မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆူးတောများကြား တမြုံ့မြုံ့စား

ဆူးတောများကြား တမြုံ့မြုံ့စား

ဆူးတောများကြား တမြုံ့မြုံ့စား

တောင်အာဖရိကမှ နိုးလော့! စာရေးသူ ပေးပို့သည်

နောရ်ဗဲ့ဟုခေါ်သော တောင်အာဖရိကဒေသတစ်ခုကို ကျွန်ုပ်နှင့်အတူ လိုက်လည်ကြည့်ပါ။ ဤမိုးခေါင်ရပ်ဝန်းမကျတကျဒေသသည် ထိုတွင် အမြောက်အမြားပေါက်ရောက်နေသည့် ဆူးများပြီး အရည်ရွှမ်းသော နောရ်ပင် သို့မဟုတ် ယူဖော်ဗီယာရှားစောင်းပင်မျိုးမှ အမည်တွင်လာခြင်းဖြစ်သည်။ ပူးတွဲပါပုံတွင် တွေ့ရသည့်အတိုင်း လယ်သမားများသည် အင်ဂိုရာဆိတ်ကဲ့သို့သော တိရစ္ဆာန်များကို မွေးမြူကြ၏၊ ၎င်းဆိတ်များသည် မိုဟဲခေါ် အဖြူရောင်အမွေးများကြောင့် တန်ဖိုးကြီးမားသည်။ ယင်းက ဖက်ရှင်အဝတ်အစားမှသည် ကော်ဇောအထိ နူးညံ့ခိုင်ခံ့သောအထည်အမျိုးမျိုး ထုတ်လုပ်ပေးသည်။ သို့သော် အဆိုပါတိရစ္ဆာန်များသည် မိုးခေါင်လေ့ရှိသည့်ဒေသတွင် မည်သို့ အသက်ဆက်နိုင်ကြသနည်း။

ဤဆိတ်များတိုးဝင်သွားလာနေသည့် သင်တွေ့ရသော နောရ်၏ပင်စည်များက သူတို့၏အသက်ဖြစ်၏။ ယူဖော်ဗီယာ ကိုရူလီဆင် ရှားစောင်းနောရ်ပင်မှ ဆိတ်များအတွက် ဆောင်းတွင်းအစာ ၄၀ ရာခိုင်နှုန်းကျော် ရရှိသည်။ သို့ရာတွင် ဆိတ်များသည် အန္တရာယ်ရှိသောဆူးခြုံများကြားတွင် တမြုံ့မြုံ့လိုက်စားရင်း ဆူးမစူးမိစေရန် သတိထားသွားကြရသည်။ ၎င်းတို့၏ဦးချိုများဖြင့် ဆူးများကျိုးထွက်သွားအောင် ခတ်တတ်လာလျှင် အစာစားရ ပိုလွယ်ကူလာသည်။

ဤဆိတ်တို့သည် မိုးဖြိုင်ဖြိုင်ရွာသွန်းပြီးနောက် ရှားစောင်းနောရ်ပင်များကြားတွင် ပေါက်လာသည့် မြက်ပင်များကို စားကြသည်။ သို့သော် ယင်းသည်လည်း အန္တရာယ်ရှိနေပြန်သည်။ လယ်သမား ဂျာဂျဲန် ကာရီက နောရ်ဗဲ့ဒေသအကြောင်းပြုစုထားသည့် သူ၏စာအုပ်တွင် ဤသို့ရေးထား၏– “ချစ်စရာ အမွေးလိမ်ကောက်ကွေးနှင့် အင်ဂိုရာဆိတ်လေးသည် နောရ်ပင်များ၏ အောက်၊ ဘေးဝဲယာတွင် ပေါက်လာသည့် အပင်နုများကို စွန့်စွန့်စားစား တိုး၍စားရင်း ဦးချိုတို့သည် ဆူးများကြား ငြိသွားနိုင်သည်။” ဤသို့ ငြိသွားပြီဆိုလျှင် သေသွားနိုင်သည်။ “ဆိတ်တစ်ကောင်သည် ချစ်ချစ်တောက်ပူပြင်းသောနွေရာသီတွင် ဤသို့ ငြိသွားလျှင် နှစ်နာရီထက် ပိုမခံပေ” ဟု ဤနောရ်ဗဲ့လယ်သမားက ရှင်းပြသည်။

နောရ်ဗဲ့ဒေသသည် အကြီးအကျယ်မိုးခေါင်သည့်ဒဏ်ကို ပုံမှန် ခံရလေ့ရှိ၏။ ထိုအချိန်မျိုးတွင် နောရ်ပင်တို့သည် အသက်ကယ်အပင်များ ဖြစ်လေသည်။ လယ်သမားများသည် ဖြတ်စက်များတပ်ကာ နောရ်ပင်များကို အပိုင်းပိုင်းပြတ်သွားစေရန် ဖြတ်မောင်းကြသည်။ ထိုသို့ခုတ်ပိုင်းပေးလိုက်ခြင်းကြောင့် ဆိတ်များ စားရလွယ်ကူပြီး ဆူးလည်းမစူးနိုင်တော့ပေ။ တောရိုင်းတိရစ္ဆာန်များလည်း အားပါးတရ ဝိုင်းစားကြလေသည်။ “မိုးခေါင်သည့်ကာလအတွင်း ကူဒူ [တောဆိတ်ကြီး] များသည် ဤအသက်ကယ်ပင်များကို စားပြီး အသက်ဆက်နိုင်ကြသည်။ လမ်းဘေး၌ ရှားစောင်းနောရ်ပင်များ ခုတ်ပိုင်းထားသည့် မြေကွက်ဖြူဖြူများပေါ်တွင် ၎င်းတို့ကို တွေ့ရတတ်သည်၊ အစာအာဟာရဖြည့်ဖို့အတွက် လူတို့ကို မကြောက်ကြတော့ပေ။”

ယူဖော်ဗီယာ ဖီရော့စ်ခေါ် ပို၍သေးငယ်သော ရှားစောင်းနောရ်ပင်တွင် စား၍ရသောပင်စည်ကို တိရစ္ဆာန်အများစု သွားထိ၍ပင် မရလောက်အောင် ဆူးများဖြင့် ပြည့်နေသည်။ မိုးခေါင်သည့်ဒဏ်ကို ကြံ့ကြံ့ခံနိုင်ခြင်းကြောင့် ဤနောရ်ပင်မျိုးသည် အသက်ကယ်ပင်များဖြစ်သည်။ မိုးခေါင်သည့်အခါ လယ်သမားများနှင့် အလုပ်သမားတို့သည် မီးတုတ်နှင့် တခြားအရာများဖြင့် နောရ်ချုံတစ်ချုံပြီးတစ်ချုံမှ ဆူးများကို လိုက်၍မီးရှို့ကြသည်။ ယင်းသည် အလွန်ပင်ပန်းသည့်အလုပ်ဖြစ်သည်။ “ဆူးများကို မီးရှို့ပြီးသည်နှင့် တိရစ္ဆာန်များသည် ပင်စည်များကို အားပါးတရစားကြ၏။ . . . မကြာမီ စပရင်းဘောက်ဆိတ် [တောဆိတ်မျိုးဝင်] သည် ‘လောင်ကျွမ်းထားသော နောရ်ပင်များ’ ကို စားရမှန်းသိလာသည်နှင့် အလွန်ယဉ်ပါးလာကာ . . . မီးရှို့နေသည့်လူအနားပင် ချဉ်းကပ်လာတတ်သည်” ဟု အာဖရိကတောင်းပိုင်းမှ ဗဲ့ပင်များစာအုပ်တွင် ရှင်းပြထားသည်။

နောရ်ပင်ကြားတွင် တမြုံ့မြုံ့စားနေသော ဆိတ်များ၏မြင်ကွင်းကို သတိထားကြည့်မိသည့်အခါ ကျွန်ုပ်တို့သည် ယေဟောဝါ၏ဖန်ဆင်းရာအမျိုးမျိုးကို မအံ့သြဘဲမနေနိုင်ချေ။ နောရ်ပင်များသည် တိုးထိစရာမကောင်းပုံရသည့်အပြင် အသက်အန္တရာယ်ပင်ရှိသော်လည်း ဤမိုးခေါင်တတ်သည့်ဒေသတွင် တိရစ္ဆာန်များစွာအတွက် အသက်ဆက်ပေးသည့်အပင် ဖြစ်လေတော့သည်။

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ဤရှားစောင်းနောရ်ပင်များမှ ဆိတ်များအတွက် ဆောင်းတွင်းအစာ ၄၀ ရာခိုင်နှုန်းကျော်ရရှိ

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

အပွင့်ရှိသည့်ရှားစောင်းနောရ်ပင်နှင့် အန္တရာယ်ဆူးများ၏ အနီးကပ်ပုံ