မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာကို ကျွန်တော်ယုံကြည်ရသည့်အကြောင်း—နျူကလီးယားသိပ္ပံပညာရှင်တစ်ဦး သူ့ဘဝဇာတ်ကြောင်းကိုပြောပြ

သမ္မာကျမ်းစာကို ကျွန်တော်ယုံကြည်ရသည့်အကြောင်း—နျူကလီးယားသိပ္ပံပညာရှင်တစ်ဦး သူ့ဘဝဇာတ်ကြောင်းကိုပြောပြ

သမ္မာကျမ်းစာကို ကျွန်တော်ယုံကြည်ရသည့်အကြောင်း—နျူကလီးယားသိပ္ပံပညာရှင်တစ်ဦး သူ့ဘဝဇာတ်ကြောင်းကိုပြောပြ

အော်တန် ဝီလျံ ပြောပြသည်

ကျွန်တော့်ဘဝရဲ့ အရေးပါတဲ့ဖြစ်ရပ်နှစ်ခု ၁၉၇၈ ခုနှစ်မှာ ဖြစ်ပျက်ခဲ့ပါတယ်။ စက်တင်ဘာလမှာ နျူကလီးယားရူပဗေဒပညာရှင်အဖြစ် ဘွဲ့ရခဲ့ပြီး ဒီဇင်ဘာလမှာကျတော့ ယေဟောဝါသက်သေများရဲ့ ဓမ္မအမှုဆောင်တစ်ဦးအဖြစ် ခန့်အပ်ခံခဲ့ရတယ်။

ကျွန်တော်ဟာ သိပ္ပံပညာရှင်ရော သက်သေခံတစ်ယောက်ပါဖြစ်မှန်း လူတွေသိလာကြတဲ့အခါ ကျွန်တော့်ရဲ့ သိပ္ပံဆိုင်ရာအသိပညာနဲ့ သမ္မာကျမ်းစာယုံကြည်ချက်ကို ဘယ်လိုများ သဟဇာတဖြစ်စေပါလိမ့်ဆိုပြီး လူတွေသိချင်ကြတယ်။ ဝန်ခံရမယ်ဆိုရင် ကျွန်တော်ကိုယ်တိုင်လည်း သိပ္ပံဆိုင်ရာအသိပညာနဲ့ သမ္မာကျမ်းစာယုံကြည်ချက်တို့ တွဲဖက်နိုင်မနိုင်သိချင်ခဲ့တာ နှစ်ချီကြာခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ သမ္မာကျမ်းစာဟာ သိပ္ပံဆိုင်ရာဖြစ်ရပ်မှန်နဲ့ ညီညွတ်တယ်ဆိုတာကို လုံးဝယုံကြည်လာခဲ့တယ်။ ဘယ်လိုကြောင့် ဒီလိုကောက်ချက်ချနိုင်ခဲ့တာလဲ။ ဦးဆုံး ကျွန်တော်သိပ္ပံပညာရှင်ဖြစ်လာပုံအကြောင်း ကျေးဇူးပြု၍ ပြောပြပါရစေ။

၁၉ နှစ်ကြာစီမံကိန်း

သားသမီး ၁၁ ယောက်မှာ တတိယမြောက်ဖြစ်တဲ့ ကျွန်တော်ဟာ ယူ.အက်စ်.အေ. မစ္စစ္စပီပြည်နယ်၊ ဂျက်ဆန်မြို့မှာ ၁၉၅၃ ခုနှစ်က မွေးဖွားခဲ့ပါတယ်။ ကျွန်တော်တို့မိသားစုက ဆင်းရဲတယ်။ ကျွန်တော့်မိဘတွေက အိမ်ငှားခမပေးနိုင်တဲ့အတွက် တစ်အိမ်ပြီးတစ်အိမ် ပြောင်းရွှေ့နေခဲ့ရတယ်။ အများအားဖြင့် အစိုးရထောက်ပံ့ရေးအစီအစဉ်ကပေးတဲ့ အစာတွေကို ကျွန်တော်တို့စားခဲ့ကြပြီး ကျွန်တော့်အမေ သန့်ရှင်းရေးလုပ်တဲ့ အိမ်၊ ရုံးတို့ကလူတွေပေးတဲ့ အထည်ဟောင်းတွေကို ကျွန်တော်တို့ဝတ်ခဲ့ရတယ်။

ပညာကောင်းကောင်းတတ်မှ ဆင်းရဲတွင်းကလွတ်မယ်ဆိုပြီး ကျွန်တော့်မိဘတွေက သတိပေးလေ့ရှိတယ်။ ဒါကြောင့် ကောလိပ်ကျောင်းက ဘွဲ့တစ်ခုရအောင်လုပ်မယ်လို့ ငယ်ငယ်ကတည်းက ကျွန်တော်ပန်းတိုင်ထားခဲ့တယ်။ အသက်ခြောက်နှစ်ကနေ ကျောင်းစတက်တာ နောက် ၁၉ နှစ်အထိ အနှောင့်အယှက်မရှိ ကျောင်းနေခဲ့ရတယ်။ သိပ္ပံနဲ့ သင်္ချာကို ကျွန်တော်ကြိုက်နှစ်သက်တဲ့အတွက် ကောလိပ်လည်းရောက်ရော သိပ္ပံပညာရှင်တစ်ယောက်အဖြစ် အသက်မွေးလုပ်ငန်းကို စတင်လိုက်စားခဲ့တယ်။

ကောလိပ်တက်နေတုန်း ဒဲလ်လို့ခေါ်တဲ့ မိန်းမပျိုနဲ့ ကျွန်တော်ဆုံတွေ့ခဲ့တယ်။ ဒဲလ်ယူထားတဲ့ သိပ္ပံဘာသာရပ်သင်တန်းနဲ့ပတ်သက်ပြီး အကူအညီရနိုင်ဖို့ သူ့ကို သိပ္ပံပါမောက္ခတစ်ယောက်က ကျွန်တော့်ဆီလွှတ်လိုက်တာ။ ဒါပေမဲ့ သိပ်မကြာခင် ကျွန်တော်တို့နှစ်ယောက် သိပ္ပံအကြောင်းထက်မက ပြောဖြစ်ခဲ့ကြပြီးနောက် မေတ္တာမျှသွားကြတယ်။ ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့မှာ နှစ်နာရီကြာတဲ့ အတန်းအားလပ်ချိန်အတောအတွင်း ကျွန်တော်တို့လက်ထပ်လိုက်တယ်! လေးနှစ်ကြာပြီးတဲ့နောက် ၁၉၇၈ ခုနှစ်မှာ ပါရဂူဘွဲ့ကို ကျွန်တော်ရရှိခဲ့တယ်။

အောင်မြင်မှုရဲ့သော့ချက်လို့ ကျွန်တော်ထင်ခဲ့ရာကို ရရှိပိုင်ဆိုင်ခဲ့ပြီ။ ကျွန်တော်ဟာ သိပ္ပံပညာရှင်မက နျူကလီးယားရူပဗေဒပညာရှင်ပါ ဖြစ်လာခဲ့ပြီ! လောလောလတ်လတ် ပိုင်ဆိုင်ရရှိထားတဲ့ သီအိုရီဆိုင်ရာ နျူကလီးယားရူပဗေဒဘွဲ့နဲ့ နှစ်ရှည်လများ ပညာဆည်းပူးခြင်းရဲ့ အကျိုးကျေးဇူးတွေကို ကျွန်တော်စတင်ခံစားနိုင်ပြီ။ သိပ္ပံနယ်ပယ်အသိုင်းအဝိုင်းမှာ နာမည်တစ်လုံးရလိုစိတ် ပြင်းပြခဲ့တယ်။ ဒိအပြင် ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ အစိုးရအဖွဲ့အစည်းတွေရဲ့ ဝင်ငွေကောင်းတဲ့ကမ်းလှမ်းမှုတွေထဲက အလုပ်တစ်ခုကို အခု ကျွန်တော်ရွေးချယ်လုပ်ကိုင်နိုင်ပြီ။

ဒါပေမဲ့ အနည်းငယ်ကြာပြီးနောက် ၁၉၇၈၊ ဒီဇင်ဘာ ၃၀ ရက်မှာ ကျွန်တော်ရရှိထားခါစဘွဲ့ထက် ကျွန်တော့်ဘဝနဲ့ အနာဂတ်ကို ပိုပြီးသြဇာလွှမ်းမယ့် ခြေလှမ်းတစ်ခုကို လှမ်းခဲ့တယ်။ အဲဒီနေ့မှာ ယေဟောဝါဘုရားသခင်ထံ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံပြီး ကျွန်တော် ယေဟောဝါသက်သေတစ်ယောက်ဖြစ်လာတယ်လေ။ ဘယ်လိုလုပ်ပြီး အဲဒီခြေလှမ်း လှမ်းခဲ့တာလဲ။

စာအုပ်တစ်အုပ်က ကျွန်တော့်စိတ်ဝင်စားမှုကိုနှိုးဆွ

၁၉၇၇ ခုနှစ်နှောင်းပိုင်း၊ အဲမ်ဟက်စ်ထ်မြို့ မက်ဆာချူးဆက်တက္ကသိုလ်မှာ ပညာသင်ကြားနေတုန်း သက်သေခံနှစ်ယောက်က ကျွန်တော့်တိုက်ခန်းတံခါးကိုလာခေါက်တယ်။ ကျွန်တော် အိမ်မှာမရှိပေမဲ့ သုံးနှစ်အရွယ်သားနဲ့ မွေးကင်းစလေးနဲ့အတူ ကျွန်တော့်ဇနီးကတော့ ရှိနေတယ်။ ဒဲလ်က သက်သေခံတွေကို အိမ်ထဲဖိတ်ခေါ်ခဲ့တယ်။ စကားစမြည်ပြောဆိုကြပြီးနောက် သက်သေခံတွေပြန်လာပြီး သူနဲ့ တစ်ပတ်တစ်ခါ ကျမ်းစာလာသင်ပေးမှာကို သဘောတူလိုက်တယ်။

အဲဒီအစီအစဉ်ကို ကျွန်တော့်ဇနီးပြောပြတဲ့အခါ ကျွန်တော်ချက်ချင်း ကန့်ကွက်ခဲ့တယ်။ ဘာသာတစ်ခုနဲ့ သူပူးပေါင်းမှာကို ကျွန်တော်မကန့်ကွက်ပါဘူး၊ ဒါပေမဲ့ ယေဟောဝါသက်သေတော့ မဖြစ်စေချင်ဘူး! တကယ်တော့ သက်သေခံတွေအကြောင်း ကျွန်တော်သိပ်မသိပေမဲ့ သူတို့ဟာ ကျမ်းစာသုံးပြီး လူတွေကိုလှည့်စားတတ်တဲ့ လူထူးလူဆန်းအုပ်စုလို့ ကျွန်တော်ထင်မြင်ယူဆထားတာ။ ဒါကြောင့် ကျွန်တော်တွေးထင်ထားတဲ့ သက်သေခံတွေရဲ့ဖမ်းစားမှုကနေ ကျွန်တော့်ဇနီးလွတ်ကင်းနိုင်ဖို့ သူတို့ရဲ့သွန်သင်ချက်တွေ မမှန်ဘူးဆိုတာကို သိပ္ပံပညာနဲ့သက်သေပြမယ်လို့ စဉ်းစားထားတယ်။

တစ်ပတ်ကျတော့ တက္ကသိုလ်ကျောင်းက ကျွန်တော့်ရဲ့သုတေသနလုပ်ငန်းကို ခဏနားပြီး ကျွန်တော့်ဇနီးကျမ်းစာလေ့လာချိန်အမီ အိမ်ပြန်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်စီစဉ်ထားတာထက် နောက်ကျပြီးအိမ်ပြန်ရောက်လို့ ကျမ်းစာသင်ပေးတဲ့အမျိုးသမီးက ပြန်တော့မယ်။ ကျွန်တော့်ကို ဆင့်ကဲဖြစ်စဉ်ကြောင့် သို့မဟုတ် ဖန်ဆင်းခြင်းကြောင့် ဤတွင် လူဖြစ်လာခဲ့ရခြင်းလော *ဆိုတဲ့စာအုပ်ကို ပေးခဲ့တယ်။ ပြီးတော့ နောက်အပတ်ကျမ်းစာလေ့လာတဲ့အခါ ၁၉၁၄ ခုနှစ်ဟာ ထူးခြားတဲ့နှစ်ဖြစ်တယ်ဆိုတာဖော်ပြတဲ့ ကျမ်းစာပရောဖက်ပြုချက်ကို ဆွေးနွေးကြမယ်လို့ ကျွန်တော့်ဇနီးကို သူပြောသွားတယ်။ ကျွန်တော်လိုချင်နေတာ အဲဒီအခွင့်ကောင်းပဲ! နောက်တစ်ခါ ကျမ်းစာလေ့လာတဲ့အခါ ကျွန်တော်အိမ်မှာရှိနေမယ်လို့ သက်သေခံကိုပြောလိုက်တယ်။ ၁၉၁၄ ခုနှစ်နဲ့ပတ်သက်တဲ့ သူ့ရဲ့ဆွေးနွေးချက်ဟာ သင်္ချာနည်းအရ ဘယ်လောက်တိကျမှန်ကန်သလဲဆိုတာ ကျွန်တော်ဆန်းစစ်ကြည့်ချင်တယ်။

အဲဒီညမှာပဲ သက်သေခံပေးထားခဲ့တဲ့စာအုပ်ကို ကျွန်တော်စဖတ်ကြည့်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် စာအုပ်ထဲမှာပါတဲ့အကြောင်းအရာတွေကို ကျွန်တော်စွဲသွားတယ်။ ရေးသားထားပုံက ကျိုးကြောင်းဆီလျော်ပြီး ဆင့်ကဲအကြောင်းနဲ့ပတ်သက်တဲ့ သိပ္ပံဆိုင်ရာအကိုးအကားတွေ အတော်များများပါရှိတယ်။ ဖန်ဆင်းခြင်းနဲ့ပတ်သက်ပြီး ကျွန်တော်သိရှိထားတာထက် ပိုပြီးတိကျတဲ့သတင်းအချက်အလက်တွေ ကျမ်းစာထဲမှာပါနေတာသိရလို့ အံ့အားသင့်သွားတယ်။ ရက်အနည်းငယ်အတွင်း အဲဒီစာအုပ်ကို ဆန်းစစ်လေ့လာပြီးသွားတယ်၊ ဖန်ဆင်းခြင်းအကြောင်း သမ္မာကျမ်းစာဖော်ပြချက်ဟာ မြေကြီးပေါ်က သဘာဝသက်ရှိတွေနဲ့ပတ်သက်ပြီး လူတွေသိထားနှင့်တဲ့ သိပ္ပံဖြစ်ရပ်မှန်တွေနဲ့ ညီညွတ်တယ်ဆိုတာ ဝန်ခံလိုက်ရတယ်။

ရှေ့နောက်မညီမှုများရှာရန် စိတ်ပိုင်းဖြတ်ခြင်း

ဒါပေမဲ့ သက်သေခံတွေရဲ့သွန်သင်ချက်တွေကို ကျွန်တော်သံသယရှိနေတုန်းဖြစ်လို့ ၁၉၁၄ ခုနှစ်နဲ့ပတ်သက်တဲ့ ကျမ်းစာပရောဖက်ပြုချက်ကို သင်္ချာနည်းနဲ့ မှန်မမှန်စစ်ဆေးဖို့ စောင့်မျှော်နေခဲ့တယ်။ အဲဒီလိုလုပ်ရင် သက်သေခံလန့်သွားမယ်၊ ပြီးတော့ သက်သေခံတွေရဲ့ ယုံကြည်ချက်တွေ မှားကြောင်း ကျွန်တော့်ဇနီးသိမြင်လာမယ်လို့ ကျွန်တော်ယူဆခဲ့တာ။

နောက်တစ်ပတ်မှာ သက်သေခံအမျိုးသမီးဟာ ယေဟောဝါသက်သေတွေရဲ့ ဒေသခံအသင်းတော်အကြီးအကဲတစ်ယောက်နဲ့အတူ ပြန်လာတယ်။ အကြီးအကဲက ကျမ်းစာသင်အံမှုကိုကိုင်တယ်။ ဒံယေလကျမ်းအခန်းကြီး ၄ နဲ့ ၉ မှာပါတဲ့ မေရှိယအဖြစ်၊ ရှင်ဘုရင်အဖြစ် ယေရှုပေါ်ထွန်းခြင်းနဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေကို သူသုံးသပ်ပြတယ်။ သူရှင်းပြတဲ့အခါ သင်္ချာနည်းအရ ရှေ့နောက်မညီမှုတွေကိုရှာဖို့ ကျွန်တော်စိတ်ကူးထားပေမဲ့ တစ်ခုမှရှာမတွေ့ခဲ့ဘူး။ အဲဒီအစား ကျမ်းစာထဲက ဆင်ခြင်တုံတရားနဲ့ညီတဲ့အချက်အလက်တွေကြောင့် စွဲသွားရပြန်တယ်။

ဘုရားသခင်ကို ယုံကြည်ခြင်းဆိုတာဟာ စိတ်လှုပ်ရှားမှုပေါ်မှာအခြေပြုတာ၊ ကျိုးကြောင်းဆင်ခြင်မှုပေါ်အခြေပြုတာမဟုတ်ဘူးလို့ အဲဒီအချိန်အထိ ကျွန်တော်ထင်ထားဆဲပဲ။ အမှားကြီးမှားလိုက်လေခြင်း! ဗဟုသုတတိုးစေတဲ့ဆွေးနွေးချက်အတွက် ကျေးဇူးတင်ကြောင်းပြောပြီး ပတ်စဉ်လေ့လာမှုမှာ ဆက်လက်ပါဝင်လိုကြောင်း သက်သေခံကို ကျွန်တော်ပြောပြတယ်။ ဒါကြောင့် အဲဒီအချိန်ကစပြီး ကျွန်တော်ဟာ တက္ကသိုလ်မှာ သိပ္ပံပညာကိုဆက်လေ့လာရင်း သက်သေခံတွေဆီမှာ ဇနီးသည်နဲ့အတူ သမ္မာကျမ်းစာကို ဆက်လေ့လာခဲ့တယ်။ ဒါ့အပြင် ကျွန်တော်တို့ဇနီးမောင်နှံဟာ ဘုရားသခင့်နိုင်ငံတော်ခန်းမမှာ ကျင်းပတဲ့ သက်သေခံတွေရဲ့ အစည်းအဝေးတွေကို စပြီးတက်ခဲ့ကြတယ်။

လအနည်းငယ်အတွင်းမှာ အသစ်သော ကျမ်းစာအမှန်တရား အတော်များများကို ကျွန်တော်သိရှိခဲ့ရပြီး သိပ်မကြာခင် တစ်အိမ်မှတစ်အိမ်အမှုဆောင်ခြင်းမှာ သက်သေခံတွေနဲ့အတူပါဝင်ဖို့ အရည်အချင်းပြည့်မီလာတယ်။ ကျွန်တော့်ရဲ့အချိန်တော်တော်များ ကုန်ခန်းသွားစေတဲ့ တက္ကသိုလ်ပါရဂူဘွဲ့ရဖို့ နောက်ဆုံးအဆင့်ရောက်နေချိန်မှာ ဒီလိုပြည့်မီအောင်လုပ်ခဲ့တာပါ။ ၁၉၇၈ ခုနှစ်နွေရာသီမှာ ဘွဲ့အတွက် စာတမ်းပြုစုတင်သွင်းပြီးလို့ အယ်လဘာမာပြည်နယ်ကို ပြောင်းရွှေ့ခဲ့ပြီး ဟန့်စ်ဗေးလ်မြို့မှာရှိတဲ့ အယ်လဘာမာ အေ. နဲ့ အဲမ်. တက္ကသိုလ်မှာ ရူပဗေဒဘာသာရပ်ကို စတင်သင်ကြားပို့ချပေးတယ်။ ဒေသသစ်မှာ သက်သေခံတွေနဲ့ ချက်ချင်းအဆက်အသွယ်လုပ်တော့ အကြီးအကဲတစ်ယောက်နဲ့ သူ့ဇနီးက ကျွန်တော်တို့ကို ကျမ်းစာဆက်သင်ပေးတယ်။ လအနည်းငယ်ကြာပြီးနောက် ကျွန်တော့်ဇနီးနဲ့ ကျွန်တော် တစ်ရက်တည်းမှာ နှစ်ခြင်းအတူခံခဲ့ကြတယ်။

သိပ္ပံပညာရှင်တစ်ဦးနှင့် ဘုရားသခင့်အမှုဆောင်တစ်ဦးအဖြစ် တက်ကြွလှုပ်ရှားခြင်း

ကျွန်တော့်အတွက်ကတော့ သိပ္ပံပညာရှင်တစ်ဦးဖြစ်ခြင်းဟာ ယေဟောဝါသက်သေတစ်ဦးဖြစ်ခြင်းနဲ့ တွဲဖက်လို့ရတယ်။ ၁၉၈၃ ခုနှစ်မှာ ဟန့်စ်ဗေးလ်မြို့က နာဆာ (အမျိုးသားလေကြောင်းနှင့် အာကာသ စီမံကွပ်ကဲရေးအဖွဲ့) ရဲ့ ဂျော့ဂ်ျ စီ. မာရှယ်လ် အာကာသခရီးဗဟိုဌာနမှာ ရူပနက္ခတ္တဗေဒပညာရှင်တစ်ဦးအဖြစ် စအမှုထမ်းခဲ့တယ်။ * ကျွန်တော့်ရဲ့အလုပ်က အိတ်စ်ရေးအဝေးကြည့်မှန်ပြောင်းနဲ့ဆိုင်တဲ့ စမ်းသပ်လေ့လာမှုနဲ့ သီအိုရီပိုင်းဆိုင်ရာနယ်ပယ်တွေနဲ့ ပတ်သက်တယ်။ (၁၉၉၉ ခုနှစ်မှာ အဲဒီမှန်ပြောင်း—⁠ချန္ဒရာအိတ်စ်ရေး စူးစမ်းလေ့လာရေးဂြိုဟ်တု—⁠ကို ကိုလံဘီယာအာကာသလွန်းပျံယာဉ်နဲ့ ဂြိုဟ်ပတ်လမ်းထဲ အောင်မြင်စွာ လွှတ်တင်ခဲ့တယ်။) ရူပစကြဝဠာကြီးကို ပိုမိုနားလည်ဖို့ကြိုးစားရာမှာ ကြယ်တွေနဲ့ ဂလက်ဆီကြယ်စုတွေက ထုတ်လွှတ်နေတဲ့အိတ်စ်ရေးတွေကို စိတ်ဖြာလေ့လာရလို့ အဲဒီလုပ်ငန်းစဉ်မှာပါဝင်ရတာကို ကျွန်တော်ပျော်တယ်။

ကျွန်တော်ဟာ စိတ်ဝင်စားစရာ ခက်ခဲနက်နဲတဲ့သိပ္ပံပညာဆိုင်ရာ ကိစ္စတွေကို လုပ်ဆောင်နေရရုံမက ဖန်ဆင်းရှင်ရဲ့ တန်ခိုးတော်နဲ့ ဉာဏ်ပညာတော်ကို ပိုပြီးသိရှိနားလည်လာတဲ့အတွက် နှစ်ထပ်ကွမ်းပျော်ရွှင်ရတယ်။ အမှန်တော့ ရှေးခေတ်ပရောဖက်ဟေရှာယကတစ်ဆင့် ယေဟောဝါမိန့်တော်မူတဲ့စကားက ကျွန်တော့်အတွက် အထူးအဓိပ္ပာယ်ရှိတယ်။ ဖန်ဆင်းရှင်က ဒီလိုဆိုတယ်– “အထက်သို့ မျှော်ကြည့်ကြလော့။ ထိုအရာတို့ကို အဘယ်သူဖန်ဆင်းသနည်း။ ထိုသူသည် သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့်ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့်ပြည့်စုံတော်မူသောကြောင့် တစ်စုံတစ်ခုမျှ မပေါ်ဘဲမနေရ။” (ဟေရှာယ ၄၀:၂၆) စကြဝဠာရဲ့ ကျယ်ပြောမှု၊ ရှုပ်ထွေးမှုနဲ့ လှပမှုကိုကြည့်ဖို့ ‘အထက်ကိုမျှော်ကြည့်’ လေလေ အဲဒါတွေအားလုံးကို ဖန်ဆင်းပြီး စည်းစနစ်တကျရှိအောင် နိယာမတရားတွေ ပြဋ္ဌာန်းပေးထားတဲ့ ဉာဏ်ကြီးရှင်ရဲ့ လက်ရာတော်ကို ကျွန်တော်ပိုပြီး အထင်ကြီးလေးစားလာလေလေပဲ။

အဲဒီအတောအတွင်း အိတ်စ်ရေးရူပနက္ခတ္တဗေဒနဲ့ပတ်သက်ပြီး ကျွန်တော်သုတေသနပြုထားတဲ့ အချက်အလက်သစ်ကို သိပ္ပံဂျာနယ်တွေမှာ ပုံနှိပ်ထုတ်ဝေခြင်းနဲ့ အလုပ်များနေခဲ့တယ်။ ဒါပေမဲ့ ခရစ်ယာန်အသင်းတော်မှာလည်း တက်ကြွလှုပ်ရှားနေခဲ့တယ်။ အကြီးအကဲတစ်ဦးအဖြစ်အမှုထမ်းပြီး လူအများထံသွားရောက် ဟောပြောရတဲ့လုပ်ငန်းမှာ တစ်လကို နာရီ ၂၀ လောက်ပါဝင်ခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော့်ဇနီးက ကျမ်းစာပညာပေးလုပ်ငန်းမှာ အချိန်ပြည့်ပါဝင်ခဲ့တယ်။

နာဆာမှာ လေးနှစ်လောက်အလုပ်လုပ်ပြီးတဲ့နောက် ကျမ်းစာထဲက အံ့ဖွယ်အမှန်တရားကို တခြားသူတွေသိရှိအောင် ကူညီပေးရေးမှာ အချိန်ပိုပေးဖို့ သာပြီးလိုအပ်လာတယ်လို့ ခံစားလာရတယ်။ အဲဒါကို ကျွန်တော်ဘယ်လိုလုပ်နိုင်မလဲ။ ကျွန်တော့်ဆန္ဒကို ဇနီးသည်နဲ့ဆွေးနွေးပြီး ယေဟောဝါထံ ဆုတောင်းတင်ပြပြီးတဲ့နောက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချရတော့မယ်ဆိုတာ ကျွန်တော်သဘောပေါက်ခဲ့တယ်။

ကြီးလေးသောဆုံးဖြတ်ချက်များ

နာဆာမှာ ကျွန်တော့်နဲ့အနီးဆုံး ကြီးကြပ်ရေးမှူးဆီ ချဉ်းကပ်ပြီး တစ်ပတ်အလုပ်လုပ်ရက် ငါးရက်ကနေ လေးရက်ပြောင်းလုပ်ချင်တဲ့အကြောင်း ပြောပြတယ်။ ဝင်ငွေလည်း လျှော့ပြီးယူမှာပါ။ ကျန်တဲ့သုံးရက်ကို ဘုရားသခင့်အမှုဆောင်ခြင်းမှာ အသုံးပြုချင်လို့ပါဆိုပြီး ကြီးကြပ်ရေးမှူးကိုရှင်းပြတယ်။ နာဆာရဲ့ သိပ္ပံပညာရှင်တွေကြားမှာ ဒီလိုအစဉ်အလာမရှိခဲ့ပေမဲ့ ကျွန်တော့်ရဲ့ကြီးကြပ်ရေးမှူးက သဘောတူပါတယ်။ ဒါပေမဲ့ သူ့အထက်က ကြီးကြပ်ရေးမှူးကို ကျွန်တော် ပြောကြည့်ဖို့တော့လိုမယ်လို့ပြောတယ်။ သူပြောတဲ့အတိုင်း သွားပြောကြည့်တော့ အဲဒီအထက်လူကြီးကလည်း ကျွန်တော့်တောင်းဆိုချက်ကို ခွင့်ပြုလိုက်တဲ့အခါ အံ့သြပီတိဖြစ်သွားရပါတယ်။ ဒါကြောင့် ၁၉၈၇၊ စက်တင်ဘာလမှာ တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းနဲ့ ဘုရားသခင့်အမှုတော်ရဲ့ တခြားကဏ္ဍတွေမှာ တစ်လကို နာရီ ၉၀ အသုံးပြုတဲ့ အချိန်ပြည့်ဓမ္မအမှုဆောင်အဖြစ် ကျွန်တော်စတင်လုပ်ဆောင်ခဲ့တယ်။

နောက်ပိုင်းမှာ ဟန့်စ်ဗေးလ်မြို့က အယ်လဘာမာ အေ. နဲ့ အဲမ်. တက္ကသိုလ်က ကြီးကြပ်ရေးမှူးတစ်ဦးက ကျွန်တော့်ဆီဖုန်းဆက်တယ်။ ရူပဗေဒဌာနမှာ ဆရာအဖြစ်ပို့ချပေးဖို့ ကမ်းလှမ်းခဲ့တယ်။ ဓမ္မအမှုကို အချိန်များများပေးနိုင်မှ အဲဒီအလုပ်ကိုလက်ခံနိုင်မယ်လို့ ကျွန်တော်ဖြေခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ဓမ္မအမှုလုပ်ငန်းဆောင်တာတွေကြောင့် သင်ကြားရေးစွမ်းရည်ကို မထိခိုက်စေရပါဘူးလို့ ကျွန်တော်အာမခံခဲ့တယ်။ ကြီးကြပ်ရေးမှူးက သဘောတူလက်ခံခဲ့တယ်။ ဒီနေ့ ကျွန်တော်ဟာ အဲဒီတက္ကသိုလ်မှာ စာပို့ချနေရင်း အချိန်ပြည့်အမှုဆောင်အဖြစ် အမှုထမ်းနေဆဲပါ။ စပိန်ဘာသာစကားကို သင်ယူဖို့တောင် အချိန်ရလိုက်သေးတယ်။ ခုလောလောဆယ် ကျွန်တော်တို့ဇနီးမောင်နှံဟာ ဟန့်စ်ဗေးလ်မြို့က ယေဟောဝါသက်သေများရဲ့ စပိန်စကားပြောအသင်းတော်မှာ အမှုဆောင်နေကြပါတယ်။

သိပ္ပံပညာနှင့် ယုံကြည်ခြင်း

သိပ္ပံပညာနဲ့ပတ်သက်လို့ သုတေသနပြုခဲ့တဲ့နှစ်တွေတစ်လျှောက်မှာ အတည်ပြုပြီးသားသိပ္ပံဖြစ်ရပ်မှန်တစ်ခုနဲ့ ကျမ်းစာသွန်သင်ချက်တစ်ခု ဆန့်ကျင်ဘက်ဖြစ်နေတာမျိုး ကျွန်တော် တစ်ခါမှမကြုံခဲ့ဖူးဘူး။ ဆန့်ကျင်ဘက်တွေလို့ ထင်ရတာတွေက အများအားဖြင့် သိပ္ပံဆိုင်ရာသွန်သင်ချက်ကိုဖြစ်စေ၊ ဒါမှမဟုတ် ကျမ်းစာရဲ့ဆိုလိုရင်းကိုဖြစ်စေ ကောင်းကောင်းနားမလည်လို့ပဲ။ ဥပမာ၊ သိပ္ပံပညာရှင်တချို့နဲ့ တခြားသူတွေက အပင်တွေ၊ တိရစ္ဆာန်တွေနဲ့ လူတွေအားလုံး ၂၄ နာရီစီရှိတဲ့ ပကတိနေ့ရက် ခြောက်ရက်အတွင်း မြေကြီးပေါ် ဖြစ်ပေါ်လာတာလို့ ကျမ်းစာသွန်သင်တယ်ဆိုပြီး တလွဲယူဆနေကြတယ်။ ဒါက သိထားနှင့်တဲ့ သိပ္ပံဆိုင်ရာဖြစ်ရပ်မှန်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်မယ်။ ဒါပေမဲ့ သမ္မာကျမ်းစာက အဲဒီလိုမဆိုပါဘူး။ အဲဒီအစား ဖန်ဆင်းရာ ‘နေ့ရက်များ’ မှာ နှစ်ပေါင်းထောင်ချီကြာရှည်တယ်လို့ ဖော်ပြပါတယ်။ *

ဘုရားသခင်ကိုယုံကြည်ခြင်းဆိုတာ စိတ်လှုပ်ရှားမှုလောက်ပါပဲဆိုတဲ့ လွဲမှားတဲ့ယူဆချက်ကြောင့် ရှုပ်ထွေးသွားစေတယ်။ အဲဒီလိုဖြစ်ဖို့ဝေးရော၊ ဘုရားသခင်နဲ့ သမ္မာကျမ်းစာကို ယုံကြည်ခြင်းဆိုတာ အတည်ပြုနိုင်တဲ့ ဖြစ်ရပ်မှန်တွေပေါ်မှာ အခြေပြုတယ်။ သမ္မာကျမ်းစာဖော်ပြတဲ့အတိုင်း “ယုံကြည်ခြင်းသည် မျှော်လင့်သောအရာများကို စိတ်ချစွာစောင့်မျှော်ခြင်း၊ မမြင်ရသော်လည်း အမှန်တည်ရှိသောအရာတို့၏ ထင်ရှားသောသက်သေ [သို့မဟုတ်၊ ယုံကြည်စိတ်ချလောက်သော သက်သေအထောက်အထား၊ အောက်ခြေမှတ်ချက်] ဖြစ်၏။” (ဟေဗြဲ ၁၁:၁ကဘ) မှန်ပါတယ်၊ ယုံကြည်ခြင်းဆိုတာ သက်သေအထောက်အထားပေါ် အခြေတည်ထားပါတယ်။ ရာနဲ့ချီတဲ့ပရောဖက်ပြုချက်တွေဟာ အတိတ်မှာကော ကျွန်တော်တို့အချိန်မှာပါ ပြည့်စုံခဲ့ပါပြီ။ ဒါကြောင့် သိပ္ပံပညာရှင်အားလုံး သိပ္ပံသီအိုရီတစ်ခုကို အတည်ပြုဖို့ သုံးကြတဲ့သိပ္ပံနည်းစနစ်ကို အသုံးပြုနေရင်းတောင် အနာဂတ်ဖြစ်ရပ်တွေနဲ့ပတ်သက်တဲ့ ကျမ်းစာပရောဖက်ပြုချက်တွေ ပြည့်စုံမှာကို အကြွင်းမဲ့ယုံကြည်စိတ်ချမှု ကျွန်တော်တို့မှာ ရှိနေနိုင်ပါတယ်။

အဲဒီပရောဖက်ပြုချက်တစ်ခုကတော့ မဝေးတော့တဲ့အနာဂတ်မှာ မြေကြီးပေါ် ပရဒိသုအခြေအနေမျိုးကို ကျွန်တော်တို့ မွေ့လျော်ခံစားနိုင်မယ်ဆိုတဲ့ ကတိတော်ပါဝင်ပါတယ်။ အသက်ကြီးရင့်ခြင်း၊ ဖျားနာခြင်း၊ သေခြင်း၊ စစ်ပွဲတွေနဲ့ မတရားမှုတွေရဲ့ အဖျက်ဆိုးကျိုးတွေ ရှိတော့မှာမဟုတ်ဘူး။ (ဗျာ. ၂၁:၃၊ ၄) အဲဒီအခါကျရင် ယေဟောဝါဘုရားသခင်ရဲ့ အံ့ဖွယ်ဖန်ဆင်းရာတွေနဲ့ အံ့မခန်းဖွယ် ဒီရူပစကြဝဠာကြီးကို ထိန်းချုပ်ဖို့ ကိုယ်တော်ပြဋ္ဌာန်းထားတဲ့ နိယာမတရားတွေကို အသေးစိတ်စူးစမ်းရှာဖွေလေ့လာဖို့ ကျွန်တော်တို့ အချိန်ရကြပါလိမ့်မယ်။

စစ်မှန်တဲ့ပျော်ရွှင်မှုရဲ့သော့ချက်—⁠ကိုယ်တော်ရဲ့နှုတ်မြွက်စကားတော်၊ သမ္မာကျမ်းစာပါ အံ့ဖွယ်အမှန်တရား—⁠ကိုရှာတွေ့အောင် ကူညီမစခဲ့တဲ့အတွက် ယေဟောဝါဘုရားသခင်ကို ကျွန်တော်သိပ်ကျေးဇူးတင်တယ်။ ဒီအဖိုးတန်အမှန်တရားကို သိပ္ပံပညာရှင်တွေအပါအဝင် တခြားသူတွေလည်း ရှာတွေ့နိုင်ပါစေလို့ ကျွန်တော်ဆုတောင်းပါတယ်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 14 ယေဟောဝါသက်သေများထုတ်ဝေခဲ့၊ သို့သော် ယခု ပုံမနှိပ်တော့ပါ။

^ အပိုဒ်၊ 22 နာဆာဟူသည် အခြားအစိုးရအေဂျင်စီများမှ သီးခြားရပ်တည်လည်ပတ်သော ယူ.အက်စ်. အစိုးရအဖွဲ့အစည်း တစ်ခုဖြစ်သည်။

^ အပိုဒ်၊ 30 ယေဟောဝါသက်သေများထုတ်ဝေခဲ့သော သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော စာအုပ် [လိပ်] တွင် “ရှေးဖန်ဆင်းခြင်းမှတ်တမ်း—⁠ယင်းကို သင်ယုံကြည်စိတ်ချနိုင်သလော” ဟူသည့် အခန်း ၆ ကိုရှု။

[စာမျက်နှာ ၁၇ ပါ အကျဉ်းဖော်ပြချက်]

ဘုရားသခင်အား ယုံကြည်ခြင်းဟူသည် ကျိုးကြောင်းဆင်ခြင်မှု ပေါ်တွင်ထက် စိတ်လှုပ်ရှားမှုအပေါ် အခြေပြုသည်ဟု ကျွန်တော်တွေးထင်ခဲ့

[စာမျက်နှာ ၁၉ ပါ အကျဉ်းဖော်ပြချက်]

အတည်ပြုပြီးသား သိပ္ပံ ဖြစ်ရပ်မှန်တစ်ခုနှင့် ကျမ်းစာ သွန်သင်ချက်တစ်ခု ဆန့်ကျင်ဘက်ဖြစ်သည်ကို ကျွန်တော် တစ်ခါမှမကြုံခဲ့ဖူးချေ

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

အချိန်ပိုင်း စာပို့ချသည့်အလုပ်ဖြင့် မိသားစုကို ကျွန်တော်ထောက်ပံ့

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ဂြိုဟ်ပတ်လမ်းထဲရှိ နာဆာ၏ ချန္ဒရာအိတ်စ်ရေး စူးစမ်းလေ့လာရေး ဂြိုဟ်တုနှင့် နှစ်လုံးပူးကြယ်စနစ် တွင်းနက်၏ အိတ်စ်ရေးပုံ

[Credit Lines]

NASA Photo

NASA/CfA/J. McClintock et al.

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

အချိန်ပြည့်ဓမ္မအမှုတွင် ဇနီးသည်နှင့်တူပျော်ပျော်