘာသာဝင်တို့ကမူ ယေရှုဟူ၍ ခေါ်ဝေါ်ကြသည်။ မွတ်စလင်ဘာသာဝင်တို့က အလ္လာအရှင်ဟု ခေါ်ဝေါ်ကြပါသည်။ . . . ထို့ကြောင့်၊ အဘယ်အမည်နည်း။” အဆိုပါသတင်းစာသည် မေးခွန်းနှင့်တကွ ဤအဖြေကို ပုံနှိပ်ထုတ်ဝေလိုက်လေသည်– “ရှေးဟေဗြဲသွန်သင်ချက်များအရ ဘုရားသခင်သည် အတိုင်းအဆမဲ့တန်ခိုးနှင့်ပြည့်စုံသည်ဖြစ်ရာ အမည်တစ်ခုခုဖြင့် မရှိနိုင်ပါ။ သို့သော် သင်သည် အမည်တစ်ခုခုဖြင့် ရိုသေလေးစားစွာ ခေါ်ဆိုမည်ဆိုလျှင် ကိုယ်တော်ရှင် (သို့မဟုတ် ကိုယ်တော်ရှင်မ) နားညောင်းပေးမည်ဖြစ်ကြောင်း အာမခံပါသည်။”

ဘုရားသခင့်နာမတော်နှင့်ပတ်သက်၍ ဤကဲ့သို့ ပေါ့ပေါ့တန်တန် သဘောထားခြင်းသည် ယနေ့ခေတ်တွင် အဆန်းမဟုတ်တော့ချေ။ သမ္မာကျမ်းစာကို ယုံကြည်ကြသူ များစွာတို့သည် ဘာသာတရားကိုင်းရှိုင်းသော်လည်း ဘုရားသခင့်နာမတော်ကိစ္စကို သိပ်မစဉ်းစားကြပေ။ သို့သော် ယင်းနှင့်ပတ်သက်၍ ဘုရားသခင် မည်သို့ခံစားရသနည်း။ ယင်းသည် ကိုယ်တော်အတွက် အသေးအဖွဲကိစ္စလော။

အသေးအဖွဲကိစ္စမဟုတ်

သမ္မာကျမ်းစာတွင် ဘုရားသခင့်ကိုယ်ပိုင်နာမတော် ယေဟောဝါကို အကြိမ်ပေါင်းထောင်နှင့်ချီ၍ ဖော်ပြထားသည့်အချက်ကို သုံးသပ်ကြည့်ပါ။ ကမ္ဘာသစ်ဘာသာပြန်သမ္မာကျမ်းစာတွင် မြင့်မြတ်သောနာမတော်သည် အကြိမ်ပေါင်း ၇,၂၁၀ ပါရှိသည်တကား! * မိမိ၏နာမတော်အား ထိုမျှထင်ထင်ရှားရှား အသုံးပြုဖို့ ဘုရားသခင်ကိုယ်တော်တိုင် ကျမ်းရေးသူများအား မှုတ်သွင်းခဲ့ခြင်းဖြစ်ပေသည်။ အဆိုပါကျမ်းရေးသူများအနက် တစ်ဦးဖြစ်သူ ဆာလံဆရာအာသပ်က ဤသို့ရေးသားခဲ့၏– ‘ယေဟောဝါဟူ၍နာမတော်ရှိသော ကိုယ်တော်တစ်ပါးတည်းသာလျှင် မြေတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရားသခင်ဖြစ်တော်မူ၏။’ (ဆာလံ ၈၃:၁၈ကဘ) ထို့ပြင် ဒါဝိဒ်ကလည်း ဆာလံတစ်ပုဒ်၌ ဤသို့ရေးသားခဲ့လေသည်– ‘ငါတို့မူကား ငါတို့ဘုရားသခင်တည်းဟူသော ယေဟောဝါ၏နာမတော်ကို ချီးမွမ်းကြလိမ့်မည်။’—⁠ဆာလံ ၂၀:⁠၇ကဘ။

သမ္မာကျမ်းစာက ယေဟောဝါဘုရားသခင်သည် မိမိ၏နာမတော်နှင့်ပတ်သက်၍ ကျွန်ုပ်တို့မည်သို့သဘောထားကြောင်း သတ်မှတ်ဆုံးဖြတ်ရန် ကျွန်ုပ်တို့၏နှလုံးကို စေ့စေ့စစ်ဆေးနေကြောင်း ဖော်ပြ၏။ ဆာလံဆရာက ဤသို့ဆိုခဲ့သည်– “အကျွန်ုပ်တို့သည် ကိုယ်ဘုရားသခင်၏ နာမတော်ကိုမေ့လျော့ . . . လျှင် နှလုံး၌ဝှက်ထားသောအရာများကို ဘုရားသခင်သိတော်မူသည်ဖြစ်၍ ထိုအမှုကို မစစ်ဘဲနေတော်မူမည်လော။” (ဆာလံ ၄၄:၂၀၊ ၂၁) ပရောဖက်ဟေရှာယက ဤသို့ရေးသားခဲ့သည်– ‘အသင်လူတို့၊ ယေဟောဝါအား ကျေးဇူးတင်ချီးမွမ်းကြလော့။ နာမတော်ကို ခေါ်ကြလော့။ အမှုတော်များကို လူများတို့တွင် သိစေကြလော့။ နာမတော်မြင့်မြတ်ကြောင်းကို ဖော်ပြကြလော့။’—⁠ဟေရှာယ ၁၂:၄ကဘ။

ဘုရားသခင်ကိုယ်တော်တိုင်က ဤသို့မိန့်ဆိုခဲ့၏– ‘ငါ့နာမသည် ယေဟောဝါဖြစ်ကြောင်း သူတို့သိရကြလိမ့်မည်။’ (ယေရမိ ၁၆:၂၁ကဘ) အခြားတစ်ချိန်တွင် ကိုယ်တော်ဤသို့ကြေညာခဲ့သည်– ‘လူမျိုးခြားတို့အလယ်၌ သင်တို့ရှုတ်ချသော ငါ၏ကြီးမြတ်သောနာမကို ငါသန့်ရှင်းစေ၍ . . . ငါသည် ယေဟောဝါဖြစ်ကြောင်း သူတို့သိရကြလိမ့်မည်။’ (ယေဇကျေလ ၃၆:၂၃ကဘ) မိမိ၏နာမတော်အား မလေးမခန့်ပြုသူတို့ကို ယေဟောဝါအမျက်ထွက်မည့် အချိန်တစ်ချိန်ကို အဆိုပါ ဖော်ပြချက်တချို့က ညွှန်ပြပေးသည်။ မိမိ၏ ကိုယ်ပိုင်နာမတော်ကိစ္စသည် ဘုရားသခင်အတွက် အသေးအဖွဲကိစ္စမဟုတ်ပေ။

ယေဟောဝါဘုရားသခင်သည် သင်နှင့်မဝေး

ဘုရားသခင်အား အမည်နှင့်တကွ သင်မည်သို့သိနိုင်မည်နည်း။ ဘုရားသခင်အား အမည်နှင့်တကွသိခြင်းဟူသည် အဘယ်နည်း။ သမ္မာကျမ်းစာက “နာမတော်ကိုသိသောသူတို့သည် ကိုယ်တော်ကိုယုံကြည်ကြပါလိမ့်မည်” ဟုဖြေဆိုလေသည်။ (ဆာလံ ၉:၁၀) ဘုရားသခင်အား အမည်နှင့်တကွသိခြင်းတွင် ကိုယ်တော်၏အမည်ကို သိရုံလေးထက်မကပေ။ သင်သည် ကိုယ်တော်အား ယုံကြည်ရမည်ဖြစ်၏။ ဆိုလိုသည်မှာ ကိုယ်တော်သည် မည်သို့သောဘုရားသခင်မျိုးဖြစ်ကြောင်း သိရှိခြင်း၊ ကိုယ်တော်၏အရည်အသွေးတော်များနှင့် ကိုယ်တော်၏အတွေးအခေါ်များကို သင်ယူခြင်းမည်၏။ ယင်းက ကိုယ်တော်အားယုံကြည်ကိုးစားရန် သင့်ကို စေ့ဆော်ပေးပါလိမ့်မည်။

သမ္မာကျမ်းစာကို ဂရုတစိုက် ဖတ်ရှုလေ့လာမှသာ ယေဟောဝါသည် မည်သို့သောဘုရားသခင်မျိုးဖြစ်ကြောင်း သင့်အား ထိုးထွင်းသိမြင်စေနိုင်ပေသည်။ မိမိနှင့် မိမိ၏နာမတော်အား နှစ်သက်မြတ်နိုးသူတို့ကို ကာကွယ်ပေးမည်ဟု ကိုယ်တော်ကတိပေး၏။ ထိုသို့ပြုသူတစ်ဦးနှင့်စပ်လျဉ်း၍ ဘုရားသခင်က ဤသို့ဆိုလေသည်– “သူသည် ငါ့ကိုချစ်သောကြောင့် သူ့ကို ငါကယ်နုတ်မည်။ ငါ၏နာမကိုသိသောကြောင့် သူ့ကို ငါချီးမြှောက်မည်။ သူသည် ငါ့ကိုခေါ်သောအခါ ငါထူးမည်။ [ဆင်းရဲ] ခံရသောအခါ သူ့ဘက်မှာငါနေ၍ ချမ်းသာပေးမည်။ သူ၏ဘုန်းကိုလည်း ထင်ရှားစေမည်။ ရှည်သောအသက်နှင့် သူ့ကိုရောင့်ရဲစေ၍ ငါ၏ကယ်တင်ခြင်းကျေးဇူးကို သူ့အားပြမည်။”—⁠ဆာလံ ၉၁:၁၄-၁၆

ကိုယ်တော်အား အမည်နှင့်တကွ သိသူတို့သည် ယေဟောဝါဘုရားသခင်နှင့် ထူးမြတ်သောဆက်ဆံရေးရရှိလေသည်! ထိုသို့သောရင်းနှီးမှုမျိုးကို အသင်လည်း ခံစားနိုင်ပါသည်။ သင်၏ လှိုက်လှိုက်လှဲလှဲ တောင်းလျှောက်သော ဆုတောင်းချက်များတွင် ကိုယ်တော်အား အမည်တပ်၍ခေါ်ရန် မဝံ့မရဲမဖြစ်ပါနှင့်။ ‘ကိုယ်တော်သည် ငါတို့တွင် အဘယ်သူနှင့်မျှဝေးတော်မူသည်မဟုတ်’ ဟု ကျမ်းစာဆိုသည့်အတိုင်း ကိုယ်တော် နားညောင်းပေးပါလိမ့်မည်။—⁠တမန်တော် ၁၇:၂၇

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 ယေဟောဝါသက်သေများထုတ်ဝေသော ကမ္ဘာသစ်ဘာသာပြန်သမ္မာကျမ်းစာသည် ရှေးဘာသာစကားဖြင့် ရေးသားထားသော ဘာသာပြန်ကျမ်းဟောင်းများကို လက်ရှိပြောဆိုသုံးနှုန်းပုံများဖြင့် အစားထိုးပြန်ဆိုထားသည့် ဘာသာပြန်ကျမ်းတစ်ကျမ်းဖြစ်ပါသည်။ ဤဘာသာပြန်ကျမ်း၏ ထူးခြားချက်မှာ ကျမ်းစာသားတွင် မြင့်မြတ်သောနာမတော်ကို ၎င်း၏နေရာမှန်အတိုင်း ပြန်ထည့်ပေးထားခြင်းဖြစ်သည်။ ယနေ့ထက်တိုင် ဘာသာစကားပေါင်း ၄၅ မျိုးဖြင့် တစ်အုပ်လုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းအနေနှင့်ဖြစ်စေ အုပ်ရေ ၁၂၂ သန်းကျော် ပုံနှိပ်ထုတ်ဝေခဲ့ပြီးဖြစ်သည်။

[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ဘုရားသခင်သည် သင့်အား အမည်နှင့်တကွသိ

မောရှေအား ဘုရားသခင်က “သင့်ကို သင်၏နာမဖြင့် ငါသိ၏” ဟု မိန့်ဆိုခဲ့သည်။ (ထွက်မြောက်ရာ ၃၃:၁၂) လူသိများသော မီးလောင်နေသည့်ချုံမှတ်တမ်းက ယင်းသို့သိကြောင်း ထောက်ခံသည်။ ဘုရားသခင်သည် “‘မောရှေ၊ မောရှေ’ ဟု ချုံထဲကခေါ်တော်မူ” ခဲ့ကြောင်း သမ္မာကျမ်းစာက ဆိုလေသည်။ (ထွက်မြောက်ရာ ၃:၄) ယင်းသည် လူတို့အား သူတို့၏ကိုယ်ပိုင်အမည်ကိုခေါ်၍ ဘုရားသခင် မြွက်ကြားသည့် ဖြစ်ရပ်များစွာမှ နမူနာတစ်ခုမျှသာဖြစ်သည်။ စကြဝဠာဖန်ဆင်းရှင်သည် ကျွန်ုပ်တို့ တစ်ဦးချင်းစီအား စိတ်ဝင်စားတော်မူသည်မှာ ရှင်းနေပါသည်။

ဘုရားသခင်သည် ဘီလီယံပေါင်းများစွာရှိသော ကြယ်များကို အမည်နှင့်တကွ သိရှိတော်မူကြောင်း သမ္မာကျမ်းစာကဆို၏။ (ဟေရှာယ ၄၀:၂၆) ကိုယ်တော်အား ဝတ်ပြုသည့်လူသားတို့ကို ကိုယ်တော် ပို၍ဂရုစိုက်မည် မဟုတ်ပေလော! တမန်တော်ပေါလုက ‘ယေဟောဝါသည် မိမိလူတို့ကို သိကျွမ်းတော်မူ၏’ ဟု ရေးသားခဲ့သည်။ (၂ တိမောသေ ၂:၁၉ကဘ) ဆိုလိုသည်မှာ အမည်များကို အလွတ်မှတ်သားရုံထက်မက သိနေခြင်းဖြစ်သည်။ ဘုရားသခင်သည် မိမိအားဝတ်ပြုသူများအကြောင်းကို အတွင်းကျကျသိတော်မူသည်။ ကျွန်ုပ်တို့လည်း ဘုရားသခင်အား အမည်နှင့်တကွ သိထားသင့်ကာ ကိုယ်တော်၏အရည်အသွေးတော်များကို အတွင်းကျကျ သိရှိလာအောင် ကြိုးစားသင့်သည်။

သမ္မာကျမ်းစာ၏နောက်ဆုံးကျမ်းက သမိုင်းတစ်လျှောက် မိမိအား ဝတ်ပြုခဲ့ကြသူအားလုံး၏ အမည်များကို တင်စားချက်စာအုပ်တစ်အုပ်တွင် ဘုရားသခင်ရေးမှတ်ထားကြောင်း ဖော်ပြသည်။ ဤစာအုပ်ကို “အသက်စာစောင်” ဟုခေါ်သည်၊ အကြောင်းမှာ ယေဟောဝါဘုရားသခင်သည် ၎င်းစာစောင်တွင် ရေးမှတ်ထားသည့် အမည်ပိုင်ရှင်များကို ထာဝရအသက်ဆုချတော်မူမည် ဖြစ်သောကြောင့်တည်း။ (ဗျာ. ၁၇:၈) ဘုရားသခင်အား အမည်နှင့်တကွသိသူတို့အတွက် ယင်းသည် ရွှန်းလဲ့တောက်ပသောအလားအလာပင်။

[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ဘုရားသခင့်နာမတော်ကို သူတို့ကြွေးကြော်ခဲ့ကြ

● ဣသရေလလူမျိုးများ ကတိထားရာပြည်တော်ထဲမဝင်မီအချိန်လေးတွင် မောရှေဤသို့သီဆိုခဲ့သည်– ‘ငါသည် ယေဟောဝါ၏နာမတော်ကို ကြေညာမည်။’—⁠တရားဟောရာ ၃၂:၃၊ ကဘ။

● လူ့ဘီလူးကြီး ဂေါလျတ်အား ဒါဝိဒ်ဤသို့ပြောဆိုလေသည်– ‘ငါသည် ဗိုလ်ခြေတို့၏အရှင် ယေဟောဝါ၏နာမဖြင့် သင်ရှိရာသို့လာ၏။’—⁠၁ ဓမ္မရာဇဝင် ၁၇:၄၅၊ ကဘ။

● မိမိပိုင်ဆိုင်ရာပစ္စည်း အားလုံးဆုံးရှုံးသွားကာ သားသမီးအားလုံး ရုတ်တရက်သေဆုံးသွားပြီးနောက် ယောဘဤသို့ပြောဆိုခဲ့၏– ‘ယေဟောဝါ၏နာမတော်သည် မင်္ဂလာရှိပါစေသတည်း။’—⁠ယောဘ ၁:၂၁၊ ကဘ။

● တမန်တော်ပေတရုသည် ဟေဗြဲကျမ်းစာကို ကိုးကား၍ ဤသို့ပြောဆိုခဲ့သည်– ‘ယေဟောဝါ၏နာမတော်ကို ခေါ်သောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတ္တံ့။’—⁠တမန်တော် ၂:၂၁

● ပရောဖက် ဟေရှာယက ဤသို့ဆိုခဲ့သည်– ‘လူမျိုးတို့ ယေဟောဝါ၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့! နာမတော်ကို ခေါ်ကြလော့။ . . . နာမတော်မြင့်မြတ်ကြောင်းကို ဖော်ပြကြလော့။’—⁠ဟေရှာယ ၁၂:၄၊ ကဘ။

● ယေရှုခရစ်သည် မိမိ၏တပည့်နောက်လိုက်များအား ဤသို့ဆုတောင်း ကြရန် သွန်သင်ပေးခဲ့သည်– “ထို့ကြောင့် သင်တို့ဆုတောင်းရမည်မှာ ‘ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။’”—⁠မဿဲ ၆:၉၊ ၁၀

● ယေရှုခရစ်သည် ဘုရားသခင်ထံ ဤသို့ဆုတောင်းခဲ့သည်– “အကျွန်ုပ်သည် ကိုယ်တော်၏နာမကို ထင်ရှားစေပါပြီ။”—⁠ယောဟန် ၁၇:၆၊ သမ္မာ။

● ဘုရားသခင်သည် မိမိ၏လူမျိုးတော်အား ဤသို့မိန့်မြွက်တော်မူသည်– ‘ငါသည် ယေဟောဝါဖြစ်၏။ ထိုနာမသည် ငါ့နာမဖြစ်၏။ ငါ့ဘုန်းကို အခြားတစ်ပါးသူအားမပေး။’—⁠ဟေရှာယ ၄၂:၈၊ ကဘ။