“ကျွန်မတို့ အဝတ်အစားတွေကို တန်ဖိုးထားတယ်”
“ကျွန်မတို့ အဝတ်အစားတွေကို တန်ဖိုးထားတယ်”
မက္ကဆီကိုနိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်
မက္ကဆီကိုနိုင်ငံသို့ စပိန်လူမျိုးများ ဦးဆုံးရောက်ခဲ့သည့် ၁၆ ရာစုတွင် အက်ဇ်တက်၊ မာရာနှင့် တခြားလူမျိုးစုတို့၏ ယဉ်ကျေးမှုအမျိုးမျိုးကို တွေ့ရှိခဲ့ကြရသည်။ ဥရောပသားများကြောင့် အဆိုပါယဉ်ကျေးမှုများ လုံးဝပျောက်ကွယ်သွားပြီလော။ မပျောက်ကွယ်ပါ၊ ရှိနေဆဲပင်။ မက္ကဆီကိုလူဦးရေ ၁၂ သန်းခန့်သည် ကိုလံဘတ်စ်မရောက်ခင်ကတည်းက ရှိနှင့်နေသော လူမျိုးစုများ၏ မျိုးစဉ်မျိုးဆက်များဖြစ်ကြသည်။ လူအများသည် သူတို့၏ရှေးခေတ်ဘာသာစကားများကို ပြောဆိုကြသည်။ သူတို့၏အရောင်အသွေးလှပသော အဝတ်အစားများသည် ပေါ်လွင်ထင်ရှားလေသည်။
မီစိုအမေရိက၏ အနောက်တောင်ဘက် ဝါဟာကာပြည်နယ်တွင် ယဉ်ကျေးမှုမျိုးစုံရှိသောကြောင့် ဖက်ရှင်ပြပွဲကြီးတစ်ခုနှင့်တူ၏။ ထိုတွင်ရှိ ချိုန်တာလူတို့သည် တောင်တန်းများပေါ်၌ စိုက်ပျိုးရေး၊ ကျွဲနွားမွေးမြူရေးနှင့် အမဲလိုက်၍ အစာရေစာစုဆောင်းရေးတို့ကို ပြုလုပ်ကာ အသက်ဆက်နေကြသည်။ သူတို့၏မိသားစုဥယျာဉ်ခြံများတွင် သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနှင့် ပန်းများ ဝေဆာလျက်ရှိသည်။ ချိုန်တာလူတို့သည် သဘာဝအလှကို နှစ်သက်ကြကြောင်း အမျိုးသမီးအင်္ကျီများတွင် အနီရောင်၊ အနက်ရောင်များဖြင့် တိရစ္ဆာန်နှင့်ပန်းပုံများကို လှပစွာ ပန်းထိုးထားတတ်ကြသည်။ လှပျိုဖြူများသည် သူတို့၏ဆံပင်ကို ရောင်စုံဖဲကြိုးများဖြင့် အလှဆင်လေ့ရှိကြ၏။
တဝါန်တပီခ်ကျွန်းဆွယ်ပေါ်တွင် ချိုန်တာလူတို့နှင့်အတူ နေထိုင်ကြသော ဝါဗီနှင့် ဆာပိုတက်ခ်တို့သည်လည်း ထပ်တူ ဝတ်ဆင်တတ်ကြ၏; သို့တိုင် ဒေသခံများသည် အမျိုးသမီးတစ်ဦး၏ဝတ်စားပုံကိုကြည့်၍ သူ၏အမျိုးအနွယ်ကို ပြောပြနိုင်ကြသည်။ မိမိတို့ကိုယ်ကို တိမ်တိုက်မှလူများဟု ခေါ်ဆိုကြသော ဆာပိုတက်ခ်လူမျိုးသည် အမျိုးသမီး၏ဝတ်စားဆင်ယင်ပုံကိုကြည့်၍ သူနေထိုင်သောရွာကိုပင် ဖော်ပြနိုင်၏။ ထိုဝါဟာကာပြည်နယ်၏မြောက်ပိုင်းမှ ချီနာန်တက်ခ်လူတို့၏ဝတ်ဆင်ပုံသည် ပို၍ပင် ရှုပ်ထွေးဆန်းပြားသည်။ ချီနာန်တက်ခ်အမျိုးသမီးများသည် ဝီပီလ်စ်ဟုခေါ်သော သူတို့၏ခပ်ပွပွလက်ပြတ်အဝတ်အစားများတွင် ပန်းထိုးထားသောပုံများအလိုက် သူတို့၏မျိုးနွယ်ရာဇဝင်ကို ဖော်ပြနိုင်ကြ၏။ အခမ်းအနားပွဲများတွင် သူတို့ဘာသာစကားဖြင့် “ဗိုက်ဖုံး” ဟုခေါ်သည့် ပန်းမြိုင်မြိုင်ထိုးထားသော အဝတ်အစားများကို ဝတ်ဆင်လေ့ရှိကြသည်။
ဝါဟာကာ၊ ဂွဲရီရိုနှင့် ပွဲဘလာပြည်နယ်များတွင် နေထိုင်ကြသော မီစ်တက်ခ်အမျိုးသမီးများသည်လည်း ပန်းထိုးထည်များကို ခုံမင်ကြသည်။ ဒေသတစ်ခုမှ အမျိုးသမီးများသည် သူတို့၏ချည်ချောအင်္ကျီများကို “ပြုလုပ်နိုင်ရင် ပြုလုပ်စမ်းပါ” ဟုခေါ်ဆိုသည့် နည်းပညာဖြင့် အလှဆင်ကြသည်။ တခြားမက္ကဆီကန်လူတို့ကဲ့သို့ပင် ပင်လယ်ကမ်းရိုးတန်းမှ မီစ်တက်ခ်လူတို့သည်လည်း လွန်ခဲ့သောနှစ်ပေါင်းရာနှင့်ချီက သူတို့ဘိုးဘေးများ အသုံးပြုခဲ့ကြသည့် ထပ်တူချည်ချောမျိုးကိုပင် အသုံးပြုနေကြဆဲရှိသည်။ သူတို့၏မျက်မှောက်ခေတ်အထည်ရက် နည်းပညာကို ပြတိုက်များတွင် စပိန်လူမျိုးများမရောက်မီက နေထိုင်ခဲ့သော လူမျိုးများကို ဖော်ပြသည့် ရုပ်ပုံများတွင် တွေ့ရ၏။
အထူးသဖြင့် ရှေးမာရာနှင့် အက်ဇ်တက်ခ်အမျိုးသားဝတ်စုံသည် အလွန်ဆန်းပြား၏။ ယနေ့ တိုင်းရင်းသားအုပ်စုအများစုမှ အမျိုးသားများသည် အစဉ်အလာနှင့်အညီဝတ်ဆင်ကြ၏။ သို့သော် စပိန်လူမျိုးမရောက်လာမီက လူကြိုက်များသည့် အဝတ်အစားမျိုးကို ဝီချိုလ်တိုင်းရင်းသားကဲ့သို့သော တိုင်းရင်းသားအချို့ ဝတ်ဆင်ကြသည်ကို တွေ့မြင်နိုင်သေးသည်။ လူမှုရေးအဆင့်အတန်း၏ အမှတ်အသားဖြစ်သော ပန်းထိုးထားသည့် ဝီချိုလ်တိုင်းရင်းသားအဝတ်အစားများတွင် ရှုပ်ထွေးဆန်းပြားသောဒီဇိုင်းများနှင့် အဆင်တန်ဆာများပါရှိရာ ယင်းတို့အားလုံးကို အသေးစိတ်လေ့လာပြီး နားလည်သဘောပေါက်ရန် အချိန်ယူရမည်ဖြစ်သည်။
စပိန်လူမျိုးများ မရောက်လာမီကဖြစ်သည့် ကောင်းစွာ သိမ်းဆည်းထားသော အဝတ်အစားများကို ပွဲဘလာပြည်နယ် ခဝီဆာလာန်မြို့ရှိ နာဝါတလ်လူမျိုးစုများတွင် တွေ့ရှိနိုင်သည်၊ ထိုတွင်ရှိ အမျိုးသမီးများသည် သူတို့ဆံပင်ကို (စာမျက်နှာ ၁၄ မှရုပ်ပုံ) တောက်ပသောချည်ဖြင့် ရောယှက်ထုံးဖွဲ့ပြီး ပါးလွှာသောရှောပဝါ ကီခ်ျကီမီတလ် ကိုခြုံလေ့ရှိကြသည်။ အလားတူအဆင်တန်ဆာများကို ရှေးလက်ရေးစာမူများတွင် ရေးသားဖော်ပြထား၏။
ချီအာပါ့စ်ပြည်နယ်၏တောင်ကုန်းများတွင် လူမျိုးစုအမျိုးမျိုးနေထိုင်ကြပြီး ထိုလူမျိုးစုမှအချို့တို့သည် မျိုးရိုးတစ်မျိုးတည်းမှ ဆင်းသက်လာသူများဖြစ်ကြ၏။ ထိုတွင်ရှိ တဆိုတဆီလ်၊ တဇဲလ်တာလ်နှင့် တိုကိုလာဘာလ်လူတို့၏ နေ့စဉ်ဝတ်နေကျ အထည်များသည် ပြင်ပလူတို့အတွက် အလွန်အမြင်ဆန်း၏။
ထိုတွင်ရှိ လူများစွာတို့သည် သူတို့ကိုယ်တိုင် အထည်ရက်ကြသည်။ ကိုယ်ပိုင်အထည်များကို မိခင်ထံမှ ရက်ပုံရက်နည်း သင်ယူထားခြင်းသည် မိမိသည် မည်သူမည်ဝါဖြစ်ကြောင်း သိရှိစေမည်မဟုတ်ပေလော။ အေးစိမ့်သည့် ချီအာပါ့စ်ကုန်းမြင့်များပေါ်နေထိုင်သော တဆိုတဆီလ်အမျိုးသမီးများသည် ကိုယ်တိုင်သိုးမွေးညှပ်၊ လျှော်ဖွပ်၊ ဖြီးသင်၊ ချည်ငင်ပြီး သဘာဝဆိုးဆေးဖြင့် ဆိုးပြီးနောက် ရက်ကန်းစင်ပေါ်တင်၍ အထည်ရက်သည့်အထိ အဆင့်ဆင့်ပြုလုပ်ကြ၏။ ချာမူလာမြို့မှ ပက်ထရိုနာဟုခေါ်သော မိန်းကလေးသည် ဝင့်ကြွားစွာ ဤသို့ပြောပြ၏– “အစပိုင်းမှာတော့ ခက်တယ်။ ဒါပေမဲ့ ကျွန်မရဲ့ပထမဦးဆုံး သိုးမွေးနာဝါစကတ်ကို ကိုယ်တိုင်ရက်ပြီး ချည်သားအင်္ကျီပေါ်မှာ ပန်းထိုးပြီးတဲ့အခါ ကျွန်မ အရမ်းပျော်တာပဲ။ ကျွန်မခါးစည်းကိုလည်း ကျွန်မကိုယ်တိုင်ရက်တာ။” အဆင့်ဆင့်ပြုလုပ်ရသည့် ဤလုပ်ငန်းစဉ်ကို သိရှိရပြီးနောက် “ကျွန်မတို့ရဲ့အဝတ်အစားတွေကို တန်ဖိုးထားတယ်” ဟူ၍ သူပြောရသည့်အကြောင်းရင်းကို ကျွန်ုပ်တို့ နားလည်သဘောပေါက်ပါသည်။
ယူကတန်ကျွန်းဆွယ်၏ ရှေးရိုးစွဲဒေသအများစုရှိ မာရာအမျိုးသမီးများသည် ရောင်စုံပန်းထိုးထားသည့် အဖြူရောင်အင်္ကျီပွပွ အီပီလ်ကို နေ့စဉ် ဝတ်ဆင်ကြသည်။ အဆိုပါအဝတ်အစားတွင် ဇာအောက်ခံစကတ်လည်း ဝတ်ရလေ့ရှိသည်။ ပွဲနေ့များတွင် တောပိုင်းနှင့် မြို့ကြီးများက အမျိုးသမီးများနှင့် လှပျိုဖြူများတို့သည် အီပီလ်ထက် ပို၍အမြင်ဆန်းသော တာရ်နိုကို ဝင့်ကြွားစွာ ဝတ်ဆင်ကြသည်။
ကမ္ဘာလှည့်ခရီးသည်များအတွက်ဆိုလျှင် ဤသို့သောမက္ကဆီကန်အဝတ်အစားများသည် အလွန်ဈေးကြီးနိုင်သည်။ သို့တိုင် တိုင်းရင်းသားအများစုသည် ဆင်းရဲကြသော်လည်း အဆိုပါအဝတ်အစားများကို သူတို့ကိုယ်တိုင် ဝီရိယစိုက်ထုတ်၍ ရက်ထားကြသောကြောင့် ဤအဝတ်အစားများကို ပိုင်ဆိုင်နိုင်ခြင်းဖြစ်သည်။
မက္ကဆီကိုမှ ယေဟောဝါသက်သေများ၏ တိုင်းရင်းသားဘာသာစကားပြော အသင်းတော် ၂၁၉ ခု၏ ခရစ်ယာန်အစည်းအဝေးများကို တက်ရောက်၍ မျက်စိအရသာခံနိုင်သည်။ ဤအစည်းအဝေးများကို တက်ရောက်သူများသည် ဘိုးဘေးများထံမှ အမွေရထားသော သူတို့၏ရိုးရာအဝတ်အစားများကို ဝတ်ဆင်နိုင်သည့် အချိန်အခါများဖြစ်၏၊ အဆိုပါအဝတ်အစားများသည်လည်း တကယ်ကို လှပလိုက်လေစွ!
[စာမျက်နှာ ၁၄ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ယူကတန်
ပွဲဘလာ
ဝါဟာကာ
ချီအာပါ့စ်
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
မာရာတို့၏ ဇာအောက်ခံစကတ်
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
ဆာပိုတက်ခ်တို့၏ ပန်းထိုးထည်
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
ဝါဟာကာပြည်နယ်၊ ဆာပိုတက်ခ်
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
မာရာ၊ ယူကတန်
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
နာဝါတလ်၊ ပွဲဘလာ
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
တဆိုတဆီလ်၊ ချီအာပါ့စ်