မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူ ကျွန်မအပေါ် ဘာဖြစ်လို့ ဒီလောက်ဆိုးရတာလဲ

သူ ကျွန်မအပေါ် ဘာဖြစ်လို့ ဒီလောက်ဆိုးရတာလဲ

လူငယ်များအမေး . . .

သူ ကျွန်မအပေါ် ဘာဖြစ်လို့ ဒီလောက်ဆိုးရတာလဲ

“[ကျွန်မရဲ့ရည်းစား] က ကျွန်မကို တကယ့်အဓိပ္ပာယ်မဲ့စွာ စွပ်စွဲလေ့ရှိတယ်။ ဒါပေမဲ့ ကျွန်မရဲ့ရင်ထဲမှာ သူ့ကိုပဲစွဲနေတယ်။”—ကက်သရင်း။ *

“အပြင်ပန်းကြည့်ရင်တော့ [ဘာဒဏ်ရာမှ] မရှိဘူး၊ ဒါပေမဲ့ ရင်ထဲမှာတော့ တော်တော့်ကို နာကျင်နေတယ်။”—အန်ဒရာ၊ ရည်းစား၏ပါးရိုက်ခြင်းခံရသူ။

ဖြစ်လေ့ရှိသော အခြေအနေတစ်ခုမှာ– မိန်းကလေးတစ်ဦးသည် ရုပ်ရည်ချောမောပြီး ရည်မွန်ပုံရသည့် လူငယ်တစ်ဦးနှင့် ချိန်းတွေ့ကြသည်။ သို့သော် တဖြည်းဖြည်းနှင့် သူ့အချိုး ပြောင်းလာသည်။ အကြင်နာချစ်စကားများနေရာတွင် စိတ်နာဖွယ်ထေ့ငေါ့သည့်စကားများ၊ အထင်သေးပြစ်တင်ဝေဖန်သည့်စကားများ နေရာယူလာသည်။ အစပိုင်းတွင် တုတ်ထိုးအိုးပေါက်ပြောကာ ချစ်၍ ကျီစယ်မှု အဖြစ် လျစ်လျူရှုနေခဲ့သည်။ သို့ရာတွင် အခြေအနေပိုဆိုးလာပြီး စကားစစ်ထိုးခြင်း၊ ဒေါသပေါက်ကွဲခြင်း၊ အရမ်းမှားသွားပြီဟု မကြာခဏပြောခြင်းတို့ တွေ့လာရသည်။ မိမိ အနေအထိုင်အပြုအမူမတတ်၍ဖြစ်သည်ဟူသည့် ခံစားချက်ကြောင့် မိန်းမငယ်သည် ပြောင်းလဲတန်ကောင်း၏ဟု မျှော်လင့်ကာ မိမိခံစားချက်ကို ရေငုံနှုတ်ပိတ်နေလိုက်သည်။ သို့သော် အချိုးမပြောင်းပါ။ ယခု မိမိရည်းစားသည် အော်ကြီးဟစ်ကျယ်လုပ်လာသည်။ တစ်ကြိမ်၌ ဒေါသထွက်နေချိန်တွင် သူ့ကို ကြမ်းကြမ်းတမ်းတမ်း ဆောင့်တွန်းခြင်းပင် လုပ်လာသည်! နောက်တစ်ကြိမ်ဆိုလျှင် မိမိအားရိုက်တော့မည်လောဟု စိုးရိမ်နေရပြီ။ *

လူငယ်မောင်မယ်တို့၏ သမီးရည်းစားဘဝတွင် တစ်ဦးအပေါ်တစ်ဦး ကိုယ်ထိလက်ရောက်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ ထိုးနှက်တိုက်ခိုက်ခြင်းသည် သိသာထင်ရှားနေလျှင် ပြစ်တင်ဝေဖန်မှု၊ နစ်နစ်နာနာပြောဆိုမှုနှင့် အမျက်ဒေါသဖြစ်မှုတို့ကို တရစပ်ကြုံနေရနိုင်သည်။ ထိုဘဝမျိုး သင်ရောက်နေပြီလော။ (“သတိပြုရမည့် လက္ခဏာအချို့” လေးထောင့်ကွက်ကိုရှု။) ထိုဘဝရောက်ပြီဆိုလျှင် ဘာလုပ်လို့ဘာကိုင်ရမှန်း မသိ၍ စိတ်ပျက်ကာ အကြံအိုက်နေပေမည်။

ဤသို့သောအခြေအနေမျိုးသည် သင်ထင်ထားသလို ဖြစ်တောင့်ဖြစ်ခဲသည့် အခြေအနေမျိုးမဟုတ်ပါ။ သုတေသီများက ၅ ဦးတွင် ၁ ဦးသည် ချိန်းတွေ့စဉ် အကြမ်းဖက်မှု တစ်မျိုးမျိုးခံရသည်ဟု ခန့်မှန်းကြသည်။ နှုတ်ဖြင့်ထိုးနှက်ခြင်းကို အကြမ်းဖက်မှု ပုံစံတစ်မျိုးဟု သတ်မှတ်မည်ဆိုလျှင် အကြမ်းဖက်ခံရမှုသည် ၅ ဦးတွင် ၄ ဦးအထိ ခုန်တက်သွားသည်။ လူအများ ထင်လေ့ရှိသကဲ့သို့ အကြမ်းဖက်ခံရသူအားလုံးသည် အမျိုးသမီးများသာ မဟုတ်ပါ။ ချိန်းတွေ့စဉ် အကြမ်းဖက်ခံရခြင်းနှင့်ပတ်သက်၍ ဗြိတိသျှလေ့လာမှုတစ်ခုအရ “အမျိုးသား၊ အမျိုးသမီး ရာခိုင်နှုန်းအတူတူနီးပါး” သည် မိမိအဖော်၏ အကြမ်းဖက်မှုခံရသည်ဟု သတင်းပို့ခဲ့ကြသည်။ *

ရည်းစားဖြစ်နေချိန်တွင် ထိုကဲ့သို့သော မသင့်လျော်သည့်အပြုအမူများ အဘယ်ကြောင့်ပြုရသနည်း။ ဤအခြေအနေမျိုး သင်ကြုံနေရလျှင် ဘာလုပ်သင့်သနည်း။

ဘုရားသခင့်အမြင်မျိုးရှိခြင်း

ဦးဆုံး ဤအခြေအနေသည် ဘုရားသခင့်အမြင်တွင် မည်မျှအရေးပါကြောင်း တိတိကျကျသိထားရမည်။ မစုံလင်သောလူသားတို့၏သဘာဝသည် အခြားသူများကို ထိခိုက်နာကျင်အောင် ပြောဆိုလုပ်ဆောင်တတ်ကြသည်။ (ယာကုပ် ၃:၂) တစ်ဦးနှင့်တစ်ဦး အမှန်ချစ်မြတ်နိုးပြီး ယုံကြည်စိတ်ချသူများပင်လျှင် တစ်ခါတစ်ရံ သဘောထားကွဲတတ်ကြသည်။ ဥပမာ၊ တမန်တော်ပေါလုနှင့် ဗာနဗတို့သည် ရင့်ကျက်သောခရစ်ယာန်များဖြစ်ကြသည်။ သို့သော် တစ်ခါက သူတို့သည် “ဒေါသစူးရှစွာပေါက်ကွဲ” ခဲ့ကြသည်။ (တမန်တော် ၁၅:၃၉ကဘ) ထို့ကြောင့် သင်သည် တစ်စုံတစ်ဦးနှင့် ချိန်းတွေ့သည့်အခါ ရံဖန်ရံခါ တင်းမာမှုတချို့ ရှိနိုင်ပါသည်။

ထို့ပြင် သင့်ရည်းစားသည် ဘယ်တော့မျှ ပြစ်တင်ဝေဖန်သည့်စကား ပြောမည်မဟုတ်ဟု မျှော်လင့်ခြင်းသည် လက်တွေ့မကျပါ။ သင်တို့ လက်ထပ်ဖို့ ရည်စူးထားကြပေမည်။ သူသည် သင့်စရိုက်၊ သင့်ဝသီတစ်ခုခုကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေမည်ဆိုလျှင် ယင်းကို သင့်အားပြောပြခြင်းသည် မေတ္တာပြရာမကျပေလော။ မှန်ပါသည်၊ ပြစ်တင်ဝေဖန်ခြင်းသည် စိတ်နာကျင်စေသည်။ (ဟေဗြဲ ၁၂:၁၁) သို့သော် မေတ္တာရှေ့ထား၍ ပြောခြင်းဖြစ်မည်ဆိုလျှင် ရိုင်းပျစွာ ပြောမည်မဟုတ်ပါ။—⁠သု. ၂၇:၆

အော်ကြီးဟစ်ကျယ်ပြောဆိုခြင်း၊ ပါးရိုက်ခြင်း၊ လက်သီးနှင့်ထိုးခြင်း၊ ဆဲဆိုခြင်းတို့မူ လုံးလုံးခြားနားသည့် ကိစ္စဖြစ်သည်။ သမ္မာကျမ်းစာက “အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ မနာလိုခြင်း၊ သူ့အသရေပျက်အောင်ပြောဆိုခြင်း” တို့ကို ပြစ်တင်ရှုတ်ချထားသည်။ (ကောလောသဲ ၃:၈) တစ်စုံတစ်ဦးသည် မိမိ၏အစွမ်း “တန်ခိုး” ကိုသုံးကာ အခြားသူများကို အရှက်ခွဲ၊ ခြိမ်းခြောက်ခြင်း သို့မဟုတ် ဖိနှိပ်ခြင်းတို့သည် ယေဟောဝါအား စော်ကားခြင်းဖြစ်သည်။ (ဒေ. ၄:၁; ၈:၉) အမှန်မှာ၊ ဘုရားသခင်၏နှုတ်မြွက်စကား၌ ခင်ပွန်းသည်တို့သည် “မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကိုချစ်ရကြမည်၊ . . . ကိုယ်အသားကိုမုန်းသောသူ တစ်ယောက်မျှမရှိ၊ . . . မိမိတို့အသားကို ကျွေးမွေးပြုစုတတ်ကြ၏” ဟုဆိုထား၏။ (ဧဖက် ၅:၂၈၊ ၂၉) ရည်းစားထားချိန်တွင် ကိုယ့်ချစ်သူကို ရင့်သီးစွာပြောဆိုဆက်ဆံသူသည် အိမ်ထောင်ဖက်တစ်ဦး မဖြစ်ထိုက်ကြောင်း မိမိကိုယ်ကို ဖော်ပြနေခြင်းဖြစ်သည်။ တစ်ချိန်တည်းတွင် သူသည် ယေဟောဝါဘုရားသခင်၏ အမျက်ဒေါသကို နှိုးဆွခြင်းလည်းဖြစ်သည်!

သင့်အပြစ်မဟုတ်!

သို့သော်၊ မတရားအနိုင်ကျင့်တတ်သူများက နှိပ်စက်ခံရသူများကို အပြစ်ဖို့လေ့ရှိသည်။ ထို့ကြောင့် ရည်းစားဖြစ်သူ ဒေါသထွက်ခြင်းမှာ မိမိကြောင့်ဖြစ်သည်ဟု ခံစားရပေမည်။ သို့သော် သူ၏ဒေါသသည် သင်နှင့်အနည်းငယ်သာပတ်သက်မည်၊ လုံးဝမပတ်သက်ခြင်းလည်းဖြစ်မည်။ အများအားဖြင့် မတရားအနိုင်ကျင့်တတ်သော အမျိုးသားများသည် ကြမ်းတမ်းရိုင်းစိုင်းသည့်စကားများကို သာမန်အဖြစ်သဘောထားသော မိသားစုမှ ကြီးပြင်းလာခြင်းဖြစ်သည်။ * အချို့ဒေသများတွင် လူငယ်တို့က ယောက်ျားဟူသည် လွှမ်းမိုးနိုင်ရမည်ဟူသည့် ပေါ်ပင်ယဉ်ကျေးမှု၏ ဩဇာလွှမ်းမိုးမှုကိုခံရကြသည်။ ရွယ်တူချင်းများကလည်း ယောက်ျားမာန်ပြရန် လူငယ်တစ်ဦးအား ဖိအားပေးကြပေမည်။ မိမိကိုယ်ကို ယုံကြည်မှုမရှိ၍ သင်ပြောသမျှ၊ လုပ်သမျှသည် ခြိမ်းခြောက်မှုဟု သူ့အားယူမှတ်စေပေမည်။

အခြေအနေမည်သို့ပင်ရှိပါစေ သင်သည် အခြားသူဒေါသပေါက်ကွဲခြင်းအတွက် တာဝန်မရှိပါ။ ရိုင်းစိုင်းစွာပြောဆိုခြင်းနှင့် အကြမ်းဖက်ခြင်းတို့သည် မည်သည့်အခါမျှ လက်ခံနိုင်စရာမရှိပါ။

သင့်စဉ်းစားတွေးခေါ်ပုံကို ပြောင်းလဲခြင်း

သို့သော် ကိစ္စရပ်များအပေါ် သင်ကိုယ်တိုင်၏ရှုမြင်ပုံကို ပြုပြင်ပြောင်းလဲရန်လိုကောင်း လိုပေမည်။ မည်သို့အားဖြင့်နည်း။ မိန်းကလေးတစ်ဦးသည် ကြမ်းတမ်းပြီး ရန်မူသောစကားများပြောဆိုသည့် ဝန်းကျင်တွင် ကြီးပြင်းလာခဲ့မည်ဆိုလျှင် ရိုင်းစိုင်းသောအပြုအမူများသည် သူ့အတွက် မဆန်းပေ။ ခရစ်ယာန်မဆန်သည့် အမူအကျင့်တို့ကို မနှစ်သက်ကြောင်းပြမည့်အစား ယင်းကို သည်းခံနေမည်—⁠နှစ်သက်ပင် နှစ်သက်နေနိုင်သည်။ နှိပ်စက်ခံရသူအချို့က လူကြီးလူကောင်းဆန်လွန်းသောအမျိုးသားများသည် ငြီးငွေ့စရာဖြစ်သည်ဟု ဆိုကြ၏။ အခြားမိန်းကလေးများကမူ မိမိတို့၏ရည်းစားကို ပြောင်းလဲအောင် လုပ်နိုင်သည်ဟု မှားယွင်းစွာယူမှတ်ကြသည်။

သင်သည် ယင်းလူစားမျိုးထဲမှ တစ်မျိုးဖြစ်နေလျှင် ယင်းကိစ္စနှင့်ပတ်သက်၍ “စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲ” ဖို့လိုသည်။ (ရောမ ၁၂:၂) ဆုတောင်းခြင်း၊ လေ့လာခြင်း၊ ဆင်ခြင်သုံးသပ်ခြင်းတို့ဖြင့် ရိုင်းစိုင်းသောအပြုအမူများအပေါ် ယေဟောဝါ၏ရှုမြင်ပုံကိုလက်ခံပြီး စက်ဆုပ်ရွံရှာဖွယ်ရာအဖြစ် ရှုမြင်ဖို့လိုသည်။ သင်သည် မတရားဆက်ဆံခံထိုက်သူ မဟုတ်ကြောင်း နားလည်ထားရန်လိုသည်။ ကျိုးနွံစိတ်ကိုမွေးမြူကာ ကျွန်ုပ်တို့၏ အကန့်အသတ်ဖြစ်မှုကို နားလည်သဘောပေါက်ထားလျှင် စိတ်ကြီးသောရည်းစားကို မပြောင်းလဲပေးနိုင်ကြောင်း သင်သိမြင်လာမည်။ ပြောင်းလဲရန်မှာ သူ၏တာဝန်ဖြစ်သည်!—⁠ဂလာတိ ၆:၅

မိန်းကလေးအချို့သည် သိမ်ငယ်စိတ်ကြောင့် မတရားဆက်ဆံမှုကို သည်းခံနေတတ်ကြသည်။ အစပိုင်းတွင်ဖော်ပြခဲ့သော ကက်သရင်း ဤသို့ပြော၏– “သူမရှိတဲ့ဘဝကို စိတ်မကူးရဲဘူး၊ သူ့ထက်သာတဲ့သူရနိုင်မယ်လို့လည်း မထင်ဘူး။” ဟဲလ်ဂါ အမည်ရှိ မိန်းကလေးကလည်း သူ၏ရည်းစားနှင့်ပတ်သက်၍ ဤသို့ပြောခဲ့သည်– “သူ ကျွန်မကို ရိုက်တာ ကိစ္စမရှိပါဘူး၊ လုံးလုံးသတိမထားတာထက်စာရင် အရိုက်ခံရတာက ပိုကောင်းပါတယ်။”

ထိုသို့သောရှုမြင်ပုံများသည် ဆက်ဆံရေးကောင်းရရှိရန် အုတ်မြစ်ကောင်းဖြစ်နိုင်ဖွယ်ရှိသလော။ သင့်ကိုယ်သင်ပင်မချစ်လျှင် အခြားသူတစ်ဦးကို အမှန်ချစ်နိုင်ပါမည်လော။ (မဿဲ ၁၉:၁၉) မိမိကိုယ်ကိုလေးစားရန် ကြိုးစားပါ။ * မတရားဆက်ဆံမှုကို သည်းခံခြင်းက ယင်းသို့ပြုရန် အထောက်အကူမဖြစ်ပါ။ အရီးနာအမည်ရှိ မိန်းကလေး၏အတွေ့အကြုံမှ သိရှိလာရသည်မှာ မတရားအနိုင်ကျင့်မှုကို သည်းခံခြင်းက “မိမိသိက္ခာအားလုံးကို တိုက်စားပစ်စေ” နိုင်သည်။

အခြေအနေအမှန်ကို ရင်ဆိုင်ခြင်း

အချို့သူများသည်—⁠အထူးသဖြင့် စွဲစွဲလမ်းလမ်း မေတ္တာသက်ဝင်နေပြီဆိုလျှင်—⁠သူတို့၏ ဆက်ဆံရေးမကောင်းမှုကို ဝန်ခံရန် အခက်တွေ့ကြပေမည်။ သို့သော် အခြေအနေမှန်ကို မမြင်သည်အထိ မဖြစ်ပါနှင့်။ သမ္မာကျမ်းစာပါ ပညာရှိစကားတစ်ခုက ဤသို့ဆို၏– “[ကောင်းသော]သတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။ ဉာဏ်တိမ်သောသူမူကား အစဉ်အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။” (သု. ၂၂:၃) ဟန်နာအမည်ရှိ မိန်းကလေးတစ်ဦး ဤသို့ပြောပြ၏– “ယောက်ျားလေးတစ်ယောက်ကို ချစ်မိပြီဆိုရင် မျက်စိမပါတဲ့သူလိုဖြစ်သွားပြီး သူ့ရဲ့ ကောင်းတဲ့အရည်အချင်းတွေကိုပဲ မြင်တော့တယ်။” သို့သော် သင်သည် မတရားဆက်ဆံခံနေရလျှင် သူ၏သရုပ်အမှန်ကို တွေ့မြင်ရန် အရေးကြီးသည်။ သင့်ရည်းစားက သင့်အား စိုးရိမ်ထိတ်လန့်နေစေမည် သို့မဟုတ် သိက္ခာချနေမည်ဆိုလျှင် အမှားကြီးတစ်ခုတော့ ရှိနေပြီဖြစ်သည်။ သင့်ခံစားချက်များကို လျစ်လျူရှုပစ်ကာ သူ့ကိုခွင့်လွှတ်ခြင်း သို့မဟုတ် မိမိကိုယ်ကို အပြစ်တင်ခြင်းမျိုး မလုပ်ပါနှင့်။ ရိုင်းစိုင်းစွာဆက်ဆံသည်ကို မဟန့်တားဘဲ ဆက်ခွင့်ပြုထားခြင်းက အခြေအနေ ပိုဆိုးရုံသာရှိကြောင်း အတွေ့အကြုံများက ဖော်ပြသည်။ သင့်အတွက် အကြီးအကျယ် အန္တရာယ်ရှိနိုင်သည်။

အမှန်မှာ၊ မိမိကိုယ်ကို မချုပ်ထိန်းနိုင်သောသူနှင့် မပတ်သက်ခြင်းသည် အကောင်းဆုံးဖြစ်၏။ (သု. ၂၂:၂၄) ထို့ကြောင့် သင်ကောင်းစွာမရင်းနှီးသေးသူတစ်ဦးက သင်နှင့်ချိန်းတွေ့လိုလျှင် သူ့အကြောင်းသိအောင် ကြိုးစားခြင်းသည် ပညာရှိရာရောက်သည်။ ဦးဆုံး လူအုပ်စုအတွင်း အချင်းချင်း ပေါင်းသင်းဆက်ဆံရန် အကြံပြုပါလေ။ ယင်းက စိတ်ကူးယဉ်ဆန်ဆန် အလျင်အမြန် ချစ်ကြိုက်သွားခြင်းမရှိဘဲ သူ့အကြောင်း ပိုသိရှိစေနိုင်သည်။ မိမိကိုယ်ကို ဤကဲ့သို့သော အဓိပ္ပာယ်ရှိသည့်မေးခွန်းများ မေးပါ– သူ ဘယ်သူတွေနဲ့ ပေါင်းသလဲ။ ဘယ်လိုတေးဂီတ၊ ရုပ်ရှင်၊ ကွန်ပျူတာဂိမ်းနဲ့ အားကစားတွေကို ကြိုက်နှစ်သက်သလဲ။ သူ့ရဲ့အပြောအဆိုက ဝိညာဉ်ရေးရာများကို စိတ်ဝင်စားကြောင်း တင်ပြသလား။ သူ၏အသင်းတော်အကြီးအကဲများကဲ့သို့သော သူ့အကြောင်းသိသူတို့နှင့် ဆွေးနွေးကြည့်ပါ။ သူ၏ ရင့်ကျက်မှုနှင့် ဘုရားသခင်ရေးရာအမူအကျင့်တို့ကြောင့် “အသရေရှိသောသူဖြစ်” ပါမူ အခြားသူတို့က သူသည် ဤသို့ဖြစ်ကြောင်း သင့်အား ပြောပြကြလိမ့်မည်။—⁠တမန်တော် ၁၆:၂

သို့သော် သင်သည် ရိုင်းပျစွာဆက်ဆံတတ်သူနှင့် ပတ်သက်မိလျက်သားဖြစ်နေပြီဆိုလျှင် အဘယ်အရာပြုလုပ်နိုင်သနည်း။ နောက်ဆောင်းပါးတစ်ခုတွင် ဤမေးခွန်း၏အဖြေကို ဖော်ပြပါမည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 3 နာမည်အချို့ကို ပြောင်းထားသည်။

^ အပိုဒ်၊ 5 ဤဆောင်းပါးတွင် နှုတ်ဖြင့်သော်လည်းကောင်း၊ ကိုယ်ထိလက်ရောက်သော်လည်းကောင်း ထိုးနှက်ခံရသူများအကြောင်း ဆွေးနွေးထားသည်။ အောက်တိုဘာ ၂၂၊ ၁၉၉၆ [လိပ်] နှင့် မတ် ၂၂၊ ၁၉၉၇ [လိပ်] စာစောင်များပါ “စိတ်နာစေသည့်စကားများမှ စိတ်သက်သာရစေသော စကားများသို့” နှင့် “အနိုင်ကျင့်ခြင်း—⁠ဆိုးကျိုးကားအဘယ်နည်း” ဆောင်းပါးများတွင် မတရားအနိုင်ကျင့်တတ်သူများအတွက် အထောက်အကူဖြစ်နိုင်သည့် အကြံဉာဏ်များ ပါရှိပါသည်။

^ အပိုဒ်၊ 7 သို့ရာတွင် ရိုးရှင်းလွယ်ကူစေရန် အကြမ်းဖက်ခံရသူကို အမျိုးသမီးများအဖြစ် ဖော်ပြပါမည်။ ဤတွင်ဆွေးနွေးထားသောမူများသည် အမျိုးသားရော၊ အမျိုးသမီးများနှင့်ပါ သက်ဆိုင်သည်။

^ အပိုဒ်၊ 14 အောက်တိုဘာ ၂၂၊ ၁၉၉၆၊ [လိပ်] စာစောင်မှ “ရင့်သီးရိုင်းစိုင်းစွာပြောဆိုခြင်းကို အမြစ်မှဖယ်ရှားခြင်း” ဆောင်းပါးကိုရှု။

^ အပိုဒ်၊ 20 ယေဟောဝါသက်သေများ ထုတ်ဝေသော လူငယ်များအမေး—⁠တာသွားသည့်အဖြေစာအုပ်မှ အခန်း ၁၂ ကိုရှု။

[စာမျက်နှာ ၂၂ လေးထောင့်ကွက်]

သတိပြုရမည့် လက္ခဏာအချို့

▪ သင်တစ်ဦးတည်းရှိသည့်အခါ သို့မဟုတ် အခြားသူများနှင့်အတူရှိသည့်အခါ သင့်အကြောင်း၊ သင့်မိသားစု၊ သင့်မိတ်ဆွေများနှင့်ပတ်သက်၍ ကဲ့ရဲ့ရှုတ်ချသည့်စကားကို ပြောလေ့ရှိသည်

▪ သင်၏ဆန္ဒနှင့် ခံစားချက်များကို လျစ်လျူရှုလေ့ရှိသည်

▪ အချိန်တိုင်းတွင် သင်ရှိသည့်နေရာများကို မရမကသိလိုခြင်းနှင့် သင့် ဆုံးဖြတ်ချက်အားလုံးကို သူကသာ ဆုံးဖြတ်တတ်ကာ သင့်ဘဝကဏ္ဍတိုင်းကို ထိန်းချုပ်ရန်ကြိုးစားသည်

▪ သင့်ကို အော်ကြီးဟစ်ကျယ်ပြောသည်၊ သင့်ကို ဆောင့်တွန်းသည် သို့မဟုတ် ခြိမ်းခြောက်သည်

▪ ချစ်ခင်တွယ်တာမှုကို မသင့်လျော်သော နည်းဖြင့်ပြုရန် သင့်အားပြောသည်

▪ တစ်စုံတစ်ခုပြုလုပ်တိုင်း ယင်းသည် သူ့ကိုစိတ်ဆိုးစေမည်လောဟူသည့် စိုးရိမ်စိတ် သင်၌အမြဲရှိနိုင်သည်

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

တစ်ချိန်လုံး ပြစ်တင်ဝေဖန် သို့မဟုတ် သိက္ခာချနေခြင်းက ဆက်ဆံရေးကောင်းမဟုတ်ကြောင်းတင်ပြ