မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရှေးဟောင်း အဆောက်အအုံများက—ဘုရားသခင့်နာမတော်ကို ဖော်ပြ

ရှေးဟောင်း အဆောက်အအုံများက—ဘုရားသခင့်နာမတော်ကို ဖော်ပြ

ရှေးဟောင်း အဆောက်အအုံများက—ဘုရားသခင့်နာမတော်ကို ဖော်ပြ

စလိုဗီးနီးယားမှ နိုးလော့! စာရေးသူ ပေးပို့သည်

ရာစုနှစ်များစွာအတွင်း၊ ဥရောပတစ်လျှောက်ရှိ တောင်ထိပ်များပေါ်တွင် ချာ့ခ်ျများနှင့် ခရစ်ယာန်ဘုန်းကြီးကျောင်းများကို ဆောက်လုပ်ခဲ့ကြသည်။ ၎င်းရှေးဟောင်းအဆောက်အအုံများတွင် ထူထဲသောနံရံများနှင့် မုခ်ခုံးကြီးများဖြင့်ရုပ်လုံးဖော်ထားသော အလယ်ခေတ် ရိုမင်နက် ဗိသုကာပုံစံမှ နောက်ပိုင်းရာစုနှစ်များ၏ မွမ်းမံလွန်းသော အဆန်းတကြယ်အနုပညာလက်ရာများအထိ တွေ့ရှိကြရသည်။ စိတ်ဝင်စားစရာမှာ ယင်းအဆောက်အအုံများစွာတွင် ဘုရားသခင့်ကိုယ်ပိုင်နာမတော်ကို ဟေဗြဲအက္ခရာလေးလုံး၊ တက်တြာဂရမ်မီတန် ဖြင့်ဖော်ပြထားသည်ကို တွေ့ရှိရခြင်းဖြစ်သည်။

ဥပမာ၊ စလိုဗီးနီးယားရှိ ရှေးအကျဆုံး စစ္စတာစီယန် ဗရင်ဂျီဘုန်းကြီးကျောင်းတစ်ခုဖြစ်သော စတီချနားအဆောက်အအုံကို သုံးသပ်ကြည့်ပါ။ ယင်းကို ပြင်သစ်တွင် စစ္စတာစီယန် ဗရင်ဂျီဂိုဏ်းဝင်ဘုန်းကြီးအဖွဲ့ ဖွဲ့စည်းတည်ထောင်ပြီးနောက် အနှစ် ၄၀ ခန့်ဖြစ်သော ၁၁၃၅ ခုနှစ်က တည်ဆောက်ခဲ့သည်။ ထိုကျောင်းတိုက်ကို ကြိမ်ဖန်များစွာ အသစ်ပြန်လည်ပြုပြင်ခဲ့သော်လည်း ယခုအခါ ဆန်းပြားသောအနုပညာမွမ်းမံမှုများဖြင့် မူလရိုမင်နက် ဗိသုကာပုံစံမပျက် ထိန်းသိမ်းထားသည်။ အတွင်းပိုင်းကို ပန်းချီကားအမျိုးမျိုး၊ ကြေးရုပ်အမျိုးမျိုးတို့ဖြင့် အလှဆင်ထားသည်။ ငွေကွင်းဖြင့် ဘောင်ခတ်ထားသော တက်တြာဂရမ်မီတန် ရွှေရောင်စာလုံးကြီးများဖြင့် ယဇ်ပလ္လင်တစ်ဖက်ခြမ်းကို အလှဆင်ထားသည်။

ဆယ်ရာစုနှစ်ကတည်းက ရေးသားခဲ့သည့်မှတ်တမ်းများတွင် စလိုဗင့် ဂရာဒက်မြို့ကို ပထမဆုံးဖော်ပြထားသည်။ ၁၄၁၉ ခုနှစ်တွင် ထိုမြို့၌ အလယ်ခေတ် ဂျာမန်ဗိသုကာလက်ရာပုံစံ ချာ့ခ်ျ-ဆေးရုံကို တည်ဆောက်ခဲ့ကြသည်။ အတွင်းနံရံတစ်ခုလုံးပေါ်တွင် ကျမ်းစာဇာတ်ကွက် ၂၇ ကွက်ကို သရုပ်ဖော်ထားသည့် ၁၅ ရာစုမှ နံရံဆေးရေးပန်းချီကားများ ရေးဆွဲထားသည်။ လာဇရု ရှင်ပြန်ထမြောက်ခြင်းပုံမှစ၍ ပင်တေကုတ္တေပွဲနေ့ပုံဖြင့် အဆုံးသတ်ထားသည်။ ထိုအဆောက်အအုံ၏ နောက်တစ်နေရာ၌ ဘုရားသခင့်နာမတော်ကို ရွှေရောင်နောက်ခံပေါ်တွင် ဟေဗြဲဘာသာဖြင့် အနက်ရောင်အက္ခရာတင်ထားသည်။

ထိုနိုင်ငံ၏ အနောက်မြောက်ဘက်ဒေသတွင် ရာဒိုလက်စာမြို့ရှိသည်။ ၁၄၀၀ ပြည့်လွန်နှစ်များက ဤရပ်ကွက်ငယ်ကို အုတ်တံတိုင်းများနှင့် ကျုံးတို့ဖြင့် ဝန်းရံထားပြီး အတွင်း၌ ရဲတိုက်တစ်ခု၊ ချာ့ခ်ျတစ်ခုနှင့် အခြားအဆောက်အအုံများရှိသည်။ ချာ့ခ်ျယဇ်ပလ္လင်တစ်ခု၏ ရွှေပြားပေါ်တွင် တက်တြာဂရမ်မီတန်ကို စာတန်းထိုးထားသည်။

ပေါ့ချတာကာရွာလေးအနားတွင် ၁၇ ရာစုက စ၍တည်ရှိသည်ဟု သတ်မှတ်ကြသည့် ရှေးဟောင်းခရစ်ယာန်ဘုန်းကြီးကျောင်း တစ်ကျောင်းရှိသည်။ အတွင်းကို ဂရုတစိုက်လေ့လာသူသည် ဘုရားသခင့်နာမတော်ဖြင့် အလှဆင်ထားသည့် နံရံဆေးရေးပန်းချီကို တွေ့ရှိပါလိမ့်မည်။

တက်တြာဂရမ်မီတန်ကို ရှေးဟောင်း စလိုဗီးနီးယား အဆောက်အအုံများစွာတွင် တွေ့ရှိနိုင်သည်။ သို့ဖြင့် ကမ္ဘာလှည့်ခရီးသည်များသည် အတိတ်မှ လက်မှုပညာအရည်အသွေးနှင့် လက်ရာမြောက်မှုတို့ကို ချီးမွမ်းအံ့သြရင်း အတိတ်ကလူများသည် ဘုရားသခင့်နာမတော်နှင့် အကျွမ်းတဝင်ရှိခဲ့ကြောင်း သိရှိနိုင်ကြပေသည်။

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

စတီချနားဗရင်ဂျီ ဘုန်းကြီးကျောင်း၏ ယဇ်ပလ္လင်တစ်ဖက်ခြမ်း

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

စလိုဗင့် ဂရာဒက်မြို့ရှိ ဆဗီတီ ဒပ်ရှ် ချာ့ခ်ျ

[Credit Line]

Slovenj Gradec-Cerkev Sv. Duha, Slovenija