မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာကြီးပေါ်တွင် ရောဂါဘယကင်းစင်

ကမ္ဘာကြီးပေါ်တွင် ရောဂါဘယကင်းစင်

ကမ္ဘာကြီးပေါ်တွင် ရောဂါဘယကင်းစင်

“နိုင်ငံတစ်နိုင်ငံရှိ ပြည်သူတို့၏ကျန်းမာရေးကောင်းနေခြင်းသည် အခြားတစ်နိုင်ငံရှိ လူတို့၏ကျန်းမာရေးနှင့် တိုက်ရိုက်ပတ်သက်ပြီး အကျိုးပြုသောကြောင့် တိုင်းနိုင်ငံအားလုံးသည် ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိသင့်ပြီး လူတိုင်းအတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှုပေးသည့်လုပ်ငန်းတွင် ပူးပေါင်း ပါဝင်သင့်သည်။”—အေလ်မာ–အဲ့တာ ကြေညာချက်၊ စက်တင်ဘာ ၁၂၊ ၁၉၇၈။

ကမ္ဘာပေါ်ရှိ လူတိုင်းအတွက် အခြေခံကျန်းမာရေး စောင့်ရှောက်မှုဟူသည် လွန်ခဲ့သည့် နှစ်ဆယ့်ငါးနှစ်က လက်လှမ်းမီနိုင်သည့်ပန်းတိုင် ဖြစ်နိုင်ပုံရှိခဲ့သည်။ ယခု ကာဇတ်စတန်နိုင်ငံဟုခေါ်သည့် အေလ်မာ-အဲ့တာတွင်ကျင်းပသော အခြေခံကျန်းမာရေးစောင့်ရှောက်မှု အပြည်ပြည်ဆိုင်ရာညီလာခံတွင် ကိုယ်စားလှယ်များတွေ့ဆုံကြရာ၌ ၂၀၀၀ ပြည့်နှစ်တွင် လူသားအားလုံးသည် အဓိကကူးစက်ရောဂါများကို ခုခံနိုင်စွမ်းရှိစေရမည်ဟူ၍ သန္နိဋ္ဌာန်ချခဲ့ကြသည်။ ထိုနှစ်တွင် ကမ္ဘာပေါ်ရှိလူသားတိုင်းသည် အခြေခံကျန်းမာသန့်ရှင်းမှုနှင့် သန့်ရှင်းသောသောက်သုံးရေ ရရှိနိုင်လိမ့်မည်ဟုလည်း မျှော်လင့်ထားကြသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗ္ဗလျူအိပ်ခ်ျအို) ဝင်နိုင်ငံအားလုံးသည် အဆိုပါကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ရည်မှန်းချက်ပန်းတိုင်မှာ ချီးမွမ်းထိုက်သော်လည်း အကောင်အထည်မဖော်နိုင်ခဲ့ပါ။ လူတိုင်း အခြေခံကျန်းမာရေးစောင့်ရှောက်မှုမရရှိနိုင်သဖြင့် ကူးစက်ရောဂါများသည် ကမ္ဘာသူကမ္ဘာသား သန်းပေါင်းများစွာကို ခြိမ်းခြောက်နေဆဲပင်။ ဤသေစေနိုင်သည့် ကပ်ရောဂါများသည် ကလေးများအပြင် အရွယ်ကောင်းသည့်လူကြီးများကိုပါ ထိုးနှက်လေ့ရှိသည်။

အေအိုင်ဒီအက်စ်၊ တီဘီနှင့် ငှက်ဖျားစသည့် ညီနောင်သုံးဖော်တို့၏ ခြိမ်းခြောက်မှုကပင် နိုင်ငံများ “ပူးပေါင်းဆောင်ရွက်လိုစိတ်” ရှိလာရန် မသွေးဆောင်နိုင်ခဲ့ပေ။ အေအိုင်ဒီအက်စ်၊ တီဘီနှင့် ငှက်ဖျားရောဂါတို့တိုက်ဖျက်ရေးဆိုင်ရာ ကမ္ဘာ့ရန်ပုံငွေအဖွဲ့ကို မကြာသေးခင်ကမှ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ဤကူးစက်ရောဂါများကို ထိန်းချုပ်နှိမ်နင်းရန် အစိုးရများထံ ဒေါ်လာ ၁၃ ဘီလီယံ တောင်းခံခဲ့သည်။ ၂၀၀၂၊ နွေရာသီတွင် ဒေါ်လာ ၂ ဘီလီယံသာရရှိပြီး ထိုနှစ်တွင်ပင် စစ်အသုံးစရိတ်သည် ဒေါ်လာဘီလီယံ ၇၀၀ နီးပါးကုန်ကျကြောင်း ခန့်မှန်းကြသည်! ဝမ်းနည်းဖွယ်မှာ ယနေ့ ကွဲပြားနေသောနိုင်ငံများကို အများကောင်းကျိုးအတွက် ပေါင်းစည်းစေသည့် ခြိမ်းခြောက်မှုမျိုး နည်းပေသည်။

ကျန်းမာရေးအာဏာပိုင်များသည် ရည်မှန်းချက်ကောင်းရှိကြငြား ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် မိမိတို့၌ပင် အကန့်အသတ်ရှိနေကြောင်း သိရှိခဲ့ကြသည်။ သက်ဆိုင်ရာမှ ငွေကြေးအလုံအလောက် ပေးချင်မှပေးမည်။ ရောဂါပိုးမွှားများသည် ဆေးဝါးများစွာကို ခုခံနိုင်စွမ်းရှိလာကာ လူသားတို့ကလည်း အန္တရာယ်ကြီးသည့်ဘဝပုံစံနောက် ဇွတ်လိုက်နေကြသည်။ ထို့အပြင် ဆင်းရဲခြင်း၊ စစ်ပွဲနှင့် ငတ်မွတ်ခြင်းစသည့် အချို့နိုင်ငံများတွင်ဖြစ်လေ့ရှိသည့် ပြဿနာများက လူသန်းပေါင်းများစွာတို့ထံ ရောဂါများ ဝင်ရောက်လာဖို့ လမ်းခင်းပေးသလိုဖြစ်စေသည်။

ကျွန်ုပ်တို့ကျန်းမာရေးအပေါ် ဘုရားသခင့်စိတ်ဝင်စားမှု

ဖြေရှင်းနည်းတစ်နည်း ရှိပါသည်။ လူသားတို့၏ကျန်းမာရေးကို ယေဟောဝါဘုရားသခင် အလွန်ပင်စိတ်ဝင်စားကြောင်း ထင်ရှားနေသည့် သက်သေအထောက်အထား ကျွန်ုပ်တို့တွင်ရှိသည်။ ကျွန်ုပ်တို့၏ကိုယ်ခံအားက ဤအချက်ကို ထူးထူးခြားခြားသက်သေပြခဲ့ပြီ။ ရှေးဣသရေလလူမျိုးကို ယေဟောဝါပေးခဲ့သည့် ပညတ်များစွာက လူသားများအား ကူးစက်ရောဂါများမှ ကာကွယ်ပေးလိုသည့် ကိုယ်တော်၏ဆန္ဒကို ဖော်ပြနေသည်။ *

ကောင်းကင်ခမည်းတော်၏ ဥပဓိရုပ်တော်ကို ရောင်ပြန်ဟပ်သည့် ယေရှုခရစ်သည်လည်း ဖျားနာသူများကို အလားတူ သနားကြင်နာခဲ့သည်။ ယေရှုနှင့် အနူသည်တစ်ဦး တွေ့ဆုံမှုအကြောင်း မာကု ခရစ်ဝင်ကျမ်းတွင် ဖော်ပြထားသည်။ အနူသည်က “ကိုယ်တော်အလိုရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်” ဟုပြောသည်။ ယေရှုသည် ထိုသူ၏ဝေဒနာနှင့် သူခံစားရသည့်နာကျင်မှုကို မြင်တွေ့သည့်အခါ အလွန်သနားသွားသည်။ “ငါအလိုရှိ၏၊ သန့်ရှင်းစေ!” ဟုယေရှု မိန့်တော်မူလိုက်သည်။—⁠မာကု ၁:၄၀၊ ၄၁ယနေ့အင်္ဂလိပ်ဘာသာပြန်ကျမ်း

ယေရှုသည် လူအနည်းငယ်ကိုသာ အံ့ဖွယ်နည်းဖြင့် ကုသပေးခဲ့ခြင်းမဟုတ်ပါ။ မဿဲခရစ်ဝင်ကျမ်းတွင် ‘ယေရှုသည် . . . ဆုံးမသွန်သင်လျက်၊ ဘုရားသခင့်နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူတို့တွင် အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက် ဂါလိလဲပြည်တစ်ပြည်လုံးကို လှည့်လည်တော်မူ၏’ ဟုဖော်ပြခဲ့သည်။ (မဿဲ ၄:၂၃) ကိုယ်တော်၏ကုသမှုသည် ယုဒနယ်နှင့် ဂါလိလဲနယ်ရှိ ဖျားနာသူများအတွက်လောက်သာမဟုတ်ခဲ့ပါ။ ယင်းကုသမှုများသည် ယေရှုဟောပြောခဲ့သည့် အဘယ်လူသားမျှ ဆန့်ကျင်မည်မဟုတ်သည့် အုပ်ချုပ်မှုဖြစ်သော ဘုရားသခင့်နိုင်ငံတော် အုပ်စိုးသည့်အချိန်တွင် ရောဂါအားလုံး ပျောက်ကွယ်သွားမည်ဖြစ်ကြောင်း ကျွန်ုပ်တို့အား ကြိုတင်အသိပေးခြင်းဖြစ်သည်။

အိပ်မက်မဟုတ်သည့် တစ်ကမ္ဘာလုံးကျန်းမာမှု

တစ်ကမ္ဘာလုံးကျန်းမာမှုသည် မဖြစ်နိုင်ရာမဟုတ်ကြောင်း သမ္မာကျမ်းစာက ကျွန်ုပ်တို့အား အာမခံထားသည်။ ‘ဘုရားသခင့်တဲတော်သည် လူတို့တွင်ရှိ’ မည့်အချိန်ကို တမန်တော်ယောဟန် ကြိုတင်မြင်ခဲ့သည်။ အကျိုးကျေးဇူးအနေဖြင့် “နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။” ယင်းသည် မဖြစ်နိုင်လောက်အောင် ကောင်းလွန်းနေသလော။ နောက်အခန်းငယ်တွင် ဘုရားသခင်ကိုယ်တော်တိုင် ဤသို့ကြေညာထားသည်– “ဤစကားသည် ဟုတ်မှန်သောစကားဖြစ်၏။”—⁠ဗျာ. ၂၁:၃-၅

မှန်ပါသည်၊ ရောဂါဘယများအဆုံးတိုင်ရန် ဆင်းရဲနွမ်းပါးမှု၊ ငတ်မွတ်ဘေးနှင့် စစ်ပွဲများလည်း အဆုံးတိုင်ဖို့လိုသည်၊ ဤကပ်ဘေးများသည် ကူးစက်ရောဂါဖြစ်စေသည့်ပိုးမွှားများနှင့် ဆက်နွှယ်နေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ယေဟောဝါသည် ခရစ်တော်အုပ်စိုးမည့် ကောင်းကင်အုပ်ချုပ်မှုတစ်ခုဖြစ်သည့် ကိုယ်တော့်နိုင်ငံတော်အား ဤတာဝန်ကြီးကို အပ်နှင်းလိုက်သည်။ လူသန်းပေါင်းများစွာ၏ စိတ်ထက်သန်သော ဆုတောင်းချက်များကို ဖြေကြားပေးရန် ဤအုပ်ချုပ်မှု ရောက်လာမည်ဖြစ်ရာ မြေကြီးပေါ်တွင် ဘုရားသခင့်အလိုတော် ဧကန်ပြည့်စုံလာပါလိမ့်မည်။—⁠မဿဲ ၆:၉၊ ၁၀

အဘယ်အချိန်တွင် ဘုရားသခင့်နိုင်ငံတော်လာမည်ဟု မျှော်လင့်နိုင်သနည်း။ ဤမေးခွန်းကို ရည်ညွှန်းကာ ဤနိုင်ငံတော်သည် မကြာမီ အရေးယူလုပ်ဆောင်တော့မည်ဖြစ်ကြောင်း နိမိတ်တစ်ခုကိုပေးမည့် ထူးထူးခြားခြား ဖြစ်ပေါ်ပြောင်းလဲမှုများကို ဤကမ္ဘာပေါ်တွင် ဆက်တိုက်မြင်တွေ့ကြလိမ့်မည်ဟု ယေရှုကြိုပြောခဲ့သည်။ ဤဖြစ်ရပ်များထဲမှ တစ်ခုမှာ ‘အရပ်ရပ်တို့၌ ကာလနာများပြားခြင်း’ ဖြစ်လိမ့်မည်ဟု ကိုယ်တော်ပြောခဲ့သည်။ (လုကာ ၂၁:၁၀၊ ၁၁; မဿဲ ၂၄:၃၊) “ရောဂါကပ်ဘေး” ဟူသည့်ဂရိစကားလုံးသည် “သေစေနိုင်သည့် ကူးစက်ရောဂါမှန်သမျှ” ကိုဆိုလိုသည်။ ၂၀ ရာစုတွင် ဆေးသိပ္ပံတိုးတက်မှုများကြားမှ ကြောက်မက်ဖွယ်ကပ်ရောဂါဖြစ်ပွားမှုများ တွေ့နေရသည်။—⁠“၁၉၁၄ ခုနှစ်မှစ၍ ရောဂါကပ်ဘေးကြောင့် သေဆုံးမှုများ လေးထောင့်ကွက်ကိုရှု။”

ခရစ်ဝင်ကျမ်းတွင်ပါသည့် ယေရှု၏စကားများနှင့်အပြိုင် ဗျာ. ကျမ်း၏ပရောဖက်ပြုချက်တစ်ခုတွင် ယေရှုသည် ကောင်းကင်အာဏာတန်ခိုးကို သိမ်းယူချိန်တွင် ကိုယ်တော်၏နောက်မှ မြင်းစီးသူရဲများစွာလိုက်ပါလာကြောင်း ဖော်ပြထားသည်။ စတုတ္ထမြင်းစီးသူသည် “မြင်းမွဲ” ကိုစီးပြီး သူသည် “နာ၍သေသောဘေး” ကို ချပေးသည်။ (ဗျာ. ၆:၂၊ ၄၊ ၅၊) ၁၉၁၄ ခုနှစ်မှစ၍ အဓိကကူးစက်ရောဂါအချို့ကြောင့် သေဆုံးမှုကိုကြည့်ခြင်းဖြင့် ဤပုံဆောင်မြင်းစီးသူသည် အမှန်ပင် ဒုန်းစိုင်းနေကြောင်းသေချာသည်။ “နာ၍သေသောဘေး” ကြောင့် ကမ္ဘာတစ်ဝန်း ဝေဒနာခံစားနေရခြင်းက ဘုရားသခင့်နိုင်ငံတော်နီးပြီဟူသည့် နောက်ထပ်သက်သေတစ်ခု ဖြစ်သည်။ *—⁠မာကု ၁၃:၂၉

ဆေးသိပ္ပံသည် ကူးစက်ရောဂါဒီလှိုင်းကြီးကို ဆယ်စုနှစ်အနည်းငယ်ကြာ ဟန့်တားထားနိုင်သော်လည်း ရောဂါဒီလှိုင်းအသစ်က ကျွန်ုပ်တို့အား စတင်ခြိမ်းခြောက်လျက်ရှိသည်။ ဤပြဿနာကို အပြီးတိုင်ဖြေရှင်းရန် လူတို့ထက်သာလွန်သော ဖြေရှင်းနည်းလိုသည်မှာ ရှင်းနေပါသည်။ ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်သည် ထိုအတိုင်းပြုလုပ်ပေးမည်ဟု ကတိထားတော်မူ၏။ ဘုရားသခင့်နိုင်ငံတော်အောက်တွင် “မြို့သားကလည်း ငါနာသည်ဟုမဆိုရ။” ထို့အပြင် “[ဘုရားသခင်] သည် သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရား [သခင်] သည်လည်း ခပ်သိမ်းသောမျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်” ဟုဟေရှာယပရောဖက်ပြုချက်က ကျွန်ုပ်တို့အား စိတ်ချစေသည်။ (ဟေရှာယ ၂၅:၈; ၃၃:၂၂၊ ၂၄) အဆိုပါနေ့ အရုဏ်တက်သည့်အခါ ရောဂါဘယများ အဆုံးတိုင်သွားပါလိမ့်မည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 8 မောရှေပညတ်တွင် အညစ်အကြေးစွန့်ခြင်း၊ ကျန်းမာသန့်ရှင်းခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ရောဂါမကူးစက်ရန် သီးခြားနေရခြင်းစသည့် ညွှန်ကြားချက်တို့ပါဝင်သည်။ ဒေါက်တာ အိပ်ခ်ျ အို ဖီးလစ်က သမ္မာကျမ်းစာတွင်ပါသည့် ဖိုမ,ဆက်ဆံရေးဆိုင်ရာအချက်အလက်များ၊ ရောဂါလက္ခဏာများ၊ ကုထုံးများနှင့် ရောဂါကာကွယ်ဆေးများသည် ဟစ်ပိုကရေးတီးစ်၏သီအိုရီများထက် အားကိုးအားထားပြုနိုင်ပြီး အဆင့်မြင့်သည်” ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

^ အပိုဒ်၊ 15 ဘုရားသခင့်နိုင်ငံတော်ရောက်လာချိန် နီးကြောင်း နောက်ထပ်အခြင်းအရာများကို ဆွေးနွေးသုံးသပ်ရန် ယေဟောဝါသက်သေတို့ထုတ်ဝေသည့် ထာဝရအသက်ရစေသည့် အသိပညာစာအုပ် အခန်း ၁၁ ကိုရှု။

[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်]

၁၉၁၄ ခုနှစ်မှစ၍ ရောဂါကပ်ဘေးကြောင့် သေဆုံးမှုများ

ဤကိန်းဂဏန်းများသည် ခန့်မှန်းခြေမျှသာဖြစ်သည်။ သို့ရာတွင် ယင်းတို့သည် ၁၉၁၄ ခုနှစ်မှစ၍ ရောဂါကပ်ဘေးသည် လူသားတို့အား မည်မျှအထိ ခြိမ်းခြောက်လျက်ရှိကြောင်း ဖော်ပြသည်။

ကျောက်ရောဂါ (သန်းပေါင်း ၃၀၀ မှ ၅၀၀ ကြား) ကျောက်ရောဂါအတွက် အစွမ်းထက်သည့်ကုသမှုမရှိခဲ့ပါ။ ၁၉၈၀ ပြည့်နှစ်ရောက်မှသာ နိုင်ငံတကာ အုပ်စုလိုက်ကာကွယ်ဆေးထိုး အစီအစဉ်ကြောင့် ရောဂါကို အမြစ်ဖြတ်နိုင်ခဲ့သည်။

တီဘီ (လူသန်းပေါင်း ၁၀၀ မှ ၁၅၀ ကြား) ခန့်မှန်းခြေအားဖြင့် တီဘီရောဂါကြောင့် နှစ်စဉ် လူနှစ်သန်းသေဆုံးရပြီး ကမ္ဘာပေါ်တွင် လူသုံးဦးတွင် တစ်ဦးခန့်သည် တီဘီပိုးသယ်ဆောင်ထားသည်။

ငှက်ဖျားရောဂါ (သန်း ၈၀ မှ ၁၂၀ ကြား) ၂၀ ရာစုနှစ်၏ပထမနှစ်ဝက်တွင် ငှက်ဖျားရောဂါကြောင့် နှစ်စဉ် လူနှစ်သန်းခန့် သေဆုံးရကြသည်။ ငှက်ဖျားရောဂါကြောင့် နှစ်စဉ် လူတစ်သန်းကျော် သေဆုံးနေဆဲဖြစ်သည့် ဆာဟာရအောက်ပိုင်း အာဖရိကဒေသတွင် ယခု သေဆုံးနှုန်းအမြင့်ဆုံး ဖြစ်နေသည်။

စပိန်တုပ်ကွေး (သန်းပေါင်း ၂၀ မှ ၃၀ ကြား) သမိုင်းအချို့က အသက်ဆုံးမှုသည် ဤထက်ပိုများသည်ဟု ဆိုကြသည်။ ဤမရဏကပ်ရောဂါသည် ပထမကမ္ဘာစစ်ကြီးပြီးနောက်မကြာမီ ၁၉၁၈ နှင့် ၁၉၁၉ ခုနှစ်တွင် ဖြစ်ပွားခဲ့သည်။ ဆင်ထွက်ပလိပ်ရောဂါပင် ဤမျှမြန်မြန် လူများစွာကို မသေဆုံးစေခဲ့ပါ” ဟု လူသားနှင့်ရောဂါပိုးမွှားများစာအုပ်တွင် ဖော်ပြထားသည်။

တိုက်ဖတ်အဖျားရောဂါ (သန်း ၂၀ ခန့်) တိုက်ဖတ်ရောဂါသည် စစ်ပြီးနောက် လိုက်ပါလာလေ့ရှိသည်၊ ပထမကမ္ဘာစစ်ကြီးသည် တိုက်ဖတ်ရောဂါကို အုံကြွစေခဲ့ရာ အရှေ့ဥရောပနိုင်ငံများတွင် အကြီးအကျယ်ပျက်စီးခဲ့သည်။

အေအိုင်ဒီအက်စ် (သန်း ၂၀ ကျော်) ဤခေတ်သစ်ကပ်ရောဂါကြောင့် ယခု နှစ်စဉ် လူသုံးသန်းခန့် သေဆုံးသည်။ ကုလသမဂ္ဂအေအိုင်ဒီအက်စ် တိုက်ဖျက်ရေးအစီအစဉ်မှ နောက်ဆုံးခန့်မှန်းချက်များအရ “ကာကွယ်မှုနှင့်ကုသမှုတို့ကို အဆောတလျင် မဆောင်ရွက်နိုင်ခြင်းကြောင့် ၂၀၀၀ နှင့် ၂၀၂၀ ပြည့်နှစ်ကြားတွင် . . . လူ ၆၈ သန်း သေဆုံးကြလိမ့်မည်” ဟုဖော်ပြထားသည်။

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံများ]

ဘုရားသခင့်နိုင်ငံတော်အောက်တွင် ၎င်းရောဂါဘယများကို ကြောက်စရာမလိုတော့

အေအိုင်ဒီအက်စ်

ငှက်ဖျား

တီဘီ

[Credit Lines]

AIDS: CDC; malaria: CDC/Dr. Melvin; TB: © 2003 Dennis Kunkel Microscopy, Inc.

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ယေရှုသည် ရောဂါဘယနှင့် ချို့တဲ့မှုမှန်သမျှကို ကုသပေးခဲ့