မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရောဂါတိုက်ဖျက်ရေးတွင် အောင်မြင်မှုများနှင့် ရှုံးနိမ့်မှုများ

ရောဂါတိုက်ဖျက်ရေးတွင် အောင်မြင်မှုများနှင့် ရှုံးနိမ့်မှုများ

ရောဂါတိုက်ဖျက်ရေးတွင် အောင်မြင်မှုများနှင့် ရှုံးနိမ့်မှုများ

သြဂုတ်လ ၅ ရက်၊ ၁၉၄၂ ခုနှစ်တွင် ဒေါက်တာ အလက်ဇန္ဒြား ဖလဲန်းမင်းသည် မိမိ၏သူငယ်ချင်းဖြစ်သော လူနာတစ်ဦးမှာ သေလုမြောပါးဖြစ်နေကြောင်း သိလိုက်ရသည်။ အသက် ၅၂ နှစ်ရှိ ထိုသူသည် ကျောရိုးဦးနှောက်ရောင်ရောဂါဖြစ်နေ၍ ဖလဲန်းမင်းက အမျိုးမျိုးကြိုးစားကုသသော်လည်း သတိလစ်မေ့မြောသွား၏။

လွန်ခဲ့သောဆယ့်ငါးနှစ်က ဖလဲန်းမင်းသည် စိမ်းပြာရောင်မှိုမှ ထူးခြားသည့်အရာတစ်ခုကို အမှတ်မထင်တွေ့ရှိခဲ့သည်။ ယင်းကို ပင်နီစလင်ဟု သူခေါ်ခဲ့သည်။ ယင်းသည် ဗက်တီးရီးယားများကို သေစေနိုင်ကြောင်း သူသတိပြုမိ၏၊ သို့သော် ပင်နီစလင်ကို သီးသန့်ခွဲထုတ်၍မရခဲ့ပါ၊ ယင်းကို ပိုးသတ်ဆေးအဖြစ်သာ စမ်းသပ်အသုံးပြုခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် အောက်စဖို့ဒ်တက္ကသိုလ်မှ ဟာဝပ်ဒ် ဖရိုလီနှင့် သူ၏သုတေသနအဖွဲ့သည် ပင်နီစလင်ကို လူတို့တွင် စမ်းသပ်အသုံးပြုကြည့်ရန် ဆေးအလုံအလောက် ကြိုးစားထုတ်လုပ်နိုင်ခဲ့သည်။ ထိုအခါ မိမိ၌ရှိသမျှ ပင်နီစလင်ကို ပေးဖို့အသင့်ရှိသူ ဖရိုလီထံ ဖလဲန်းမင်း ဖုန်းဆက်ခဲ့သည်။ ယင်းသည် သူငယ်ချင်း၏အသက်ကိုကယ်ရန် ဖလဲန်းမင်းအတွက် နောက်ဆုံးအခွင့်အရေးဖြစ်၏။

ပင်နီစလင် အသားထိုးဆေးနှင့် မလုံလောက်သောကြောင့် ဖလဲန်းမင်းသည် သူငယ်ချင်း၏ကျောရိုးထဲ တိုက်ရိုက်ထိုးသွင်းလေသည်။ ပင်နီစီလင်သည် ရောဂါပိုးများကို ရှင်းပစ်လိုက်သည်၊ တစ်ပတ်ကျော်ကျော်လေးအတွင်း ဖလဲန်းမင်း၏လူနာသည် ရောဂါလုံးလုံးပျောက်ကင်းပြီး ဆေးရုံမှဆင်းနိုင်ခဲ့သည်။ ပဋိဇီဝဆေးခေတ် စတင်လေသည်၊ ရောဂါတိုက်ဖျက်ရေးတွင် ဘဝမိုင်တိုင်သစ်တစ်ခု ထူလိုက်လေပြီ။

ပဋိဇီဝဆေးခေတ်

ပဋိဇီဝဆေးများ စတင်ပေါ်ပေါက်ချိန်က ၎င်းတို့သည် အံ့ဖွယ်ဆေးများဟု ထင်ရသည်။ ဗက်တီးရီးယား၊ မှို သို့မဟုတ် အခြားပိုးမွှားများကြောင့်ဖြစ်သည့် ယခင်က ကုမရသောကူးစက်ရောဂါများကို ယခုအခါ အောင်မြင်စွာကုသပေးနိုင်ပြီ။ ဤဆေးဝါးအသစ်တို့ကြောင့် ဦးနှောက်ရောင်၊ အဆုတ်ရောင်နာနှင့် နီမြန်းအဖျား ရောဂါသည်တို့ အသေအပျောက် သိသိသာသာ လျော့နည်းသွားသည်။ ယခင်က သေစေနိုင်သော ဆေးရုံမှကူးစက်ရောဂါတို့ကို ရက်ပိုင်းအတွင်း ပျောက်ကင်းစေနိုင်ပြီဖြစ်သည်။

ဖလဲန်းမင်းလက်ထက်မှစ၍ သုတေသီတို့သည် နောက်ထပ် ပဋိဇီဝဆေးအမြောက်အမြား ထုတ်လုပ်နိုင်ခဲ့ကြပြီး ပဋိဇီဝဆေးသစ်များကိုလည်း ဆက်ရှာဖွေနေကြဆဲရှိသည်။ လွန်ခဲ့သည့်အနှစ် ၆၀ အတွင်း ရောဂါတိုက်ဖျက်ရေးတွင် ပဋိဇီဝဆေးများသည် မရှိမဖြစ်လိုအပ်လျက်ရှိသည်။ ယနေ့ ဂျော့ခ်ျ ဝါရှင်တန်သာ ရှိမည်ဆိုလျှင် ယခုခေတ်ဆရာဝန်များသည် သူ၏လည်ချောင်းနာကို ပဋိဇီဝဆေးဖြင့် ကုသပေးမည်ဖြစ်ရာ တစ်ပတ်အတွင်း သက်သာသွားပေလိမ့်မည်။ ပဋိဇီဝဆေးများသည် ကျွန်ုပ်တို့အားလုံး၏ ကူးစက်ရောဂါတစ်ခုမဟုတ် တစ်ခုကို ပျောက်ကင်းစေနိုင်ခဲ့ပြီ။ သို့ရာတွင် ပဋိဇီဝဆေးများတွင် ဆိုးကျိုးအချို့ရှိကြောင်း ထင်ရှားသည်။

ပဋိဇီဝဆေးသည် အေ့ဒ်စ် သို့မဟုတ် တုပ်ကွေးအစရှိသည့် ဗိုင်းရပ်စ်ပိုးမှကူးစက်သည့် ရောဂါများကို ကုသမပေးနိုင်ပါ။ ထို့အပြင် လူအချို့သည် ပဋိဇီဝဆေးတချို့နှင့် မတည့်ကြပါ။ ရောဂါပိုးမွှားအပေါင်းကို သုတ်သင်ပစ်နိုင်သည့် ပဋိဇီဝဆေးများသည် သင့်ကိုယ်တွင်းရှိ အကျိုးပြုပိုးမွှားများကိုပါ သေစေနိုင်သည်။ အကြီးမားဆုံးပြဿနာမှာ ပဋိဇီဝဆေးများကို အလွန်အကျွံအသုံးပြုခြင်း၊ သို့မဟုတ် လိုအပ်သလောက် အသုံးမပြုခြင်းတို့ဖြစ်သည်။

လူနာသည် သက်သာသွား၍ဖြစ်စေ၊ ဆေးပတ်ကြာရှည်လှသည်ဟု ခံစားရ၍ဖြစ်စေ ပဋိဇီဝဆေးကုထုံး ဆေးညွှန်းအတိုင်း ဆေးမမှီဝဲခြင်းကြောင့် လိုအပ်သလောက်အသုံးမပြုဘဲဖြစ်မည်။ ရလဒ်မှာ ပဋိဇီဝဆေးသည် ဗက်တီးရီးယားအားလုံးကို မနှိမ်နင်းနိုင်သောကြောင့် ရောဂါကိုခုခံနိုင်စွမ်းရှိသည့် မျိုးထူးများ ဆက်တိုးပွားလာစေနိုင်၏။ တီဘီရောဂါကုသရာတွင် ထိုသို့ဖြစ်လေ့ဖြစ်ထရှိသည်။

ဆရာဝန်များနှင့် လယ်သမားများပါ ဤဆေးသစ်များကို အလွန်အကျွံ သုံးစွဲခဲ့ကြပြီ။ “ယူနိုက်တက်စတိတ်တွင် ပဋိဇီဝဆေးများကို မလိုအပ်ဘဲ မှီဝဲလေ့ရှိကြသည်၊ အခြားနိုင်ငံများစွာတွင်လည်း ဤဆေးများကို လက်လွတ်စပယ် အသုံးပြုတတ်ကြသည်။ နွား၊ ဝက်များကို ရောဂါကုသရန်မဟုတ်ဘဲ ကြီးထွားလာစေရန် ဤဆေးကို ပမာဏများစွာ တိုက်ကျွေးကြ၏၊ ယင်းကြောင့် ပိုးမွှားခုခံအား တိုးများလာရခြင်းဖြစ်သည်” ဟု လူသားနှင့်ရောဂါပိုးမွှားမျာစာအုပ်က ရှင်းပြသည်။ စိုးရိမ်စရာမှာ “ပဋိဇီဝဆေးအသစ်များ မထွက်လာတော့ဘဲနေမည်” ဟုထိုစာအုပ်က သတိပေးသည်။

ပဋိဇီဝဆေးဝါး ခုခံနိုင်စွမ်းနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်စရာအပြင် ၂၀ ရာစု ဒုတိယပိုင်းသည် ဆေးဘက်ဆိုင်ရာ အောင်ပွဲခံခဲ့သည့်အချိန်ပိုင်းဖြစ်သည်။ ဆေးသုတေသီတို့သည် မည်သည့်ရောဂါကိုမဆို တိုက်ဖျက်နိုင်သည့်ဆေးဝါးများ တွေ့ရှိနေပုံရသည်။ ကာကွယ်ဆေးများသည်လည်း ရောဂါမဖြစ်ရလေအောင် တားဆီးပေးနိုင်ပုံရှိနေသည်။

ဆေးသိပ္ပံအတွက် အောင်မြင်မှုများ

“ကာကွယ်ဆေးထိုးနှံခြင်းသည် သမိုင်းတွင် ပြည်သူ့ကျန်းမာရေးအောင်မြင်မှု အကြီးမားဆုံးဖြစ်သည်” ဟု ၁၉၉၉ ကမ္ဘာ့ကျန်းမာရေးအစီရင်ခံစာတွင် ဖော်ပြသည်။ ကမ္ဘာတစ်ခွင် ကာကွယ်ဆေးထိုး ကင်ပိန်းများက အသက်သန်းပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပြီ။ ကမ္ဘာ့ကာကွယ်ဆေးထိုး အစီအစဉ်များကြောင့် ၂၀ ရာစုတွင်ဖြစ်ပွားခဲ့သည့် စစ်ပွဲအားလုံးက ခြွေယူခဲ့သောအသက်တို့ထက် သေစေခဲ့သည့် ကျောက်ရောဂါ ကင်းစင်သွားလေပြီ၊ အလားတူကင်ပိန်းတစ်ခုကြောင့် ပိုလီယိုရောဂါလည်း ကင်းစင်လုနီးပြီ။ (“ကျောက်ရောဂါနှင့် ပိုလီယိုရောဂါကို အောင်နိုင်ခြင်း” လေးထောင့်ကွက်ကိုရှု။) အသက်အန္တရာယ်ရှိသည့် ရောဂါများမရဖို့ ကလေးများစွာကို ယခု ကာကွယ်ဆေးထိုးနှံထားကြပြီ။

ဤမျှထူးခြားသောနည်းများမဟုတ်သည့် နည်းများဖြင့်လည်း အခြားရောဂါများကို နှိမ်နင်းခဲ့ပြီ။ သန့်ရှင်းသန့်ပြန့်သည့်နေရာ၊ ရေကောင်းရေသန့် ရရှိသည့်နေရာများတွင် ဝမ်းကိုက်ရောဂါကဲ့သို့သော ရေကြောင့်ကူးစက်သည့်ရောဂါများ အဖြစ်နည်းကြသည်။ နိုင်ငံများစွာတွင် ဆရာဝန်များနှင့် ဆေးရုံများ တိုးများလာခြင်းကြောင့် ရောဂါအများစုကို ခွဲခြားသိရှိနိုင်ပြီး သေစေလောက်သည့်အခြေအနေမရောက်မီ ကုသပေးနိုင်ပြီ။ အာဟာရပြည့်ဝစွာစားခြင်း၊ နေထိုင်မှုအခြေအနေ ပိုကောင်းမွန်ခြင်းအပြင် အစားအစာကို ကောင်းစွာ ကိုင်တွယ်သိုလှောင်ရန် ဥပဒေများချမှတ်ပေးခြင်းတို့သည် ပြည်သူ့ကျန်းမာရေးကို တိုးတက်ကောင်းမွန်လာစေသည်။

သိပ္ပံပညာရှင်များသည် ကူးစက်ရောဂါဖြစ်ရသည့်အကြောင်းကို ရှာဖွေတွေ့ရှိသည်နှင့် ကျန်းမာရေးဝန်ထမ်းများသည် ကူးစက်ရောဂါပြန့်ပွားမှုကို ရပ်စဲသွားစေရန် လက်တွေ့ကျကျ လုပ်ဆောင်နိုင်ကြမည်။ ဥပမာတစ်ခုကိုသာ စဉ်းစားကြည့်ပါ။ ၁၉၀၇ ခုနှစ်တွင် ဆန်ဖရန်စစ္စကိုမြို့၌ ဆင်ထွက်ပလိပ်ဖြစ်ပွားစဉ်က လှေးများအားဖြင့် ရောဂါပြန့်ပွားစေသည့် ကြွက်တို့ကို လုံးလုံးရှင်းပစ်သည့်ကင်ပိန်းတစ်ရပ် ချက်ချင်းစတင်သောကြောင့် လူအနည်းငယ်သာ သေဆုံးခဲ့ရသည်။ အခြားတစ်ဖက်တွင်မူ ၁၈၉၆ ခုနှစ်မှစတင်ခဲ့သော ထိုရောဂါကြောင့် အိန္ဒိယနိုင်ငံတွင် ၁၂ နှစ်အတွင်း လူဆယ်သန်း သေဆုံးခဲ့ရသည်၊ အကြောင်းမှာ ရောဂါဖြစ်ရသည့်အကြောင်းရင်းကို မသိခဲ့ခြင်းကြောင့်ဖြစ်သည်။

ရောဂါတိုက်ဖျက်ရေး ရှုံးနိမ့်မှုများ

အောင်မြင်မှုများရှိခဲ့ကြောင်း ထင်ရှားပါသည်။ သို့ရာတွင် ပြည်သူ့ကျန်းမာရေးအောင်မြင်မှုအချို့သည် ကမ္ဘာ့ချမ်းသာကြွယ်ဝသည့် နိုင်ငံများတွင်သာဖြစ်သည်။ ရန်ပုံငွေအလုံအလောက် မရရှိခြင်းကြောင့် ကုသနိုင်သောရောဂါများသည် လူသန်းနှင့်ချီ သေဆုံးစေခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လူများစွာသည် လုံလောက်သည့် ကျန်းမာသန့်ရှင်းရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရေကောင်းရေသန့် မရနိုင်ကြသေးချေ။ ကျေးလက်ဒေသမှ မြို့ကြီးပြကြီးများသို့ လူအစုလိုက်အပြုံလိုက် ပြောင်းရွှေ့လာကြခြင်းကြောင့်လည်း ဤအခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ပိုခက်ခဲလာသည်။ အဆိုပါအကြောင်းရင်းတို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောသကဲ့သို့ ကမ္ဘာပေါ်မှ ဆင်းရဲသူတို့သည် “ရောဂါများကို မမျှမတ ခံစားနေကြရသည်။”

ရောဂါကို မမျှမတခံစားရသည့် အဓိကအကြောင်းမှာ အမြော်အမြင်နည်းသည့် ကိုယ်ကျိုးရှာစိတ်ကြောင့်ဖြစ်သည်။ “ကမ္ဘာ့အဆိုးဝါးဆုံး ကူးစက်ရောဂါအချို့သည် ဖွံ့ဖြိုးသောနိုင်ငံများနှင့် အလှမ်းဝေးနေပုံရသည်” ဟု လူသားနှင့်ပိုးမွှားများစာအုပ်က ဖော်ပြသည်။ “၎င်းတို့မှအချို့သည် ဆင်းရဲနွမ်းပါးသည့် အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများတွင်သာ အများအပြား ဖြစ်ပုံရှိသည်။ ချမ်းသာကြွယ်ဝသည့် ဖွံ့ဖြိုးသောနိုင်ငံများနှင့် ဆေးကုမ္ပဏီများသည် တိုက်ရိုက် အကျိုးအမြတ် မခံစားကြရသောကြောင့် ထိုရောဂါများကိုကုသပေးရန် ရန်ပုံငွေများ မပေးလိုကြချေ။

ရောဂါပြန့်ပွားသည့် နောက်အကြောင်းရင်းတစ်ခုမှာ တာဝန်မသိတတ်သူများကြောင့်လည်းဖြစ်သည်။ ယင်းသည် အလွန်မှန်ကန်ကြောင်း ခန္ဓာကိုယ်အရည်များမှတစ်ဆင့် ကူးစက်တတ်သည့် အေ့ဒ်စ်ဗိုင်းရပ်စ် ပျံ့နှံ့ခြင်းက ကောင်းစွာသရုပ်ဖော်သည်။ နှစ်အနည်းငယ်အတွင်းတွင် နေရာအနှံ့ဖြစ်ပွားသည့် ဤကပ်ရောဂါသည် ကမ္ဘာတစ်ခွင် ချက်ချင်း ပျံ့နှံ့သွားလေပြီ။ (“အေ့ဒ်စ်—⁠ကျွန်ုပ်တို့ခေတ်၏ ကပ်ဘေးကြီး” လေးထောင့်ကွက်ကိုရှု။) ဆေးဝါးဗေဒပညာရှင် ဂျိုး မက်ကောမစ်က– “ကိုယ့်ကိုယ်ကို ရောဂါရစေကြတယ်။ ဒါဟာ ကျင့်ဝတ်တရားကို ပြောနေတာမဟုတ်ဘဲ အဖြစ်မှန်ကို တင်ပြတာ” ဟုအခိုင်အမာပြောသည်။

လူတို့သည် အေ့ဒ်စ်ဗိုင်းရပ်စ်ပိုး ပြန့်ပွားသွားစေရန် မည်သို့ အမှုမဲ့အမှတ်မဲ့ ပြုလုပ်ခဲ့ကြသနည်း။ လာမည့်ကပ်ဘေးကြီးစာအုပ်တွင် အောက်ပါအချက်အလက်များကို ဖော်ပြထားသည်– လူမှုရေးအပြောင်းအလဲများ အထူးသဖြင့် လိင်ဆက်ဆံဖက် များပြားသည့်အကျင့်သည် လိင်ဆိုင်ရာကူးစက်ရောဂါကို ပြန့်ပွားစေပြီး ဗိုင်းရပ်စ်ပိုးမှ ရောဂါရသွားစေရာ ရောဂါရှိသူတစ်ဦးထံမှ အခြားလူများစွာသို့ ရောဂါကူးစက်သွားစေသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆေးထိုးဖို့ ဖြစ်စေ၊ မူးယစ်ဆေးဝါးထိုးဖို့ဖြစ်စေ မသန့်သော သုံးပြီးသား ဆေးထိုးအပ်များကို ပြန်အသုံးပြုခြင်းမှ အလားတူဆိုးကျိုးများ ဖြစ်ပွားစေသည်။ ဒေါ်လာဘီလီယံနှင့်ချီ ဝင်ငွေရသော ကမ္ဘာချီ သွေးအရောင်းအဝယ်ပြုခြင်းမှလည်း အေ့ဒ်စ်ဗိုင်းရပ်စ်ပိုးကို သွေးလှူရှင်တစ်ဦးမှ သွေးသွင်းခံသူများစွာအား ရောဂါကူးစက်စေသည်။

အစောပိုင်းတွင်ဖော်ပြခဲ့သကဲ့သို့ ပဋိဇီဝဆေးများကို အလွန်အကျွံအသုံးပြုခြင်း သို့မဟုတ် လိုအပ်သလောက်အသုံးမပြုခြင်းတို့ကြောင့် ခုခံအားပိုများလာသည့် ရောဂါပိုးမွှားများ တိုးပွားများပြားလာသည်။ ဤပြဿနာသည် အလွန်စိုးရိမ်စရာဖြစ်ပြီး ဆိုးသည်ထက်ဆိုးဝါးလာပြီ။ ကူးစက်အနာဖြစ်စေသော စတက်ဖီလိုကော့ကပ်စ် ဗက်တီးရီးယားကို ပင်နီစီလင်ဆေးဖြင့် လွယ်ကူစွာ နှိမ်နင်းနိုင်ခဲ့ပြီ။ သို့သော် ယခု ဤပဋိဇီဝဆေးတို့သည် ထိရောက်မှုနည်းလာလေပြီ။ ထို့ကြောင့် ဆရာဝန်များသည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဆေးရုံများ မတတ်နိုင်သော ဈေးကြီးသည့်ပဋိဇီဝဆေးဝါးသစ်တို့ကို အသုံးပြုရတော့သည်။ ခေတ်ပေါ်ပဋိဇီဝဆေးတို့ပင် အချို့ပိုးမွှားများကို မနှိမ်နင်းနိုင်သဖြင့် ဆေးရုံမှကူးစက်ရောဂါများ ပိုတိုးများလာပြီး ပိုဆိုးရွားလာစေသည်။ ဓာတ်မတည့်ခြင်းနှင့် ကူးစက်ရောဂါဆိုင်ရာ ယူ.အက်စ်. အမျိုးသားတက္ကသိုလ်မှ ဒါရိုက်တာဟောင်း ဒေါက်တာ ရစ်ချက်ခရောဇ်သည် လက်ရှိအခြေအနေကို “ခုခံနိုင်စွမ်းရှိသည့် ပိုးမွှားများ၏ကပ်ဘေး” ဟု ပွင့်ပွင့်လင်းလင်း ဖော်ပြခဲ့သည်။

“ယနေ့ ပိုကောင်းလာပြီလော”

ယနေ့ ၂၁ ရာစုအစတွင် ရောဂါရစရာအကြောင်း ရှိနေသေးကြောင်း ထင်ရှားသည်။ အေ့ဒ်စ်ရောဂါ မရပ်မနားပျံ့နှံ့နေခြင်း၊ ဆေးပြီးသည့်ရောဂါပိုးများ ပေါ်လာခြင်း၊ တီဘီနှင့် ငှက်ဖျားရောဂါ အစရှိသည့် ရှေးဟောင်းလူသတ်ရောဂါများ ပြန်ခေါင်းထောင်လာခြင်းတို့က ရောဂါတိုက်ဖျက်ရေး မအောင်မြင်သေးကြောင်း ဖော်ပြနေသည်။

နိုဗယ်ဆုရှင် ဂျော်ရှုအာ လီဒါဘတ်က “လွန်ခဲ့သည့်ဆယ်စုနှစ်ထက် ယနေ့ပိုကောင်းနေပြီလော” ဟုမေးခွန်းထုတ်ခဲ့သည်။ “အဘက်ဘက်မှကြည့်လျှင် အခြေအနေ ပိုဆိုးရွားနေသည်။ ရောဂါပိုးမွှားများကို ကျွန်ုပ်တို့လျစ်လျူရှုခဲ့ရာ ယင်းက ကျွန်ုပ်တို့ကို အန္တရာယ်ပြုရန် ယခု တစ်ကျော့ပြန်လာနေပြီ” ဟု သူပြောခဲ့သည်။ ဆေးသိပ္ပံနှင့် ကမ္ဘာ့လူသားအပေါင်း၏ ကြိုးပမ်းမှုဖြင့် လက်ရှိအခက်အခဲများကို ကျော်လွှားနိုင်ပါမည်လော။ အဓိကကူးစက်ရောဂါများသည် နောက်ဆုံးတွင် ကျောက်ရောဂါကဲ့သို့ လုံးဝ ကင်းစင်သွားမည်လော။ ကျွန်ုပ်တို့၏နောက်ဆုံးဆောင်းပါးက ဤမေးခွန်းများကို သုံးသပ်ပါလိမ့်မည်။

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ကျောက်ရောဂါနှင့် ပိုလီယိုရောဂါကို အောင်နိုင်ခြင်း

၁၉၇၇၊ အောက်တိုဘာလအကုန်ပိုင်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗ္ဗလျူအိပ်ခ်ျအို) သည် သမားရိုးကျဖြစ်သည့် နောက်ဆုံး ကျောက်ရောဂါသည်ကို တွေ့ ရှိခဲ့သည်။ ဆိုမာလီနိုင်ငံတွင်နေထိုင်သူ အေလီ မောမာလင်ဆိုသည့် ဆေးရုံထမင်းချက်သည် ရောဂါပြင်းပြင်းထန်ထန် မခံစားလိုက်ရဘဲ သီတင်းပတ်အနည်းငယ်အတွင်း ပြန်နေကောင်းသွားသည်။ သူနှင့်ထိတွေ့ခဲ့သူအားလုံး ကာကွယ်ဆေးထိုးခဲ့ရ၏။

အလွန်ကုန်ခဲလှသည်ဟုထင်ရသည့် နှစ်နှစ်တိုင် ဆရာဝန်များ စိုးရိမ်တကြီးစောင့်ကြည့်ခဲ့ကြသည်။ “ကျောက်ရောဂါလူနာ” အကြောင်း သတင်းပို့နိုင်သူ မည်သူ့ကိုမဆို ဒေါ်လာ ၁,၀၀၀ ဆုချီးမြှင့်မည်ဟု သတင်းလွှင့်ထားသည်။ မည်သူမျှ ထိုဆုငွေလာမယူသဖြင့် ၁၉၈၀၊ မေ ၈ ရက်နေ့တွင် ဒဗ္ဗလျူအိပ်ခ်ျအိုက “ကမ္ဘာကြီးနှင့် လူသားတို့သည် ကျောက်ရောဂါကင်းစင်ပြီ” ဟုကြေညာလိုက်လေသည်။ လွန်ခဲ့သည့် ဆယ်နှစ်ကျော်လောက်က ကျောက်ရောဂါကြောင့် တစ်နှစ်လျှင် လူနှစ်သန်းခန့် သေဆုံးနေ၏။ လူ့သမိုင်းတွင် ပထမဆုံးအကြိမ် အဓိကကူးစက်ရောဂါတစ်ခု ကင်းစင်သွားခြင်းဖြစ်သည်။ *

ကလေးများကို မသန်မစွမ်းဖြစ်စေသည့် ပိုလီယိုအကြောသေရောဂါကိုလည်း နှိမ်နင်းနိုင်မည့်ပုံရှိသည်။ ၁၉၅၅ ခုနှစ်တွင် ဂျိုနက်စ် စော့ခ်သည် အစွမ်းထက်သည့် ပိုလီယိုကာကွယ်ဆေး ထုတ်လုပ်ခဲ့ရာ ယူနိုက်တက်စတိတ်နှင့် အခြားနိုင်ငံတို့တွင် ပိုလီယိုကာကွယ်ဆေးထိုးနှံရေးကင်ပိန်း စတင်ခဲ့ကြသည်။ နောက်ပိုင်းတွင် ပါးစပ်မှတိုက်ကျွေးသည့် ကာကွယ်ဆေး ပေါ်လာသည်။ ၁၉၈၈ ခုနှစ်တွင် ဒဗ္ဗလျူအိပ်ခ်ျအိုက ပိုလီယိုကင်းစင် ကမ္ဘာတစ်ခွင်အစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့သည်။

“၁၉၈၈ ခုနှစ်တွင် ပိုလီယိုတိုက်ဖျက်ရေးကြိုးပမ်းမှုများ စတင်ခဲ့ချိန်တွင် နေ့စဉ် ကလေး ၁၀၀၀ ကျော်သည် ပိုလီယိုအကြောသေရောဂါဖြစ်နေသည်၊ ၂၀၀၁ တစ်နှစ်လုံးအတွင်း ရောဂါဖြစ်သူ ၁၀၀၀ ထက်နည်းသွားပြီဖြစ်သည်” ဟု ထိုစဉ်က ဒဗ္ဗလျူအိပ်ခ်ျအို၏ ညွှန်ကြားရေးမှူး ဒေါက်တာ ဂရိုဟာလမ် ဘရွန်လန်က ဆိုသည်။ ယခု ပိုလီယိုရောဂါဖြစ်သည့်နိုင်ငံ ဆယ်နိုင်ငံပင် မရှိတော့သော်လည်း ဤနိုင်ငံများတွင် ရောဂါကင်းစင်သွားစေရန် ရန်ပုံငွေ ထပ်မံလိုအပ်နေသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 28 နိုင်ငံတကာ ကာကွယ်ဆေးထိုးနှံရေးကင်ပိန်းဖြင့် နှိမ်နင်းနိုင်သည့်ရောဂါတို့တွင် ကျောက်ရောဂါသည် အကောင်းဆုံးဥပမာတစ်ခုဖြစ်သည်၊ ဤရောဂါသည် ကြွက်နှင့် အင်းဆက်ပိုးများမှတစ်ဆင့် ကူးစက်ခြင်းမဟုတ်ဘဲ ကျောက်ဗိုင်းရပ်စ်ပိုး ရှင်သန်ရန် လူထဲမှီတွယ်နေရ၏။

[ရုပ်ပုံ]

အီသီယိုးပီးယားကလေးငယ်တစ်ဦးကို ပိုလီယိုကာကွယ်ဆေး တိုက်ကျွေး

[Credit Line]

© WHO/P. Virot

[စာမျက်နှာ ၁၀ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အေ့ဒ်စ်—ကျွန်ုပ်တို့ခေတ်၏ ကပ်ဘေးကြီး

အေ့စ်သည် ကမ္ဘာချီစိုးရိမ်စရာ ရောဂါအသစ်တစ်ခုအဖြစ် ပျံ့နှံ့နေသည်။ ယင်းကို ခွဲခြားရွေးထုတ်ဖော်ပြခဲ့ပြီးနောက် အနှစ် ၂၀ နီးပါးအတွင်း လူသန်းပေါင်း ၆၀ ကျော်ထက်မက ရောဂါကူးစက်ခဲ့ပြီ။ ကမ္ဘာအနှံ့ ကူးစက်ပျံ့နှံ့နေသော အေ့ဒ်စ်ရောဂါသည် “ဖြစ်စပင်” ရှိသေးကြောင်း ကျန်းမာရေးဝန်ထမ်းများက သတိပေးကြသည်။ ရောဂါကူးစက်မှုနှုန်းမှာ “ယခင် ယူဆထားသည်ထက် ပိုမြင့်မားလာနေ” ပြီး ဤရောဂါအဖြစ်အများဆုံး ကမ္ဘာ့ဒေသများတွင် အကြီးအကျယ် သေဆုံးနေသည်။

“ကမ္ဘာတစ်ဝန်းမှ အိပ်ခ်ျအိုင်ဗွီ/အေ့ဒ်စ်ရောဂါသည် အများစုမှာ မိမိတို့လုပ်ငန်းခွင်တွင် အသန်မြန်ဆုံးအရွယ်ရှိသူများဖြစ်ကြသည်” ဟု ကုလသမဂ္ဂက သတင်းပေးပို့သည်။ ထို့ကြောင့် အာဖရိကတောင်ပိုင်းရှိ နိုင်ငံများစွာတွင် ၂၀၀၅ ခုနှစ်တိုင်လျှင် အလုပ်သမားအင်အား ၁၀ မှ ၂၀ ရာခိုင်နှုန်းအထိ ဆုံးရှုံးသွားလိမ့်မည်ဟု ခန့်မှန်းကြသည်။ “အာဖရိက ဆာဟာရအောက်ပိုင်းဒေသတွင် လက်ရှိပျမ်းမျှသက်တမ်းသည် ၄၇ နှစ်သာရှိသည်၊ အေ့ဒ်စ်ရောဂါမဖြစ်လျှင် ၆၂ နှစ် ဖြစ်ပေလိမ့်မည်” ဟု အစီရင်ခံစာက ဖော်ပြသည်။

ကာကွယ်ဆေးရရှိရန် ကြိုးပမ်းမှုများ မအောင်မြင်သေးပါ၊ ဖွံ့ ဖြိုးဆဲနိုင်ငံများရှိ အေ့ဒ်စ်ဝေဒနာရှင် ခြောက်သန်းမှ ၄ ရာခိုင်နှုန်းသာ ဆေးကုသမှု ခံယူနေကြသည်။ လောလောဆယ်တွင် အေ့ဒ်စ်ရောဂါကို မကုသနိုင်ပါ၊ ရောဂါကူးစက်ခံထားရသူအများလည်း နောက်ဆုံးတွင် ရောဂါရသွားမည်ဟု ဆရာဝန်များ စိုးရိမ်နေကြသည်။

[ရုပ်ပုံ]

အိပ်ခ်ျအိုင်ဗွီဗိုင်းရပ်စ်ပိုးကူးစက်ခံရသည့် တီ ပြန်ရည်ဆဲလ်များ

[Credit Line]

Godo-Foto

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

နှိမ်နင်းရခက်ခဲသည့် ဗိုင်းရပ်စ်ပိုးကို ဓာတ်ခွဲခန်းအလုပ်သမားတစ်ဦး စစ်ဆေးနေ

[Credit Line]

CDC/Anthony Sanchez