မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့၏ အဖိုးတန် သဘာဝပတ်ဝန်းကျင်

ကျွန်ုပ်တို့၏ အဖိုးတန် သဘာဝပတ်ဝန်းကျင်

ကျွန်ုပ်​တို့၏ အဖိုးတန် သဘာဝ​ပတ်ဝန်းကျင်

မကြာသေးမီ​က သိပ္ပံ​ပညာရှင်​နှင့် စီးပွားရေး​ပညာရှင်​များ​ပူးပေါင်း​ကာ လူသား​တို့၏​အသုံးတော်ခံ၊ စီးပွား​ကွက်​အဖြစ် အ​သွင်း​ပြောင်း​ခဲ့​ရသည့် သဘာဝ​ဒေသကြီး​ငါး​ခု​ကို လေ့လာမှု​တစ်ရပ် ပြုလုပ်​ကြသည်။ မလေးရှား​နိုင်ငံ​ရှိ အပူပိုင်း​သစ်တော​မှာ အလွန်အကျွံ သစ်​ခုတ်ခြင်း​ကြောင့် တော​ပြု​န်း​ခဲ့​ရ၏၊ ကင်မရွန်း​နိုင်ငံ​မှ အပူပိုင်း​သစ်တော​သည် ဆီ​အုန်း​နှင့် ရော်​ဘာ​ခြံ​များ​ဖြစ်သွား​ကာ ထိုင်း​နိုင်ငံ​ရှိ လ​မု​တော​မှာ ပုစွန်​ကန်​များ​ဖြစ်သွား​သည်၊ ကနေဒါ​နိုင်ငံ​ရှိ စိမ့်မြေ​ရေ​ကောင်း​ရေ​သန့်​ကို စိုက်ပျိုးရေး​အတွက် သွယ်​ယူ​လိုက်ပြီး ဖိလစ်ပိုင်​နိုင်ငံ​ရှိ သန္တာ​ကျောက်တန်း​မှာ မိုင်း​ခွဲ​ငါးဖမ်း​သည့်​နေရာ ဖြစ်လာ​၏။

သုတေသီ​များ​အတွက် အံ့ဖွယ်ကောင်း​သော​ရလဒ်​အချို့ ထွက်ပေါ်​ခဲ့​သည်။ ဤ​သဘာဝ​ဒေသကြီး​ငါး​ခု​ကို အ​ရိုင်း​အတိုင်း​ထား​လျှင် အများ​ပြည်သူ​အတွက် ရေရှည်​စီးပွားရေး​တန်ဖိုး​သည် အသွင်ပြောင်း​လိုက်ပြီး​နောက်ပိုင်း​ထက် ၁၄ မှ ၇၅ ရာခိုင်နှုန်း ပို​၍​ပေးဆောင်​နိုင်​သည်။ အမှန်​မှာ ဂေဟစနစ်​သည် လူ​တို့​ကြောင့် ပျမ်းမျှ​အားဖြင့် ထက်ဝက်​ဆုံးရှုံး​နေပြီး ဝန်းကျင်​ဆိုင်ရာ​အသွင်ပြောင်း​လိုက်ခြင်း​ကြောင့် နှစ်စဉ် ဒေါ်လာ​ဘီလီယံ ၂၅၀ ကုန်ကျ​နေသည်။ ယင်း​နှင့်​ခြားနား​သည်​မှာ သဘာဝ​စနစ်​ကို ထိန်းသိမ်း​စောင့်ရှောက်​ရန် ဒေါ်လာ ၄၅ ဘီလီယံ​သာ ကုန်ကျ​သည်။ အနည်းဆုံး ဒေါ်လာ​သန်းပေါင်း ၄.၄ သန်း​တန် “ကုန်​ပစ္စည်း​နှင့်​ဝန်ဆောင်​ပေး​မှုများ” ကို အစားအသောက်၊ ရေ၊ လေ၊ နေအိမ်၊ လောင်စာ၊ အဝတ်အစား၊ ဆေးဝါး၊ မုန်တိုင်း​နှင့် ရေ​ကြီးခြင်း​ကို​ကာကွယ်​ခြင်း ပုံစံ​ဖြင့်​ပြန်​ရ​ကြောင်း၊ အကျိုးအမြတ်-အကုန်အကျ​အချိုး​မှာ ၁၀၀ အချိုး ၁ ဖြစ်သည်​ဟု သုတေသီ​တို့​က​ဆို​ကြောင်း လန်ဒန်​၏ ဂါးဒီးယန်း​သတင်းစာ​တွင် ဖော်ပြ​ထား​သည်။ ဤ​လေ့လာမှု​ကို ဦးဆောင်​ခဲ့​သော အင်္ဂလန်​နိုင်ငံ၊ ကိန်း​ဘ​ရ​စ်​တက္ကသိုလ်​မှ ဒေါက်တာ အင်ဒရူး​ဘဲလ်​ဖော့​ဒ်​က ဤသို့​ပြော​သည်– “စီးပွားရေး​အလားအလာ လုံးဝ​မကောင်း​ပါ​ဘူး။ သဘာဝ​ကို မ​ပျောက်​မပျက်​အောင် ထိန်းသိမ်း​စောင့်ရှောက်ခြင်း​ဟာ ပို​ပြီး​အကျိုးအမြတ်​ရှိမယ်လို့ ကျွန်တော်​တို့ တွေးထင်​ထားခဲ့​ကြတယ်၊ ဒါပေမဲ့ ဒီလောက်​ကြီး​များ​တောင် အကျိုးပြု​လိမ့်မယ်လို့ မမျှော်​မှန်း​ခဲ့​မိ​ပါ​ဘူး။”

ဝမ်းနည်းစရာမှာ ၁၉၉၂ ခုနှစ်​တွင် ရီယို ဒီ ဂျ​နေ​ရို​မြို့၌ မြေ​ကမ္ဘာ​ထိပ်သီး​ညီလာခံ ကျင်းပ​ပြီး​ကတည်းက​ပင် ကမ္ဘာ့​သဘာဝ​ဝန်းကျင်​၏ ၁၁.၄ ရာခိုင်နှုန်း​သည် ဆုံးရှုံးမှု​များ​ကို​သတိမမူ​ခြင်း​နှင့် အချိန်တို​တို​နှင့် ငွေကြေး​ရလိုသည့်​ဆန္ဒ​တို့​ကြောင့် အကြီးအကျယ် အသွင်ပြောင်း​သွားခဲ့​လေ​ပြီ။ ဆယ်နှစ်​ကြာပြီး​နောက် ဂျိုဟန်နက်စ်ဘာ့ဂ်​မြို့တွင် ကျင်းပ​သည့် စဉ်​ဆက်​မပြတ်​ဖွံ့ဖြိုး​တိုးတက်မှု​ဆိုင်ရာ မြေ​ကမ္ဘာ​ထိပ်သီး​ညီလာခံ​တွင် အကျပ်ရိုက်​မှု​ကို​ဖြေရှင်း​ရန် နည်းလမ်းများ တိတိကျကျ​ထွက်​မလာ​ခဲ့​ပေ။ ဒေါက်တာ ဘဲလ်​ဖော့​ဒ်​က ရတက်မအေး​ကြောင်း ဤသို့​ပြော​ခဲ့​၏– “ကျွန်တော်​ကလေး​ဘဝ၊ ‘ထိန်းသိမ်း​စောင့်ရှောက်ခြင်း’ ဆို​တဲ့​စကားလုံး​ကို စ​ကြား​ရ​ကတည်းက​ဆိုရင် ကမ္ဘာ့​သဘာဝ​ပတ်ဝန်းကျင်​ရဲ့ သုံးပုံတစ်ပုံ ပျက်စီး​သွားခဲ့ပြီ။ ဒီ​စိတ်​နဲ့​ပဲ ညအိပ်​မပျော်​နိုင် ဖြစ်​ခဲ့​ရတယ်။”

သို့ရာတွင် သမ္မာကျမ်းစာ​ဖတ်ရှု​သူတို့သည် ဗျာ. ၁၁:၁၈ တွင်​တွေ့ရှိ​ရသည့် ဖန်ဆင်း​ရှင်​၏​ကတိတော်​ကို စိတ်ချ​နိုင်​ကြသည်။ ထို​တွင် ကိုယ်တော်​သည် မကြာမီ “မြေကြီးကို​ဖျက်ဆီး​သော​သူတို့ကို ဖျက်ဆီး​တော်​မူ” မည်​ဟု​ဖော်ပြ​ထား​သည်။ လူသား​တို့၏​ထာဝရ​အကျိုးအတွက် ကမ္ဘာ​ဂြိုဟ်​၏​သဘာဝ​ဂေဟစနစ်​တို့သည် ပြန်လည်​သက်ဝင် သစ်လွင်​လာ​ပါ​လိမ့်​မည်။