မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ယာဉ်ကျောပိတ်ဆို့မှုဆိုင်ရာ ရူပဗေဒ

ယာဉ်များသည် လမ်းပေါ်တွင် အတန်ကြာအထိ ရပ်လိုက်၊ သွားလိုက်နှင့် အဘယ်ကြောင့် နှေးကွေးရသည်ကို မသိလိုက်ရဘဲ ရုတ်တရက် ပုံမှန်ပြန်ဖြစ်သွားရခြင်းကို စဉ်းစားဖူးသလော။ “ယာဉ်တိုက်မှုမရှိ၊ လမ်းကောင်းလျက်နှင့် ယာဉ်သွားယာဉ်လာနှေးကွေးရသည့် စိတ်ပျက်စရာအခြေအနေအတွက် လက်တွေ့ကျအကြောင်းတရားများရှိသည်” ဟု သည်ဝေါလ်စထရစ်ဂျာနယ်က ဖော်ပြသည်။ “ကားများလုပ်ဆောင်မှုသည် ဓာတ်ငွေ့ထဲရှိ မော်လီကျူးများနှင့် အလွန်တူ၏။” တစ်ခဏမျှ အရှိန်လျှော့သွားခြင်းကပင် နောက်ပြန်ဆုတ်သော “ဖိသိပ်လှိုင်းတစ်ခု” ကိုဖြစ်ပေါ်စေပြီး ယင်းက အနောက်မှကားများကိုလည်း နှေးကွေးသွားစေသည်။ “ခန့်မှန်းချက်တစ်ခုအရ ယာဉ်ကျောပိတ်ဆို့မှုဖြစ်ရသည့် လေးပုံသုံးပုံသည် လက်သည်မပေါ်” ဟုထိုဂျာနယ်ကပင် ဆို၏။ “နာရီပိုင်းလောက်က အကြောင်းရင်းသည် ပေါ်ပေါက်လာကာ ဖြေရှင်းပြီးဖြစ်သော်လည်း ယင်း၏ အကျိုးဆက်သည် ကြာရှည် သက်ရောက်နေတတ်သည်။” မြို့တွင်း ယာဉ်အသွားအလာရှင်းနေသည့်အခါ ပိတ်ဆို့မှုကိုရှောင်ရန် တခြားလမ်းမှသွားခြင်းသည် အဆင်ပြေနိုင်မည်။ သို့သော် လမ်းများပေါ်တွင် ကားများပြည့်ကျပ်နေပြီး တခြားယာဉ်မောင်းများကလည်း သင့်နည်းတူ လမ်းကြောင်းပြောင်းမောင်းကြရာ “အမြန်လမ်းကိုရှာတွေ့နိုင်မည့်အလားအလာမှာ ကုန်ပဒေသာဆိုင်၏ငွေသိမ်းကောင်တာတွင် အမြန်ဆုံးငွေချေနိုင်သောလိုင်းကို လိုက်ရွေးသည်နှင့်မခြားလှပေ” ဟုထိုဆောင်းပါးက ဆိုသည်။ “အေးဆေးသောယာဉ်မောင်းများသည် အမြန်ဆုံးမောင်းနိုင်သည့်လမ်းကို အပူတပြင်းရှာမောင်းသော ယာဉ်မောင်းများထက် အမှန်ပင် ပို၍ခရီးတွင်တတ်သည်။”

နီကိုတင်း စစွဲချိန်

“ဆယ်ကျော်သက်တစ်ဦးသည် စီးကရက်ကို ဦးဆုံး တစ်ဖွာရှိုက်လိုက်သည်နှင့် စွဲသွားနိုင်၏” ဟု ကနေဒါနိုင်ငံ၏ နေရှယ်နယ်လ်ပို့စ်သတင်းစာက ဖော်ပြသည်။ “ဤအထူးတွေ့ရှိချက်များသည် နှစ်ပေါင်းများစွာ ဆေးလိပ်အလွန်အကျွံသောက်ပြီးမှသာ တဖြည်းဖြည်း နီကိုတင်းစွဲသွားသည်ဟူသော လူအများ၏အမြင်နှင့် ပြောင်းပြန်ဖြစ်နေသည်။” သုတေသီများသည် ဆယ်ကျော်သက် ၁,၂၀၀ ကျော်ကို ခြောက်နှစ်နီးပါး လေ့လာသုံးသပ်ရာတွင် “ဆေးလိပ်သောက်ခဲသူများကြား၌ပင် စွဲခြင်းသည် ရွယ်တူချင်းဖိအားထက် ပို၍ပြင်းထန်သည်” ဟုထိုသတင်းစာကဆို၏။ လေ့လာသုံးသပ်ချက်အရ “စီးကရက်ကို ဦးဆုံးစသောက်သူများနှင့် နေ့စဉ် ဆေးလိပ်သောက်သော လူငယ်အများကြားတွင် နီကိုတင်းစွဲသည့် လက္ခဏာများ တွေ့ ရှိရသည်။” ဆေးလိပ်သောက်ရန် ဖိအားပေးခံရသော လူငယ်များ ယင်းကို ငြင်းဆန်နိုင်ဖို့သာမက နီကိုတင်းစွဲသူများ ဆေးလိပ်ဖြတ်နိုင်ကြဖို့ ဆေးလိပ်တားဆီးရေး စီမံချက်များကို အလိုက်သင့်ပြုလုပ်ပေးသင့်သည်ဟု သုတေသီများကဆိုသည်။

အသန့်ရှင်းလွန်ခြင်းသည် အလွန်သန့်ရှင်းခြင်းလော

တစ်နေ့တာအကုန်ပိုင်းတွင် အချိန်ကြာကြာ ရေနွေးနှင့်ရေချိုးခြင်း သို့မဟုတ် ရေစိမ်ခြင်းသည် လူအများနှစ်သက်သော လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်သည်။ သို့သော် “အသန့်ရှင်းလွန်ခြင်းကြောင့် အရေပြားရောဂါများ ဖြစ်ပေါ်နိုင်သည်” ဟု ဩစတြေးလျ နေ့စဉ်သည်ဒေးလီးတယ်လီဂရပ်ဖ် သတင်းစာက သတိပေးသည်။ “လူတို့သည် ရေပန်းဖြင့် အချိန်ကြာမြင့်စွာ မကြာခဏရေချိုးပြီး မိမိတို့အရေပြားနှင့်မတည့်သော အရေပြားသန့်စင်ပစ္စည်းများကို အသုံးပြုကြသည်။” အရေပြားရောဂါအထူးကုဆရာဝန် မာဂါန်အင်ဒရူးစ်က ဤသို့ရှင်းပြသည်– “ကျွန်ုပ်တို့အားလုံး အလွန်သန့်ရှင်းလိုကြသည်၊ သို့သော် အလွန်သန့်ရှင်းခြင်းသည် အရေပြားကို ပျက်စီးစေ၏။ . . . လူတို့သည် မိမိတို့ဘာသာအကြိုက်တွေ့နေကြသော်လည်း အမှန်မှာ အရေပြားကို ဖျက်ဆီးနေကြခြင်းဖြစ်သည်။” အဘယ်ကြောင့်နည်း။ အကြောင်းမှာ အလွန်အမင်းရေချိုးခြင်းအလေ့အထသည် အရေပြားပေါ်ရှိ “သဘာဝအဆီများကို ခန်းသွားစေရာ အရေပြားကို ကာကွယ်ပေးသည့် အဏုဇီဝရုပ်များကို ပျက်စီးစေသည်၊ ကိုယ်ခန္ဓာ၏အကြီးဆုံးအင်္ဂါဖြစ်သည့် အရေပြားကို ပါးလွှာအက်ကွဲစေပြီး အမာရွတ်ထင်ကျန်စေသည်” ဟုအဆိုပါသတင်းစာက ဖော်ပြ၍ ခြောက်သွေ့သောဆောင်းရာသီသည် “အထူးဂရုစိုက်ရမည့် အချိန်ဖြစ်သည်” ဟုလည်း ထောက်ပြ၏။ တစ်နေ့လျှင် တစ်ခဏသာ ရေချိုးပါဟူ၍ အင်ဒရူးစ်က အကြံပြု၏။

ဘေးသင့်စေသောအကြံပြုချက်

“၁၉၇၀ ပြည့်လွန်နှစ်များမတိုင်မီက ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အနောက်ဘင်္ဂလား [အိန္ဒိယ] တို့မှ ရွာအများစုသည် ရေတွင်းတိမ်တိမ်လေးများ တူး၍ဖြစ်စေ၊ ရေကန်များ သို့မဟုတ် မြစ်ချောင်းများမှဖြစ်စေ ရေကို ခပ်ယူသုံးစွဲကြသည်၊ ထို့အတွက် ကာလဝမ်းရောဂါ၊ ဝမ်းကိုက်ရောဂါနှင့် ရေကြောင့်ကူးစက်ပျံ့နှံ့သော တခြားရောဂါများ အမြဲပင်ဖြစ်တတ်သည်” ဟု အပတ်စဉ်ဂါးဒီးယန်း သတင်းစာက ဖော်ပြသည်။ “သို့ဖြစ်၍ သန့်ရှင်းစင်ကြယ်ပြီး ရောဂါပိုးကင်းသည့်ရေ ရရှိရန် ရေအောင်းလွှာများ (ရေစိမ့်သန်သည့် ရေဆောင်ကျောက်လွှာထု) မှ ‘အဝီစိတွင်း’ နက်များကို တူးကြဖို့ ယူအဲန်က အကြံပြုခဲ့သည်။” ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ နီပေါ၊ တရုတ်၊ ပါကစ္စတန်၊ ကမ္ဘောဒီးယားနှင့် အိန္ဒိယနိုင်ငံ၏အနောက်ဘင်္ဂလားတို့တွင် အဝီစိတွင်းပေါင်းသန်း ၂၀ နီးပါး တူးခဲ့ကြ၏။ သို့သော် ဤတွင်းအများစုသည် မြေမျက်နှာပြင်အောက် အနက်တွင်တည်ရှိသည့် စိန်ဓာတ်အဆိပ် (အာဆီနစ်) အနည်ကျ ကျောက်လွှာများတွင် အဆုံးသတ်သွားသည်။ ရလဒ်မှာ “သမိုင်းတွင် လူထုကို ဘေးသင့်စေသည့် ကမ္ဘာ့အကြီးကျယ်ဆုံး အဆိပ်သင့်မှုကြီး” ဟူ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခေါ်ဆိုသည့် စိန်ဓာတ်အဆိပ်သင့်မှုကို အကြီးအကျယ်ခံစားရကြသည်။ လွန်ခဲ့သောအနှစ်,နှစ်ဆယ်အတွင်း လူပေါင်းသန်း ၁၅၀ ခန့်သည် ဤအဆိပ်သင့်ရေကို သောက်သုံးခဲ့ကြ၏။ ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံတည်း၌ပင် လူပေါင်း ၁၅,၀၀၀ တို့သည် အကြီးအကျယ် စိန်ဓာတ်အဆိပ်သင့်လျက်ရှိ၏။ ဒေသန္တရအုပ်စုများ၊ အစိုးရများနှင့် ယူအဲန်တို့သည် နည်းလမ်းများကို စဉ်းစားလာခဲ့ကြသော်လည်း ထိုအခြေအနေမျိုး ပပျောက်သွားစေမည့် ထိရောက်သည့်နည်းစနစ် မတွေ့ရှိသေးပေ။

ကလေး မိမိကိုယ်ကိုသတ်သေမှု သတိပေးချက်

“မိမိကိုယ်ကိုသတ်သေရန် ကြိုးစားသည့် သို့မဟုတ် သတ်သေသည့်ကလေး ရှစ်ဆယ်ရာခိုင်နှုန်းသည် ရက်လချီ၍ နှုတ်အားဖြင့်၊ စာအားဖြင့် ကြိုတင်အသိပေးတတ်ကြသည်” ဟုမက္ကဆီကိုမြို့တော်သတင်းစာ မီလဲန်ယိုက ဖော်ပြသည်။ လူလားမမြောက်သေးသူတို့ အသက်ရှင်လိုစိတ် မရှိရသည့် အဓိကအကြောင်းရင်းများမှာ (ကိုယ်ထိလက်ရောက်အားဖြင့်၊ စိတ်ပိုင်းဆိုင်ရာအားဖြင့်၊ နှုတ်အားဖြင့်) နှိပ်စက်ခံရမှု၊ လိင်ဆိုင်ရာမတော် မတရားပြုကျင့်ခံရမှု၊ မိသားစုပြိုကွဲမှုနှင့် ကျောင်းတွင်းပြဿနာများကြောင့်ဖြစ်၏။ မက္ကဆီကန်လူမှုဖူလုံရေးအဖွဲ့အစည်းမှ စိတ်ရောဂါအထူးကု ဟိုဆေ လူအီစ် ဘာစ်ကေစ်၏အဆိုအရ ရုပ်မြင်သံကြားနှင့် ရုပ်ရှင်များ၊ ဗီဒီယိုဂိမ်းများနှင့် စာအုပ်များတွင် သေခြင်းတရားသည် နေ့စဉ်ဖြစ်ပျက်လျက်ရှိရာ ကလေးများတွင် အသက်၏တန်ဖိုးနှင့်ပတ်သက်၍ အယူအဆမှားများ ကိန်းအောင်းလာလေသည်။ အသက်ရှစ်နှစ်နှင့် ဆယ်နှစ်ကြားရှိ ကလေး ၁၀၀ တွင် ၁၅ ဦးသည် မိမိကိုယ်ကိုသတ်သေလိုစိတ်ရှိကြပြီး သူတို့အနက် ၅ ရာခိုင်နှုန်းသည် သတ်သေလျက်ရှိကြသည်ဟု ထပ်ဆင့်ဆို၏။ ကလေးများက မိမိကိုယ်ကို သတ်သေမည်ဟုဆိုသောအခါ ခြောက်လှန့်ခြင်းဖြစ်မည်၊ သို့မဟုတ် သူတို့အား ဂရုပြုရန် လုပ်ကြံဖန်တီးခြင်းဖြစ်မည်ဟု ဘေးချိတ်ထားမည့်အစား ဂရုပြုကြရန် ထိုသတင်းစာက အကြံပြု၏။ ၎င်းသတင်းစာကပင် ဤသို့ထပ်ဖြည့်သည်– “မိဘတို့၊ ကလေးများကို အချိန်ပေးပြီး သူတို့နှင့်အတူ ကစားကြပါ၊ ဆက်သွယ်ရေးလမ်းကြောင်း မပြတ်တောက်စေပါနှင့်၊ သူတို့ကို အမြဲမေတ္တာပြကြပါ။”

ဒေါသကြီးခြင်း သင့်အတွက် မကောင်း

အီတလီနိုင်ငံ၊ ပက်ဒဝါတက္ကသိုလ်မှ စိတ်ပညာဆရာ ဗားလဲန်တီနား ဒူရ်ဆို၏အဆိုအရ “ကျွန်ုပ်တို့လူ့ဘောင်တွင် ဒေါသကြီးခြင်းသည် တိုးများလာနေသော ဖြစ်ရပ်ဆန်းတစ်ခုဖြစ်သော်လည်း ယင်းသည် ခန္ဓာအဖွဲ့အစည်းကို ဘေးသင့်စေနိုင်သည်။” ကြွက်သားများ တင်းမာကာ နှလုံးခုန်နှုန်းနှင့် အသက်ရှူနှုန်း မြန်လာပြီး ကိုယ်ခန္ဓာတစ်ခုလုံး တောင့်တင်းသွား၏။ ဒေါသကြီးခြင်းသည် စဉ်းစားဆင်ခြင်နိုင်စွမ်းကိုလည်း ထိခိုက်စေနိုင်ပြီး မိမိ၏လုပ်ရပ်များအပေါ် ချုပ်တည်းနိုင်မှု လျော့နည်းစေနိုင်၏။ “အန္တရာယ်ဖြစ်လာနိုင်မည့်အခြေအနေမျိုးကို ကြိုမြင်ထားပါ။ . . . တည်တည်ငြိမ်ငြိမ်နှင့် ‘သဘောမတူဘူး’ ဟုချက်ချင်းသာပြောလိုက်ပါလေ၊ စိတ်သက်သက်သာသာနှင့် ဆက်အသက်ရှင်သွားနိုင်မည်” ဟူ၍ ဒူရ်ဆိုက အကြံပြုသည်။

ဖိစီးမှုခံနေရသော ဆရာဝန်များ

ကနေဒီယံဆေးဘက်ဆိုင်ရာအဖွဲ့အစည်းသည် မကြာသေးမီက နိုင်ငံတစ်ဝန်းရှိ ဆရာဝန် ၂,၂၅၁ ဦးကို စစ်တမ်းကောက်ယူကြည့်ရာ “၄၅.၇ ရာခိုင်နှုန်းသည် သူတို့အလုပ်တွင် စိတ်ပင်ပန်းမှု၊ အပြစ်ချည်းသာမြင်မှုနှင့် အကျိုးမရှိဟူသောခံစားမှုများကြောင့် ကိုယ်ရောစိတ်ပါ ချုံးချုံးကျလျက်ရှိကြောင်း တွေ့ရှိရသည်” ဟုဗဲန်ကူးဗားဆန်းသတင်းစာက ဆို၏။ ဗြိတိသျှကိုလံဘီယာ ဆရာဝန်ထောက်ပံ့ရေးအစီအစဉ် ညှိနှိုင်းရေးမှူး ဒေါက်တာပေါလ် ဖာရ်နန်၏အဆိုအရ ဆရာဝန်များစွာ ဖိစီးမှုခံစားရသည့် အကြောင်းရင်းများတွင် ခွင့်ရက်လိုချင်သည့်အခါ အစားထိုးဆရာဝန်ရှာမတွေ့ခြင်း၊ အရေးပေါ်တာဝန်အတွက် တရားလွန်တောင်းဆိုခြင်းနှင့် ရုံးစာလုပ်ငန်းတွင် အလုပ်များလွန်ခြင်းတို့ပါဝင်သည်။ ထို့ကြောင့် ဒေါက်တာဖာရ်နန်သည် ဖိစီးမှုခံစားနေရသော ဆရာဝန်များအား မိမိတို့မိသားစုများကို အချိန်ပေးခြင်းဖြင့်လည်းကောင်း၊ စိတ်ချမ်းသာပြီး ဝိညာဉ်ရေးကျေနပ်မှုပေးသည့် လှုပ်ရှားမှုများတွင် ပါဝင်ခြင်းဖြင့်လည်းကောင်း မိမိတို့အသက်တာကို ဟန်ချက်ညီစေရန် အားပေးခဲ့သည်။