မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လုံးဝမူမမှန်သော အိပ်စက်ခြင်းရောဂါများကို သိနားလည်ထားခြင်း

လုံးဝမူမမှန်သော အိပ်စက်ခြင်းရောဂါများကို သိနားလည်ထားခြင်း

လုံးဝမူမမှန်သော အိပ်စက်ခြင်းရောဂါများကို သိနားလည်ထားခြင်း

တစ်ခါတစ်ရံ လူတစ်ဦး၏လက္ခဏာများသည် လုံးဝ မူမမှန်သည့်အိပ်စက်ခြင်းရောဂါ ရှိနေကြောင်း ဖော်ပြပေမည်။ တစ်လကျော်ကျော် အိပ်မရခြင်းသည် စိတ်ကျဝေဒနာအပါအဝင် ထို့ထက်စိုးရိမ်စရာဖြစ်သည့် ရောဂါအခြေအနေများကြောင့် ဖြစ်နိုင်သည်။ အိပ်မရသည်မှာ ကြာရှည်နေပြီဆိုလျှင် စိုးရိမ်ဖွယ်ရောဂါတစ်ခု၏လက္ခဏာလည်း ဖြစ်နိုင်သည်။

အိပ်ပျော်စဉ် ခေတ္တအသက်ရှူကျပ်ခြင်း

မာရီရိုသည် နေ့ခင်းနေ့လယ်တွင် အလွန်အမင်း ငိုက်မျဉ်းတတ်သည်။ သူသည် မိသားစုကား မောင်းနှင်နေစဉ်ပင် တစ်ခဏမျှ သတိလစ်သွားတတ်ခြင်းကြောင့် သူ့ဇနီးက ဂရုစိုက်စောင့်ကြည့်နေရ၏။ သူသည် ညစဉ်တိုင်း ကျယ်လောင်စွာဟောက်တတ်ပြီး တစ်ခါတစ်ရံ အသက်ရှူကျပ်ကာ ရုတ်တရက် အိပ်ရာမှလန့်နိုးလာတတ်သည်။ *

မာရီရိုတွင် အိပ်ပျော်စဉ် အသက်ရှူကျပ်သည့်လက္ခဏာရှိသည်။ ဤသို့ အိပ်ပျော်စဉ် အသက်ရှူကျပ်ခြင်းသည် ဆယ်စက္ကန့်မှ နှစ်မိနစ်၊ သုံးမိနစ်အထိ ကြာနိုင်သည်။ ဤသို့အသက်ရှူကျပ်သူသည် လေကို အငမ်းမရရှူရှိုက်ပြီးနောက် ပြန်အိပ်ပျော်သွားလေ့ရှိသည်၊ ထိုသို့ တစ်ညလျှင် အကြိမ်ပေါင်း ရာနှင့်ချီပြီး ဖြစ်တတ်သည်။ အသက်ရှူကျပ်ခြင်းအမျိုးအစား သုံးမျိုးရှိ၏။

ပုံမှန်အသက်ရှူရန် ဦးနှောက်၏အသက်ရှူထိန်းချုပ်ရေးဗဟိုက မညွှန်ကြားနိုင်တော့သည့်အခါတွင် ဗဟိုအသက်ရှူကျပ်ခြင်းဖြစ်ပေါ်သည်။ အိပ်ပျော်စဉ် အသက်ရှူလမ်းကြောင်းခေတ္တပိတ်ဆို့ခြင်းမှာ လည်ချောင်းအနောက်ဘက်ရှိ အသက်ရှူလမ်းကြောင်းအထက်ပိုင်း လုံးဝပိတ်ဆို့နေပြီး လေဝင်လေထွက်မရှိတော့သည့်အခါမျိုးတွင် ဖြစ်တတ်သည်။ ပေါင်းစပ်အသက်ရှူကျပ်ခြင်းမှာ ထိုအခြေအနေနှစ်မျိုးစလုံး ပေါင်းစပ်ဖြစ်ပေါ်ခြင်းဖြစ်ပြီး ယင်းသည် အဖြစ်အများဆုံးလက္ခဏာဖြစ်သည်။ မည်သည့်နည်းဖြင့်ပင်ဖြစ်စေ အသက်ရှူကျပ်တတ်သူသည် ညလုံးပေါက်၊ ညစဉ်ညတိုင်း မအိပ်ဘဲနေသူတစ်ဦး၏အခြေအနေနှင့် ထပ်တူထပ်မျှဖြစ်နိုင်သည်!

အိပ်ပျော်စဉ် အသက်ရှူကျပ်တတ်သူတို့သည် အသက်အန္တရာယ်ကြုံရနိုင်သည်၊ အကြောင်းမှာ သူတို့သည် အလုပ်ခွင်တွင်ဖြစ်စေ၊ မော်တော်ကားမောင်းနေစဉ်ဖြစ်စေ အိပ်ပျော်သွားနိုင်သောကြောင့်ဖြစ်၏။ ထို့ပြင် သူတို့တွင် သွေးတိုးရောဂါ၊ နှလုံးကြီးခြင်း၊ လေဖြတ်ခြင်း သို့မဟုတ် နှလုံးရောဂါတို့ရှိနိုင်သည်။ စတန်ဖောဒ်တက္ကသိုလ်မှ ဒေါက်တာ ဝီလျံဒီမန့်က အိပ်ပျော်စဉ် အသက်ရှူကျပ်ခြင်းကြောင့် နှလုံးသွေးကြောပိတ်ရောဂါဖြစ်ပြီး နှစ်စဉ် အမေရိကန်လူမျိုး ၃၈,၀၀၀ သေဆုံးရသည်ဟု ခန့်မှန်း၏။

အိပ်ပျော်စဉ်အသက်ရှူကျပ်ခြင်းသည် အသက် ၄၀ ကျော် အဝလွန်သောအမျိုးသားများတွင် အဖြစ်များသော်လည်း အသက်အရွယ်မရွေး၊ ကလေးငယ်များပင် ဖြစ်နိုင်သည်။ ကုသနည်း များစွာရှိ၏၊ သို့သော် အိပ်စက်ခြင်းရောဂါအကြောင်း ကျွမ်းကျင်သူဆရာဝန်များ၏ကြီးကြပ်မှုဖြင့် ကုသခြင်းသည် အကောင်းဆုံးဖြစ်၏။ အိပ်ပျော်စဉ် အသက်ရှူလမ်းကြောင်းပိတ်ဆို့ခြင်းအတွက် ခွဲစိတ်ရန်မလိုသည့် အထိရောက်ဆုံးနည်းမှာ အသက်ရှူလမ်းကြောင်းဖွင့်ပေးစက်ကို အသုံးပြုခြင်းပင်ဖြစ်သည်။ ညဘက်တွင် လူနာသည် (ပစ္စည်းရှင်စိတ်ကြိုက် ဆရာဝန် အထူးပြုလုပ်ထားသည့်) နှာခေါင်းဖုံးတပ်ဆင်ထားပြီး လေဖိအားထိန်းညှိကိရိယာဖြင့် အသက်ရှူကျပ်ခြင်းကို ကာကွယ်ရန် လိုအပ်သည့်လေပမာဏကို ရှူရှိုက်နိုင်သည်။ ယင်းက သူ၏အခြေအနေကို မသက်သာစေလျှင် လည်ချောင်းမှ အသားမျှင်အပိုများကို ဖယ်ရှားပစ်ရန် လေဆာ သို့မဟုတ် ရေဒီယိုလှိုင်းများသုံးခြင်းဖြင့် ခွဲစိတ်ကုသမှုခံယူနိုင်သည်။

နာကိုလက်ပ်စီ အိပ်ငိုက်ရောဂါ

ဆေးဝါးကုသရန်လိုသည့် မူမမှန်သောအိပ်စက်ခြင်းရောဂါ နောက်တစ်မျိုးမှာ နာကိုလက်ပ်စီခေါ် အာရုံကြောနှင့်ဆိုင်သော အခြေအနေမျိုးဖြစ်ပြီး ယင်းသည် နေ့ခင်းဘက်တွင် အလွန်အိပ်ငိုက်စေတတ်သည်။ သာဓကအနေနှင့် ဘာ့ခ်သည် အမြဲတစေငိုက်မျဉ်းနေသည်။ သူသည် အရေးကြီးသောအစည်းအဝေးများတွင်ပင် ရုတ်တရက် အိပ်ပျော်သွားတတ်သည်။ သို့ဖြစ်၍ သူ့လက်ထဲတွင် သော့တွဲကို ကိုင်ထားလေ့ရှိ၏၊ မိမိ အိပ်ငိုက်သွားသည့်အခါ သော့တွဲကျသွားလျှင် လန့်နိုးလာဖို့ဖြစ်သည်။ ထို့နောက် သူသည် ကာတာပလက်ခ်စီခေါ် စိတ်လှုပ်ရှားသည့်အခါတိုင်း ဒူးချောင်၍ လဲသွားတတ်သည့်ရောဂါဖြစ်လာသည်။ ၎င်းနောက် အိပ်နေစဉ် လေဖြတ်သည့်လက္ခဏာများ ပေါ်လာသည့်အပြင် တစ်ခါတစ်ရံ အိပ်မပျော်မီလေးတွင် ကယောင်ချောက်ချားဖြစ်လာသည်။

နာကိုလက်ပ်စီ အိပ်ငိုက်ရောဂါသည် များသောအားဖြင့် အသက် ၁၀ နှစ်နှင့် ၃၀ ကြားတွင် စဖြစ်လေ့ရှိသည်။ တစ်ခါတစ်ရံ ဤဝေဒနာရှင်များသည် အလိုလိုပြုမူခြင်းဟုခေါ်သော အတန်ကြာသတိမရှိဘဲ ပုံမှန်အတိုင်း ပြုမူလှုပ်ရှားနေဟန်ရှိသည့်ရောဂါဖြစ်ပေါ်သည်။ ဝမ်းနည်းစရာမှာ ဤရောဂါဝေဒနာရှင်များကို ပျင်းရိသူ၊ စိတ်ပိုင်းနှေးကွေးသူ သို့မဟုတ် လူထူးလူဆန်းအဖြစ် ရှုမြင်ကြပြီး ရောဂါသည်ဖြစ်ကြောင်း နှစ်ပေါင်းများစွာမသိဘဲ ဝေဒနာခံနေရခြင်းဖြစ်သည်။ လောလောဆယ် ဤရောဂါကို ကုသ၍မရဟုယူဆကြသော်လည်း ဆေးဝါးဖြင့်ဖြစ်စေ၊ ဘဝပုံစံပြုပြင်ပြောင်းလဲခြင်းဖြင့်ဖြစ်စေ ရောဂါကို အနည်းအကျဉ်းသက်သာစေနိုင်သည်။ *

အခြား မူမမှန်သောအိပ်စက်ခြင်းရောဂါများ

တစ်ခါတစ်ရံ အခြားမူမမှန်သောရောဂါနှစ်ခု တွဲပြီးဖြစ်လေ့ရှိရာ ခြေလက်အင်္ဂါများကို တိုက်ရိုက်ထိခိုက်ပြီး ရေရှည်အိပ်မပျော်သည့်ရောဂါ ဖြစ်စေသည်။ ထိုရောဂါများအနက်တစ်ခုမှာ အိပ်ပျော်နေစဉ် ခြေထောက်များနှင့် တစ်ခါတစ်ရံ လက်မောင်းများပါ ပုံမှန်ဆတ်ခနဲလှုပ်ရှားသည့် မူမမှန်သောရောဂါဖြစ်သည်။ မိုက်ကယ်လ်ကို သုံးသပ်ကြည့်ပါ။ သူသည် ပုံမှန်ခြေလက်များ လှုပ်ခြင်းကြောင့် ညတိုင်းလိုလို အကြိမ်ပေါင်း ၃၅၀ နီးပါး အိပ်ရာမှလန့်နိုးတတ်ကြောင်း စမ်းသပ်ချက်များက ဖော်ပြသည်!

နောက်ရောဂါတစ်ခုမှာ ခြေထောက်အမြဲလှုပ်သည့်လက္ခဏာစု  * ဖြစ်သည်၊ ဤရောဂါသည် ခြေထောက်ကြွက်သားများနှင့် ဒူးဆစ်များအတွင်းမှ ခံစားချက်များကြောင့် လှုပ်ရှားပေးနေရသည့်အတွက် ဝေဒနာရှင်သည် လုံးဝ အိပ်မပျော်နိုင်ပေ။ ဤအခြေအနေသည် တစ်ခါတစ်ရံ လေ့ကျင့်ခန်းမလုပ်ခြင်း၊ သွေးလည်ပတ်မှု မကောင်းခြင်းတို့ကြောင့်ဖြစ်တတ်သည်၊ အချို့ကိစ္စများတွင်မူ ကဖိန်းဓာတ်များခြင်းနှင့် ဆက်နွှယ်နေဟန်ရှိ၏။ အရက်သောက်ခြင်းသည်လည်း ဤရောဂါကို တစ်ခါတစ်ရံ ပိုဆိုးရွားစေသည်။

ဘရပ်စစ်ဇမ်ဟူသည် အိပ်ပျော်နေစဉ် သွားကြိတ်သည့်ရောဂါဖြစ်သည်။ ဤသို့ ပုံမှန်ဖြစ်လာလျှင် သွားများ ပုံပျက်ပန်းပျက်ဖြစ်ပြီး မေးရိုး အလွန်နာကျင်လာမည်ဖြစ်၍ လုံးဝမအိပ်နိုင်ဘဲဖြစ်စေသည်။ ရောဂါအခြေအနေပေါ်မူတည်ပြီး ခံတွင်းခွဲစိတ်ကုသခြင်းမှ ညအိပ်ချိန်တွင် သွားကို အကာအကွယ်ပေးသည့်ကိရိယာ တပ်ဆင်ခြင်းအထိ ကုသနည်းအမျိုးမျိုးရှိသည်။

အိပ်စက်ခြင်းနှင့်ဆက်နွှယ်သည့် မူမမှန်သောရောဂါများမှ အနည်းငယ်ကို ဤသို့သုံးသပ်ထားခြင်းသည် ယင်းတို့ကို ဂရုမစိုက်ပါက အန္တရာယ်ရှိနိုင်ကြောင်း ဖော်ပြသည်။ ရောဂါကို ရိုးရိုးလေးကုသရန် သို့မဟုတ် ခွဲစိတ်ကုသရန် လိုကောင်းလိုမည်ဖြစ်သော်လည်း ယင်းကုသမှုတို့သည် မရှိမဖြစ်လိုအပ်သည်။ သင် သို့မဟုတ် သင်ချစ်မြတ်နိုးရသူတစ်ဦးသည် ရေရှည်အိပ်မရသည့်ရောဂါ ခံစားနေရပါက သို့မဟုတ် လုံးဝမူမမှန်သည့် အိပ်စက်ခြင်းရောဂါလက္ခဏာပြနေပါက တတ်ကျွမ်းသူတို့၏အကူအညီကို ချက်ချင်း ရယူခြင်းသည် ပညာရှိရာရောက်ပေမည်။ ကုသမှုခံယူပြီးနောက် ရောဂါ လုံးဝ မပျောက်ကင်းသေးသော်လည်း ယင်းသည် ဖြစ်ပေါ်လာနိုင်မည့်ဆိုးကျိုးများကို သိသိသာသာ လျော့နည်းစေပြီး အခြေအနေကို အလွယ်တကူ ခံရပ်သွားစေနိုင်သည်။ ထို့နောက် အနာဂတ်တွင် ‘မြို့သားက “ငါနာသည်” ဟုမဆိုရ’ ဟူသည့် ကျမ်းစာကတိတော်များ ပြည့်စုံလာမည်။ ဘုရားသခင်သည် ‘အရာခပ်သိမ်းကို အသစ်’ ဖန်ဆင်းသည့်အခါ အဖျားအနာရှိသမျှသည် လုံးဝဖယ်ရှားခံရပါလိမ့်မည်။—ဟေရှာယ ၃၃:၂၄; ဗျာ. ၂၁:၃-၅

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 4 ခေတ္တအသက်ရှူကျပ်၍ ပုံမှန်မဟုတ်သောဟောက်ခြင်းကို အိပ်ပျော်နေသူအများ အခါအားလျော်စွာ စည်းချက်ကျကျ၊ မပြင်းထန်သောဟောက်သံနှင့် မရောထွေးသင့်ချေ—⁠ယင်းသည် အိပ်ခန်းတစ်ခုတည်းတွင်ရှိနေသည့် အခြားသူများကို အိပ်မရဖြစ်စေရုံသာဖြစ်သည်။

^ အပိုဒ်၊ 11 နာကိုလက်ပ်စီ အိပ်ငိုက်ရောဂါအကြောင်း နောက်ထပ်သိလိုလျှင် ၁၉၉၁၊ ဧပြီ ၈၊ နိုးလော့! [လိပ်] စာမျက်နှာ ၁၉-၂၁ ကိုရှု။

^ အပိုဒ်၊ 14 ဤရောဂါအကြောင်း နောက်ထပ်သိလိုလျှင် ၂၀၀၀၊ နိုဝင်ဘာ ၂၂၊ နိုးလော့! [လိပ်] ကိုရှု။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

မူမမှန်သောအိပ်စက်ခြင်းရောဂါများကို ဆရာဝန်၏ကြီးကြပ်မှုအတိုင်း ကုသပေးသင့်

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဟောက်ခြင်းသည် အိပ်ပျော်စဉ် အသက်ရှူကျပ်သည့် လက္ခဏာတစ်ခုဖြစ်နိုင်

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

နာကိုလက်ပ်စီ အိပ်ငိုက်ရောဂါကို ပျင်းရိခြင်းဟု တလွဲထင်မှတ်လေ့ရှိကြ

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

လေဖိအားထိန်းညှိစက်များသည် အိပ်ပျော်စဉ်အသက်ရှူကျပ်ခြင်းကို သက်သာစေနိုင်