နောက်တစ်ဖန် မည်သူမျှ အထီးကျန်သည်ဟု မခံစားရတော့မည့်အချိန်
နောက်တစ်ဖန် မည်သူမျှ အထီးကျန်သည်ဟု မခံစားရတော့မည့်အချိန်
ပထမဆုံးလူသားကို ဖန်ဆင်းသည့်အချိန်၌ “ဘုရားသခင်ကလည်း ‘ယောက်ျားသည် တစ်ယောက်တည်းမနေကောင်း။ သူနှင့်တော်သော အထောက်အမကို သူ့ဖို့ ငါလုပ်ဦးမည်’ ဟု မိန့်တော်မူ” ခဲ့ကြောင်း ကမ္ဘာဦး ၂:၁၈ ပါမှတ်တမ်းက ဖော်ပြသည်။ လူသားတို့သည် အခြားသူများနှင့် အတူနေပြီး သူတို့အပေါ်မှီခိုရန် ဖန်ဆင်းထားခြင်းခံရကြ၏။
ကျွန်ုပ်တို့ရနိုင်သမျှ အကောင်းဆုံးမိတ်ဆွေမှာ ယေဟောဝါဘုရားသခင်ပင်ဖြစ်ပေသည်။ ယေဟောဝါသည် ‘သနားကြင်နာခြင်း၏အဘ၊ ဆင်းရဲခြင်းအမျိုးမျိုးကိုခံရသောသူတို့အား သက်သာစေနိုင်သော သက်သာခြင်းအမျိုးမျိုးတို့၏အရှင်’ ဖြစ်ကြောင်း တမန်တော်ပေါလု အသိအမှတ်ပြုသည်။ (၂ ကောရိန္သု ၁:၃၊ ၄) မိမိ၏ကျေးကျွန်တစ်ဦးဦး ဆင်းရဲဝေဒနာခံရသည့်အတွက် ယေဟောဝါဝမ်းနည်းတော်မူသည်။ ကိုယ်တော်သည် စာနာတတ်သော ဘုရားသခင်ဖြစ်တော်မူ၏။ ‘ကိုယ်တော်သည် ကျွန်ုပ်တို့ကိုယ်ခန္ဓာကို သိတော်မူ၏။ ကျွန်ုပ်တို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏။’ (ဆာလံ ၁၀၃:၁၄) သင်သည် ကိုယ်တော်၏ မေတ္တာပြည့်ဝသော၊ သနားကြင်နာ၍ နားလည်ပေးတတ်သော ဂရုစိုက်မှုအတွက် ကျေးဇူးတင်ကာ ယေဟောဝါဘုရားသခင်ထံ သင်ဆွဲဆောင်မခံရပေလော။
အထီးကျန်သူတို့ကို ယေဟောဝါထောက်မ
ရှေးခေတ်က ဘုရားသခင့် ကျေးကျွန်များစွာတို့သည် အထီးကျန်ဘဝမျိုး တွေ့ကြုံခံစားခဲ့ကြရ၏။ သူတို့အတွက် ယေဟောဝါသည် ထောက်မမှုနှင့် သက်သာမှုတို့၏ ရင်းမြစ်ဖြစ်တော်မူခဲ့သည်။ ဥပမာ၊ လူငယ်အရွယ်သာရှိသေးချိန်တွင် ပရောဖက်တစ်ပါးအနေနှင့် အမှုဆောင်ဖို့ ဖိတ်ခေါ်ခံရသူ ယေရမိအဖြစ်ကို သုံးသပ်ကြည့်ပါ။ ကျမ်းရေးသူ ၄၀ အနက် ယေရမိသည် မိမိ၏ ကိုယ်ပိုင်ခံစားချက်များအကြောင်း အဖော်ပြဆုံးဖြစ်ပေမည်။ ဘုရားသခင်ထံမှ ဦးဆုံးတာဝန်ကို သူရရှိခဲ့စဉ်က သူသည် ထိတ်လန့်တုန်လှုပ်သွားကာ အရည်အချင်းမရှိဟု ခံစားခဲ့ရ၏။ (ယေရမိ ၁:၆) ဤတာဝန်ကိုထမ်းဆောင်ရန် သူသည် ယေဟောဝါအား လုံးလုံး မှီခိုအားထားခဲ့ရသည်။ ယေဟောဝါသည် “အားကြီးသောသူကဲ့သို့” သူ့ဘက်၌ အမှန်ပင် ရှိတော်မူခဲ့၏။—ယေရမိ ၁:၁၈၊ ၁၉; ၂၀:၁၁။
ယေရမိခေတ်မတိုင်မီ နှစ်ပေါင်း ၃၀၀ ခန့်က မိဖုရား ယေဇဗေလသည် မိမိ၏ဗာလပရောဖက်များ သေဆုံးသွားကြောင်း ကြားသိရသောအခါ ဧလိယကိုအသေသတ်ဖို့ ကြုံးဝါးလိုက်၏။ ထိုအခါ ဧလိယသည် ၂၈၅ မိုင်ဝေးသည့် သိနာကျွန်းဆွယ်ရှိ ဟောရပ်အရပ်သို့ ထွက်ပြေးလေသည်။ ထိုအရပ်သို့ရောက်သော် ဂူတစ်ခုထဲဝင်ပုန်းကာ ညကိုကုန်လွန်စေခဲ့၏၊ ယေဟောဝါဘုရားသခင်က သူ့အား “ဧလိယ၊ သင်သည် ဤအရပ်၌ အဘယ်သို့ပြုလျက်နေသနည်း” ဟု မေးမြန်းလေ၏။ ဧလိယက ဣသရေလတစ်တိုင်းပြည်လုံးတွင် သူတစ်ဦးတည်းသာ ယေဟောဝါအားဝတ်ပြုနေပြီး ဘုရားသခင်၏လုပ်ငန်းတော်အတွက် အလွန်စိတ်အားကြီးသည့် တစ်ဦးတည်းသောပရောဖက်သာ ဖြစ်သည်ဟု ခံစားနေရကြောင်း ရှင်းပြသည်။ သူတစ်ယောက်တည်းမဟုတ်ကြောင်း သူ့အား ယေဟောဝါစိတ်ချစေတော်မူခဲ့သည်။ ယေဟောဝါသည် သူ့ဘက်၌ရှိပြီး ဧလိယ၏ဣသရေလအမျိုးသားချင်း ၇,၀၀၀ တို့သည် ဧလိယကို မသိကြသော်လည်း သူ့ဘက်၌ရှိကြလေသည်။ ယေဟောဝါသည် ဧလိယကို စိတ်သက်သာမှုပေးခဲ့ကာ သူ၏ယုံကြည်ခြင်းကိုလည်း တိုးပွားစေတော်မူခဲ့၏။ ကိုယ်တော်သည် ပရောဖက်အား မိမိ၏တာဝန်ကို မစွန့်လွှတ်ရန် အားပေးစကားပြောကာ ဧလိယ၏နှလုံးကို လှုံ့ဆော်တော်မူခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၉:၄၊ ၉-၁၂၊ ၁၅-၁၈) ဧလိယကဲ့သို့ပင် အဖော်မဲ့နေသည် သို့မဟုတ် တန်ဖိုးမရှိဟု ခံစားရပါက ခွန်အားပေးသနားပါရန် ယေဟောဝါထံ ဆုတောင်းနိုင်ပါသည်။ ထို့အပြင် ခရစ်ယာန်အကြီးအကဲများသည် ပိုင်းခြားသိမြင်မှုကို အသုံးပြုခြင်းအားဖြင့် သစ္စာတည်ကြည်သူများကို အားပေးနှစ်သိမ့်စကား ပြောဆိုနိုင်သည်၊ ဘုရားသခင့်ရည်ရွယ်တော်မူချက်ကို အကောင်အထည်ဖော်ရာတွင် မိမိတို့၏ကျရာကဏ္ဍကို သိမြင်ရန် သူတို့အား အကူအညီပေးနိုင်သည်။—၁ သက်သာလောနိတ် ၅:၁၄။
ဤပုံနမူနာများနှင့် အခြားပုံနမူနာများအရ အထီးကျန်နေသူများအား ကူညီထောက်မပေးပြီး မေတ္တာပါပါ နှစ်သိမ့်ပေးရန် ယေဟောဝါတလိုတလားရှိတော်မူကြောင်း ကျွန်ုပ်တို့ နားလည်သဘောပေါက်နိုင်ပါသည်။ မှန်ပါသည်၊ “ထာဝရဘုရား[သခင်]သည် ညှဉ်းဆဲခြင်းကိုခံရသောသူတို့၏ ခိုလှုံရာ၊ ဘေးအန္တရာယ်ရောက်သည်ကာလ ခိုလှုံရာဖြစ်တော်မူ၏။”—ဆာလံ ၉:၉; ၄၆:၁; နာဟုံ ၁:၇။
နက်ရှိုင်းသည့်ခံစားမှုများနှင့် စာနာစိတ်ရှိသူတစ်ဦး
ယေဟောဝါကိုတုပရာတွင် အပြစ်ဆိုဖွယ်မရှိအောင် မျှတသည့် ကိုယ်တော်၏စိတ်ခံစားမှုများကြောင့် ယေရှုခရစ်သည် လေးစားကြည်ညိုထိုက်သည့် စံနမူနာရှင်ဖြစ်သည်။ နာဣနမြို့တွင် အသုဘတစ်ခုနှင့် ပက်ပင်းတိုးသောအခါ ယေရှု၏တုံ့ပြန်မှုကို လုကာက ဤသို့ဖော်ပြသည်– “မုဆိုးမ၌ တစ်ယောက်တည်းသောသား အသေကောင်ကို သင်္ဂြိုဟ်ခြင်းငှာ ထုတ်သွား . . . ကြ၏။ . . . သခင်ဘုရားသည် ထိုမိန်းမကိုမြင်လျှင် သနားခြင်းစိတ်တော်ရှိ၍ ‘မငိုနှင့်’ဟု မိန့်တော်မူလျက် အနီးသို့ကြွ၍ တလားကို လက်နှင့်တို့တော်မူသဖြင့် ထမ်းသောသူတို့သည် ရပ်၍နေကြ၏။ ကိုယ်တော်ကလည်း ‘အချင်းလုလင်၊ ထလော့။ သင့်အား ငါအမိန့်ရှိသည်’ ဟုမိန့်တော်မူလျှင်၊ သေသောသူသည် ထိုင်၍စကားပြော၏။ ကိုယ်တော်သည်လည်း ထိုသူကို မိခင်အားအပ်ပေးတော်မူ၏။” (လုကာ ၇:၁၂-၁၅) ယေရှု အလွန်စိတ်ထိခိုက်သွားရသည်။ ကိုယ်တော်သည် သနားကြင်နာတတ်သူဖြစ်၏။ အဖော်မဲ့နေရှာသည့် မုဆိုးမဖြစ်သူ၏သားကို အသက်ပြန်ရှင်စေခြင်းဖြင့် ဤမုဆိုးမ ပြန်ပျော်ရွှင်အောင် ယေရှုလုပ်ပေးလိုက်သည်ကို မြင်ယောင်ကြည့်လိုက်ပါ! မုဆိုးမသည် အထီးကျန်နေစရာအကြောင်း မရှိတော့ချေ။
ယေရှုသည် ‘ကျွန်ုပ်တို့၏အားနည်းခြင်းများကို စာနာထောက်ထား’ နိုင်သူဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ပါသည်။ ကိုယ်တော်သည် အထီးကျန်နေကြသည့် ဖြောင့်မှန်သူတို့ကို အမှန်ပင်စာနာထောက်ထားတော်မူ၏။ ကိုယ်တော်အားဖြင့် ‘ကျွန်ုပ်တို့သည် သနားကြင်နာမှုကိုလည်းကောင်း၊ တော်လျော်သောအချိန်၌ မစခြင်းကျေးဇူးတော်ကိုလည်းကောင်း ခံရ’ ကြသည်။ (ဟေဗြဲ ၄:၁၅၊ ၁၆၊ သမ္မာ) ကျွန်ုပ်တို့သည် ယေရှုကို တုပကာ ဝမ်းနည်းကြေကွဲနေသူ၊ ဝေဒနာခံစားနေရသူနှင့် အထီးကျန်အဖော်မဲ့နေသူတို့အပေါ် စာနာစိတ်မွေးမြူနိုင်ပါသည်။ အခြားသူများကို အကူအညီပေးခြင်းဖြင့် ကျွန်ုပ်တို့ အထီးကျန်ဖြစ်စရာအကြောင်း နည်းသွားနိုင်သည်။ သို့သော် အပြုသဘောမပါသည့် အထီးကျန်အဖော်မဲ့စိတ်ဝင်မှုများကို အနိုင်ယူရာတွင် အခြားနည်းတစ်နည်းမှလည်း အကူအညီ ရနိုင်ပါသေးသည်။
ယေဟောဝါ၏နှုတ်မြွက်စကားတော်ဖြင့် အထီးကျန်အဖော်မဲ့မှုကို အောင်နိုင်
‘ကျမ်းစာမှ နှစ်သိမ့်ခြင်းအကြောင်းများကို အမှီပြု၍ မျှော်လင့်ရသောအခွင့်ရှိ’ ကြောင်း လူအများ တွေ့ရှိခဲ့ကြပြီ။ ဘုရားသခင့်နှုတ်မြွက်စကားတော်တွင် လက်တွေ့ကျသည့် သွန်သင်ချက်နှင့် ပြည့်နှက်နေသည်ဖြစ်ရာ ယင်းတို့ဖြင့် အထီးကျန်အဖော်မဲ့မှုကို အောင်နိုင်ပါသည်။ (ရောမ ၁၅:၄၊ သမ္မာ; ဆာလံ ၃၂:၈) ဥပမာ၊ ဘုရားသခင့်နှုတ်မြွက်စကားတော်က ကျွန်ုပ်တို့အား ‘မိမိတို့ကိုယ်ကို ထင်သင့်သည်အတိုင်းထက်လွန်၍ မထင်ရန်’ သတိပေးထားသည်။ (ရောမ ၁၂:၃) ဤအကြံပေးချက်ကို လိုက်နာကျင့်သုံးရန် ကျွန်ုပ်တို့အပိုင်းမှ မိမိတို့၏စဉ်းစားတွေးတောပုံကို ပြုပြင်ပြောင်းလဲဖို့လိုမည်။ နှိမ့်ချမှုနှင့် ကျိုးနွံမှု—ကျွန်ုပ်တို့၏ ကန့်သတ်ချက်များကို လက်တွေ့ကျကျရှုမြင်ခြင်း—က ကျွန်ုပ်တို့အား မျှမျှတတနှင့် အကျိုးသင့်အကြောင်းသင့်ရှိရှိ မျှော်လင့်စေမည်မှာ သေချာပါသည်။ ထို့အပြင် အခြားသူများအပေါ် စစ်မှန်သည့် ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုရှိရန်လည်း ဘုရားသခင့်နှုတ်မြွက်စကားတော်က အကြံပြုသည်။ (ဖိလိပ္ပိ ၂:၄) ယင်းသည် နှစ်လမ်းမောင်းစနစ်ကဲ့သို့ပင် အသွားအပြန်ရှိ၏။ အခြားသူများကို သင်ပေးဆပ်သည့်အတိုင်း သင်လည်း ပြန်ရပါလိမ့်မည်။ ဤကောင်းမွန်သော အပြန်အလှန်ပေါင်းသင်းမှုက ဟာတာတာဖြစ်နေသည့်ခံစားချက်ကို သက်သာစေပြီး ကျွန်ုပ်တို့၏ ဘဝအသက်တာကို အဓိပ္ပာယ်ရှိစေသည်။
ခရစ်ယာန်များဖြစ်ကြသည့် ကျွန်ုပ်တို့အား သမ္မာကျမ်းစာက ‘အတူတကွ စုဆုံစည်းဝေးခြင်းကို မရှောင်မလွှဲကြနှင့်’ ဟု အားပေးတိုက်တွန်းသည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ထို့ကြောင့် ယေဟောဝါသက်သေများ၏ အစည်းအဝေးများကို မှန်မှန်တက်ရောက်ခြင်းကဲ့သို့သော အကျိုးရှိသည့် လှုပ်ရှားဆောင်ရွက်မှုများတွင် ပါဝင်ပါလေ။ ခရစ်ယာန်အစည်းအဝေးများသည် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးပိုင်း၊ စိတ်လှုပ်ရှားမှုပိုင်းနှင့် ကာယရေးပိုင်းတို့တွင် ကျန်းမာသန်စွမ်းလာစေနိုင်သည်မှာ သံသယဖြစ်စရာမရှိချေ။ အခြားသူများကို ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းအကြောင်း ဟောပြောခြင်းသည် ကျွန်ုပ်တို့၏ဘဝကို အကျိုးရှိစေသည့်လုပ်ငန်းဆောင်တာဖြင့် ဖြည့်ဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်သည်။ ယင်းက ကျွန်ုပ်တို့အား လမ်းမှန်ကို အာရုံစိုက်စေသည်၊ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေပြီး ကျွန်ုပ်တို့၏မျှော်လင့်ချက်ကို ကွယ်ကာစောင့်ရှောက်ပေးသည်။—ဧဖက် ၆:၁၄-၁၇။
“ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား[သခင်] ၌ ချထားလော့။ သင့်ကို မစတော်မူမည်” ဟု ဒါဝိဒ်တိုက်တွန်းခဲ့သည့်အတိုင်း ယေဟောဝါထံ ဆုတောင်း၍ ချဉ်းကပ်ပါလေ။ (ဆာလံ ၅၅:၂၂) ဘုရားသခင့်နှုတ်မြွက်စကားတော်ကို လေ့လာခြင်းအားဖြင့် သင်ပျော်ရွှင်မှုခံစားရပါလိမ့်မည်။ (ဆာလံ ၁:၁-၃) သင်သည် အထီးကျန်အဖော်မဲ့စိတ်ဝင်နေပါက သမ္မာကျမ်းစာတွင် ဖော်ပြထားသည့် ယေဟောဝါ၏မေတ္တာပြည့်ဝသော ဂရုစိုက်မှုကို တွေးတောဆင်ခြင်ပါလေ။ ဆာလံဆရာက ဤသို့ရေးသားခဲ့၏– “အကျွန်ုပ်၏စိတ်ဝိညာဉ်သည် မြေမှုန့်၌ကပ်လျက်ရှိပါ၏။ နှုတ်[မြွက်စကား]တော်အတိုင်း အသက်ရှင်စေတော်မူပါ။”—ဆာလံ ၁၁၉:၂၅၊ သမ္မာ။
မည်သူမျှ “အထီးကျန်လိုက်တာ” ဟု မဆိုရတော့မည့်အချိန်
စိုးရိမ်ပူပန်မှုများ၊ စိတ်ပျက်အားလျော့မှုများနှင့် အပျက်သဘောများမရှိတော့သည့် ကမ္ဘာသစ်တစ်ခုရှိလာမည်ဟု ယေဟောဝါဘုရားသခင် ကတိပြုထားတော်မူသည်။ “ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်းမရှိရ။ ရှေးဖြစ်ဖူးသောအရာများသည် ရွေ့သွားကြပြီ”ဟု သမ္မာကျမ်းစာတွင် ဖော်ပြထားသည်။ (ဗျာ. ၂၁:၄၊ သမ္မာ) ရွေ့သွားကွယ်ပျောက်တော့မည့် ရှေးဖြစ်ဖူးသောအရာများမှာ ယနေ့ ကျွန်ုပ်တို့ တွေ့ ကြုံခံစားနေရသည့် ကိုယ်ကာယ၊ စာရိတ္တနှင့်စိတ္တပိုင်းဆိုင်ရာဝေဒနာများ ဖြစ်ကြလေသည်။
ကမ္ဘာမြေကြီးသည် ကျွန်ုပ်တို့၏ဘဝကို တိုးတက်ကောင်းမွန်စေမည့် မိတ်သင်္ဂဟများဖြင့် ပြည့်နှက်နေပေတော့မည်။ ယေဟောဝါသည် ယေရှုခရစ်အုပ်ချုပ်မည့် မိမိ၏ကောင်းကင်နိုင်ငံတော်အားဖြင့် ကျွန်ုပ်တို့၏ အထီးကျန်မှုကို ထာဝရကင်းပျောက်စေတော်မူမည်။ ကျွန်ုပ်တို့အတွက် သစ်လွင်ပြီး အံ့ဖွယ်ကောင်းသောအရာများကို မြေကြီးပရဒိသုတွင် ကိုယ်တော် လုပ်ဆောင်ပေးတော်မူမည်။ “အထီးကျန်လိုက်တာ” ဟူ၍ ကျွန်ုပ်တို့ ဘယ်တော့မျှ မပြောရတော့မည့်တစ်နေ့ မကြာမီ ရောက်လာပါတော့မည်။
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
ကျွန်ုပ်တို့သည် တစ်ကိုယ်တည်းဖြစ်နေလျှင်ပင် ယေဟောဝါ၏ ထောက်မမှုဖြင့် အထီးကျန်နေသည်ဟု ခံစားမည်မဟုတ်
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
ယေရမိနှင့် ဧလိယတို့၏ ကျမ်းစာမှတ်တမ်းများက ကျွန်ုပ်တို့အား အဘယ်အရာ သင်ပေးသနည်း