မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရုပ်ဆင်းသဏ္ဌာန် အစိုးရိမ်လွန်ကဲ ဥပါဒါန်အစွဲ

ရုပ်ဆင်းသဏ္ဌာန် အစိုးရိမ်လွန်ကဲ ဥပါဒါန်အစွဲ

ရုပ်ဆင်းသဏ္ဌာန် အစိုးရိမ်လွန်ကဲ ဥပါဒါန်အစွဲ

ကျွန်ုပ်တို့အများစုသည် မှန်ကြည့်သည့်အခါ ပြုပြင်ဖို့လိုသည်ဟုယူဆသည့် နေရာများကို ရှာကြည့်တတ်ကြသည်။ သို့နှင့် ကျွန်ုပ်တို့၏အဝတ်အစား၊ ဆံပင်ကို ပြုပြင်လိုက်သည်၊ သို့မဟုတ် မိတ်ကပ် အနည်းငယ်ထပ်လိမ်းပြီးနောက် ကျွန်ုပ်တို့၏နေ့စဉ်လုပ်ငန်းဆောင်တာများကို စတင်ကြသည်။ ကျွန်ုပ်တို့၏ရုပ်ဆင်းသဏ္ဌာန်ကို ထိုသို့စိုးရိမ်မကင်းဖြစ်ခြင်းသည် သာမန်ကိစ္စဖြစ်ပြီး သင့်လျော်ပါသည်။ သို့ရာတွင် လူတချို့သည် မိမိတို့၏ရုပ်ဆင်းရူပကာနှင့်ပတ်သက်ပြီး အစိုးရိမ်လွန်သွားကြရာ ကိုယ်ခန္ဓာစိတ်အလိုမကျရောဂါ (body dysmorphic disorder) သို့မဟုတ် ဘီဒီဒီ ဟုခေါ်သည့်အခြေအနေ ဖြစ်ပေါ်လာသည်။

ရောဂါလက္ခဏာနှင့်ကုသမှုဆိုင်ရာ မာ့ခ်လက်စွဲစာအုပ်က ဘီဒီဒီကို “အကြီးအကျယ် စိတ်ဖိစီးမှုဖြစ်လောက်အောင် သို့မဟုတ် လူမှုရေး၊ အလုပ်အကိုင်၊ အရေးကြီးသည့်အခြားကဏ္ဍများကို လှည့်မကြည့်တော့သည့်အထိ ရုပ်ဆင်းသဏ္ဌာန်၏ ပြစ်ချက်တစ်ခုနှင့်ပတ်သက်၍ အစိုးရိမ်လွန်ခြင်း” ဟုအဓိပ္ပာယ်ဖွင့်ဆိုထားသည်။ * ဝေဒနာရှင်များသည် ပြစ်ချက်တစ်ခုကို တွေးရင်း၊ အသေးအမွှားချို့ယွင်းချက်လေးတစ်ခုကို ရေးကြီးခွင့်ကျယ်လုပ်ရင်းနှင့် မိမိသည် အလွန်အကျည်းတန်သူဟု ထင်မြင်လာလေသည်။

ယူနိုက်တက်စတိတ်၊ ဖလော်ရီဒါ တောင်ပိုင်းတက္ကသိုလ်မှ ပါမောက္ခ ဂျေ. ကေဗင်  သောမ်ဆင်က ဘီဒီဒီသည် အတော်ဖြစ်ခဲရာ “ယေဘုယျ နိုင်ငံ့လူဦးရေ၏ ၁.၀ မှ ၂.၀ ရာခိုင်နှုန်းနှင့် စိတ်ဝေဒနာရှင်ပြင်ပလူနာ၏ ၁၀ မှ ၁၅ ရာခိုင်နှုန်းကြားသာ ရှိနိုင်သည်” ဟုဆိုသည်။ သို့ရာတွင် “ရောဂါရှာဖွေရေးတွင် ရောဂါအမည်တပ်စနစ်များ တိုးတက်လာပြီး လူ့ဘောင်အဖွဲ့အစည်းကလည်း ရုပ်ဆင်းသဏ္ဌာန်နှင့်ပတ်သက်ပြီး သာ၍ပင် အစိုးရိမ်လွန်လာသည့်အတွက် ရောဂါဖြစ်ပွားမှု မြင့်တက်လာနေသည်ဟု သုတေသီတချို့က ယုံကြည်ကြကြောင်း” ထပ်ဆင့်ဖော်ပြခဲ့သည်။ အသက်အရွယ်မရွေး ယင်းဝေဒနာကို ခံစားရသော်လည်း ဆယ်ကျော်သက်အရွယ်တွင် များသောအားဖြင့် စတင်ဖြစ်ပွားတတ်၏။ လူကြီးများတွင် ကျားမ,မရွေး တန်းတူဖြစ်ပွားနိုင်သည်။ ဤရောဂါသည် အမျိုးသမီးများတွင် အလွန်အဖြစ်များသော အစားအသောက်မူမမှန်သည့်ရောဂါနှင့် တခြားစီဖြစ်သည်။

ရုပ်ဆင်းရူပကာကို အစိုးရိမ်လွန်စိတ် စွဲကပ်နေသော ဘီဒီဒီဝေဒနာရှင်အများစုသည် မကြာခဏ မှန်ပြန်ကြည့်ခြင်း၊ တချို့အခြေအနေများတွင် တစ်သီးပုဂ္ဂလနေသည့်အထိပင် ဖြစ်လာတတ်သည်။ သာ၍ဆိုးသည်မှာ “ရောဂါနှင့်ဆက်နွှယ်သော စိတ်ဖိစီးမှုနှင့် လုပ်ဆောင်ရည်ညံ့ဖျင်းလာမှုတို့ကြောင့် မကြာခဏ ဆေးရုံပြန်တက်ရခြင်းနှင့် မိမိကိုယ်ကို သေကြောင်းကြံသည့်အဖြစ်သို့ ရောက်သွားနိုင်သည်” ဟု မာ့ခ် လက်စွဲစာအုပ်တွင် ဖော်ပြသည်။ ထို့ကြောင့် တချို့ဝေဒနာရှင်များ ရုပ်ပြင်ခွဲစိတ်ကုသမှုခံယူကြခြင်းမှာ အံ့ဩစရာမဟုတ်ချေ။ ဘီဒီဒီနှင့်ပတ်သက်သည့် စာအုပ်တစ်အုပ်ရေးသားခဲ့သော ဒေါက်တာ ကက်သရင်း ဖိလစ်က “ရုပ်ပြင်ခွဲစိတ်ကုသမှု မလုပ်ကြဖို့ ကျွန်မအကြံပေးလေ့ရှိတယ်။ ခွဲစိတ်မှုက ထူးခြားသွားစေမှာမဟုတ်ဘူး၊ ဘီဒီဒီ ဝေဒနာရှင်တွေအတွက် အဲဒီနည်းက မထိရောက်ဘူး” ဟုရှင်းပြသည်။ *

တစ်ခါတစ်ရံ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ဘီဒီဒီ ဖြစ်နိုင်ပါသည်။ ဂျော့ဂ်ျစထရစ်ဂျာနယ် *တွင် “မိမိ၏သွားများ ဝါနေသည်၊ ဗိုက် ‘ရွှဲ’ နေသည်၊ ဆံပင် အချိုးမကျဟု ယူဆခဲ့သည့်” ခြောက်နှစ်အရွယ် လူငယ်လေးတစ်ဦးအကြောင်း ဖော်ပြထားသည်။ သူ၏ ‘ပြစ်ချက်များ’ ကို အခြားသူများက သတိပင်မပြုမိပေ။ နံနက်တိုင်း တစ်နာရီနီးပါးမျှ ဆံပင်ဖြီးလေ့ရှိပြီး ‘ပုံကျပြီ’ ဟုကျေနပ်မှုမရှိသေးလျှင် ခေါင်းကို ရေတွင်နှစ်ပြီး ပြန်ဖြီးတတ်ရာ မကြာခဏဆိုသလို ကျောင်းနောက်ကျတတ်သည်။” တစ်နေ့ ဆရာဝန်၏ရုံးခန်းကို ရောက်လာသည့်အခါ ကုလားထိုင်တစ်လုံးမှ ခရိုမီယမ်ပြားပေါ်တွင် သူ၏ရုပ်သွင်ကို ငုံ့ကုန်းကာကြည့်သည် အထိ ဖြစ်ခဲ့သည်။

သင့်သဘောထားကို လောက,က မလွှမ်းမိုးပါစေနှင့်

ကြွေစက္ကူချော မဂ္ဂဇင်းများ၊ သတင်းစာများနှင့် ရုပ်မြင်သံကြားကြော်ငြာများသည် စံပြ ခန္ဓာကိုယ်ရုပ်ပုံများဖြင့် လူတို့ကို ထိုးနှက်လျက်ရှိသည်။ ကြော်ငြာသမားတို့၏အယူအဆမှာ ရိုးရိုးလေးပင်– စံအဖြစ် တစ်စုံတစ်ရာသောပုံကို ဖော်ပြပြီး ထိုရုပ်မျိုးရရှိရန် လူတို့ ငွေပုံအောလာကြမည်။ မိသားစု သို့မဟုတ် မိတ်ဆွေများထံမှ အမှုမဲ့အမှတ်မဲ့ပြောလိုက်သော ဝေဖန်ချက်အနည်းငယ်နှင့်အတူ ရွယ်တူချင်းဖိအားကို ထပ်ဆင့်လိုက်သည့်အခါ လူတချို့သည် မိမိတို့၏ရုပ်ဆင်းသဏ္ဌာန်နှင့်ပတ်သက်၍ အစွန်းရောက်သွားကြခြင်းမှာ အံ့ဩစရာမဟုတ်ပေ။ * အစွန်းရောက်သဘောထားသည် ဥပါဒါန်အစွဲရောဂါနှင့် အလွန်ကွဲပြားပေမည်။

ကိုယ့်ရုပ်က ပုံမလာလျှင် အခြားသူများက စိတ်ဝင်စားမည်မဟုတ်ဟူသည့် အတွေးသည် သဘာဝမကျသည့်အပြင် မှန်လည်းမမှန်ချေ။ လူတို့သည် ရုပ်ဆင်းသဏ္ဌာန်ကိုကြည့်၍ မိတ်ဖွဲ့လေ့မရှိကြပါ။ ရုပ်ဆင်းရူပကာသည် ပထမဆုံးသတိပြုမိသည့်အချက် ဖြစ်နိုင်ပေသည်၊ သို့သော် ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်ကျင့်တရားစံနှုန်းများသည် စစ်မှန်သောမိတ်ဖွဲ့မှုနှောင်ကြိုးများဖြစ်သည်။ ကျွန်ုပ်တို့တစ်ဦးစီသည် စာအုပ်တစ်အုပ်နှင့် တစ်နည်းတစ်ဖုံ ဆင်တူကြသည်။ စာအုပ်တွင် ဆွဲဆောင်မှုရှိသော မျက်နှာဖုံးပါရှိမည်၊ သို့သော် အကြောင်းအရာများမှာ ပျင်းရိဖွယ်ကောင်းနေလျှင် စာဖတ်သူများသည် ယင်းကို မကြာမီ လက်မှ ချလိုက်ပါလိမ့်မည်။ သို့ရာတွင် မည်သည့်မျက်နှာဖုံးပင်ဖြစ်စေ စိတ်ဝင်စားဖွယ်ကောင်းသော စာအုပ်ဖြစ်မည်ဆိုလျှင် လူတို့သည် လက်မှ မချနိုင်ဘဲဖြစ်ပါလိမ့်မည်။ ထို့ကြောင့် သင့်အရည်အသွေးများအပေါ် အာရုံစိုက်ပါလေ။ ဘုရားသခင့်နှုတ်မြွက်တော် သမ္မာကျမ်းစာက ထိုသို့လုပ်ဆောင်ရန် သင့်ကို တိုက်တွန်းထားသည်။—⁠သု. ၁၁:၂၂; ကောလောသဲ ၃:၈; ၁ ပေတရု ၃:၃၊ ၄

အသက်အရွယ်ရလာသည်နှင့်အမျှ ကျွန်ုပ်တို့ရုပ်ဆင်းသွင်ပြင် ပြောင်းလဲလာသည်မှာ အမှန်တရားပင်။ ဘဝ၊ မိတ်ဆွေနှင့် ပျော်ရွှင်မှုတို့သည် ကြည့်ကောင်းသော နုပျိုသည့်ရူပကာအပေါ် မူတည်နေမည်ဆိုလျှင် ကျွန်ုပ်တို့အတွက် အနာဂတ်မှာ ဝမ်းနည်းစရာဖြစ်ပါလိမ့်မည်! သို့တိုင် အခြေအနေမှာ ဆန့်ကျင်ဘက်ဖြစ်နိုင်ပါသည်။ မည်သို့ဖြစ်နိုင်သနည်း။

တာရှည်ခံမည့် အလှ

နယပုံပြင် ၁၆:၃၁ (ကဘ) တွင် ဤသို့ဖော်ပြထားသည်– “ဖြူသောဆံပင်သည် ဖြောင့်မတ်ခြင်းတရားလမ်း၌တည်လျှင် ဘုန်းကြီးသော အလှသရဖူဖြစ်၏။” ယေဟောဝါဘုရားသခင်၏အမြင်နှင့် ကိုယ်တော့်သဘောထားမျိုးရှိသူအားလုံး၏အမြင်တွင် ဘုရားသခင့်အမှုတော်ထမ်းဆောင်ရင်း အသက်ကြီးရင့်လာသူတို့သည် ဆွဲဆောင်မှုနည်းမသွားချေ။ စင်စစ် သူတို့၏ထက်သန်ပြီး ဘုရားသခင်ဝတ်၌ မွေ့လျော်သည့်မှတ်တမ်းကြောင့် ဖြူသောဆံပင်သည် သူတို့၏အလှသရဖူ ဖြစ်လာခဲ့သည်။ ထိုသို့အဖိုးတန်သူများကို ကျွန်ုပ်တို့ ချစ်မြတ်နိုးပြီး လေးစားထိုက်ပါသည်။—⁠ဝတ်ပြုရာ ၁၉:၃၂

ထို့ထက်ကား ယေဟောဝါသည် ကတိထားရာ လာမည့်ကမ္ဘာသစ်တွင် ကိုယ်တော်၏တည်ကြည်သူ ကြီးငယ်မဟူ အမွေခံထားရသည့် အပြစ်၏ဆိုးကျိုးများကို ဖယ်ရှားပေးပါလိမ့်မည်။ နေ့တစ်နေ့ လွန်သွားတိုင်း ကာယရေးစုံလင်မှုအထွတ်အထိပ်ကို ရောက်ရှိသည့်အထိ ၎င်းတို့၏ကိုယ်ခန္ဓာမှာ တစ်နေ့တခြား တိုးတက်ကောင်းမွန်လာကြောင်း တွေ့မြင်ခံစားရကြပါမည်။ (ယောဘ ၃၃:၂၅; ဗျာ. ၂၁:၃၊ ၄) စိတ်လှုပ်ရှားဖွယ် မျှော်လင့်ချက်ပါတကား! ထိုသူတို့တွင် သင်ပါဝင်လိုသလော။ ပါဝင်လိုလျှင် အမှန်တကယ်အရေးကြီးသည့် အလှအပေါ် အာရုံစိုက်ဖို့ ကြိုးစားပါ၊ သင့်သဘောထားကို အပေါ်ယံ၊ အညှာအတာမဲ့သော လောက၏အတွေးအခေါ်က မလွှမ်းမိုးပါစေနှင့်။ သို့ပြုခြင်းအားဖြင့် သင်သည် သာ၍ပျော်ရွှင်သူ၊ သာ၍ဆွဲဆောင်မှုရှိသူတစ်ဦး ဖြစ်လာပါလိမ့်မည်။—⁠သု. ၃၁:⁠၃၀

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 3 “ရုပ်ဆင်းသဏ္ဌာန်နှင့်ပတ်သက်၍ အစိုးရိမ်လွန်ခြင်းသည် စိတ်ဝေဒနာရှင်အတော်များများတွင် ဖြစ်နေကျလက္ခဏာတစ်မျိုးဖြစ်၏” ဟု ဩစတြေးလျဆေးပညာဂျာနယ်တွင် ဖော်ပြထားသည်။ ယင်းတွင် စိတ်ကျဝေဒနာ၊ ပြင်းထန်သော ဥပါဒါန်အစွဲဝေဒနာနှင့် အစာငတ်ခံစိတ်ရောဂါကဲ့သို့သော အစားအသောက်မူမမှန်မှုများ ပါဝင်သည်။ ထို့ကြောင့် ဘီဒီဒီကို ရောဂါအမည်တပ်ဖို့ ခက်ခဲနိုင်သည်။

^ အပိုဒ်၊ 5 ဤဂျာနယ်၏ ၂၀၀၃၊ ဩဂုတ် ၈ ရက်ထုတ် “လူငယ်များအမေး . . . ရုပ်အလှပြင်ခွဲစိတ်ကုသမှုကို ကျွန်ုပ်ခံယူသင့်သလော” ဆောင်းပါးကို ကျေးဇူးပြု၍ကြည့်ပါ။ စိတ်ရောဂါ ဆိုးဆိုးရွားရွားခံစားနေရသည့် လူတစ်ဦးသည် စိတ်ကျန်းမာရေးကျွမ်းကျင်သူတစ်ဦး၏ အကူအညီ လိုအပ်နိုင်သည်။

^ အပိုဒ်၊ 6 ယူ.အက်စ်.အေ.၊ ရိုဒီကျွန်း၊ ဘရောင်းတက္ကသိုလ်မှ ထုတ်ဝေသည့် စာအုပ်တစ်အုပ်။

^ အပိုဒ်၊ 8 ထပ်မံသိရှိလိုလျှင် ယေဟောဝါသက်သေများ ထုတ်ဝေသော လူငယ်များအမေး—⁠တာသွားသည့်အဖြေစာအုပ်မှ “ရုပ်ဆင်းရူပကာ ဘယ်လောက်အရေးပါသလဲ” အခန်းကိုရှု။