အဘယ်ကြောင့် လမ်းလျှောက်ရသနည်း
အဘယ်ကြောင့် လမ်းလျှောက်ရသနည်း
သန်းပေါင်းများစွာသောလူတို့သည် ရေပူစမ်းအသင်းမဝင်ရလျှင်၊ ကာယလေ့ကျင့်ခန်း များများမလုပ်နိုင်လျှင် လေ့ကျင့်ခန်းလုပ်ရာမှ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများမရရှိနိုင်တော့ပါဟု ယူမှတ်ကြပုံရှိသည်။ သို့သော် ထိုသို့ယူမှတ်ခြင်းသည် မမှန်ပေ။ တောင်ကယ်ရိုလိုင်းနားတက္ကသိုလ်မှ ဒေါက်တာ ရပ်စဲ ပက်တ် က ဤသို့ဆိုသည်– “ညစာစားပြီးတဲ့အခါ အိမ်အနီးအနားမှာ အေးအေးဆေးဆေးလမ်းလျှောက်တာကို တကယ်လုပ်သင့်တဲ့အလုပ်လို့ ကျွန်တော်တို့ တရားဝင်အတည်ပြုရမယ်ထင်ပါတယ်။”
သို့သော် လမ်းလျှောက်ခြင်းသည် သင့်အတွက် တကယ်အကျိုးရှိမည်လော။ လမ်းလျှောက်ခြင်းဖြင့် ကျန်းမာရေးအတွက် တကယ်ထူးခြားသည့် အကျိုးကျေးဇူးများရရှိနိုင်သလော။
လမ်းလျှောက်ခြင်းသည် ဆေးစွမ်းကောင်းတစ်လက်ဖြစ်
ဂရိဆရာဝန် ဟစ်ပိုကရေးတီးစ် သည် လမ်းလျှောက်ခြင်းကို “လူအတွက် အကောင်းဆုံးဆေးဝါး” အဖြစ်ယူမှတ်ခဲ့သည်။ အမှန်ဆိုရလျှင် “ကျွန်ုပ်၌ ဆရာဝန်နှစ်ပါး ဘယ်ခြေထောက်နှင့် ညာခြေထောက်တို့ရှိ၏” ဟူသည့် ဆိုရိုးစကားရှိသည်။ လမ်းလျှောက်ခြင်းသည် တကယ်ပင် ကျန်းမာရေးနှင့်ညီညွတ်သလော။
ပုံမှန်လမ်းလျှောက်ပေးသူများသည် အထိုင်များသူတို့ထက် ဖျားနာမှုပိုနည်းနိုင်သည်ဟု လေ့လာမှုအချို့က အဆိုပြုသည်။ လမ်းလျှောက်ခြင်းသည် နှလုံးရောဂါနှင့် လေဖြတ်ခြင်းအန္တရာယ်များကို လျော့နည်းစေသည်ဟု လေ့လာမှုများကဖော်ပြ၏။ ကိုယ်ခန္ဓာ၏ အင်ဆူလင်အသုံးပြုနိုင်စွမ်းကို တိုးတက်စေခြင်းဖြင့် ဆီးချိုရောဂါကိုလည်း တားဆီးပေးနိုင်သည်။ အရိုးများကို သန်မာစေကာ အရိုးပွရောဂါမဖြစ်စေရန် ကာကွယ်ပေး၏။ လမ်းလျှောက်ခြင်းသည် ကြံ့ခိုင်မှုရှိစေ၏၊ အလွယ်တကူကွေးနိုင်ဆန့်နိုင်စေကာ သက်လုံကောင်း၏။ အလေးချိန်လျော့စေကာ ထိန်းထားပေးနိုင်သည်။ ထို့ပြင် လမ်းလျှောက်ခြင်းသည် အိပ်ကောင်းစေ၏၊ စိတ်အာရုံလှုပ်ရှားမှုကို တိုးတက်ကောင်းမွန်စေကာ စိတ်ဓာတ်ကျခြင်းကိုပင် တိုက်ဖျက်ပေးနိုင်သည်။
လွန်ခဲ့သောနှစ်အနည်းငယ်က တောင်ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသီများက ၁၅ မိနစ်လမ်းလျှောက်ခြင်းသည် စိတ်ငြိမ်ဆေးထက် စိုးရိမ်ပူပန်မှုနှင့် စိတ်ပင်ပန်းမှုကို ပို၍သက်သာစေကြောင်း လူအများပြောပြချက်အရ တွေ့ရှိခဲ့ရသည်! အခြားကာယလှုပ်ရှားမှုများနည်းတူ လမ်းလျှောက်ခြင်းက နာကျင်မှုကိုသက်သာစေသည့် ဦးနှောက်ထဲရှိ အင်ဒေါဖင်န်ထုတ်လွှတ်မှုကို အစပျိုးပေး၏၊ စိတ်ငြိမ်သက်ချမ်းမြေ့စေ၏။
ကနေဒါနိုင်ငံထုတ် မက်ဒီကယ်ပို့စ် ၏အဆိုအရ အေးအေးဆေးဆေး အပျင်းပြေလမ်းလျှောက်ခြင်းပင်လျှင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိနိုင်သည်။ အင်္ဂလန်ဆေးဂျာနယ်သစ် တွင်ပါသည့် လေ့လာမှုတစ်ခုက တစ်နေ့လျှင် မိုင်ဝက်မျှသာ လမ်းလျှောက်ခြင်းသည် အသက်ရှည်စေ၏ဟုဖော်ပြသည်။ မကြာသေးမီကပြုလုပ်သည့် လေ့လာမှုများက တစ်နေ့လျှင် ၁၀ မိနစ်စီကြာသည့် လေ့ကျင့်ခန်းသုံးကြိမ်လုပ်ခြင်းသည် မိနစ် ၃၀ တောက်လျှောက် လေ့ကျင့်ခန်းလုပ်သကဲ့သို့ အကျိုးရှိမည်ဟု အကြံပြုသည်။ ထို့ကြောင့် သင်သည် မိမိသွားလိုသောနေရာနှင့်ဝေးဝေးတွင် ကားရပ်ကာ ကျန်သည့်ခရီးကို လမ်းလျှောက်ရန် စဉ်းစားကောင်းစဉ်းစားပေမည်။ သို့မဟုတ် တစ်နေ့အတွင်း တစ်ချိန်ချိန်တွင် ခဏတစ်ဖြုတ် လမ်းလျှောက်နိုင်ပေမည်။
သုတ်သုတ်လျှောက်ခြင်းမှ ပို၍ပင်အကျိုးများစွာရရှိနိုင်သည်။ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့ရှိ ယူ.အက်စ်. ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနမှ ဒေါက်တာ ကားလ် ကာစပါစန် က ဤသို့ဆိုသည်– “များများထိုင်ရာမှ တစ်ပတ်မှာ ရက်များများ နာရီဝက်ကြာအောင် ခပ်သုတ်သုတ်လမ်းလျှောက်ရင် [ရောဂါ] ရရှိနိုင်တဲ့အန္တရာယ် သိသိသာသာကြီး လျော့နည်းသွားနိုင်တယ်။” ထို့ပြင် လမ်းလျှောက်ခြင်းနှင့်စပ်လျဉ်းသည့် ကောင်းကွက်တစ်ခုမှာ ယင်းကို အသက်အရွယ်မရွေး၊ ကျန်းမာရေးအခြေအနေမရွေး လူတိုင်းလိုလို ပြုလုပ်နိုင်ခြင်းဖြစ်သည်။ ထို့ထက်ကား အထူးသင်တန်းတက်စရာ၊ သို့မဟုတ် အားကစားစွမ်းရည်ရှိစရာမလိုဘဲ သင့်လျော်သောရှူးဖိနပ်တစ်ရန်သာလိုခြင်းဖြစ်သည်။
အကျိုးရှိရှိလမ်းလျှောက်ပါ
သက်သောင့်သက်သာရှိပြီး ပွသောအဝတ်ကိုဝတ်ပါ။ နွေးထွေးမှုရှိရန် အလွယ်တကူချွတ်၍ရသောအင်္ကျီကို ထပ်ဝတ်ပါ။ အောက်ခံပျော့ပြီး ဒေါက်နိမ့်ကာ ခြေချောင်းများအတွက် နေရာချောင်ချောင်ချိချိရှိသော ပျော့ပျောင်းပေါ့ပါးသည့်ရှူးဖိနပ်များစီးပါ။ ယင်းသည် ခါတိုင်းစီးသည့်ဖိနပ်ထက် အနည်းငယ်ပိုကြီးသင့်သည်။ နာရီဝက်ထက်မက လမ်းလျှောက်ရန် သင်အစီအစဉ်ရှိပြီး သင်သွားသည့်လမ်းတွင် သောက်ရေမရှိပါက ရေဘူးသေးသေးတစ်ဘူး ယူသွားလိုပေမည်။ ပထမဆုံးငါးမိနစ်တွင် အေးအေးဆေးဆေးလျှောက်ခြင်းဖြင့် သွေးပူလာအောင်ပြုလုပ်ပါ။ ကိုယ်အနေအထားမတ်မတ်နေကာ တံတောင်ဆစ်နှင့် ဒူးကို အနည်းငယ်ကွေးပါ၊ လက်ကိုမဆုပ်ထားဘဲ လက်ခုပ်သဏ္ဌာန်ပြုလုပ်ထားပါ။
သွေးပူလာပြီးနောက် ခြေဖနောင့်ကို မြေကြီးနှင့်အရင်ထိစေပြီး မကြွဘဲ ခြေချောင်းများကို မြေနှင့်ဆက်လက်ထိစေခြင်းဖြင့် ပင်ကိုအတိုင်း ခြေလှမ်းကျဲကျဲဖြင့် သုတ်သုတ်လျှောက်ပါ။ ထို့ကြောင့် ပျော့ပျောင်းသည့် ရှူးဖိနပ်များလိုသည်။ မှတ်ထားစရာ အတော်များသည်ဟု ထင်ရသလော။ မစိုးရိမ်ပါနှင့်—လူအများသည် ပင်ကိုအားဖြင့် ဤနည်းအတိုင်း လမ်းလျှောက်လေ့ရှိကြသည်။ သင်၏လမ်းလျှောက်နှုန်းသည် အမောဆို့ခြင်းမရှိဘဲ စကားစမြည်ကောင်းစွာပြောဆိုနိုင်စေသင့်သည်။ သင်သည် လမ်းလျှောက်သည့်အကျင့်မရှိသေးလျှင် သင်၏အချိန်၊ အကွာအဝေးနှင့် နှုန်းတို့ကို တဖြည်းဖြည်းတိုးမြှင့်ပေးပါ။ လမ်းလျှောက်ပြီးခါနီးတွင် အရှိန်လျှော့လျှောက်ခြင်းဖြင့် တက်နေသောအပူချိန်ကို လျှော့ချပေးပါ။ *
နှလုံးခုန်နှုန်းနှင့် အသက်ရှူနှုန်းတိုးလာခြင်းသည် အနည်းအကျဉ်းမှ အတော်အသင့်ချွေးထွက်ခြင်းကဲ့သို့ အားစိုက်မှု၏ သာမန်လက္ခဏာများဖြစ်သည်။ ပထမရက်အနည်းငယ်တွင် သင်၏ကြွက်သားများ အထိမခံနိုင်အောင် နာကျင်ကိုက်ခဲပေမည်။ သင့်ကိုယ်ခန္ဓာ၏တုံ့ပြန်မှုကို အာရုံစိုက်ပါ။ ပင်ပန်းလွန်းသည်ဟုခံစားရပါက အရှိန်လျှော့လိုက်ပါ သို့မဟုတ် ခဏနားလိုက်ပါ။ သို့သော် ရင်ဘတ်တင်းကျပ်လာခြင်း သို့မဟုတ် နာကျင်ခြင်း၊ နှလုံးတုန်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ မူးဝေခြင်း သို့မဟုတ် ပျို့အန်ခြင်းတို့ကဲ့သို့သော လက္ခဏာများခံစားရလျှင် လမ်းလျှောက်ခြင်းကို ရပ်ဆိုင်းကာ ချက်ချင်း ဆေးကုသမှုခံယူပါ။ *
လမ်းလျှောက်ခြင်းသည် ကိုယ်ခန္ဓာအား ဒဏ်မဖြစ်စေသောကြောင့် ပြေးခြင်းနှင့် အေရိုးဗစ်ကစားခြင်းထက် အကျိုးပိုရှိနိုင်သည်။ ယင်းကြောင့် အရိုးအဆစ်များနှင့် ကြွက်သားများ ထိခိုက်နာကျင်စရာအကြောင်း ပိုနည်းသည်။ အမှန်ဆိုရလျှင် လမ်းလျှောက်ခြင်းသည် လှုပ်ရှားမှုအားလုံးတွင် အကောင်းဆုံးလှုပ်ရှားမှုဖြစ်သည်ဟု ကာယလေ့ကျင့်ခန်းကျွမ်းကျင်သူများက ထောက်ခံကြသည်။ ထို့ကြောင့် သုခအပေါင်းနှင့်ပြည့်စုံစေရန် လမ်းလျှောက်ပါလေ!
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 12 ကယ်လိုရီများ လောင်ကျွမ်းသွားစေလိုသူများသည် တစ်မိုင်ကို ၂၀ မိနစ်နှုန်းဖြင့်လျှောက်ရာမှ ၁၅ မိနစ်နှုန်းသို့ တိုး၍လျှောက်ပေးပါက တစ်မိနစ်လျှင် ကယ်လိုရီ ၃၀ ရာခိုင်နှုန်း ပိုမိုလောင်ကျွမ်းသွားမည်ဖြစ်သည်။ ၁၅ မိနစ်တစ်မိုင်နှုန်းမှ ၁၂ မိနစ်တစ်မိုင်နှုန်းသို့ တိုးမြှင့်လျှောက်ပေးခြင်းဖြင့် တစ်မိနစ်လျှင် ကယ်လိုရီ ၅၀ ရာခိုင်နှုန်း ပိုလောင်ကျွမ်းသွားမည်ဖြစ်သည်။ ကြံ့ခိုင်မှုအတွက် လမ်းလျှောက်သူအများစုသည် တစ်မိုင်ခရီးကို ၁၂ မိနစ်မှ ၁၅ မိနစ်ခန့်လျှောက်ကြသည်။
^ အပိုဒ်၊ 13 လေ့ကျင့်ခန်းမယူမီ အထူးသဖြင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ သို့မဟုတ် ကျန်းမာရေးအခြေအနေမကောင်းသည့် လက္ခဏာတစ်မျိုးမျိုးရှိလျှင် ဆရာဝန်နှင့်တိုင်ပင်ခြင်းသည် အကောင်းဆုံးဖြစ်မည်။
[စာမျက်နှာ ၁၉ ပါ လေးထောင့်ကွက်]
လမ်းလျှောက်ခြင်းနှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်အချို့
● ရှေ့ပေ ၂၀ အကွာသို့အာရုံစိုက်ကာ သင့်မေးစေ့ကို (မြေကြီးနှင့်အပြိုင်) ထား၍ မတ်မတ်လျှောက်ပါ
● မနှေးမမြန် မှန်မှန်လျှောက်ပါ။ မောဟိုက်လွန်း၍ ပုံမှန်စကားမပြောနိုင်တော့သည်အထိ မြန်မြန်လျှောက်ရမည်ဟု မယူဆပါနှင့်
● သင်၏ခြေလှမ်းများကို မကျဲလွန်းစေပါနှင့်။ ပုံမှန်နှုန်းထက်ပိုမြန်စေရန် ခြေလှမ်းစိပ်စိပ်နှင့် မြန်မြန်လျှောက်ပါ
● တံတောင်ဆစ်ကို ခန္ဓာကိုယ်နှင့်ကပ်လျက် လက်နှစ်ဖက်ကို ရှေ့နောက်လွှဲ၍လျှောက်ပါ။ လက်ကို ဘေးတစ်ဖက်တစ်ချက်သို့ မလွှဲပါနှင့်
● ခြေဖဝါးအပြားလိုက်ချ၍ မလျှောက်ပါနှင့်။ ခြေဖနောင့်ကို အရင်ချပြီးနောက် ရှေ့သို့အဆင့်ဆင့်ချသွားကာ ခြေဖျားဖြင့်အားပြု၍ နောက်တစ်လှမ်းလှမ်းပါ
● အလေးအပင်ပစ္စည်းများ ပိုးထားရန်မလိုပေ။ ယင်းတို့သည် ပင်ကိုသဘာဝ လမ်းလျှောက်ခြင်းကို ဟန်ချက်ပျက်စေကာ အကြောအခြင်မျက်စေနိုင်သည်