မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွေးအမျိုးအစားက သင့်ပင်ကိုစရိုက်ကို ပိုင်းဖြတ်ပေးသလော

သွေးအမျိုးအစားက သင့်ပင်ကိုစရိုက်ကို ပိုင်းဖြတ်ပေးသလော

သမ္မာကျမ်းစာရှုထောင့်

သွေးအမျိုးအစားက သင့်ပင်ကိုစရိုက်ကို ပိုင်းဖြတ်ပေးသလော

တချို့နိုင်ငံများတွင် တစ်စုံတစ်ဦး၏ပင်ကိုစရိုက်ကို သွေးအမျိုးအစားပေါ်မူတည်ပြီး ခန့်မှန်းဝေဖန်ခြင်းသည် ခေတ်စားလျက်ရှိသည်။ သာဓကအနေဖြင့် ဂျပန်နိုင်ငံတွင် စကားစမြည်စပျိုးသည့်အနေဖြင့် “ခင်ဗျားရဲ့ သွေးအမျိုးအစားက ဘာလဲ” ဟုမေးမြန်းခြင်းသည် လူတချို့အတွက် အဆန်းမဟုတ်ပေ။ ယင်းအယူအဆကို စွဲကိုင်ထားသူများက အေသွေးအမျိုးအစားရှိသူတို့သည် အေးဆေးတည်ငြိမ်ပြီး တာဝန်ယူတတ်ကာ သံသယများတတ်သည်၊ ဘီသွေးအမျိုးအစားရှိသူတို့မူ ပွင့်လင်းပြီး သုန်မှုန်တတ်ကြကာ အလွယ်တကူအလိမ်ခံရတတ်သည် အစရှိသည်ဖြင့် ဆိုတတ်ကြ၏။ သွေးအမျိုးအစားတစ်မျိုးရှိသူသည် အခြားသွေးအမျိုးအစားရှိသူနှင့် အတူပေါင်းသင်းနေထိုင်ရခက်သည်—⁠သို့မဟုတ် လွယ်ကူသည်—⁠ဟုလည်း ဆိုကြသည်။

ဤအယူအဆပေါ်မူတည်၍ ကျောင်းများတွင် ကျောင်းသူ/သားများကို အုပ်စုခွဲသည့်အခါ၊ ကုမ္ပဏီများတွင် အလုပ်တာဝန်ရွေးချယ်ပေးအပ်သည့်အခါ၊ သို့မဟုတ် အိမ်ထောင်ဖက်ရွေးချယ်သည့်အခါပင် သွေးအမျိုးအစားသည် အရေးကြီးသည့်အချက်တစ်ချက်ဖြစ်သည်ဟု လူတချို့က ယူဆကြသည်။ ကျွန်ုပ်တို့၏သွေးအမျိုးအစားက ကျွန်ုပ်တို့၏ပင်ကိုစရိုက်ကို အမှန်တကယ် ပိုင်းဖြတ်ပေးသည့်အထောက်အထား တစ်စုံတစ်ရာရှိပါသလော။ ဤကိစ္စနှင့်သက်ဆိုင်သည့် ကျမ်းစာသွန်သင်ချက် တစ်စုံတစ်ရာရှိပါသလော။

သွေးအမျိုးအစားဟူသည် အဘယ်နည်း

ကမ္ဘာ့စာအုပ်မာလ်တီမီဒီယာစွယ်စုံကျမ်းတွင် ဤသို့ရှင်းပြထားသည်– “သွေးနီဥများ၏အမြှေးပါးများတွင် အဲန်တီဂျဲန်စ်ဟုခေါ်သော ပရိုတင်းဓာတ်များပါရှိသည်။ သွေးနီဥအဲန်တီဂျဲန်စ်အမျိုးအစား ၃၀၀ ကျော်ကို ရှာဖွေတွေ့ရှိပြီးဖြစ်သည်။” လူတချို့တွင် တစ်စုံတစ်ရာသော အဲန်တီဂျဲန်စ်ရှိပြီး တချို့တွင်မူ မရှိကြချေ၊ အဲန်တီဂျဲန်တချို့မှာ တွဲဖက်၍မရချေ။ ထို့ကြောင့် ထိုစွယ်စုံကျမ်းက ထပ်ဆင့်ဖော်ပြထားသည့်အတိုင်း “တစ်စုံတစ်ရာသော အဲန်တီဂျဲန်စ် ရှိမှု၊ မရှိမှုအပေါ်မူတည်ပြီး လူသွေးအမျိုးအစားများကို သိပ္ပံပညာရှင်များက ခွဲခြားသတ်မှတ်ကြသည်။”

လူအများဆုံး လက်ခံအတည်ပြုသော သွေးအုပ်စုခွဲသည့်စနစ်မှာ အေဘီအို စနစ်ဖြစ်ကာ ယင်းတွင် လူသွေးအမျိုးအစားကို အေ၊ ဘီ၊ အေဘီ နှင့် အို ဟူ၍လေးမျိုးခွဲခြားကြသည်။ ထို့အပြင် အာရ်အိပ်ခ်ျစနစ်ကိုလည်း အသုံးပြုလေ့ရှိကြသည်။ တကယ်ဆိုလျှင် သွေးအုပ်စုခွဲခြားသည့်စနစ် ၂၀ ခန့်ရှိသည်။ သို့ဖြစ်၍ သွေးသည် အလွန်ရှုပ်ထွေးလှသည်မှာ ထင်ရှား၏။ စွယ်စုံကျမ်းဗြိတိန်နိကာတွင် ဤသို့ဖော်ပြသည်– “သွေးနီဥအဲန်တီဂျဲန်စ် အမျိုးပေါင်းမြောက်မြားစွာရှိခြင်းကြောင့် အမြွှာများမှလွဲ၍ လူတို့တွင် သွေးအုပ်စုဒြပ်တစ်မျိုးတည်းရှိဖို့ အလွန်တရာအကြောင်းနည်းသည်။”

အတိအကျဆိုရလျှင် လူတိုင်းတွင် “သွေးအမျိုးအစား” တစ်မျိုးစီရှိကြကြောင်း ယင်းက ဖော်ပြသည်။ ထို့ကြောင့် တစ်စုံတစ်ရာသော သွေးအမျိုးအစားရှိသူတို့တွင် ပင်ကိုစရိုက်များ ဆင်တူသည်ဟုဆိုခြင်းသည် အထောက်အထားမရှိချေ။ ကျွန်ုပ်တို့၏ပင်ကိုစရိုက်ကို ထင်ထင်ရှားရှား ပိုင်းဖြတ်ပေးသည့် အချက်အလက်အတော်များများရှိသည်။

ကျွန်ုပ်တို့၏ပင်ကိုစရိုက်ကို အဘယ်အရာက ပိုင်းဖြတ်သနည်း

“ပင်ကိုစရိုက်ဟူသည် မွေးရာပါနှင့် လေ့ကျင့်သင်ယူရရှိသည့် အမူအကျင့်ဆိုင်ရာဂုဏ်ရည်များဖြစ်ကာ လူတစ်ဦးချင်းစီကို ကွဲပြားစေသည့်အရာဖြစ်သည်” ဟုစွယ်စုံကျမ်းဗြိတိန်နိကာတွင် ရှင်းပြထားသည်။ မှန်ပါသည်၊ ကျွန်ုပ်တို့ အမွေခံထားရာများအပြင် ကျွန်ုပ်တို့၏ ပင်ကိုစရိုက်ဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုရှိသည့် အခြားအချက်များမှာ မိသားစုဝန်းကျင်၊ ပညာရေး၊ အပေါင်းအသင်းနှင့် ကောင်းသော၊ ဆိုးသော အတွေ့အကြုံများစသည်တို့ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏မျိုးရိုးဗီဇဖွဲ့စည်းမှုကသာ ကျွန်ုပ်တို့၏ပင်ကိုစရိုက်ကို ပိုင်းဖြတ်သည် မဟုတ်ချေ။ မျိုးရိုးဗီဇတစ်မျိုးတည်းရှိသည့် အမြွှာများပင်လျှင် ပင်ကိုစရိုက် ကွဲပြားတတ်ကြသည်။

အရေးကြီးသည့်အခြားအချက်တစ်ချက်မှာ လူတစ်ဦး၏ပင်ကိုစရိုက်သည် ပြောင်းလဲသွားနိုင်ခြင်းဖြစ်သည်။ ခရစ်ယာန် သွန်သင်ချက်များသည် လူတို့ကို ပြောင်းလဲစေနိုင်သည့် အစွမ်းတန်ခိုးရှိကြောင်း တမန်တော်ပေါလုက အလေးအနက်ဖော်ပြခဲ့သည်။ သူ ဤသို့ရေးသားခဲ့သည်– “သင်တို့သည် လူ [ပင်ကိုစရိုက်] ဟောင်း၏အကျင့်တို့နှင့် လူ [ပင်ကိုစရိုက်] ဟောင်း၏ကိုယ်ကိုချွတ်ပယ်၍၊ ဖန်ဆင်းတော်မူသောသူ၏ပုံသဏ္ဌာန်နှင့်အညီ၊ မှန်သောပညာအားဖြင့် အသစ်ပြုပြင်သောလူ [ပင်ကိုစရိုက်] သစ်ကို ယူတင်ဝတ်ဆောင်သောသူဖြစ်ကြ၏။” (ကောလောသဲ ၃:၉၊ ၁၀) မိမိတို့သည် အပြစ်သားများဖြစ်ပြီး အပြစ်ပြုလိုသောဉာဉ်များ အမွေခံရရှိထားကြကြောင်း ခရစ်ယာန်များ အသိအမှတ်ပြုကြသည်။ ဘုရားသခင် နှစ်သက်လက်ခံသူများဖြစ်နိုင်ရန် သူတို့၏ပင်ကိုစရိုက်များကို ပြောင်းလဲကြရမည်။

အဆိုပါပြောင်းလဲမှုများကို အဘယ်အရာက ဖြစ်စေနိုင်သနည်း။ ဘုရားသခင့်နှုတ်မြွက်စကားတော် သို့မဟုတ် သတင်းတရား၏ အစွမ်းတန်ခိုးဖြစ်သည်။ ယခု သမ္မာကျမ်းစာတွင် တွေ့ရသော ဘုရားသခင့် နှုတ်မြွက်စကားတော်၏ အခိုင်အမာသြဇာလွှမ်းမိုးနိုင်မှုနှင့် စပ်လျဉ်း၍ ပေါလုက ဤသို့ရေးသားခဲ့သည်– “ဘုရားသခင်၏ နှုတ်[မြွက်]တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့်စိတ်ဝိညာဉ်ကိုလည်းကောင်း၊ အရိုးဆစ်နှင့်ခြင်ဆီကိုလည်းကောင်း ပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။” (ဟေဗြဲ ၄:၁၂) လူတစ်ဦးသည် ဘုရားသခင့်ဝိညာဉ်တော် လွှမ်းမိုးမှုကိုခံယူပြီး ကျမ်းစာတွင် ဖော်ပြထားသည့် ကျင့်ဝတ်စံနှုန်းများနှင့်အညီ ကြိုးစားပြောင်းလဲသည့်အခါ သူ၏ပင်ကိုစရိုက်သည် တဖြည်းဖြည်း ပြောင်းလဲလာနိုင်သည်။ ဤနည်းအားဖြင့် ဖွဲ့စည်းဖြစ်ပေါ်လာသည့် ခရစ်ယာန်ပင်ကိုစရိုက်တွင် “သန့်ရှင်းသောသူ၊ ချစ်အပ်သောသူကဲ့သို့၊ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့” ပါဝင်သည်။—⁠ကောလောသဲ ၃:၁၂

ခရစ်ယာန် အကျိုးသင့်အကြောင်းသင့်ရှိမှု

သွေးအမျိုးအစားလေ့လာခြင်းကို တားမြစ်သည့် ကျမ်းစာမူမရှိသည်မှာ မှန်ပါသည်။ သို့သော် ယင်းက လူ့အမူအကျင့်နှင့် တစ်နည်းနည်းဖြင့် ဆက်စပ်မှုရှိနိုင် မရှိနိုင်ဟူသည့်အချက်မှာမူ နောက်ကဏ္ဍဖြစ်သည်။ အသက်တာနှင့်ပတ်သက်သည့် အရာမှန်သမျှတွင် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ကျွန်ုပ်တို့လမ်းပြခိုင်းရမည်။ (ဆာလံ ၁၁၉:၁၀၅) အကျိုးသင့်အကြောင်းသင့်ရှိမှုသည်လည်း အရေးပါသည်။—⁠ဖိလိပ္ပိ ၄:⁠၅

ပင်ကိုစရိုက်ဆိုင်ရာ အပြစ်အနာအဆာများကို ပြုပြင်ဖို့မကြိုးစားဘဲ ဆင်ခြေတစ်ရပ်အဖြစ် လူတစ်ဦး၏သွေးအမျိုးအစားအပေါ် ပုံချခြင်းသည် စင်စစ်အားဖြင့် အကျိုးသင့်အကြောင်းသင့်ရှိမည် မဟုတ်ချေ။ မိမိတို့၏မျိုးရိုးဗီဇဖွဲ့စည်းပုံမှာ မည်သို့ပင်ဖြစ်ပါစေ ခရစ်ယာန်များသည် ယေဟောဝါနှင့် ယေရှုတို့၏ အရည်အသွေးများကို ရောင်ပြန်ဟပ်ဖို့ မိမိတို့၏ပင်ကိုစရိုက်ကို ပုံသွင်းရာတွင် အတတ်နိုင်ဆုံး တိုးတက်ကောင်းမွန်နေစေရမည်။—⁠ဧဖက် ၅:⁠၁

ထို့အပြင် ခရစ်ယာန်များသည် အခြားသူများအား ယေဟောဝါရှုမြင်သကဲ့သို့ ရှုမြင်ရန် ကြိုးစားကြသည်။ “ဘုရားသခင်သည် လူမျက်နှာကို မှတ်တော်မမူ။” (တမန်တော် ၁၀:၃၄၊ ၃၅) ယေဟောဝါသည် လူအမျိုးမျိုးကို ဝမ်းမြောက်ဝမ်းသာ လက်ခံတော်မူ၏။ သို့ဖြစ်၍ သူတို့၏သွေးအမျိုးအစားကြောင့် တချို့သောသူတို့နှင့်ပေါင်းသင်းခြင်းကို ရှောင်မည်ဆိုလျှင် အကျိုးသင့်အကြောင်းသင့်ရှိရာမရောက်သလို ခရစ်ယာန်မဆန်ရာရောက်ပေမည်။ လူတစ်ဦးသည် “တွဲဖက်နိုင်သော” သွေးအမျိုးအစားရှိသူတို့နှင့်သာ လုံးလုံးပေါင်းသင်းမည်ဆိုလျှင်လည်း ထိုနည်း၎င်းပင်။ ကျမ်းစာက ဤသို့သတိပေးထား၏– “လူမျက်နှာကိုထောက်လျှင်၊ [မကောင်းမှု] ကိုပြုသောသူဖြစ်ကြ၏။”—⁠ယာကုပ် ၂:⁠၉

သိပ္ပံနှင့် နည်းပညာတိုးတက်နေသည်နှင့်အမျှ လူ့ခန္ဓာကိုယ်နှင့်ပတ်သက်၍ ဆန်းသစ်သော ရှာဖွေတွေ့ရှိချက်များ၊ သီအိုရီများစွာ ရှိလာသည်။ ယင်းအယူအဆများကို စိတ်ဝင်တစားရှိခြင်းသည် သဘာဝကျပါသည်။ သို့တိုင် ခရစ်ယာန်များသည် လူ့သီအိုရီများကိုမဟုတ်ဘဲ သမ္မာကျမ်းစာကို မိမိတို့၏အတွေးအခေါ်လမ်းပြ ဖြစ်စေရမည်။ အသက်တာကဏ္ဍအားလုံးတွင် ခရစ်ယာန်များသည် “ခပ်သိမ်းသောအရာကိုစုံစမ်း၍၊ ကောင်းသောအရာကို အမြဲကိုင်စွဲကြ” ရန်လိုသည်။—⁠၁ သက်သာလောနိတ် ၅:⁠၂၁