မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တာယာများ သင့်အသက်သည် ၎င်းတို့အပေါ် တည်မှီနိုင်!

တာယာများ သင့်အသက်သည် ၎င်းတို့အပေါ် တည်မှီနိုင်!

တာယာ​များ သင့်​အသက်သည် ၎င်း​တို့​အပေါ် တည်မှီ​နိုင်!

အနီးအနား​တွင် အက်​ဆစ်​နှင့် မီးလောင်လွယ်​သော​အရည်​ပုံး​များ​ရှိ​ကာ ဂ​ဟေ​ဆက်​ထား​သည့်​သံမဏိ​နှင့် ဖန်​လှောင်အိမ်​တစ်ခု​ထဲ​တွင် သင့်​အား သားရေ​ကြိုး​ဖြင့် ပတ်ချည်​ထား​သည်​ဟု မြင်ယောင်​ကြည့်​လိုက်ပါ။ ယခု ဤ​သေစေနိုင်​ဖွယ်​တည်ဆောက်​ထား​သည့်​အရာ​ကို မြေပြင်​မှ လက်မ​အနည်းငယ်​ကြွ​ကာ တစ်စက္ကန့်​လျှင် ပေ ၁၀၀ ခန့် အရှိန်​ဖြင့်​လွှတ်လိုက်​ပါ။ ထို့နောက် သင့်​မျက်နှာ​ချင်း​ဆိုင်​မှ အခြား​စက်​များ​က အရှိန်​ပြင်းပြင်း ဖြတ်သွား​စဉ် သင့်​စက်​ကို အလားတူ​စက်​များ​အကြား​တွင် ထား​လိုက်ပြီး အရှိန်​မြင့်​ပြေး​စေပါ!

ယင်းသည် ယာဉ်​တစ်စီးပေါ်​တက်ပြီး အဝေးပြေးလမ်း​မ​ပေါ်​မောင်းနှင်​တိုင်း သင်​လုပ်ဆောင်​ရ​ပုံ​ဖြစ်၏။ ကားမောင်း​နေစဉ် အန္တရာယ်ကင်း​ကင်း​နှင့် ထိန်း​မောင်း​နိုင်​ရန် အဘယ်အရာက ထောက်ကူ​ပေး​သနည်း။ တာယာ​များသည် အကြီးအကျယ်​ကူညီ​ပေး​သည်။

တာယာ​၏​လုပ်ဆောင်ချက်

တာယာ​များသည် အရေးပါသည့်​လုပ်ငန်း​အမျိုးမျိုး လုပ်ဆောင်ကြ​၏။ ၎င်းတို့သည် ကား​၏​အလေးချိန်ကို ပင့်​မပေး​ထား​ရုံ​မ​က လမ်းပေါ်​ရှိ​အဖုအထစ်​များ၊ ချိုင့်ခွက်​များနှင့် အခြား​မညီ​ညာ​မှုများ​ကြောင့် ကား​ဆော​င့်​ခါ​သည့်​ဒဏ်​မှ​လည်း ကာကွယ်​ပေး​သည်။ ပို​အရေးပါ​သည်​မှာ တာယာ​များသည် အရှိန်မြှင့်​ခြင်း၊ ထိန်း​မောင်း​ခြင်း၊ အရှိန်​လျော့​ခြင်း​တို့အတွက် မရှိမဖြစ်​လိုအပ်သော ကုပ်​အား​ကို​ဖြစ်စေ​ပြီး လမ်း​အခြေအနေ​အမျိုးမျိုး​တွင် လို​သလို​မောင်းနှင်​စေနိုင်​သည်။ သို့သော် အချိန်တိုင်း​တွင် ပို့စကတ်​အရွယ်အစား​လောက်​ရှိသည့် တာယာ​သားလေး​သာ မြေပြင်​နှင့်​ထိတွေ့​ထား​လေ​သည်။

တာယာ​တို့၏​အရေးပါမှု​ကြောင့် သင့်​တာယာ​များသည် ဘေးကင်း​စိတ်ချ​ရပြီး အရည်အသွေး​ပြည့်​ပြည့်​လုပ်ဆောင်​စေရန် ဘာလုပ်​နိုင်​မည်​နည်း။ တာယာ​ရွေးချယ်​ပြီ​ဆိုလျှင် သင့်​ကား​နှင့်​ကိုက်ညီ​မည့်​တာယာ​ကို မည်သို့​ရွေးချယ်​မည်​နည်း။ ဤ​မေးခွန်းများကို​မဖြေ​ဆို​မီ တာယာ​၏​သမိုင်းကြောင်း​ကို အကျဉ်းချုပ်​သုံးသပ်ကြည့်​ကြ​စို့။

ရော်​ဘာ​၏ ကနဦး​ရှေ့ဆောင်​လမ်းပြ​များ

နှစ်ထောင်​ပေါင်း​များစွာ​က​ပင် ဘီး​များ​ကို အသုံးပြု​ခဲ့​ကြသော်လည်း ကား​ဘီး​ခွေ​၏​အပြင်​နှုတ်ခမ်း​ကို ရော်​ဘာ​နှင့်​တွဲ​ကပ်​ထားခြင်း​မှာ​မူ မကြာသေးမီ​ကမှ တိုးတက်လာ​ခြင်း​ဖြစ်သည်။ ၁၈၀၀ ပြည့်လွန်​နှစ်များ​အစောပိုင်း​တွင် သဘာဝ​ရော်​ဘာ​တုံး​ကို သစ်သား​ဘီး သို့​မဟုတ် သံမဏိ​ဘီး​တို့​တွင် ဦးဆုံး​တွဲ​ကပ်​အသုံးပြု​ခဲ့​သည်။ သို့သော် ရော်​ဘာ​တုံး​သည် ပွန်း​စား​မြန်​သောကြောင့် ရော်​ဘာ​အုပ်​သည့်​ဘီး​မှာ အမေရိကန်​ပြည်ထောင်စု၊ ကွန်​နက်​တီ​က​က်​ပြည်နယ်​မှ ဇွဲကောင်း​သော​တီထွင်သူ ချားလ် ဂွဒ်​ရီး​ယား​လက်ထက်​မတိုင်မီ​အထိ အနာဂတ်​မကောင်း​ခဲ့​ချေ။ ၁၈၃၉ ခုနှစ်​တွင် ဂွဒ်​ရီး​ယား​သည် ရော်​ဘာကို အပူ​နှင့်​ဖိအားပေး​ပြီး ကန့်​နှင့်​စိမ်ထား​ရသည့်​ပေါင်း​တင်​နည်းကို ရှာဖွေ​တွေ့ရှိ​ခဲ့​သည်။ ဤ​နည်း​စနစ်​သည် ရော်​ဘာကို ပုံသွင်း​ရ ပို​လွယ်ကူ​စေပြီး ပွန်းပဲ့​ပျက်စီး​သည့်​ဒဏ်​မှ လွန်​စွာ​ခံနိုင်ရည်​ရှိစေသည်။ ရော်​ဘာ​တာယာ အမာ​စား​သည် လူ​သုံး​များ​လာ​သော်လည်း လမ်း​ကြမ်း​များ​အတွက်သာ​ဖြစ်၏။

၁၈၄၅ ခုနှစ်​တွင် စကော့တလန်​လူမျိုး​အင်ဂျင်နီယာ ရောဘတ် ဒဗ္ဗ​လျူ. တောမ်​ဆ​မ်​သည် ပထမ​ဆုံး​လေ​သွင်း​တာယာ သို့​မဟုတ် လေ​ဖြည့်​တာယာ​ကို မူပိုင်​ခွင့်​ရခဲ့​၏။ သို့သော်  နောက်ထပ် စကော့တလန်​လူမျိုး ဂျွန်​ဘော့ ဒန်း​လော့​ပ်​သည် သူ့​သား​၏​စက်ဘီး​တွင် လေ​သွင်း​တာယာ​တပ်ဆင်​လိုက်​သည့်​အခါ ၎င်း​တာယာ​မှာ ရောင်းအား​ကောင်း​လာ​သည်။ ၁၈၈၈ ခုနှစ်​တွင် ဒန်း​လော့​ပ်​သည် တာယာ​အသစ်​ကို မူပိုင်​ခွင့်​ရယူ​ပြီး ကိုယ်ပိုင်​ကုမ္ပဏီ​ထူထောင်​လိုက်​သည်။ သို့သော် ဤ​လေ​သွင်း​တာယာ​မှာလည်း သိသာ​သည့်​ချို့ယွင်းချက်​များ​ရှိနေဆဲ​ပင်။

၁၈၉၁ ခုနှစ်၊ တစ်နေ့​တွင် ပြင်သစ်​စက်ဘီး​စီး​သ​မား​တစ်ဦး​သည် ဘီးပေါက်​သွားလေသည်။ ဘီး​ဖာ​ရန် ကြိုးစား​ခဲ့​သော်လည်း ဘီး​ကို တာယာ​နှင့်​အသေ​ကပ်​ထားခြင်း​ကြောင့် ဖာ၍​မရခဲ့​ပေ။ ကန့်​နှင့်​ရော်​ဘာ​ပေါင်း​တင်​လုပ်ငန်း​တွင် နာမည်​ရ​နေသည့် သူ၏​ရောင်းရင်း​ပြင်သစ်​လူမျိုး အက်​ဝ​ဒ် မီ​ရှယ်​လင်​အား အကူအညီ​တောင်း​ခဲ့​သည်။ မီ​ရှယ်​လင်​သည် တာယာ​ကို ကိုး​နာရီ​ကြာ​ပြင်​ခဲ့​ရ၏။ ယင်း​အတွေ့အကြုံ​ကြောင့် သူသည် တာယာ​ကို ဘီး​မှ အလွယ်တကူ​ဖြုတ်​ယူ၊ ပြုပြင်​နိုင်သော လေ​ထိုး​တာယာ​ကို တီထွင်​ခဲ့​သည်။

မီ​ရှယ်​လင်​၏​တာယာ​သည် အလွန်​ရောင်းအား​ကောင်း​ခဲ့​ရာ နောက်​နှစ်​တွင် စက်ဘီး​စီး​သ​မား ၁၀,၀၀၀ သည် ၎င်း​တာယာ​ကို သဘောကျ​စွာ​အသုံးပြု​နေကြ​လေ​သည်။ မကြာမီ​ပင် ပါရီ​မြို့ရှိ မြင်း​လှည်း​များ​တွင် လေ​သွင်း​တာယာ​တပ်ဆင်​လိုက်​ရာ ပြင်သစ်​လူမျိုး​ခရီးသည်​တို့ များစွာ​အကြိုက်တွေ့​ခဲ့​ကြ​၏။ ၁၈၉၅ ခုနှစ်​တွင် အက်​ဝ​ဒ်​နှင့် သူ၏​အစ်ကို အန်ဒရူး​တို့သည် ပြိုင်ကား​တွင် လေ​ထိုး​တာယာ​တပ်ဆင်​ပြီး မော်တော်ကား​များ​တွင် တပ်ဆင်​အသုံးပြုနိုင်​ကြောင်း​ပြသ​ခဲ့​သော်လည်း ယင်းသည် ရေရှည်​မခံခဲ့​ပေ။ မည်သို့​ပင်​ဖြစ်စေ၊ ဤ​ထူးဆန်း​သည့်​တာယာ​ကို လူ​တို့​အံ့အားသင့်​ခဲ့​ကြ​ပြီး မီ​ရှယ်​တို့​ညီအစ်ကို ဘာများ​ဝှက်ထား​သည်ကို​သိ​လို​၍ တာယာ​ကို​ခွဲ​ကြည့်​ရန် ကြိုးစား​ကြသည်​ဆို​၏!

၁၉၃၀ နှင့် ၄၀ ပြည့်လွန်​နှစ်များ​တွင် ပျက်စီး​လွယ်​သော​ချည်၊ သဘာဝ​ရော်​ဘာ​တို့​အစား ရေယွန်၊ နိုင်လွန်​နှင့် ပေါ်လီ​အက်စတာ​အစ​ရှိသည့် ကြာရှည်ခံ​ပစ္စည်း​သစ်​တို့ကို သုံး​လာ​ကြသည်။ ဒုတိယ​ကမ္ဘာ​စစ်​ကြီး​ပြီး​သည့်​နောက် ဘီး​တွင် တိုက်ရိုက်​တပ်ထား​နိုင်​သည့် လေ​လုံ​သော တာယာ​လုပ်ငန်းများ​ထွန်းကား​လာ​ရာ အတွင်း​လေလုံး​ကျွတ် မလို​အပ်​တော့​ပေ။ နောက်ပိုင်း​တွင် ထို့​ထက်​ပင် တိုးတက်လာ​ခဲ့​သည်။

ယနေ့၊ တာယာ​တစ်ခု​ပြုလုပ်​ရာ​တွင် ကုန်​ကြမ်း​ပစ္စည်း​အမျိုး​ပေါင်း ၂၀၀ ကျော်​အသုံးပြု​နေကြပြီ။ ခေတ်​သစ်​နည်း​ပညာ​ကြောင့် အချို့​တာယာ​များသည် မိုင် ၈၀,၀၀၀ သို့​မဟုတ် ထို့​ထက်မက မောင်းနှင်​နိုင်​ပြီး ပြိုင်ကား​တစ်စီး​၏​တာယာ​မှာ တစ်​နာရီ​လျှင် မိုင်​ရာ​နှင့်​ချီ​မောင်းနှင်​နိုင်ပြီ​ဟု ဝင့်ကြွား​ခဲ့​သည်။ ထို​အတောအတွင်း တာယာ​များသည် သာမန်​သုံးစွဲ​သူများ ဝယ်ယူ​နိုင်​လောက်​အောင် ဈေးချို​သည်ထက် ချို​လာ​သည်။

တာယာ​များ​ကို ရွေးချယ်ခြင်း

သင့်​တွင် ကိုယ်ပိုင်​ကား​ရှိလျှင် တာယာ​အသစ်​ကို ခက်ခက်ခဲခဲ​ရွေးချယ်​ရ​ပေမည်။ သင့်​တာယာ လဲ​ချိန်တန်​ပြီ​ဖြစ်​ကြောင်း မည်သို့​ဆုံးဖြတ်​မည်​နည်း။ သင့်​တာယာ​ပွန်း​စား​နေကြောင်း သို့​မဟုတ် ပျက်စီး​နေကြောင်း မြင်သာ​သည့်​အမှတ်အသား​များ​ကို မှန်မှန်​ကြည့်ရှု​စစ်ဆေးခြင်း​အားဖြင့် ဖြစ်သည်။ * ထုတ်လုပ်သူ​တို့သည် တာယာ​သက်တမ်း​ကုန်ဆုံး​သွား​ကြောင်း​ဖော်ပြ​သည့် ပွန်းခံတုံး​များ​ဟု​ခေါ်​သော ပွန်း​ခံ​အသားတံဆိပ်​များ​ကို ထည့်​ပေး​ထား​တတ်​သည်။ ပွန်းခံတုံး​များသည် တာယာ​ပန်း​မျက်နှာပြင်​တွင် ကန့်​လန့်​ဖြတ်​ရော်​ဘာ​အပတ်​အဖြစ် ပေါ်​နေသည်။ တာယာ​ပန်း​ကွာ​ထွက်​နေခြင်း၊ နန်းကြိုး​စ​များ​ထွက်​နေခြင်း၊ ဘေး​နံရံ​ဖု​ဖောင်း​ထွက်​နေခြင်း​နှင့် အခြား​မညီမညာ​ဖြစ်မှု​တို့ကို​လည်း စစ်ဆေး​ဖို့​ကောင်း​သည်။ အထက်ပါ​ချို့ယွင်းချက်​တစ်ခုခု​ကို တွေ့ရ​လျှင် တာယာ​ကို မပြု​ပြင်​မချင်း၊ အသစ်​မလဲ​မချင်း မမောင်း​သင့်​ပေ။ သင်သည် တာယာ​အသစ်​ဝယ်​ခဲ့​ခြင်း​ဖြစ်​ပြီး အာမခံချက်​လည်း​ပါရှိ​ပါ​က လက်လီ​ရောင်းသူ​သည် ဤ​ပျက်စီး​နေသည့်​တာယာ​ကို ဈေးနှုန်း​သက်သက်သာသာ​ဖြင့် အစားထိုး​ပေး​နိုင်​သည်။

ဝင်ရိုး​တစ်ခု​တည်း​တွင်  အမျိုးအစား​တူသော တာယာ​အစုံ​လိုက်  အစားထိုး​တပ်ဆင်​ခြင်း​သည် အကောင်းဆုံး​ဖြစ်သည်။ တာယာ​အသစ်​တစ်ခု​တည်း​ကို တပ်ဆင်​ပါ​က ဘရိတ်​ဖမ်း​သည့်​အခါ ကုပ်​အား​ညီမျှ​ရန် တွဲဖက်​တာယာ​တွင် တာယာ​ပန်း​များများ​ရှိ​ရမည်။

တာယာ​အမျိုးအစား၊ အရွယ်အစား​နှင့် မော်​ဒယ်​အမျိုးမျိုးကို စိစစ်​ရွေးချယ်​ရခြင်း​သည် စိတ်ရှုပ်​စ​ရာ​ဖြစ်​နိုင်​သည်။ သို့ရာတွင် အဓိက​မေးခွန်း​အနည်းငယ်​ကို​ဖြေဆိုခြင်း​ဖြင့် အ​ရွေး​ရလွယ်​ကူ​သွားပါ​လိမ့်​မည်။ ဦးဆုံး၊ ထုတ်လုပ်သူ​၏​ထောက်ခံချက်​များ​ကို ပြန်​ဆန်းစစ်​ကြည့်​ပါ။ သင့်​ကား​တွင် တာယာ​နှင့် ဘီး​အရွယ်အစား၊ ကား​ဝမ်း​နှင့် မြေပြင်​အကွာအဝေး၊ ကုန်​ချိန်​ခံနိုင်အား​စ​သော ထည့်​စဉ်းစား​ဖို့​လို​သည့် အထူး​လိုအပ်ချက်​များ​ရှိ​မည်။ ကား​၏​ဒီဇိုင်း​သည်လည်း အရေးပါ​သည်။ ဘရိတ်​အရှင်၊ ကုပ်​အား​ထိန်း​နှင့် လေးဘီးယက်​စနစ်​တို့​ပါရှိ​သော ခေတ်​သစ်​ကား​များသည် အထူး​လုပ်ဆောင်ချက်များ​ပါ​သည့်​တာယာ​ကို တပ်ဆင်​အသုံးပြုရန် ဒီဇိုင်း​ပြုလုပ်​ထားခြင်း​ဖြစ်၏။ တာယာ​၏​အသေးစိတ်​အချက်အလက်​များသည် သင့်​ကား​ပိုင်ရှင်​လက်စွဲ​စာအုပ်​တွင် ပါ​လေ့​ရှိသည်။

နောက်​အချက်​မှာ လမ်း​၏​အခြေအနေ​ဖြစ်သည်။ သင့်​ကား​ကို အဓိက​အားဖြင့် လမ်း​ကြမ်း သို့​မဟုတ် ခင်း​ထား​သည့်​လမ်းပေါ်တွင် မောင်း​မည်​လော၊ မိုး​ရာသီ သို့​မဟုတ် ခြောက်သွေ့​ရာသီ​တွင် သုံး​မည်​လော။ အခြေအနေ​အမျိုးမျိုး​တွင် မောင်းနှင်ခြင်း​ဖြစ်​နိုင်​သည်။ ထို​အခြေအနေ​မျိုး​တွင် လမ်း​အနေအထား​စုံ သို့​မဟုတ် ရာသီ​စုံ​အသုံးပြုနိုင်​သည့် တာယာ​များ​လို​ပေမည်။

တာယာ​၏​သက်တမ်း​နှင့် ကုပ်​အား​အခြေအနေ​တို့ကို​လည်း ထည့်​စဉ်းစား​သင့်​ပေ​သည်။ အများအားဖြင့် တာယာ​ပန်း​အပျော့စား​သည် ကုပ်​အား​ပို​ကောင်း​သော်လည်း ပွန်း​စား​နှုန်း​မြန်​သည်။ အခြား​တစ်ဖက်​တွင်​မူ တာယာ​ပန်း​အမာ​စား​သည် ကုပ်​အားနည်း​သော်လည်း ရေရှည်​အသုံးခံ​၏။ အမျိုးအစား​များ​ကို အရောင်း​ဆိုင်​များ​ရှိ​အရောင်း​စာရင်း​တွင် တွေ့​ရလေ့​ရှိသည်။ တာယာ​အမျိုးအစား​များသည် ထုတ်လုပ်သူ​တစ်ဦး​နှင့်​တစ်ဦး မတူ​ကြောင်း သတိပြု​ရမည်။

သင်၏​လိုက်​စစ်​ရှာဖွေမှု​ကို  ဘောင်​ကျဉ်း​လိုက်ပြီး​နောက် ဈေးနှုန်း​သည် သင် နောက်ဆုံး​ရွေးချယ်မှု​အတွက် အဆုံးအဖြတ်​ဖြစ်​နိုင်​သည်။ နာမည်​ရ​ထုတ်လုပ်သူ​တို့သည် သာ၍​အရည်အသွေးကောင်း​ကောင်း​နှင့် သာ၍​အာမခံချက်​ကောင်းကောင်း ပေး​လေ့​ရှိသည်။

သင့်​တာယာ​များ​ကို ပြုပြင်​ထိန်းသိမ်း​ခြင်း

တာယာ​ကို သင့်လျော်​စွာ​ပြုပြင်​ထိန်းသိမ်း​ရသည့် အချက်​သုံးချက်​မှာ တာယာ​လေ​ပေါင်​မှန်​စေ​ရမည်၊ ပုံမှန်​ဘက်​ပြောင်း​ပေး​ရမည်၊ ဘက်​ညီ​ပြီး အလိုင်းမင်း​မှန်​နေ​စေ​ရမည်​တို့​ဖြစ်၏။ လေ​ပေါင်​မှန်​အောင် ထိန်း​ခြင်း​သည် အလွန်​အရေးကြီး​သည်။ တာယာ​လေ​တင်း​လွန်း​ပါ​က တာယာ​၏​အလယ်​ပန်း​သည် အပါး​မြန်​သွား​လိမ့်​မည်။ အခြား​တစ်ဖက်​တွင်​မူ တာယာ​သည် လေ​ပေါင်​အလွန်​နည်းပါ​က တာယာ​၏​ဘေး​စွန်း​များသည် ပွတ်တိုက်​မှုများ​ကာ လောင်စာဆီ​ကုန်​သလော​က် ခရီး​မ​ရောက်​ဖြစ်တတ်​သည်။

ရော်​ဘာ​သား​ထဲ​မှ​တစ်ဆင့်  လေ​စိမ့်ထွက်​နေခြင်း​ကြောင့် တာယာ​သည် လစဉ် လေ​အား​တစ်ပေါင် သို့​မဟုတ် ထို​ထက်မက လျော့​သွားပေ​မည်။ တာယာ​၏​ပုံပန်း​ကို​ကြည့်​ကာ သင့် တာယာ​သည် လေ​ပေါင်​ပြည့်နေ​သည်​ဟု မယူမှတ်​လိုက်ပါ​နှင့်။ ရော်​ဘာ​ထုတ်လုပ်သူ​များ​အဖွဲ့​၏​အဆို​အရ “တာယာ​သည် လေ​ပေါင်​တစ်ဝက်​ရှိလျှင်​ပင် ပြား​နေသည်​ဟု မထင်​ရ​ပါ!” ထို့​ကြောင့် လေ​ပေါင်​တိုင်း​ကိရိယာ​ဖြင့် အနည်းဆုံး တစ်လ​လျှင်​တစ်ကြိမ် တိုင်းတာ​ရမည်။ ကား​ပိုင်ရှင်​များသည် ထို​ကိရိယာ​ကို အလွယ်တကူ​ယူ​သုံးနိုင်​ရန် ကား​ရှေ့​အကန့်​လေး​တွင် ထား​တတ်ကြ​သည်။ အင်​ဂျင်​ဝိုင်​လဲ​သည့်​အခါ​နှင့် တာယာ​အေး​နေသည့်​အခါ​မျိုး​တွင်​သာ သင့် ကား​တာယာ​များ​ကို အမြဲ​စစ်ဆေး​ပါ၊ တာယာ​အေး​နေသည့်​အခါ​ဆို​သည်​မှာ အနည်းဆုံး သုံးနာရီ​ကြာ​ရပ်​ထားပြီး​သောအခါ သို့​မဟုတ် တစ်မိုင်​ထက်​မ​ပို​ဘဲ မောင်းနှင်​ပြီး​သောအခါ​မျိုး​ဖြစ်သည်။ ပိုင်ရှင်​လက်စွဲ​စာအုပ်၊ ယာဉ်မောင်း​တံခါး​တိုင်​နှင့် ကား​ရှေ့​ခန်း​အကန့်​တွင် တာယာ​လေ​ပေါင်​အနီး ဆိုင်ရာ​အချက်များ သတ်သတ်မှတ်မှတ် ဖော်ပြ​လေ့​ရှိသည်။ ကားမောင်း​စဉ် အ​ဆော​င့်​သက်သာ​စေ​လိုလျှင် တာယာ​ဘေး​ဘက်​ပါ ဖောင်းကြွ​အသားတံဆိပ်​ဖြင့်​ဖော်ပြ​ထား​သည့် အများဆုံး​လေ​ပေါင်​အထိ လေ​မ​ထိုး​ထား​ပါ​နှင့်။

တာယာ​များ​ကို ပုံမှန်​ဘက်​ပြောင်း​ပေး​လျှင် ပို​ကြာရှည်ခံ​ပြီး အ​ပွန်း​လည်း တညီတည်း​ဖြစ်နေ​မည်။ ကား​ထုတ်လုပ်သူ​၏​အကြံပေး​ချက်​များနှင့် တစ်​မူ​ကွဲ​နေသည်​မှ​လွဲ​၍ တာယာ​များ​ကို မိုင် ၆,၀၀၀ မှ ၈,၀၀၀ အထိ​မောင်း​ပြီး​တိုင်း ဘက်​ပြောင်း​ပေး​လျှင် ကောင်း​သည်။ ဤ​တွင်​လည်း အကြံပြု​ထား​သည့်​ဘက်​ပြောင်း​ပုံစံ​ကို ကား​ပိုင်ရှင်​လက်စွဲ​စာအုပ်​တွင် ကြည့်​ပါ။

နောက်ဆုံး​အနေ​နှင့် ကား​စ​တီ​ယာ​ရင် အလွန်​တုန်ခါ​ခြင်း၊ မူမမှန်​ဖြစ်​ခြင်း​ကို သတိပြုမိ​သည့်​အခါတိုင်း သို့​မဟုတ် နှစ်စဉ် သင့်​ကား​တာယာ​ကို အလိုင်းမင်း​ချိန်​ပေး​ပါ။ သင့်​ကား​၏​ဆိုင်း​ထိန်း​စနစ်​သည် ဝန်​စ​ည်​စ​လယ်​အမျိုးမျိုး တင်ဆောင်​ချိန်​တွင် တာယာ​ဘီး အလိုင်းမင်း​ညီ​နေ​စေရန် ပုံစံ​ပြု​ထား​သော်လည်း သာမန်​ပွန်း​စားခြင်း​နှင့် ပေါက်ပြဲခြင်း​တို့ကို စစ်ဆေး​ပေးဖို့​လို​ပြီး အခါ​အား​လျော်​စွာ တာယာ​ပြန်​ချိန်​ပေးဖို့​လို​မည်။ ဆိုင်း​ထိန်း​နှင့် ဘီး​အလိုင်းမင်း​ချိန်​ရာ​တွင် လက်မှတ်​ရ​ကားပြင်​ဆရာများ​က သင့်​ကား​ကို တိတိကျကျ အလိုင်းမင်း​ချိန်ညှိ​ပေး​ရန်၊ တာယာ​ကို ရေရှည်​အသုံးခံ​စေရန်​နှင့် ည​က်ညော​ညင်သာ​စွာ​မောင်းနှင်​နိုင်​ရန်​တို့ကို ဝန်ဆောင်​ပေး​နိုင်​ကြသည်။

“အခြေအနေ​ကို တုံ့ပြန်​တတ်သော” တာယာ​များ

ကွန်ပျူတာ​ထိန်းချုပ်မှု​ပါ​သော ကား​အချို့​တွင် အန္တရာယ်​ရှိ​နိုင်​လောက်​သည့် တာယာ​လေ​လျော့​သွား​သည့်​အခါ ယာဉ်မောင်း​ကို အချက်ပေး​၏။ အချို့​တာယာ​များသည် လေ​ပေါင်​မပြည့်​ဘဲ အချိန်​အတန်ကြာ ဘေးကင်း​စွာ​ဆက်​မောင်း​နိုင်​ပြီး အချို့​တာယာ​မှာ အ​ချွန်​နှင့်​ထိုးဖောက်​မိ​ပြီး​နောက် ၎င်း​တို့​ဘာသာ ပြန်​ပိတ်​သွား​သည်။ အင်ဂျင်နီယာ​တို့သည် တာယာ​များ​စွမ်းဆောင်​နိုင်​မှု ကောင်း​သည်ထက်​ကောင်း​လာ​စေရန် ပုံစံ​ဆွဲ​လျက်​ရှိ၏။

ခေတ်​သစ်​ကား​များ​တွင်​တပ်ဆင်​ထား​သည့် ပစ္စည်း​များ၊ တာယာ​ပန်း​ဒီဇိုင်း၊ ဆိုင်း​ထိန်း၊ စ​တီ​ယာ​ရင်​နှင့် ဘရိတ်​စနစ်​တို့​တိုးတက်လာ​ခြင်း​က ကားမောင်း​ရာ​တွင် လွယ်ကူ​စေ​ရုံ​သာမက ပို​ဘေးကင်း​စေ​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 15 တာယာ​ကြည့်ရှု​စစ်ဆေးခြင်း​အတွက် စာမျက်နှာ ၁၇ မှ​ဇယား​ကို​ရှု။

[စာမျက်နှာ ၁၇ ပါ ဇယား/ရုပ်ပုံ]

တာယာ​ပြုပြင်​ထိန်းသိမ်းမှု စာရင်း

မျက်မြင်​စစ်ဆေးခြင်း–

□ တာယာ​ဘေး​နံရံ​တွင် အဖု​အဖောင်း​များ​ရှိသလော။

□ တာယာ​ပန်း​မျက်နှာပြင်​တွင် ဝါ​ယာ​စ​များ​ပေါ်​နေ​သလော။

□ တာယာ​ပန်း​သည် အန္တရာယ်​မရှိ​လောက်​အောင် ဇောက်နက်​သလော၊ သို့​မဟုတ် တာယာ​၏​ပွန်းခံတုံး​များ ပေါ်​နေပြီ​လော။

ထည့်သွင်း​စဉ်းစား​ရန်–

□ တာယာ​၏​လေ​ပေါင်​သည် ကား​ထုတ်လုပ်သူ​အကြံပြု​ထားသော လေ​ပေါင်​ထိုး​ထား​သလော။

□ တာယာ​များ​ကို ဘက်​ပြောင်း​ပေးဖို့ အချိန်တန်ပြီ​သလော။ (ကား​ထုတ်လုပ်သူ​အကြံပြု​ထား​သည့် မောင်း​ပြီး​ခရီး​မိုင်​နှင့် ဘက်​ပြောင်း​ပေး​သည့်​ပုံစံ​ကို အသုံးပြုပါ။)

□ ရာသီ​အပြောင်းအလဲ​ကြောင့် အခြား​တာယာ​မျိုးကို တပ်ဆင်​သင့်​သလော။

[ရုပ်ပုံ]

ပွန်းခံတုံး

[စာမျက်နှာ ၁၆ ပါ ဇယား]

(ကားချပ်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

တာယာ​တစ်ခု​၏ အစိတ်အပိုင်း​များ

တာယာ​ပန်း​သည် ကုပ်​ဆွဲအား​ဖြစ်စေ​သည်

အပတ်​များသည် တာယာ​ပန်း​ကို ခိုင်ခံ့​မြဲမြံ​စေ​သည်

ဘေး​နံရံ​သည် တာယာ​၏​ဘေး​သားကို လမ်း​နှင့်​ပွတ်တိုက်​ပျက်စီးခြင်း​မှ ကာကွယ်​ပေး​သည်

ကြိုး​ထိုး​တာယာ​သား​သည် တာယာ​ကို ခိုင်ခံ့​စေပြီး လျော့​တင်း​နိုင်စွမ်း​ရှိစေသည်

အတွင်း​လို​င်​နာ​သည် တာယာ​အတွင်းရှိ လေကို ထိန်းပေး​သည်

အနား​သား​သည် ဘီး​အတွင်း လေ​လုံ​စေ​သည်

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံများ]

လေ​ထိုး​တာယာ​ဖြင့် အစောပိုင်း စက်ဘီး​နှင့် ကား; အစောပိုင်း​တာယာ​စက်ရုံ​ရှိ လုပ်သားများ

[Credit Line]

The Goodyear Tire & Rubber Company