မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျန်းမာရေးပိုကောင်းရန် ရေရှည်တိုက်ပွဲ

ကျန်းမာရေးပိုကောင်းရန် ရေရှည်တိုက်ပွဲ

ကျန်းမာရေးပိုကောင်းရန် ရေရှည်တိုက်ပွဲ

နယူးယောက်မြို့တွင် နေထိုင်သူ ဂျိုအဲန်းသည် တီဘီရောဂါသည် ဖြစ်၏။ သို့ရာတွင် သူ၏ရောဂါမှာ တကယ့်တီဘီရောဂါစစ်စစ်တော့ မဟုတ်ချေ။ ဆေးဝါးအားလုံးကို ခုခံနိုင်စွမ်းရှိပြီး လူနာထက်ဝက်ကို သေစေနိုင်သည့် အသွင်ပြောင်းရောဂါပိုးမျိုးဖြစ်၏။ ဂျိုအဲန်းသည် မှန်မှန် ဆေးကုသမှုမခံယူသဖြင့် အနည်းဆုံးတစ်ကြိမ် တီဘီရောဂါ ကူးစက်ပြန့်ပွားစေခဲ့ပြီ။ ထို့ကြောင့် ‘သူ့ကို ပိတ်လှောင်ထားသင့်တယ်’ ဟု စိတ်အလိုမကျသည့် သူ၏ဆရာဝန်က ပြောခဲ့သည်။

တီဘီရောဂါသည် သက်တမ်းရင့်လှပြီဖြစ်သည့် လူသတ်ကောင်ဖြစ်သည်။ တီဘီရောဂါကြောင့် ဝေဒနာခံစားရပြီး သေဆုံးခဲ့ကြရသူ သန်းပေါင်းများစွာရှိပြီ။ ရှေးခေတ်အီဂျစ်နှင့် ပီရူးနိုင်ငံတို့မှ မမ်မီများတွင် ဤရောဂါကို တွေ့ရှိခဲ့ကြရသည်။ ယနေ့ တစ်ကျော့ပြန်ပေါ်လာသော တီဘီရောဂါကြောင့် နှစ်စဉ် လူနှစ်သန်းခန့် သေဆုံးနေကြရသည်။

အာဖရိကနိုင်ငံမှ တဲလေးတစ်ခုတွင် ကလေးခုတင်ပေါ်လှဲလျောင်းနေသည့် ကာလီတိုစ်၏နဖူးပေါ်တွင် ချွေးစို့နေသည်။ ငှက်ဖျားရောဂါကြောင့် ငိုပင်မငိုနိုင်အောင် အလွန်အားယုတ်နေ၏။ စိုးရိမ်ပူပန်နေသည့် သူ၏မိဘများမှာ ဆေးဖိုးဝါးခမရှိ၊ မိမိတို့၏ကလေးငယ် ဆေးကုသမှုခံယူနိုင်မည့် ဆေးခန်းလည်း အနီးအနားတွင်မရှိ ဖြစ်နေသည်။ အဖျားမကျနိုင်ဘဲ ၄၈ နာရီအတွင်း သူသေဆုံးသွားရှာသည်။

ကာလီတိုစ် ကဲ့သို့ပင် နှစ်စဉ် ကလေးတစ်သန်းနီးပါး ငှက်ဖျားရောဂါကြောင့် သေဆုံးနေကြရသည်။ အာဖရိကအရှေ့ပိုင်းရှိ ကျေးရွာများတွင် ကလေးတိုင်းလိုလို တစ်လလျှင် အကြိမ်ပေါင်း ၅၀ မှ ၈၀ အထိ ငှက်ဖျားပိုးသယ်ဆောင်သည့်ခြင် ကိုက်သည်ကိုခံနေရသည်။ ၎င်းခြင်များသည် နယ်မြေသစ်များသို့ ပြန့်ပွားသွားလျက်ရှိရာ ငှက်ဖျားတိုက်ဖျက်ဆေးများလည်း ထိရောက်မှုလျော့နည်းသွားသည်။ ခန့်မှန်းခြေအရ နှစ်စဉ် လူသန်းပေါင်း ၃၀၀ ခန့်သည် ပြင်းထန်သည့်ငှက်ဖျားရောဂါ ခံစားနေကြရသည်။

၁၉၈၀ ပြည့်နှစ်တွင် ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုတွင်နေထိုင်သူ အသက် ၃၀ အရွယ်ရှိ ကဲနက်သ်သည် ဆရာဝန်ထံ ပထမအကြိမ်သွားခဲ့သည်။ သူသည် ဝမ်းလျှောပြီး မောပန်းနေကြောင်းပြောခဲ့သည်။ နောက်တစ်နှစ်တွင် သူသေဆုံးသွား၏။ ကျွမ်းကျင်သည့် ဆရာဝန်များက ဆေးကုပေးခဲ့သော်လည်း သူသည် ပိန်ချုံးလာပြီး နောက်ဆုံး အဆုတ်ရောင်နာဖြင့် သေဆုံးလေသည်။

နောက်နှစ်နှစ်အကြာတွင် ဆန် ဖရန်စစ္စကိုမြို့နှင့် မိုင် ၁၀,၀၀၀ ဝေးသည့် မြောက်ပိုင်းတန်ဇန်းနီးယားမှ အမျိုးသမီးငယ်တစ်ဦးသည် အလားတူရောဂါလက္ခဏာများ ခံစားခဲ့ရသည်။ သီတင်းပတ်အနည်းငယ်အတွင်း သူလမ်းမလျှောက်နိုင်တော့ချေ၊ မကြာမီ သေဆုံးသွားခဲ့သည်။ ရွာသားများက ဤရောဂါဆန်းကို ဂျူလီယာနာရောဂါဟု အမည်ပေးခဲ့ကြ၏၊ အကြောင်းမှာ ဂျူလီယာနာဟူသောအထည်တံဆိပ်ဖြင့် အထည်ရောင်းသည့်အမျိုးသားမှ သူနှင့် အခြားဒေသခံအမျိုးသမီးများ ရောဂါကူးစက်ခဲ့ပုံရှိ၏။

ကဲနက်သ်နှင့် တန်ဇန်းနီးယားအမျိုးသမီးတို့သည် အေ့ဒ်စ်ရောဂါ ခံစားခဲ့ကြရသည်။ ၁၉၈၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် ဆေးသိပ္ပံသည် ကြောက်မက်ဖွယ်အကောင်းဆုံး ရောဂါပိုးများကို နှိမ်နင်းနိုင်ပြီဟု ယူဆရချိန်တွင်ပင် ဤကူးစက်ရောဂါဆန်း ခေါင်းထောင်လာလေတော့သည်။ ဆယ်စုနှစ် နှစ်ခုအတွင်း၌ အေ့ဒ်စ်ရောဂါသည် ၁၄ ရာစုတွင် ဥရောပအာရှတစ်ခွင် ပျံ့နှံ့သွားခဲ့သည့် ဥရောပသားများ မမေ့ပျောက်နိုင်သော ပလိပ်ရောဂါနှင့်အပြိုင် လူသေဆုံးစေသည်။

ဘလက်ခ်ဒက်သ်ခေါ် ပလိပ်ရောဂါဆိုး

ဘလက်ခ်ဒက်သ်ဟုခေါ်ခဲ့သည့် ဤပလိပ်ရောဂါသည် ခရိုင်မီးယားမှသင်္ဘောတစ်စင်း စီစလီကျွန်းပေါ်ရှိ မက်စီးနားမြို့တွင် ဆိုက်ခဲ့သည့် ၁၃၄၇ ခုနှစ်တွင် စဖြစ်ပွားခဲ့ကြောင်း ခြေရာကောက်နိုင်ခဲ့၏။ ထိုသင်္ဘောပေါ်တွင် ပုံမှန်ကုန်စည်နှင့်အတူ ပလိပ်ရောဂါလည်း ပါလာခဲ့၏။ * မကြာမီတွင် အီတလီနိုင်ငံတစ်ဝန်း ပလိပ်ရောဂါ ပြန့်ပွားသွားလေတော့သည်။

နောက်နှစ်တွင် အီတလီနိုင်ငံ၊ စီအဲနာမြို့မှ အဲဂ်နိုလို ဒီ တူရာက မိမိဒေသမှ ထိတ်လန့်ဖွယ်အဖြစ်အပျက်ကို ဤသို့ပြောပြသည်– ‘စီအဲနာမှာ မေလကစပြီး လူအသေအပျောက်ရှိခဲ့တယ်။ ပလိပ်ရောဂါဟာ တကယ်ရက်စက်ပြီး ကြောက်စရာကောင်းတဲ့ ရောဂါဖြစ်တယ်။ လူနာတွေ ချက်ချင်းသေသွားကြတယ်။ နေ့ရောညပါ လူတွေ ရာနဲ့ချီပြီး သေခဲ့ကြတယ်။ ကျွန်တော့်ကလေးငါးယောက်ကို ကျွန်တော်ကိုယ်တိုင် မြေမြှုပ်ခဲ့ပြီး တခြားသူတွေလည်း ဒီလိုပဲ လုပ်ကြတယ်။ အားလုံးလိုလို သေဖို့ပဲရှိတဲ့အတွက် တစ်ယောက်မှ မငိုကြဘူး။ သေတဲ့လူများလွန်းလို့ အားလုံးက ကမ္ဘာဆုံးတော့မယ်လို့ ထင်ခဲ့ကြတာ။’

ပလိပ်ရောဂါသည် လေးနှစ်အတွင်း ဥရောပတစ်ခွင် ပျံ့နှံ့သွားခဲ့ရာ လူဦးရေ သုံးပုံတစ်ပုံနီးပါး၊ သန်းပေါင်း ၂၀ မှ ၃၀ ကြားသေဆုံးခဲ့ကြသည်။ အလွန်အလှမ်းဝေးသည့် အိုင်စလန်တွင်ပင် လူအမြောက်အမြား သေဆုံးခဲ့သည်။ ပလိပ်ရောဂါနှင့် တစ်ချိန်တည်းဖြစ်ပွားသည့် ငတ်မွတ်ဘေးကြောင့် အရှေ့ဖျားဒေသမှ တရုတ်လူဦးရေမှာ ၁၃ ရာစုအစတွင် ၁၂၃ သန်းရှိရာမှ ၁၄ ရာစုတွင် ၆၅ သန်းအထိ ကျဆင်းသွားသည်ဟုဆို၏။

ကူးစက်ရောဂါ၊ စစ်ပွဲ သို့မဟုတ် ငတ်မွတ်ဘေးတို့ကြောင့် ယခင်က ဤမျှကြီးမားသောဆုံးရှုံးမှု မဖြစ်ခဲ့ဖူးချေ။ “လူ့သမိုင်းတွင် ဤကပ်ဘေးနှင့် ထပ်တူထပ်မျှကြီးမားသော ကပ်ဘေးမဖြစ်ခဲ့ဖူးပါ။ ဥရောပ၊ အာဖရိကမြောက်ပိုင်းနှင့် အာရှဒေသအချို့တွင် လူ ၂၅ မှ ၅၀ ရာခိုင်နှုန်းခန့် သေဆုံးခဲ့သည်” ဟု လူသားနှင့်ရောဂါပိုးမွှားများစာအုပ်တွင် ဖော်ပြထားသည်။

အမေရိကတိုက်သည် ကမ္ဘာ့အခြားတိုက်များနှင့် သီးခြားဖြစ်နေခြင်းကြောင့် ထိုဘလက်ခ်ဒက်သ်၏ ဖျက်ဆီးမှုဒဏ် မခံလိုက်ရပါ။ သို့ရာတွင် မကြာမီ ပင်လယ်ကူးသင်္ဘောများ ရောက်လာသည်နှင့် ထိုတိုက်သည် သီးခြားဖြစ်မနေတော့ချေ။ ၁၆ ရာစုတွင် ကူးစက်ရောဂါများ ဖြစ်ပွားခဲ့ရာ ယင်းကြောင့် ပလိပ်ရောဂါထက် အသေအပျောက် ပိုများလေတော့သည်။

အမေရိကတိုက်တွင် ကျောက်ရောဂါအောင်ပွဲခံ

၁၄၉၂ ခုနှစ်တွင် အနောက်အင်းဒီးစ်သို့ ကိုလံဘတ်စ် ရောက်ရှိလာသောအခါ ထိုတိုင်းရင်းသားများကို ‘ရုပ်ဖြောင့်၍ အရပ်အမောင်းအလယ်အလတ်ရှိပြီး အားကောင်းမောင်းသန်သူများ’ ဖြစ်သည်ဟု သူဖော်ပြသည်။ သူတို့သည် ကျန်းမာသည့်အသွင်အပြင်ရှိကြသော်လည်း ကမ္ဘာ့အရှေ့ခြမ်းမှ ပါလာသောရောဂါများကို ခုခံနိုင်စွမ်းမရှိကြပေ။

၁၅၁၈ ခုနှစ်၌ ဟစ္စပန်နီအိုလာကျွန်းပေါ်တွင် ကျောက်ရောဂါဖြစ်ပွားခဲ့သည်။ အမေရိကန်တိုင်းရင်းသားများသည် ယခင်က ကျောက်ရောဂါ တစ်ခါမျှ မဖြစ်ခဲ့ဖူးသဖြင့် ကပ်ဆိုက်လေတော့သည်။ စပိန်လူမျိုး မျက်မြင်သက်သေတစ်ဦးက ၎င်းကျွန်းပေါ်တွင် လူတစ်ထောင်သာ ထိုကပ်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း ခန့်မှန်းသည်။ မကြာမီ ထိုကူးစက်ရောဂါသည် မက္ကစီကိုနှင့် ပီရူးနိုင်ငံများသို့ ပျံ့နှံ့သွားလေသည်။

နောက်ရာစုနှစ်တွင် မြောက်အမေရိကရှိ မက်ဆာချူးဆက်ဒေသသို့ ပီလ်ဂရင်းမ်ခေါ် ခရီးလှည့်လည်သွားလာသူများ ရောက်ရှိလာသောအခါ ကျောက်ရောဂါကြောင့် ဒေသခံအားလုံးနီးပါး သေဆုံးကုန်ကြောင်းတွေ့ရှိရသည်။ ပီလ်ဂရင်းမ်ခေါင်းဆောင် ဂျွန် ဝင်သရော့ပ်က “ကျောက်ရောဂါကြောင့် တိုင်းရင်းသားအားလုံးနီးပါး သေဆုံးခဲ့ကြတယ်” ဟုရေးသားခဲ့သည်။

ကျောက်ရောဂါဖြစ်ပွားပြီးနောက်တွင် အခြားကူးစက်ရောဂါများ ထပ်ဖြစ်ပွားသေးသည်။ စာစောင်တစ်ခုအရ ကိုလံဘတ်စ်ရောက်ရှိလာပြီးနောက် ရာစုတစ်ခုခန့်တွင် တိုင်းတစ်ပါးမှရောဂါများကြောင့် အနောက်တိုင်းလူဦးရေ ၉၀ ရာခိုင်နှုန်း သေဆုံးခဲ့သည်။ မက္ကဆီကိုနိုင်ငံ၏လူဦးရေမှာ သန်းပေါင်း ၃၀ မှ ၃ သန်းအထိ လျော့နည်းသွားပြီး ပီရူးနိုင်ငံတွင်မူကား ၈ သန်းမှ တစ်သန်းသာကျန်ရှိတော့သည်။ အမေရိကန်တိုင်းရင်းသားတို့သာ ကျောက်ရောဂါရခဲ့သည်မဟုတ်ပါ။ ကပ်ဘေးကြီး—⁠ယခင်နှင့်အနာဂတ်တွင် ကျောက်ရောဂါ၏ ခြိမ်းခြောက်မှု စာအုပ်က “လူ့သမိုင်းတစ်လျှောက် ကျောက်ရောဂါသည် ပလိပ်ရောဂါ . . . နှင့် နှစ်ဆယ်ရာစုရှိ စစ်ပွဲအားလုံးတို့ထက် လူသန်းပေါင်း ရာနှင့်ချီပြီး သေဆုံးစေခဲ့သည်” ဟုဖော်ပြထားသည်။

တိုက်ပွဲမပြီးဆုံးသေး

ယခုတွင် ပလိပ်နှင့်ကျောက်ရောဂါ ကပ်ဘေးများသည် ရှေးကဖြစ်ခဲ့သော သမိုင်းဝင်ကပ်ဘေးများသာ ဖြစ်ပုံရပေမည်။ ၂၀ ရာစုအတွင်း အထူးသဖြင့် စက်မှုထွန်းကားသည့်နိုင်ငံများတွင် ကူးစက်ရောဂါတိုက်ဖျက်ရေး တိုက်ပွဲများစွာကို လူတို့ အောင်နိုင်ခဲ့ကြပြီ။ ရောဂါအများစု ဖြစ်ရသည့်အကြောင်းရင်းကို ဆရာဝန်များတွေ့ရှိခဲ့ပြီး ၎င်းရောဂါများကို ကုသနိုင်သည့်နည်းလမ်းများလည်း တွေ့ရှိခဲ့ကြပြီ။ (အောက်ပါ လေးထောင့်ကွက်ကိုရှု။) ရောဂါကာကွယ်ဆေးအသစ်များနှင့် ပဋိဇီဝဆေးတို့သည် ကုသရအခက်ဆုံးရောဂါကိုပင် အစပျောက်စေနိုင်သည့် အစွမ်းထက်ဆေးများ ဖြစ်ပုံရသည်။

ဓာတ်မတည့်ခြင်းနှင့် ကူးစက်ရောဂါဆိုင်ရာ ယူ.အက်စ်. အမျိုးသားတက္ကသိုလ်မှ ညွှန်ကြားရေးမှူးဟောင်း ဒေါက်တာ ရစ်ချက်ခရောဇ်၏ ထောက်ပြချက်အရ “ရောဂါကပ်ဘေးများကို သေခြင်းနှင့် အခွန်ဆောင်ခြင်းတို့ကဲ့သို့ပင် ရှောင်လွှဲ၍မရနိုင်ပါ။” တီဘီနှင့် ငှက်ဖျားရောဂါများကို တိုက်ဖျက်၍မရသေးပါ။ မကြာသေးမီက ကမ္ဘာအနှံ့ပြန့်ပွားနေသည့် အေ့ဒ်စ်ရောဂါသည် ကမ္ဘာကို ထိုကပ်ရောဂါများ ခြိမ်းခြောက်နေဆဲဖြစ်ကြောင်း သတိပေးနေသည်။ “ကူးစက်ရောဂါများသည် သေကျေပျက်စီးစေသည့် ကမ္ဘာ့အဓိကအကြောင်းရင်း ဖြစ်နေဆဲရှိသည်၊ ဤသို့ ကြာမြင့်စွာ ဖြစ်နေဦးမည်” ဟု လူသားနှင့်ရောဂါပိုးမွှားများစာအုပ်တွင် ဖော်ပြသည်။

ရောဂါတိုက်ဖျက်ရေးတွင် ထူးထူးခြားခြား တိုးတက်လာသော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်တွင် တွေ့ရှိခဲ့ရသော အောင်မြင်မှုများမှာ တစ်ခဏသာဖြစ်မည်ကို ဆရာဝန်အချို့ စိုးရိမ်နေကြသည်။ ကူးစက်ရောဂါဗေဒပညာရှင် ရောဘတ် ရှုတ်ပ်က “ကူးစက်ရောဂါအန္တရာယ်သည် ကင်းစင်မသွားသေး၊ ပိုဆိုးရွားလာသည်” ဟုသတိပေးသည်။ အကြောင်းရင်းကို နောက်ဆောင်းပါးက ရှင်းပြပါလိမ့်မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 ဆင်ထွက်ပလိပ်နှင့် အဆုတ်ရောင်နာပလိပ်အပါအဝင် ပလိပ်ရောဂါ ပုံစံအမျိုးမျိုးဖြစ်ခဲ့သည်။ ကြွက်များသယ်ဆောင်သည့် လှေးများသည် ဆင်ထွက်ပလိပ်ကိုဖြစ်ပွားစေခဲ့ပြီး ရောဂါကူးစက်ခံရသူများ ချောင်းဆိုးခြင်း၊ နှာချေခြင်းမှ အဆုတ်ရောင်နာပလိပ်ရောဂါ ကူးစက်ခဲ့၏။

[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]

ဆယ်စုနှစ် နှစ်ခုအတွင်း၌ အေ့ဒ်စ်ရောဂါ သည် ၁၄ ရာစုတွင် ဥရောပအာရှတစ်ခွင် ပျံ့နှံ့သွားသည့် ပလိပ်ရောဂါနှင့် အပြိုင် သေဆုံးစေ

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အသိပညာနှင့် အယူသီးခြင်း

၁၄ ရာစုတွင် အဗီနယောန်မြို့ရှိ ပုပ်ရဟန်းမင်း၏မိသားစုသည် ဘလက်ခ်ဒက်သ်ရောဂါ ခံစားခဲ့ရသည့်အခါ သူ၏ဆရာဝန်က ကုံရာသီလက္ခဏာတွင် စက်တန်၊ ဂျူပီတာနှင့် မာ့စ် အစရှိသောဂြိုဟ်သုံးလုံး အနီးကပ်ပေါ်လာခြင်းကြောင့် ထိုရောဂါဖြစ်ရသည်ဟု ပြောခဲ့သည်။

ထို့နောက် နှစ်ပေါင်းလေးရာ ကြာသည့်အခါ ဂျော့ခ်ျ ဝါရှင်တန်သည် လည်ချောင်းနာ၍ အိပ်ရာထဲလှဲနေခဲ့ရသည်။ အထင်ကရဆရာဝန်သုံးဦးက သူ၏သွေးပြန်ကြောများမှ သွေးနှစ်ကွတ်ထုတ်ယူပြီး ရောဂါကုသပေးခဲ့သည်။ လူနာမှာ နာရီပိုင်းအတွင်း သေဆုံးသွားသည်။ ဟစ်ပိုကရေးတီးစ်လက်ထက်မှ ၁၉ ရာစုနှစ်လယ်တိုင် နှစ်ပေါင်း ၂,၅၀၀ လုံးလုံး သွေးဖောက်ထုတ်နည်းကို စံဆေးကုသနည်းအဖြစ် အသုံးပြုခဲ့၏။

အယူသီးခြင်းနှင့် ဓလေ့ထုံးစံတို့က ဆေးဘက်ဆိုင်ရာတိုးတက်မှုကို ဟန့်တားခဲ့သော်လည်း အလုပ်ထဲတွင် ဘဝကိုနှစ်မြှုပ်ထားကြသော ဆရာဝန်များသည် ကူးစက်ရောဂါများဖြစ်ရခြင်းအကြောင်းနှင့် ၎င်းအတွက်ကုထုံးများကို ကြိုးစားရှာဖွေခဲ့ကြသည်။ သူတို့၏ အရေးပါသောတွေ့ ရှိချက်အချို့ကို အောက်တွင်ဖော်ပြထားသည်။

ကျောက်ရောဂါ။ ၁၇၉၈ ခုနှစ်တွင် အက်ဒ်ဝတ် ဂျဲန်နာသည် ကျောက်ရောဂါကာကွယ်ဆေးကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့၏။ ၂၀ ရာစုအတွင်းတွင် ပိုလီယို၊ အသားဝါ၊ ဝက်သက်နှင့် ဂျိုက်သိုးအစရှိသည့် အခြားရောဂါများအတွက် ကာကွယ်ဆေးများသည် ထိရောက်မှုရှိကြောင်း တွေ့ရှိခဲ့သည်။

တီဘီရောဂါ။ ၁၈၈၂ ခုနှစ်တွင် ရောဘတ် ကော့ခ်ျသည် တီဘီပိုးကို ခွဲခြားသိရှိလာပြီး ဤရောဂါစမ်းသပ်နည်းများကို တီထွင်ခဲ့သည်။ အနှစ် ၆၀ ခန့်ကြာသော် တီဘီရောဂါကုသရန် အစွမ်းထက်သည့် စထရက်ပ်တိုမိုင်စင်ဆေးကို တွေ့ ရှိခဲ့သည်။ ဤဆေးဖြင့် ဆင်ထွက်ပလိပ်ရောဂါကိုလည်း ကုသနိုင်၏။

ငှက်ဖျားရောဂါ။ ၁၇ ရာစုမှစ၍ စင်ကိုနာအပင်၏ အခေါက်မှထုတ်သော ကွီနိုင်ဆေးသည် ငှက်ဖျားရောဂါသည် သန်းပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သည်။ ၁၈၉၇ ခုနှစ်တွင် ရော်နယ်လ် ရော့စ်သည် အနောဖိလိခြင်များ ငှက်ဖျားရောဂါသယ်ဆောင်ကြောင်း ခွဲခြားသိမြင်လာပြီးနောက် အပူပိုင်းဒေသရှိနိုင်ငံတို့တွင် သေဆုံးမှုလျော့နည်းသွားစေရန် ခြင်နှိမ်နင်းရေးကို ဆောင်ရွက်ခဲ့ကြသည်။

[ရုပ်ပုံ]

ဆယ့်နှစ်ရာသီခွင် (အပေါ်ပုံ) နှင့် သွေးဖောက်ထုတ်ခြင်း

[Credit Line]

Both: Biblioteca Histórica “Marqués de Valdecilla”

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

ယနေ့ ပြန်ခေါင်းထောင်လာသော တီဘီရောဂါပိုးကြောင့် နှစ်စဉ် လူနှစ်သန်းခန့် သေဆုံးနေကြရ

[Credit Lines]

X ray: New Jersey Medical School–National Tuberculosis Center; man: Photo: WHO/Thierry Falise

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ဘလက်ခ်ဒက်သ်ရောဂါ ကာကွယ်ရန် ဆရာဝန်တစ်ဦး မျက်နှာဖုံးတပ်ဆင်ထားသည့် ၁၅၀၀ ပြည့်နှစ်ခန့်က ဂျာမန်ကမ္ပည်းပုံ။ နှုတ်သီးတွင် နံ့သာပါဝင်

[Credit Line]

Godo-Foto

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ဆင်ထွက်ပလိပ်ရောဂါ ဖြစ်စေသည့် ဗက်တီးရီးယား

[Credit Line]

© Gary Gaugler/Visuals Unlimited