သောက်ကြူးခြင်းသည် အမှန်ပင် ဘေးဖြစ်စေသလော
သမ္မာကျမ်းစာရှုထောင့်
သောက်ကြူးခြင်းသည် အမှန်ပင် ဘေးဖြစ်စေသလော
ရယ်စရာဖြစ်စေရန် သရုပ်ဆောင်ပြသည့် ခင်မင်စရာကောင်းသော အမူးသမားများသည် စင်မြင့်နှင့် ရုပ်ရှင်ပိတ်ကားများပေါ်တွင် နှစ်ပေါင်းများစွာ အဓိကနေရာယူခဲ့ကြပြီ။ ဖျော်ဖြေသူများသည် သရုပ်ဆောင်ရုံဆောင်ကြသော်လည်း သူတို့၏ ရယ်စရာကောင်းသည့် သရုပ်ဆောင်ပုံက သောက်ကြူးခြင်းကို များသောအားဖြင့် အန္တရာယ်မရှိသည့် အားနည်းချက်တစ်ခုအဖြစ်မျှ လူတို့ ပေါ့ပေါ့ဆဆယူမှတ်ကြောင်း ဖော်ပြသည်။
အမှန်မှာတော့ ရယ်စရာမဟုတ်ပါ။ သေရည်သေရက်အလွဲသုံးခြင်းသည် ကမ္ဘာတစ်ဝန်း၌ ကျန်းမာရေးကို အထိခိုက်ဆုံးအကျင့်တစ်ခုဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖော်ပြသည်။ ဆေးရွက်ကြီးစွဲခြင်းမှလွဲ၍ သေရည်သေရက်အလွဲသုံးခြင်းသည် အခြား စွဲစေတတ်သော မည်သည့်ထုတ်ကုန်ပစ္စည်း အလွဲသုံးခြင်းထက်မဆို သေဆုံးမှုနှင့် ဖျားနာမှု ပိုများစေပြီး ယင်းကြောင့် အမေရိကန်စီးပွားရေးတစ်ခုတည်းကို တစ်နှစ်လျှင် ဒေါ်လာသန်းပေါင်း ၁၈၄ ဘီလီယံကျော် ကုန်ခန်းစေသည်ဟု ထိုအဖွဲ့က ဆိုသည်။
ဤသို့ဖြစ်လျက်ပင် လူများစွာသည် သောက်ကြူးခြင်းကို ပေါ့ပေါ့တန်တန် သဘောထားလျက်ရှိကြသေးသည်။ ရေရှည် တလွဲသုံးစွဲခြင်း၏ ဆိုးကျိုးများကို အသိအမှတ်ပြုကြမည်ဖြစ်သော်လည်း ရံဖန်ရံခါသောက်ကြူးခြင်းကိုမူ သူတို့အပြစ်မမြင်ကြချေ။ ကမ္ဘာ့ဒေသအချို့ရှိ လူငယ်များက သေရည်သေရက်သောက်ကြူးခြင်းကို ကလေးဘဝမှ လူကြီးဘဝသို့ ကူးပြောင်းခြင်းအဖြစ်အပျက်တစ်ခုကဲ့သို့ ရှုမြင်တတ်ကြသည်။ ကျန်းမာရေးအဖွဲ့များစွာက အတန်တန်သတိပေးလျက်နှင့် တစ်ထိုင်တည်း ငါးခွက်၊ သို့မဟုတ် ထို့ထက်မက သေရည်သေရက်သောက်ခြင်းဟု အနက်ဖွင့်သည့် စည်းလွတ်ဝါးလွတ်သောက်စားခြင်းကို အသက်အရွယ်အသီးသီးရှိသူတို့ ပြုလုပ်နေကြကြောင်း သိသိသာသာတွေ့မြင်နေရသည်။ ထို့ကြောင့် အလွန်အကျွံသောက်ခြင်းသည် အမှန်ပင်ဘေးဖြစ်၊ မဖြစ် လူများစွာ သိလိုကြခြင်းမှာ အံ့အားသင့်စရာမဟုတ်တော့ပေ။ သမ္မာကျမ်းစာက မည်သို့ဆိုသနည်း။
စပျစ်ရည်နှင့်ယစ်မျိုး—ဘုရားသခင်ထံမှလက်ဆောင်
သမ္မာကျမ်းစာတွင် စပျစ်ရည်နှင့်ယစ်မျိုးအကြောင်း ရည်ညွှန်းဖော်ပြချက်များစွာ ပါရှိသည်။ ဘုရင်ရှောလမုန် ဤသို့ရေးခဲ့သည်– “သွား၍ ဝမ်းမြောက်သောစိတ်နှင့် အစာကိုစားလော့။ ရွှင်လန်းသောစိတ်နှင့် စပျစ်ရည်ကိုသောက်လော့။ သင်ပြုသောအမှုအရာများကို ဘုရားသခင် လက်ခံတော်မူပြီးဖြစ်၏။” (ဒေ. ၉:၇၊ သမ္မာ) ယေဟောဝါဘုရားသခင်သည် “လူတို့စိတ်ကို ရွှင်လန်းစေသောစပျစ်ရည်” ကို စီမံပေးရှင်ဖြစ်ကြောင်း ဆာလံဆရာ အသိအမှတ်ပြုသည်။ (ဆာလံ ၁၀၄:၁၄၊ ၁၅၊ သမ္မာ) လူသားအပေါင်းကို ယေဟောဝါပေးသောကောင်းချီးများစွာတွင် စပျစ်ရည်ပါဝင်ကြောင်း ထင်ရှားသည်။
စပျစ်ရည်သောက်သုံးခြင်းကို ယေရှုမကန့်ကွက်ကြောင်း ထင်ရှား၏။ အမှန်ဆိုသော်၊ ကိုယ်တော် ဦးဆုံးပြုသောအံ့ဖွယ်အမှုမှာ မင်္ဂလာပွဲတစ်ခုတွင် ရေကို အကောင်းဆုံးစပျစ်ရည်ဖြစ်စေခြင်းဖြစ်သည်။ (ယောဟန် ၂:၃-၁၀) ကိုယ်တော်သည် သခင့်ညစာစားပွဲကို အခမ်းအနားဖြင့် ဦးဆုံးကျင်းပခဲ့သောအခါ မိမိအသွေး၏ ဆီလျော်သော အထိမ်းအမှတ်အဖြစ် စပျစ်ရည်ကို အသုံးပြုခဲ့သည်။ (မဿဲ ၂၆:၂၇-၂၉) တမန်တော်ပေါလုက တိမောသေအား “သင်၏အစာအိမ်ကြောင့် . . . စပျစ်ရည်အနည်းငယ်ကိုသုံးလော့” ဟုတိုက်တွန်းထားရာ စပျစ်ရည်၏ ဆေးဖက်ဝင်တန်ဖိုးကိုပင် သမ္မာကျမ်းစာက ဖော်ပြသည်။—၁ တိမောသေ ၅:၂၃၊ သမ္မာ; လုကာ ၁၀:၃၄။
ချင့်ချင့်ချိန်ချိန်သုံးခြင်းသည် သော့ချက်ဖြစ်
“စပျစ်ရည်အနည်းငယ်” ကိုသာသုံးရန် ပေါလု အကြံပေးခဲ့ကြောင်း သတိပြုပါ။ အရက်အလွန်အကျွံသောက်ခြင်းကို ကျမ်းစာက ရှင်းရှင်းပြစ်တင်ရှုတ်ချသည်။ ဂျူးယဇ်ပုရောဟိတ်များသည် တာဝန်မထမ်းဆောင်ချိန်တွင် ချင့်ချိန်၍သောက်ခွင့်ရှိသည်။ သို့သော် ယဇ်ပုရောဟိတ်တာဝန် ထမ်းဆောင်နေချိန်တွင်မူ အရက်သေစာ လုံးဝမသောက်ရကြချေ။ (ဝတ်ပြုရာ ၁၀:၈-၁၁) နှစ်ပေါင်းများစွာကြာပြီးနောက်၊ သေရည်သေရက်သောက်ကြူးသူများသည် “ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရ” ဟု ပထမရာစုခရစ်ယာန်များကို သတိပေးခဲ့သည်။—၁ ကောရိန္သု ၆:၉၊ ၁၀။
ထို့ပြင် တိမောသေအား ပေါလုညွှန်ကြားရာတွင် အသင်းတော်၌ ဦးစီးဦးဆောင်သူများသည် ‘စပျစ်ရည်သောက်ကြူး၍ ရန်တွေ့သူများ’၊ “စပျစ်ရည်ကိုသောက်ကြူးသောသူ” များမဖြစ်ကြရဟု ဆိုသည်။ * (၁ တိမောသေ ၃:၃၊ ၈) အမှန်သော်၊ သမ္မာကျမ်းစာက နောင်တမယူသော သောက်ကြူးသူများကို ခရစ်ယာန်အသင်းတော်မှ နှင်ထုတ်ရမည်ဟု မိန့်မှာထားသည်။ (၁ ကောရိန္သု ၅:၁၁-၁၃) သမ္မာကျမ်းစာက သင့်လျော်စွာ ဖော်ပြသည့်အတိုင်းပင် “စပျစ်ရည်သည် လှည့်စားတတ်၏။” (သု. ၂၀:၁) သေရည်သေရက် အလွန်အကျွံသောက်သုံးခြင်းက သောက်သုံးသူ၏ ထိန်းချုပ်နိုင်စွမ်းကို လျော့နည်းသွားစေကာ ချင့်ချိန်နိုင်စွမ်းကို ပျက်ယွင်းစေနိုင်သည်။
သောက်ကြူးခြင်းကို ဘုရားသခင့်နှုတ်မြွက်တော် ရှုတ်ချရခြင်းအကြောင်း
တစ်စုံတစ်ရာကို အလွဲသုံးစားပြုပါက အဆုံး၌ ကိုယ်ကိုလည်းကောင်း၊ အခြားသူများကိုလည်းကောင်း အကျိုးနည်းစေကြောင်း ‘ကျွန်ုပ်တို့၏ အကျိုးနှင့်ယှဉ်သောအရာကို သွန်သင်ပေးရှင်’ ယေဟောဝါ သိတော်မူ၏။ (ဟေရှာယ ၄၈:၁၇၊ ၁၈) အရက်ယမကာသုံးစွဲခြင်းနှင့် ပတ်သက်လာလျှင် ထို့အတူဖြစ်သည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်က “အဘယ်သူသည် ဝမ်းနည်းခြင်းရှိသနည်း။ အဘယ်သူသည် ညည်းတွားခြင်းရှိသနည်း။ အဘယ်သူသည် ရန်တွေ့ခြင်းရှိသနည်း။ အဘယ်သူသည် မြည်တမ်းခြင်းရှိသနည်း။ အဘယ်သူသည် အကျိုးအကြောင်းမရှိ ထိခိုက်၍နာခြင်းရှိသနည်း။ အဘယ်သူသည် မျက်စိနီခြင်းရှိသနည်း” ဟုမေးသည်။ အဖြေမှာ “စပျစ်ရည်ကို ကြာမြင့်စွာသောက်လျက်နေသောသူ၊ ဆေးနှင့်ရောသောစပျစ်ရည်ကို ရှာတတ်သောသူတို့” ဖြစ်သည်။—သု. ၂၃:၂၉၊ ၃၀။
သေရည်သေရက် အလွန်အကျွံသောက်သုံးထားသူတို့သည် စဉ်းစားဆင်ခြင်မှုကင်းမဲ့ကာ အန္တရာယ်ရှိစွာ ဤသို့ပြုမူတတ်ကြ၏– သေရည်သေရက်သောက်ထားစဉ် ယာဉ်မောင်းခြင်း၊ သို့ဖြင့် ကိုယ်တိုင်နှင့် အခြားသူများကို ဘေးသင့်စေခြင်း၊ သူတစ်ပါး၏အိမ်ထောင်ဖက်ကို အလွန်အကျွံခင်မင်မှုပြကာ ဆက်ဆံရေးများ ပျက်ပြားစေခြင်း၊ မိုက်မဲစွာ သို့မဟုတ် တစ်ဇွတ်ထိုး ပြောဆိုပြုမူခြင်းတို့ဖြစ်သည်။ (သု. ၂၃:၃၃) သေရည်သေရက်အလွဲသုံးခြင်းသည် ယနေ့ လူအပေါင်းအား ဘေးသင့်စေသော လူမှုရေးပြဿနာအားလုံးတို့အနက် အထိခိုက်ဆုံးအကျင့်ဖြစ်သည်ဟု မှန်ကန်စွာ ဖော်ပြထားပြီ။ ယင်းကြောင့် ဘုရားသခင်က “စပျစ်ရည်သောက်ကြူးသောသူ . . . ကို အပေါင်းအဖော်မလုပ်နှင့်” ဟု တိုက်တွန်းထားခြင်းသည် အံ့ဩစရာမဟုတ်ပေ!—သု. ၂၃:၂၀။
ဂလာတိ ၅:၁၉-၂၁ ၌ ပေါလုက ယစ်မျိုးကိုသောက်ကြူးခြင်းနှင့် ပွဲလုပ်ခြင်းအကျင့်တို့သည် ဘုရားသခင့်ဝိညာဉ်အသီးနှင့် ဆန့်ကျင်သည့် “ဇာတိပကတိအကျင့်” များဖြစ်၏ဟု စာရင်းတင်ပြထားသည်။ သေရည်သေရက် အလွန်အကျွံသောက်သုံးခြင်းသည် ဘုရားသခင်နှင့် ဆက်ဆံရေးကို ပျက်စီးသွားစေနိုင်၏။ ထို့ကြောင့် ခရစ်ယာန်များသည် သေရည်သေရက် အလွန်အကျွံသောက်သုံးခြင်းကို ရှောင်သင့်ကြောင်း ရှင်းနေပါသည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 11 ကြီးကြပ်မှူးများသည် ဘုရားသခင်၏ မြင့်မားသောစံနှုန်းများကို အစွမ်းကုန် လိုက်နာခြင်းဖြင့် ပိုင်းခြားချင့်ချိန်နိုင်စွမ်းနှင့် အမူအကျင့်ပိုင်းတွင် သိုးတော်စုရှေ့ ပုံသက်သေပြသူများဖြစ်သင့်ကြရာ ဤတောင်းဆိုချက်သည် အခြားခရစ်ယာန်များနှင့်လည်း သက်ဆိုင်သည်။