မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စိတ်ဝင်စားစရာ မီးရှူးမီးပန်းများ

စိတ်ဝင်စားစရာ မီးရှူးမီးပန်းများ

စိတ်ဝင်စားစရာ မီးရှူးမီးပန်းများ

ဈေးရောင်းပွဲတော်ဖွင့်ပွဲ၌ဖြစ်စေ၊ အိုလံပစ်အားကစားဖွင့်ပွဲ၌ဖြစ်စေ မီးရှူးမီးပန်းများသည် ပျော်ပွဲရွှင်ပွဲနှင့် ဒွန်တွဲနေ၏။ ယူနိုက်တက်စတိတ် လွတ်လပ်ရေးနေ့တွင်၊ ပြင်သစ်နိုင်ငံ ဗာစ်တီလ်နေ့တွင်၊ ကမ္ဘာတစ်ဝန်းရှိ မြို့ကြီးအားလုံးနီးပါး၌ နှစ်သစ်ကူးညချမ်းချိန်တွင် မီးရှူးမီးပန်းများပစ်ဖောက်ကြရာ မိုးကောင်းကင်သည် ထိန်လင်းသွား၏။

သို့သော် မီးရှူးမီးပန်းများကို အဘယ်အချိန်မှစ၍ စိတ်ဝင်စားလာခဲ့ကြသနည်း။ အဆိုပါလှပဝေဆာသော မီးရှူးမီးပန်းများကို မည်သို့ တီထွင်ဖန်တီးထားကြသနည်း။

အရှေ့တိုင်းရိုးရာဓလေ့

ယမ်းစိမ်း (ပိုတက်ဆီယမ်နိုက်ထရိတ်) ကို ကန့်နှင့်မီးသွေးတို့ဖြင့် ရောစပ်လိုက်လျှင် ပေါက်ကွဲတတ်သော ဒြပ်ပေါင်းတစ်ခုရရှိသည်ကို အရှေ့တိုင်းဓာတုဗေဒပညာရှင်များ တွေ့ရှိခဲ့ကြောင်းနှင့် ခရစ်နှစ်ဆယ်ရာစုခန့်တွင် မီးရှူးမီးပန်းများကို တရုတ်တို့က တီထွင်ခဲ့ကြောင်း သမိုင်းပညာရှင်အများစုက သဘောတူကြပါသည်။ မာကိုပိုလိုအစရှိသော အနောက်တိုင်းမှ စူးစမ်းရှာဖွေသူများ သို့မဟုတ် ဖြစ်နိုင်ဖွယ်ရှိသည်မှာ အာရပ်ကုန်သည်များသည် အဆိုပါပေါက်ကွဲလွယ်သောပစ္စည်းများကို ဥရောပသို့ သယ်ဆောင်သွားခဲ့ကြရာ ၁၄ ရာစုနှစ်တိုင်လေသော် ကြီးကျယ်ခမ်းနားသည့် မီးရှူးမီးပန်းပြပွဲများကို ဥရောပသား မြောက်မြားစွာ ရှုစား၍ နှစ်သက်သဘောကျခဲ့ကြသည်။

သို့ရာတွင် ဤလှပသော ရှုချင်စဖွယ်မြင်ကွင်းကိုဖြစ်ပေါ်စေသည့် အမှုန့်သည် ဥရောပသမိုင်းကို အကြီးအကျယ်ပြောင်းလဲပစ်ခဲ့၏။ စစ်မှုထမ်းများသည် ခဲကျည်ဆန်များ မောင်းကန်အားကောင်းရန်၊ ရဲတိုက်နံရံများကို ဖြိုဖျက်ရန်၊ နိုင်ငံရေးအာဏာများကို ဖြိုခွင်းရန်၊ ထိုအမှုန့်ကို အသုံးပြုခဲ့ကြရာ နောက်ပိုင်းတွင် ၎င်းကို ယမ်းမှုန့်ဟူ၍ လူသိများလာလေသည်။ “ဥရောပအလယ်ခေတ်အတွင်း စစ်ဖောက်ကွဲရေးပစ္စည်းများနှင့်အတူ မီးရှူးမီးပန်းများပါ အနောက်တိုင်းသို့ ပျံ့နှံ့ရောက်ရှိလာရာ အောင်ပွဲများနှင့် ငြိမ်းချမ်းရေးပွဲများတွင် မီးရှူးမီးပန်းများ ပစ်ဖောက်နိုင်ရန် ဥရောပမှ စစ်မီးကျည်မီးပန်းကျွမ်းကျင်သူအား ပြုလုပ်စေခဲ့သည်” ဟုဗြိတဲန်နီကာစွယ်စုံကျမ်းက ဖော်ပြ၏။

ထိုအတောအတွင်း တရုတ်လူမျိုးသည် ယမ်းမှုန့်၏အဖျက်စွမ်းအားကို သတိမူမိပုံမရခဲ့ချေ။ ၁၆ ရာစုနှစ်တွင် တရုတ်နိုင်ငံ၌ အီတလီဂျက်စူအစ် သာသနာပြုနေသူ ဘုန်းကြီးမာတေအို ရီတ်ချီက ဤသို့ရေးသားခဲ့သည်– “တရုတ်လူမျိုးသည် သေနတ်များ၊ အမြောက်များကို ကျွမ်းကျင်စွာ အသုံးမပြုတတ်သေးသဖြင့် စစ်မှုစစ်ရေးတွင် ယင်းတို့ကို အနည်းအကျဉ်းသာ အသုံးပြုကြသည်။ သို့သော် လူထုအားကစားပွဲများနှင့် ပွဲနေ့များတွင်မူ မီးရှူးမီးပန်းများပစ်ဖောက်ရန် ယမ်းစိမ်းကို အလျှံပယ်အသုံးပြုလေ့ရှိ၏။ ဤသို့သောပြပွဲများတွင် တရုတ်လူမျိုးတို့ အလွန်ပျော်ရွှင်ကြ၏။ . . . သူတို့၏မီးရှူးမီးပန်းအတတ်ပညာသည် လက်ဖျားခါလောက်အောင် တကယ်ကို ကျွမ်းကျင်ကြပေ၏။”

မီးရှူးမီးပန်းများ၏ လျှို့ဝှက်ချက်များ

မီးရှူးမီးပန်းများ စတင်ပြုလုပ်သူများသည် ပုံစံအမျိုးမျိုးဖော်ရန် ကျွမ်းကျင်မှုနှင့် သတ္တိလည်း ရှိဖို့လိုမည်မှာ သေချာ၏။ ယမ်းမှုန့်အစေ့အဆံများသည် တဖြည်းဖြည်းမီးလောင်တတ်ပြီး အမှုန့်ညက်ယမ်းနုများမူ ပေါက်ကွဲတတ်ကြောင်း သူတို့တွေ့ရှိခဲ့ကြသည်။ ဝါးကျည်တောက် သို့မဟုတ် စက္ကူလိပ်အရှည်၏ အစွန်းတစ်ဖက်ကို အလုံပိတ်ပြီး ကျန်တစ်ဖက်တွင် ယမ်းမှုန့်အစေ့အဆံများသိပ်ထည့်၍ ဒုံးပျံမီးကျည်များကို တီထွင်ခဲ့၏။ ယမ်းမှုန့်ကို မီးညှိလိုက်သည်နှင့် ပွင့်နေသောဘက်မှ ဓာတ်ငွေ့များ ချက်ချင်းပြန့်ကားသွားရာ မီးကျည်သည် ကောင်းကင်သို့ မြှောက်တက်သွား၏။ (ယနေ့ အဆိုပါအခြေခံသဘောတရားကို အသုံးပြု၍ အာကာသယာဉ်မှူးများကို အာကာသဟင်းလင်းပြင်သို့ လွှတ်တင်၏။) မီးကျည်ပေါက်ကွဲနိုင်ရန် ဒုံးပျံ၏အောက်ခြေထိပ်တွင် ယမ်းမှုန့်နုထည့်ထားသည်၊ အရာအားလုံး ကောင်းမွန်ချောမွေ့လျှင် ဒုံးပျံသည် ၎င်း၏လမ်းကြောင်းအတိုင်း အမြင့်ဆုံးအထိ ထောင်တက်သွား၏။

ရာစုနှစ်များတစ်လျှောက် မီးရှူးမီးပန်းများ ပြုလုပ်သည့်နည်းပညာသည် ပြောင်းလဲမှုမရှိသလောက်ပင်။ သို့ရာတွင် တိုးတက်မှုအနည်းငယ်ရှိ၏။ အရှေ့တိုင်းသားများသည် မူလအစက အဖြူရောင် သို့မဟုတ် ရွှေရောင်မီးပန်းတို့ကိုသာ ပြုလုပ်တတ်ကြ၏။ အီတာလျန်တို့က အခြားအရောင်များ ထပ်ဖြည့်စွက်ခဲ့ကြသည်။ ယမ်းမှုန့်တွင် ပိုတက်ဆီယမ်ကလိုရိုက် ရောစပ်၍ မီးရှို့လိုက်သည့်အခါ သတ္တုစပ်မှ ဓာတ်ငွေ့အဖြစ်သို့ ပြောင်းလဲသွားရာ တောက်ပသောရောင်စုံများ ထွက်ပေါ်လာကြောင်း ၁၉ ရာစုနှစ် အစပိုင်းတွင် အီတာလျန်တို့ တွေ့ရှိခဲ့ကြသည်။ ယနေ့ အနီရောင်ရရှိရန် စထရွန်တီယမ်ကာဗွန်နိတ်ကို ထပ်ထည့်၏။ တိုင်တေနီယမ်၊ အလူမီနီယမ်နှင့် မဂ္ဂနီဆီယမ်တို့သည် တောက်ပသောအဖြူရောင်၊ ကြေးနီဒြပ်ပေါင်းသည် အပြာရောင်၊ ဗေရီယမ်နိုက်ထရိတ်သည် အစိမ်းရောင်၊ ဆိုဒီယမ်အော့ဇလိတ်ပါရှိသည့် သတ္တုစပ်သည် အဝါရောင်တို့ကို ဖြစ်ပေါ်စေ၏။

ကွန်ပျူတာများဖြင့် မီးရှူးမီးပန်းများကို နောက်ထပ်အသွင်တစ်မျိုးနှင့် ပုံဖော်ကြသည်။ အတတ်ပညာရှင်များသည် မီးရှူးမီးပန်းများကို လူကိုယ်တိုင် မီးညှိမည့်အစား ပရိုဂရမ်သွင်းထားသော ကွန်ပျူတာမှတစ်ဆင့် လျှပ်စစ်နှင့်မီးညှိ၍ တေးစည်းချက်နှင့်အညီ အချိန်ကိုက်ပေါက်ကွဲရန် ပြုလုပ်ပေးနိုင်ကြပြီ။

ဘာသာရေးနှင့်ဆက်နွှယ်ခြင်း

မီးရှူးမီးပန်းများသည် တရုတ်ဘာသာရေးပွဲများနှင့် ဆက်စပ်နေသည်ကို ဂျက်စူအစ်သာသနာပြု ရီတ်ချီက ဖော်ပြခဲ့သည်။ တရုတ်လူမျိုးတို့သည် “နှစ်သစ်ကူးပွဲတော်နှင့် တခြားပွဲတော်တို့တွင် နတ်ဆိုးများကို မောင်းထုတ်ရန်” မီးရှူးမီးပန်းများကို “တီထွင်ခဲ့ခြင်းဖြစ်သည်” ဟု ခေတ်စားသောအတတ်ပညာ မဂ္ဂဇင်းက ရှင်းပြသည်။ ဟာဝပ်ဒ် ဗွီ. ဟာရ်ပါသည် သူရေးသားသော ယုံကြည်ချက်ရှိသမျှ၏ အခါကြီးရက်ကြီးများနှင့် ဓလေ့ထုံးစံများ စာအုပ်တွင် ဤသို့ဖော်ပြသည်– “အယူမှားဝတ်ပြုရေးတို့၏ အစောပိုင်းအချိန်ကတည်းက လူတို့သည် အခါကြီးရက်ကြီး ဘာသာရေးပွဲသဘင်များတွင် မီးတုတ်များသယ်ဆောင်လာလေ့ရှိကြပြီး မီးပုံများ ပြုလုပ်တတ်ကြသည်။ သို့ဖြစ်၍ ထိုအခါကြီးရက်ကြီးများတွင် အရောင်စုံနှင့် လှပဝေဆာပြီး အလိုအလျောက်ရွေ့လျားဟန်ရှိသော မီးရှူးမီးပန်းများကို ထည့်အသုံးပြုလာခြင်းသည် အံ့အားသင့်စရာမဟုတ်ပေ။”

အမည်ခံခရစ်ယာန်များသည် မီးရှူးမီးပန်းများကို လက်ခံအသုံးပြုလာကြသည်နှင့် မီးရှူးမီးပန်း ပြုလုပ်သူများအတွက် ကျေးဇူးရှင်သူတော်စင်တစ်ဦးကို ခန့်အပ်လိုက်လေသည်။ သည်ကိုလံဘီယာစွယ်စုံကျမ်းက ဤသို့ဖော်ပြ၏– “[စိန့်ဘာဘရာ] သည်ခရစ်ယာန်ဖြစ်လာသည့်အတွက် သူ၏ဖခင်က သူ့ကိုရဲတိုက်တွင် တိုက်ပိတ်ပြီး သတ်ပစ်ခဲ့သည်ဟုဆို၏။ ဖခင်သည် မိုးကြိုးပစ်ခံရ၏၊ ချဲ့ကားနှိုင်းယှဉ် ဖော်ပြမှုအားဖြင့် စိန့်ဘာဘရာသည် သေနတ်နှင့် မီးရှူးမီးပန်း ပြုလုပ်သူများနှင့် အသုံးပြုသူများ၏ ကျေးဇူးရှင်သူတော်စင်ဖြစ်လာလေသည်။”

ငွေကုန်ကြေးကျ မတွန့်တို

အများပြည်သူသည် ဘာသာရေးပွဲများတွင်ဖြစ်စေ၊ လောကပွဲများတွင်ဖြစ်စေ ကြီးမားလှပပြီး ရှုချင်စဖွယ်ကောင်းသည့် မီးရှူးမီးပန်းပြပွဲများကို အတောမသတ် ရှုစားလိုကြပုံရှိ၏။ ၁၆ ရာစုနှစ်မှ တရုတ်မီးရှူးမီးပန်းပြပွဲတစ်ခုနှင့်စပ်လျဉ်း၍ ရီတ်ချီက ဤသို့ရေးသားခဲ့သည်– “နန်ကင်းမြို့တွင် ကျွန်တော်ရှိစဉ်အခါက နှစ်၏ဦးဆုံးလ၌ကျင်းပသည့် သူတို့၏အရေးကြီးဆုံးပွဲတော်တွင် ပစ်ဖောက်သည့် မီးရှူးမီးပန်းများကို တွေ့မြင်ခဲ့ရသည်၊ ၎င်းအခါသမယတွင် သူတို့အသုံးပြုခဲ့ကြသည့် ယမ်းမှုန့်သည် နှစ်ပေါင်းများစွာ တိုက်ခိုက်သည့် စစ်ပွဲကြီးတစ်ခုတွင် အသုံးပြုနိုင်မည့် ယမ်းမှုန့်ပမာဏဖြစ်နိုင်သည်ဟု ကျွန်တော်ခန့်မှန်းရ၏။” အဆိုပါမီးရှူးမီးပန်းပြပွဲ၏ ကုန်ကျစရိတ်နှင့်ပတ်သက်၍ သူက “သူတို့ပစ်ဖောက်သည့် မီးရှူးမီးပန်း ကုန်ကျစရိတ်ကို အလေးထားပုံမရချေ” ဟုဆိုသည်။

ရာစုနှစ်များတစ်လျှောက် စပ်ကြားကာလတွင် ပြောင်းလဲမှုမရှိချေ။ ၂၀၀၀ ပြည့်နှစ်တွင် ဆစ်ဒနီဆိပ်ကမ်းတံတားပေါ် ကျင်းပခဲ့သည့် အခမ်းအနားတစ်ခုတည်း၌ပင် ကမ်းခြေဦးတွင် ရောက်ရှိနေကြသည့် ပရိသတ်တစ်သန်းကျော်ကို မီးရှူးမီးပန်းတန်ချိန် ၂၀ ပစ်ဖောက်၍ ဖျော်ဖြေခဲ့သည်။ ထိုနှစ်အတွင်းပင် ယူနိုက်တက်စတိတ်၌ မီးရှူးမီးပန်းပေါင်ချိန် ၁၅၇ သန်းနီးပါးအတွက် ဒေါ်လာ ၆၂၅ သန်းအကုန်ကျခံခဲ့၏။ ယဉ်ကျေးမှုများစွာမှလူတို့သည် မီးရှူးမီးပန်းများကို စိတ်ဝင်စားနေကြဆဲရှိရာ “သူတို့ပစ်ဖောက်သည့် မီးရှူးမီးပန်း ကုန်ကျစရိတ်ကို အလေးထားပုံမရ” ဟုဆိုနိုင်၏။

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]