မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အိမ်စာလုပ်ဖို့ အချိန် ဘယ်လိုရနိုင်မလဲ

အိမ်စာလုပ်ဖို့ အချိန် ဘယ်လိုရနိုင်မလဲ

လူငယ်များအမေး . . .

အိမ်စာလုပ်ဖို့ အချိန် ဘယ်လိုရနိုင်မလဲ

‘ကျွန်မက အထက်တန်း နောက်ဆုံးနှစ်ကျောင်းသူတစ်ယောက်ပါ၊ ဖိစီးမှုများ လိုက်တာ လွန်ပါရော။ . . . အတန်းရှေ့မှာ ပြောပြရမယ့်အကြောင်းတွေ၊ ဆွဲပြရမယ့်ပုံတွေကို အများကြီး ရှာဖွေပြင်ဆင်ရတာ ပျော်စရာမှမဟုတ်တာ။ ဒါတွေကိုလုပ်ဖို့ ကျွန်မမှာ အချိန်မရှိဘူး။’—၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦး။

ညနေတိုင်း ကျောင်းမှပေးလိုက်သည့် အိမ်စာတစ်နင့်တစ်ပိုးကိုထမ်းပြီး အိမ်သို့ပြန်လာရသည့်အတွက် စိတ်ဖိစီးနေပါသလော။ ထိုသို့ဖြစ်ပါက အသင်တစ်ဦးတည်းမဟုတ်ပါ။ “နိုင်ငံတစ်ဝန်းရှိ ကျောင်းများသည် ပညာရေးအဆင့်အတန်း—⁠နှင့် သတ်မှတ်အရည်အချင်းစစ် စာမေးပွဲရမှတ်များ—⁠မြင့်လာစေရန် ကြိုးပမ်းနေကြရာ အိမ်စာများ တိုး၍ပေးနေကြသည်” ဟုအမေရိကန်ပြည်ထောင်စုမှ ပုံနှိပ်သတင်းတစ်ပုဒ်ကဆို၏။ “ပြည်နယ်အချို့ရှိ အထက်တန်းကျောင်းသူ/သားများသည် တစ်ညလျှင် သုံးနာရီကျော် အိမ်စာလုပ်ရကြောင်း သတင်းရရှိသည်။ လွန်ခဲ့သောအနှစ် ၂၀ ကထက် သုံးဆနီးပါးပိုများသော အိမ်စာများကို ကလေးငယ်များပြုလုပ်နေရသည်ဟု မစ်ရှီဂန်ပြည်နယ်မှ တက္ကသိုလ်တစ်ခု၏လေ့လာဆန်းစစ်မှုက ဖော်ပြသည်။”

အမေရိကန်ပြည်ထောင်စုရှိ ကျောင်းသူကျောင်းသားများသာလျှင် အိမ်စာများခြင်းမဟုတ်ပါ။ ဥပမာ၊ ထိုတွင်ရှိသော ၁၃ နှစ်အရွယ်ကျောင်းသား ၃၀ ရာခိုင်နှုန်းက တစ်နေ့လျှင် အိမ်စာနှစ်နာရီကျော်လုပ်ရသည်ဟု သတင်းပေးစဉ် ထိုင်ဝမ်နှင့် ကိုရီးယားတွင် ၄၀ ရာခိုင်နှုန်းရှိပြီး ပြင်သစ်တွင် ၅၀ ရာခိုင်နှုန်းကျော်ကျော်ရှိသည်။ “တစ်ခါတလေ အိမ်စာတွေစုပုံနေတဲ့အခါ တကယ် စိတ်ထောင်းကိုယ်ကြေဖြစ်ရတယ်” ဟု ယူ.အက်စ်. တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်သူ ကေတီကညည်းတွားသည်။ ပြင်သစ်နိုင်ငံ မာဆေးမြို့တွင် ကျောင်းတက်နေသော မာရီလင်နှင့် ဘလင်းဒါတို့ကလည်း အလားတူထုတ်ပြောကြသည်။ မာရီလင်က ဤသို့ဆို၏– “ညတိုင်းလိုလို နှစ်နာရီ ဒါမှမဟုတ် ဒီထက်မက အချိန်ယူပြီး ကျွန်မတို့အိမ်စာလုပ်ရတယ်။ တခြားတာဝန်တွေရှိတဲ့အခါ အချိန်မရနိုင်အောင် ဖြစ်ရပါတယ်။”

အချိန်ဘယ်ကရနိုင်မလဲ

အိမ်စာလည်းပြီး အခြားလုပ်စရာရှိသမျှကိုလည်း လုပ်ဆောင်နိုင်ဖို့ လိုအပ်သည့်အခါမျိုးတွင် တစ်နေ့တာကို နာရီအနည်းငယ် ထပ်တိုးပေးနိုင်လျှင် ကောင်းမည်မဟုတ်လော။ အမှန်စင်စစ် “ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည်အကြောင်း သတိပြုကြလော့။ . . . ကာလအချိန်ကိုရွေးနုတ် [“ဝယ်ယူ၊” ကဘ] ကြလော့” ဟူသော ဧဖက် ၅:၁၅၊ ၁၆ ၌ပါသော ကျမ်းစာမူကို သင်ယူထားပါက ထိုကဲ့သို့သောကိစ္စများကို သင်ပြီးမြောက်နိုင်ပေမည်။ ထိုစကားများကိုရေးသားစဉ်က ကျမ်းရေးသူ၏စိတ်ထဲတွင် အိမ်စာအကြောင်းထည့်စဉ်းစားခြင်းမရှိခဲ့သော်လည်း ထိုမူကို ကျွန်ုပ်တို့၏နေ့စဉ်အသက်တာ၌ ကျင့်သုံးနိုင်ပါသည်။ တစ်စုံတစ်ခုကို သင်ဝယ်ယူသောအခါ အလဲအလှယ်အဖြစ် တစ်စုံတစ်ရာကို သင်စွန့်လွှတ်ရသည်။ ဆိုလိုသည်မှာ လေ့လာရန်အချိန်ရဖို့ တစ်စုံတစ်ခုကို သင်ပေးဆက်ရမည်ဖြစ်သည်။ အဘယ်အရာကို ပေးဆက်ရမည်နည်း။

ဂျီလီယန်အမည်ရှိ လုံမပျိုက “ဦးဆုံးပြုလုပ်ရမည့်အရာများကို စာရင်းပြုစုပါ” ဟုအကြံပြုသည်။ တစ်နည်းအားဖြင့် ဦးစားပေးရမည့်အရာများကို သတ်မှတ်ပါ။ ခရစ်ယာန်အစည်းအဝေးများနှင့် ဝိညာဉ်ရေးကိစ္စရပ်များသည် စာရင်းထိပ်ဆုံးတွင် ရှိသင့်သည်။ မိသားစုတာဝန်များ၊ အိမ်မှုကိစ္စများနှင့် အိမ်စာကိုလည်း မမေ့ကျန်စေနှင့်။

ထို့နောက် တစ်ပတ်တာအတွင်း အချိန်ကို သင်အမှန်တကယ် မည်သို့အသုံးပြုကြောင်း နေ့စဉ်မှတ်တမ်းထားကြည့်ပါ။ တွေ့ရှိလိုက်ရာများကြောင့် သင်အံ့အားသင့်သွားပေမည်။ တီဗွီကြည့်ရန်၊ အင်တာနက်ကိုမွှေနှောက်ရန်၊ ရုပ်ရှင်သွားကြည့်ရန်၊ ဖုန်းပြောရန်နှင့် သူငယ်ချင်းများထံလည်ပတ်ရန် သင်အချိန်မည်မျှပေးသနည်း။ ယခု သင်၏နေ့စဉ်မှတ်တမ်းကို ဦးစားပေးရမည့်စာရင်းနှင့် တိုက်ကြည့်သောအခါ မည်သို့ရှိသနည်း။ တီဗွီကြည့်ခြင်း၊ ဖုန်းပြောခြင်း သို့မဟုတ် ဝက်ဘ်ဆိုက်ထဲ မွှေနှောက်တတ်သည့်အကျင့်များအတွက် အချိန်မည်မျှကုန်ကြောင်း ဆန်းစစ်လေ့လာကြည့်ရုံဖြင့် အချိန်အတော်များများ ဝယ်ယူနိုင်သောကဏ္ဍများကို တွေ့နိုင်ပေမည်!

ဦးဆုံးကိစ္စ ဦးဆုံးလုပ်

ယင်းက တီဗွီကို လွှင့်ပစ်လိုက်ပြီး ရသေ့ကဲ့သို့နေရန် ပြောနေခြင်းမဟုတ်ပါ။ “ဦးဆုံးကိစ္စ ဦးဆုံးလုပ်” ဟူသောစည်းမျဉ်းကို ချဖို့လိုပေမည်။ ကျွန်ုပ်တို့ကျင့်သုံးနိုင်သော ကျမ်းချက်တစ်ချက်က “သာ၍အရေးကြီးသောအရာများကို . . . သေချာစေပါ” ဟုဆို၏။ (ဖိလိပ္ပိ ၁:၁၀ကဘ) ဥပမာ ကျောင်းနေခြင်းသည် အရေးကြီးသည်ဖြစ်ရာ အိမ်မှုကိစ္စများ ပြုလုပ်ခြင်း၊ ခရစ်ယာန်အစည်းအဝေးများအတွက် လေ့လာခြင်းနှင့် အိမ်စာများ မပြီးမချင်း တီဗွီမဖွင့်ဟု ကိုယ့်ကိုယ်ကို စည်းသတ်ထားနိုင်သည်။ မှန်ပါသည်၊ သင်အကြိုက်ဆုံး တီဗွီ အစီအစဉ်ကို လွတ်သွားခြင်းသည် စိတ်ပျက်ဖွယ်ဖြစ်နိုင်သည်။ သို့သော် အမှန်အတိုင်းဆိုလျှင် သင်အကြိုက်ဆုံးအစီအစဉ်သာ ကြည့်မည်ဟုရည်ရွယ်သော်လည်း တစ်ညနေလုံး—⁠တခြားကိစ္စ ဘာမျှမလုပ်ဖြစ်ဘဲ—⁠တီဗွီရှေ့မှ မထဖြစ်တော့သည့်အကြိမ် မည်မျှရှိပြီနည်း။

တစ်ဖက်တွင်မူ ခရစ်ယာန်အစည်းအဝေးများ တက်ရောက်ခြင်းကိုလည်း အပြည့်အဝအလေးထားဖို့လိုသည်။ ဥပမာ၊ အရေးကြီးသောစာမေးပွဲ သို့မဟုတ် အိမ်စာလုပ်ရန်ရှိနေပြီဆိုလျှင် အစည်းအဝေးမပျက်ဖို့ ကြိုကြိုတင်တင်ပြုလုပ်ထားနိုင်သည်။ သင့်အခြေအနေကို ဆရာ/ဆရာမများနှင့် ဆွေးနွေးတိုင်ပင်ခြင်းပင် ပြုနိုင်သည်၊ အစည်းအဝေးရှိသည့်နေ့တွင် ပြုလုပ်နိုင်သည့်အိမ်စာများကို ကြိုအသိပေးထားလျှင် အလွန်ကျေးဇူးတင်မည်ဖြစ်ကြောင်း သူတို့ကိုသိရှိစေပါ။ ဆရာ/ဆရာမအချို့က သင့်ကို ကူညီပေးလိုစိတ်ရှိပေမည်။

အထောက်အကူပြုသော အခြားမူတစ်ခုကို ယေရှု၏မိတ်ဆွေ မာသနှင့်ပတ်သက်သော ကျမ်းစာမှတ်တမ်းက သင်ပေးပါသည်။ သူသည် အလုပ်ကို ဇယ်စက်သလိုလုပ်တတ်သူတစ်ဦးဖြစ်သော်လည်း ဦးစားပေးရမည့်အရာများကို စနစ်တကျမစီစဉ်တတ်ချေ။ တစ်ခါသော် သူသည် ယေရှုအတွက် အစားအသောက်ဖွယ်ဖွယ်ရာရာ ပြင်ဆင်ဖို့ရန် ဖတ်ဖတ်မောအောင် အလုပ်များနေသော်လည်း သူ့ညီမ မာရိမူကား သူ့ကိုကူညီပေးမည့်အစား ယေရှုစကားပြောသည်ကို နားထောင်နေလေသည်။ ယင်းကို မာသက အပြစ်ဆိုတိုင်တန်းသောအခါ သူ့ကိုယေရှုဤသို့ပြောခဲ့သည်– “မာသ၊ မာသ၊ သင်သည်များစွာသောအမှုတို့၌ စိုးရိမ်၍ နှောင့်ယှက်ခြင်းကိုခံရ၏။ လိုသောအရာတစ်ခုတည်းရှိ၏။ မာရိမူကား၊ ကောင်းသောအဖို့ကိုရွေးယူပြီ။ ထိုအဖို့ကို အဘယ်သူမျှမနုတ်မယူရာ။”—⁠လုကာ ၁၀:၄၁၊ ၄၂

သင်ခန်းစာကား အဘယ်နည်း။ ကိစ္စရပ်များကို ရိုးရှင်းစေပါ။ ဤမူကို သင်၏အခြေအနေတွင် မည်သို့လက်တွေ့သုံးနိုင်သနည်း။ အသင်သည် အိမ်စာနှင့် အချိန်ပိုင်းအလုပ်တို့ကို မဖြစ်ဖြစ်အောင် ကြံဖန်စီစဉ်နေရဖွယ်ရှိ၍ “များစွာသောအမှုတို့၌ စိုးရိမ်၍ နှောင့်ယှက်ခြင်းကိုခံ” နေရသလော။ သင်အလုပ်လုပ်နေသည်ဆိုလျှင် သင့်မိသားစုသည် အမှန်ငွေလို၍လုပ်ရခြင်းလော။ သို့တည်းမဟုတ် တကယ်မလိုအပ်သော်လည်း လိုချင်နေသည့်အရာများကိုဝယ်ဖို့ ငွေပိုရှာရန်အတွက်လော။

 ဥပမာ နိုင်ငံအချို့တွင် လူငယ်လူရွယ်တို့သည် ကိုယ်ပိုင်ကား ဝယ်လိုကြသည်။ အထက်တန်းကျောင်း အကြံပေးပုဂ္ဂိုလ် ခေရဲန် ထဲနာက “ကားအတွက် အကုန်အကျများသောကြောင့် ယနေ့ လူငယ်တို့သည် ငွေရှိရန် သို့မဟုတ် ငွေရှာရန် အကြီးအကျယ်ဖိအားပေးခံနေရသည်” ဟုပြောပြသည်။ သို့သော် ထဲနာဤသို့ ကောက်ချက်ချသည်– “ကျောင်းစာတစ်ပုံတစ်ပင်ကို အပိုသင်တန်းများတက်သည့်အပြင် အလုပ်အကိုင်စသည့်အရာများနှင့် ထပ်ပေါင်းလိုက်သောအခါ အကျပ်ရိုက်လေတော့သည်။ ထိုအခါ ဤကျောင်းသား ဝန်ပိလေတော့သည်။” မလိုအပ်ဘဲ အဘယ်ကြောင့် မိမိကိုယ်ကို ဝန်ပိအောင်လုပ်မည်နည်း။ ကျောင်းစာကိုထိခိုက်လာမည်ဆိုလျှင် နာရီအနည်းငယ်သာ အလုပ်ဆင်းနိုင် သို့မဟုတ် အလုပ်ထွက်လိုက်နိုင်သည်။

ကျောင်းတွင် အချိန်ကို ‘ဝယ်ယူခြင်း’

ကျောင်းပြင်ပတွင် အချိန်ပိုရရှိဖို့ရှာကြံသည့်အပြင် ကျောင်းတွင် အချိန်ကို မည်သို့အကျိုးရှိရှိအသုံးချနိုင်ကြောင်း စဉ်းစားသုံးသပ်ပါ။ ဟိုစွေးက ဤသို့ပြောပြသည်– “ကျောင်းတက်ရက်အတွင်းမှာ ကျွန်တော် တတ်နိုင်သလောက် အိမ်စာပြီးအောင်လုပ်ထားတယ်။ ဒီနည်းနဲ့ အဲဒီနေ့ အတန်းထဲမှာ နားမလည်တာရှိခဲ့ရင် ဆရာကိုမေးလို့ရတယ်။”

ယူထားသော ဘာသာရပ်အရေအတွက်ကို လျော့၍ရမရကိုလည်း စဉ်းစားသုံးသပ်သင့်သည်။ ထို့ပြင် သင်တက်ရောက်နေသည့် အပိုသင်တန်းအချို့ကို သင်ရပ်ဆိုင်းလိုပေမည်။ ဤကဏ္ဍများ၌ ပြုပြင်ပြောင်းလဲမှုများပြုခြင်းဖြင့် လေ့လာရန်အချိန် ပိုထွက်လာနိုင်သည်။

အချိန်ကို သာ၍အကျိုးရှိရှိ အသုံးချခြင်း

ကောင်းပြီ၊ အသင်သည် စွန့်လွှတ်မှုများနှင့် ပြုပြင်ပြောင်းလဲမှုများပြုကာ အိမ်စာအတွက် အချိန်အနည်းငယ်ကို ဖျစ်ညှစ်ထုတ်နိုင်ပြီဆိုကြပါစို့။ ထိုအချိန်လေးကို အကျိုးရှိရှိ မည်သို့အသုံးချမည်နည်း။ အချိန်ပမာဏတူအတွင်း အိမ်စာ ၅၀ ရာခိုင်နှုန်းပိုပြီးလျှင် အချိန် ၅၀ ရာခိုင်နှုန်းပိုရသည့်သဘောမဟုတ်ပေလော။ သင်၏စွမ်းဆောင်နိုင်အား တိုးတက်စေဖို့ အကြံပြုချက်အချို့မှာ ဤသို့ဖြစ်သည်။

အစီအစဉ်ရှိပါ။ အိမ်စာမလုပ်မီ ဤကိစ္စများကို စဉ်းစားပါ– မည်သည့်ဘာသာရပ်ကို ဦးစားပေးလုပ်ဆောင်ဖို့လိုသနည်း။ အချိန်မည်မျှပေးသင့်သနည်း။ ယင်းကိုပြီးစီးဖို့ အဘယ်ပစ္စည်းများ—⁠စာအုပ်များ၊ စာရွက်၊ မင်တံများ၊ ဂဏန်းတွက်စက်—⁠လိုလိမ့်မည်နည်း။

နေရာရှာပါ။ အကောင်းဆုံးမှာ စိတ်မပျံ့လွင့်သောနေရာဖြစ်သင့်သည်။ ‘စာကြည့်စားပွဲရှိရင် အသုံးပြုပါ။ အိပ်ရာထဲလှဲပြီးလုပ်တာထက် မတ်မတ်ထိုင်ပြီးလုပ်တာက ပိုပြီးအာရုံစူးစိုက်ဖို့ အထောက်အကူပြုတယ်’ ဟုအဲလ်စီအမည်ရှိ မိန်းမငယ်ကဆို၏။ ကိုယ်ပိုင်အခန်းမရှိလျှင် သင်၏ မောင်နှမများက သင်လေ့လာနေချိန်အတောအတွင်း အနှောင့်အယှက်မပေးဘဲ ဆိတ်ငြိမ်နေနိုင်ပါသည်။ သို့မဟုတ် ပန်းခြံဖြစ်စေ၊ အများသုံးစာကြည့်တိုက်ကိုဖြစ်စေ အသုံးပြုကောင်းပြုနိုင်မည်။ ကိုယ်ပိုင်အခန်းရှိမည်ဆိုပါက ကြိုးစားလေ့လာနေစဉ် တီဗွီ သို့မဟုတ် အာရုံပျံ့စေသောတေးသံဖွင့်ထားခြင်းဖြင့် သင်၏ကြိုးပမ်းအားထုတ်မှုကို အတားအဆီးမဖြစ်ပါစေနှင့်။

ခဏတစ်ဖြုတ်အနားပေးပါ။ အတန်ကြာ၍ အာရုံမစိုက်နိုင်တော့လျှင် ခေတ္တရပ်နားခြင်းက ပြန်အာရုံစိုက်ရန် ထောက်ကူပေးနိုင်ပါသည်။

အချိန်မဆွဲပါနှင့်! “ကျွန်မမှာ အချိန်ဆွဲတဲ့အကျင့်ရှိတယ်။ အိမ်စာတွေကို အချိန်ကပ်မှ စလုပ်တတ်တယ်” ဟုအစောပိုင်းတွင်ဖော်ပြခဲ့သော ကေတီကဆိုသည်။ အိမ်စာလုပ်ရန် သတ်သတ်မှတ်မှတ်ဇယားတစ်ခုထားရှိပြီး ထိုအတိုင်း လိုက်လုပ်ခြင်းဖြင့် အချိန်ဆွဲခြင်းကိုရှောင်ပါ။

ကျောင်းစာအရေးကြီးပါသည်၊ သို့သော် မာသကို ယေရှုထောက်ပြခဲ့သည့်အတိုင်း အရေးအကြီးဆုံး—⁠‘ကောင်းသောအဖို့များ’—⁠မှာဝိညာဉ်ရေးရာများကို လိုက်စားခြင်းဖြစ်သည်။ အိမ်စာများကြောင့် ကျမ်းစာဖတ်ရှုခြင်း၊ ခရစ်ယာန်ဓမ္မအမှု၌ပါဝင်ခြင်းနှင့် ခရစ်ယာန်အစည်းအဝေးများ တက်ရောက်ခြင်းစသည့် အရေးပါသောလုပ်ဆောင်မှုများကို မလုပ်အားသည့်အဖြစ်သို့မရောက်ရန် သေချာစေပါ။ ၎င်းတို့သည် သင့်ဘဝကို ထာဝစဉ်တိုးတက်ကြွယ်ဝစေမည့် လုပ်ဆောင်မှုများဖြစ်၍တည်း!—⁠ဆာလံ ၁:၁၊ ၂; ဟေဗြဲ ၁၀:၂၄၊ ၂၅

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

များလွန်းသည့်လှုပ်ရှားမှုများကို မဖြစ်ဖြစ်အောင် ကြံဖန်စီစဉ်ခြင်းသည် အိမ်စာလုပ်ဖို့ အချိန်မရဖြစ်စေနိုင်

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ကောင်းစွာစီစဉ်ခြင်းက အိမ်စာလုပ်ဖို့ အချိန်ပိုရစေနိုင်