မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အထီးကျန်ဖြစ်မှုကို အနိုင်ယူခြင်း

အထီးကျန်ဖြစ်မှုကို အနိုင်ယူခြင်း

အထီးကျန်​ဖြစ်မှု​ကို အနိုင်ယူ​ခြင်း

အထီးကျန်​ဖြစ်မှု​ကို အနိုင်​ယူဖို့​မလွယ်​ပါ။ အင်အားကြီး​မား​သည့် စိတ်​လှုပ်ရှားမှုများ ပါဝင်​ပတ်သက်​နေ၍​ဖြစ်၏။ အထီးကျန်​ဖြစ်မှု​ကို မည်သို့​ဖြေရှင်း​နိုင်​သနည်း။ အင်အားကြီး​မား​လှ​သည့် ဤ​ခံစားမှု​မျိုးကို အနိုင်ယူ​ကျော်လွှား​ရန် လူတချို့ အဘယ်အရာ​လုပ်ဆောင်ခဲ့​ကြပြီ​နည်း။

အထီးကျန်​ဖြစ်မှု​ကို အနိုင်​ကြဲ

ဟ​ယ်​လဲ​န် * သည် အချို့​သော​ဆုံးဖြတ်ချက်​များ ချ​ရာ​တွင် တစ်ကိုယ်တည်း​ဆုံးဖြတ်​လို​သည်။ သို့သော် အထီးကျန်မှု​က အန္တရာယ်​ရှိကြောင်း သူသိ​သည်။ သူက​လေး​ဘဝက မိဘများနှင့် ဆက်သွယ်​ပြောဆိုခြင်း​ကား မရှိပေ။ သူတို့​အာရုံစိုက်​လာရန် မည်သို့​လုပ်ယူ​ရမည်ကို မသိသော​ကြောင့် အခန်း​အောင်း၍​နေ​လိုက်​လေ​သည်။ သူက ဤသို့​ပြန်​ပြောပြ​သည်– “အစားအသောက်​မူမမှန်​တဲ့​ရောဂါ စ​ဖြစ်​လာတယ်။ စိတ်ဓာတ်​လည်း​ကျ​လာတယ်။ ‘ငါ့ရဲ့​ပြဿနာ​တွေ​အတွက် သူတို့​မှ​စိတ်​မ​ပူ​တာ၊ ငါ​က ဘာလို့ သူတို့​အတွက် စိတ်ပူ​ပေး​ရမှာ​လဲ’ လို့ ကျွန်မ​ကိုယ်​ကျွန်မ ပြော​မိတယ်။ အိမ်ထောင်ပြုခြင်း​က လစ်​ဟာ​နေတဲ့ ကျွန်မ​ရဲ့​အထီးကျန်​ဖြစ်နေ​မှု​ကို ဖြည့်ဆည်း​ပေး​နိုင်​မယ်​လို့ ကျွန်မ​ထင်​ခဲ့​တာ။ ထွက်ပေါက်​ရှာ​တဲ့​အနေ​နဲ့ အိမ်ထောင်ပြု​ဖို့ ကြိုးစား​ခဲ့တယ်။ ဒါပေမဲ့ မကြာ​ပါ​ဘူး ‘တစ်ဖက်သားရဲ့​ဘဝကို ငါ​မဖျက်ဆီး​သင့်ဘူး။ ငါ့ရဲ့​အတွေး​တွေ​ကို အရင်ဆုံး တည့်မတ်​ပြုပြင်​ဖို့​လိုတယ်!’ လို့ ဆင်ခြင်​ခဲ့တယ်။ ယေဟောဝါ​ရဲ့​အကူအညီ​ရဖို့ ဆုတောင်း​ပြီး ကျွန်မ​ရဲ့ မချိမဆံ့​ဝေဒနာ​ကို ဖွင့်​ချ​ခဲ့တယ်။

“‘မစိုးရိမ်​နှင့်၊ ငါသည် သင့်​ဘက်မှာ​ရှိ၏။ မကြောက်​နှင့်၊ သင်၏​ဘုရားသခင် ငါသည် သင့်ကို​ခိုင်ခံ့​စေမည်။ သင့်ကို​စောင့်မ​မည်။ ငါ့​ဖြောင့်မတ်ခြင်း​လက်ယာလက်​ဖြင့် ထောက်ပင့်​မည်’ ဆို​တဲ့ ဟေရှာယ ၄၁:၁၀ မှာပါတဲ့​စကား​လို​မျိုး အလွန်​စိတ်သက်သာ​ဖွယ်​ကောင်း​တဲ့​စကား​တွေ​ကို သမ္မာကျမ်းစာ​ထဲမှာ တွေ့​လိုက်ရတယ်။ ကျွန်မ​မှာ ဖခင်​မရှိ​သလို​မျိုး ခံစား​နေရ​တဲ့​အတွက် အဲဒီ​စကား​တွေ​က ကျွန်မ​ကို အများကြီး ကူညီ​ပေး​ခဲ့တယ်။ အခု​ဆိုရင် ကျမ်းစာ​ကို မှန်မှန်​ဖတ်ရှု​လေ့လာ​နေပြီး ကျွန်မ​ရဲ့​ကောင်းကင်​ခမည်းတော်​ဆီ ဆုတောင်း​စကားပြော​ဆို​နေပါ​ပြီ။ ကျွန်မ​ရဲ့​အထီးကျန်​ဖြစ်မှု​ကို အနိုင်ယူ​တတ်​သွားပြီ။”

ချစ်​မြတ်နိုး​ရသူ​တစ်ဦး​ကို ဆုံးရှုံး​လိုက်ရ​ခြင်း​က ဝမ်းနည်းပူဆွေး​စေ​သည်၊ တစ်ဖန် ယင်းက အထီးကျန်​စိတ်ဝင်​စေနိုင်​၏။ မိမိ၏​မချိတင်ကဲ​ဝေဒနာ​အကြောင်း အသက် ၁၆ နှစ်အရွယ်​ရှိ လူ​အီဆာ​က ဤသို့​ရှင်းပြသည်– “ငါး​နှစ်​သမီး​အရွယ်မှာ ကျွန်မ​အဖေ အသတ်ခံ​လိုက်ရတယ်။ အဘွား​ဆီကနေ စိတ်​သက်သာမှု​ရဖို့ မျှော်ကိုး​ခဲ့​ပေမဲ့ ကျွန်မ​ကို အဘွား​ချစ်တယ်လို့ တစ်ခါ​မှ​မခံစား​ခဲ့​ရ​ဘူး။ ကလေး​ဘဝမှာ အလိုအပ်ဆုံး​အရာ​ဖြစ်​တဲ့ တွယ်တာ​ခံရ​တာ​မျိုး သိပ်​မရှိ​လှ​ဘူး။ အသက် ရှစ်နှစ်​နဲ့ ကိုးနှစ်​အကြား​မှာ ကိုယ့်​ကိုယ်ကို​သတ်​သေ​ဖို့ သုံးကြိမ် ကြိုးစား​ခဲ့တယ်။ အမေ​ဟာ ကျွန်မ​နဲ့ အစ်မ​သုံးယောက်ကို ကျွေးမွေး​ထောက်ပံ့ဖို့ ကြိုးစား​ရုန်းကန်​နေရ​တဲ့​အတွက် ကျွန်မ​သေ​လိုက်တာ​မှ မိသားစု​အတွက် အကောင်းဆုံး​ဖြစ်​မယ်​လို့ ထင်​ခဲ့တယ်။ အဲဒီနောက် ကျွန်မ​တို့ ယေဟောဝါသက်သေ​တွေ​နဲ့ စပြီး​ပေါင်းသင်း​ခဲ့တယ်။ ကျွန်မ​ကို ငယ်ရွယ်​တဲ့ ဇနီး​မောင်နှံ​တစ်စုံ​က တကယ်ပဲ စိတ်ဝင်တစား​ကူညီ​ပေး​ကြတယ်။ ကျွန်မ​ကို သူတို့က ‘မင်းကို ငါ​တို့​တန်ဖိုး​ထား​တယ်၊ မင်းဟာ ငါ​တို့အတွက် မရှိမဖြစ်​ပါ’ လို့ ပြောတတ်​ကြတယ်။ ‘မင်းဟာ ငါ​တို့အတွက် မရှိမဖြစ်​ပါ’ ဆို​တဲ့ စကား​တွေ​က ကျွန်မ​ကို အရမ်း​အားတက်စေ​တယ်။ တစ်ခါ​တ​လေ​ကျ​တော့ ကျွန်မ​ရဲ့​ခံစားချက်​တွေ ဒီ​ပြင်လူ​တစ်ယောက်ယောက်​ကို ပြောပြ​လို့​မရ​ပေမဲ့ ကင်းမျှော်စင်​နဲ့ နိုးလော့!ထဲမှာ​ပါ​တဲ့ ဆောင်းပါး​တွေ ဖတ်​လိုက်ရ​တဲ့​အခါ အဲဒီ​စာပေ​တွေ​ကနေ​တစ်ဆင့် ယေဟောဝါ​ရဲ့​မေတ္တာ ခံစားရ​ရှိတဲ့​အတွက် ကိုယ်တော့်​ကို ကျေးဇူး​တင်​ပါ​တယ်။ အတော်များများ ပြုပြင်​ပြောင်းလဲ​ခဲ့​ရတယ်။ က​နေ့​ဆိုရင် ကျွန်မ​ပြုံးပျော်​နိုင်ပြီ၊ ပြီး​တော့ ကျွန်မ​ရဲ့​အမေနဲ့ ဝမ်းနည်းစရာ၊ ရွှင်လန်းစရာ​အကြောင်း​တွေ ကျွန်မ​ပြောပြ​နိုင်ပြီ။ တစ်ခါ​တ​လေ အတိတ်​က​ဖြစ်ရပ်​တွေ ပြန်​ပြန်​ပေါ်လာ​ပေမဲ့ အရင်​လို ကိုယ့်​ကိုယ်ကို​သတ်​သေ​ဖို့ ကြိုးစား​တာ​မျိုး၊ ကျွန်မ​ချစ်​ရတဲ့​သူတွေနဲ့ စကား​မပြော​ဘဲ​နေတာမျိုး မရှိတော့​ပါ​ဘူး။ ဆာလံဆရာ​ပြော​ခဲ့​တဲ့ ဒီ​စကား​တွေ​ကို ကျွန်မ​အမြဲ​အမှတ်ရ​နေပါတယ်– ‘ “သင်၌​ငြိမ်ဝပ်ခြင်း​ရှိပါစေ​သော” ဟု ငါသည် ညီအစ်ကို​အတွက်၊ အဆွေ​ခင်ပွန်း​အတွက် ပြောဆို​ပါ​မည်။’” —ဆာလံ ၁၂၂:၈

ကွာရှင်း​ခဲ့​သည်​မှာ ၂၂ နှစ်​ကြာပြီ​ဖြစ်သော မာသ​သည် ထို​အချိန်​အတောအတွင်း ကလေး​တစ်ဦး​ကို ပြုစု​ပျိုးထောင်​ခဲ့​ရသည်။ “တစ်ခုခု မအောင်မြင်တဲ့​အခါတိုင်း တန်ဖိုး​မရှိဘူး၊ အထီးကျန်​တယ်​ဆို​တဲ့ ခံစားချက်​တွေ ပြန်​ပြန်​ပေါ်လာ​တယ်” ဟု သူက​ဆို​၏။ ယင်း​ခံစားချက်​များ​ကို သူ​မည်သို့​အနိုင်ယူ​လိုက်​သနည်း။ သူ​ဤသို့​ရှင်းပြသည်– “အဲဒီ​ခံစားချက်​တွေ​ကို ဖြေရှင်း​ဖို့ အကောင်းဆုံး​နည်းလမ်း​က​တော့ ယေဟောဝါ​ဘုရားသခင်​နဲ့ ချက်ချင်း စကားပြော​ဆို​ဖို့ ဖြစ်တယ်​ဆိုတာ ကျွန်မ​သိလိုက်​ရတယ်။ ကျွန်မ​ဆုတောင်း​တဲ့​အခါ ကျွန်မ​ဟာ တစ်ကိုယ်တည်း​မဟုတ်ဘူးဆိုတာ သိထားတယ်။ ကျွန်မ​ကိုယ်ကို ကျွန်မ​နားလည်တာထက် ယေဟောဝါ​က ပို​ပြီး​နားလည်​ပေးတယ်။ ဒါ့အပြင် တခြား​သူတွေ​အပေါ် ပုဂ္ဂိုလ်ရေး​စိတ်ဝင်စားမှု​ပြ​နိုင်​တဲ့ နည်းလမ်း​တွေ​လည်း ကြိုးစား​ပြီး​ရှာဖွေတယ်။ အထူးသဖြင့် ကျွန်မ​ရဲ့​အချိန်ပြည့် ခရစ်ယာန်​ဓမ္မ​အမှု​ဟာ အပြုသဘော​မပါတဲ့ ခံစားချက်​တွေ​ကို တိုက်ထုတ်​ပစ်​နိုင်​တဲ့ အစွမ်းထက်တဲ့ လက်နက်​တစ်ခု​ပဲ။ ဘုရားသခင့်​နိုင်ငံတော် ကောင်းချီး​တွေ​အကြောင်း တခြား​သူတွေကို ပြောပြ​တော့ နားထောင်​သူတွေဟာ လုံးဝ​မျှော်လင့်ချက်မဲ့​နေကြ​ပြီး သူတို့ရဲ့​ပြဿနာ​တွေ​ကို အမြဲ​တည်ရှိ​သွားမယ့်​အရာ​တွေ​အဖြစ် ရှုမြင်​ကြတယ်​ဆိုတာ​ကို သိလိုက်​ရတဲ့အခါ ကိုယ့်​မှာ​တော့ အသက်ဆက်ရှင်​ပြီး အပျက်သဘော​တွေ​ကို ဆက်​တိုက်လှန်​သွား​လို​တဲ့ ခြေမြစ်​ခိုင်လုံ​တဲ့ အကြောင်းရင်း​တွေ ရှိတယ်ဆိုတာ တွေ့ရ​တယ်။”

အယ်​လ်​ဘာ​သည် အသက် ၉၃ နှစ်အရွယ်​ရှိပြီး သူ၏​တစ်ဦးတည်း​သော​သမီး​မှာ ခရစ်ယာန်​သာသနာပြု​အဖြစ် အခြား​နိုင်ငံ​တစ်နိုင်ငံ​တွင် အမှုဆောင်​နေသည်​ဖြစ်​ရာ အထီးကျန်​ဖြစ်မှု​ကို သူ​မည်သို့​အနိုင်ယူ​ကြောင်း ပြောပြ​သည်– “ဂိလဒ် ကင်းမျှော်စင် သမ္မာကျမ်းစာ​ကျောင်း​ကို တက်ရောက်​ဖို့ ကျွန်မ​သမီးနဲ့ သူ့​ခင်ပွန်း​တို့ ဖိတ်ခေါ်​ခံရတဲ့​အခါ သူတို့ရဲ့​မျက်နှာ​မှာ ရွှင်မြူး​နေတာ အထင်းသား တွေ့​လိုက်ရ​ပြီး ကျွန်မ​လည်း ထပ်တူ​ထပ်​မျှ ဝမ်းမြောက်​ခဲ့​ပါ​တယ်။ နောက်ပိုင်း​ကျ​တော့ တိုင်းတစ်ပါး​မှာ အမှုဆောင်​ပါ​ဆို​တဲ့ တာဝန်​လည်း သူတို့​ရ​ရော ကျွန်မ တစ်ကိုယ်ကောင်း​စိတ် နည်းနည်း​ဝင်လာ​မိတယ်။ သူတို့နဲ့ အနီးကပ်​နေလို့​မရတော့ဘူး​လို့ ကျွန်မ​သိလိုက်ရ​ပြီး ဝမ်းနည်း​သလို​လို ခံစား​လာ​ရတယ်။ အခြေအနေ​က တရားသူကြီး အခန်းကြီး ၁၁ မှာ ဖော်ပြ​ထား​တဲ့ ယေဖသ​နဲ့ သူရဲ့​တစ်ဦးတည်း​သော​သမီးတို့​ရဲ့ အခြေအနေ​နဲ့ ခပ်​ဆင်​ဆင်​ပဲ။ ယေဟောဝါ​ဆီ မျက်ရည်​စက်​လက်နဲ့ ဆုတောင်း​ပြီး ခွင့်လွှတ်​ပါ​လို့ အသနားခံ​ခဲ့တယ်။ ကျွန်မ​ကို ကလေး​တွေ​က အဆက်အသွယ်​အမြဲ​လုပ်ပါတယ်။ သူတို့ အရမ်း​အလုပ်များ​ကြတယ်​ဆိုတာ​ကို ကျွန်မ​သိတယ်၊ ဒါပေမဲ့ သူတို့​ဘယ်မှာ​ပဲ အမှုဆောင်​နေပါ​စေ ကျွန်မ​ဆီ​ကို စာ​ထည့်​ဖို့ အချိန်ဖယ်​ထား​ကြတယ်၊ သူတို့ရဲ့ လယ်ကွင်း​ဓမ္မ​အမှု အတွေ့အကြုံ​တွေ​ကို ပြောပြ​ကြတယ်။ သူတို့ရဲ့​စာ​တွေ​ကို အပြန်​ပြန်​အ​လှန်​လှန် ကျွန်မ​ဖတ်ရှု​တယ်။ အဲလို​လုပ်တာဟာ ကျွန်မ​နဲ့​သူတို့ အပတ်​တိုင်း စကားပြော​နေ​သလိုပဲ​လေ၊ အဲဒီ​အတွက် အရမ်း ကျေးဇူး​တင်​မိတယ်။ ဒါ့အပြင် ကျွန်မ​ရဲ့​အသင်းတော်က ခရစ်ယာန်​အကြီးအကဲ​တွေ​က​လည်း ကျွန်မ​တို့​လို အိုမင်းမစွမ်း​တွေ၊ မ​ကျန်း​မမာ​တဲ့​သူတွေကို သင့်တော်​သလို ဂရုစိုက်​ပေး​ကြတယ်၊ အသင်းတော်​အစည်းအဝေးတွေ​အတွက် ကြို​ပို့ပေး​တာ​တွေ၊ တခြား​လိုအပ်ရာ ထောက်ပံ့​ပေး​တာ​တွေ​က​အစ သေချာ​အောင် စစ်ဆေး​ပေး​ကြတယ်။ ကျွန်မ​ရဲ့ ဝိညာဉ်​ရေး ညီအစ်ကို​ညီအစ်မ​တွေ​ဟာ ယေဟောဝါ​ဆီကလာ​တဲ့ ဆုကျေးဇူး​လို့ မြင်​ပါ​တယ်။”

အထီးကျန်​ဖြစ်မှု​ကို အသင်​လည်း အနိုင်ယူ​နိုင်

သင်သည် အသက်ငယ်​သည်​ဖြစ်စေ၊ ကြီး​သည်​ဖြစ်စေ၊ လူလွတ်​ဖြစ်စေ၊ အိမ်ထောင်သည်​ဖြစ်စေ၊ မိဘများ​ရှိသည့် ကလေး​တစ်ဦး​ဖြစ်စေ၊ မိဘမဲ့​တစ်ဦး​ဖြစ်စေ၊ ချစ်​မြတ်နိုး​ရသူများကို ဆုံးရှုံး​ခဲ့​ရသူ​ဖြစ်စေ၊ အထီးကျန်​ဖြစ်မှု​ပုံစံ တစ်မျိုး​မျိုးကို တွေ့ ကြုံ​ခံစား​ခဲ့​ရသူ​ဖြစ်စေ သင်၏​ခံစားချက်​များ​ကို အနိုင်ယူ​နည်း​များ ရှိပါ​သည်။ မိသားစုဝင် ခြောက်​ဦး​ကို စွန့်ပစ်​ပြီး အခြား​တစ်နိုင်ငံ​သို့ ထွက်သွား​ခဲ့​သည့်​ဖခင်​၏ အသက် ၁၈ နှစ်အရွယ်​မိန်းကလေး ဟို​ကာ​ဘတ်​က ဤသို့​ပြောပြ​သည်– “ပွင့်ပွင့်လင်းလင်း​ပြောဆို​ပါ! ကိုယ့်​အကြောင်းကို ကိုယ်တိုင်​ပြောပြ​ဖို့ အရေးကြီးတယ်။ အဲ့​လို​မပြောပြ​ရင် ဘယ်သူကမှ နားလည်​ပေး​မှာ​မဟုတ်ဘူး။” “ကိုယ့်​အကြောင်းကို​ချည်း အရမ်း​မစဉ်း​စား​ပါ​နဲ့။ ကိုယ့်ထက်​ပို​ဆိုး​ကောင်း​ဆိုး​နိုင်​တဲ့ လူငယ်တွေ​ဆီကနေ​မဟုတ်ဘဲ ရင့်ကျက်တဲ့​သူတွေဆီ​ကနေ အကူအညီ​တောင်းခံ​ပါ” ဟု သူက အကြံပြု​သည်။ အထက်တွင် ဖော်ပြ​ခဲ့​သော လူ​အီဆာ​က ဤသို့​ပြောပြ​သည်– “ယေဟောဝါ​ဆီ လှိုက်လှိုက်လှဲလှဲ ဆုတောင်းခြင်း​က ထွက်ပေါက်​မရှိတဲ့​လမ်း​လို့ ခေါ်​လို့​ရတဲ့​နေရာ​ကနေ ကျွန်မ​တို့​လွတ်မြောက်​အောင် လိုအပ်​တဲ့​အကူအညီ ပေးတယ်။” ဇနီးသည် ဆုံးပါး​သွား​သူ ကော်​ကာ​သည် အဖော်မဲ့​မှု​ကို မည်သို့​အနိုင်ယူ​ကြောင်း သူ​ဤသို့​ပြောပြ​သည်– “မဆုတ်မနစ်​တဲ့​ဇွဲရှိ​ဖို့ လိုတယ်။ သူ​တစ်ဖက်သားကို စိတ်ဝင်စားခြင်း​က ကျွန်တော့်​ကို အများကြီး အထောက်အကူ​ပေးတယ်။ တခြား​သူတွေနဲ့ စကားစမြည်​ပြောဆို​နေတဲ့​အခါ ‘ကိုယ်ချင်းစာ​နာ​စိတ် တင်ပြခြင်း’ က မိမိတို့ရဲ့ စကားပြော​ဆို​မှု​ကို အဓိပ္ပာယ်​ရှိ​စေနိုင်​ပြီး တခြား​သူတွေရဲ့ လှပတဲ့ အရည်အသွေးတွေကို ရှာတွေ့​ဖို့​လည်း အကူအညီ​ပေး​နိုင်တယ်။”—၁ ပေတရု ၃:၈

အထီးကျန်​ဖြစ်မှု​ကို တွန်းလှန်​ဖို့ လုပ်ဆောင်​နိုင်​စ​ရာ များစွာ​ရှိပါ​သည်။ သို့သော် အထီးကျန်​ဖြစ်မှု​သည် အတိတ်​က​အရာ ဖြစ်​တော့​မည့်​တစ်နေ့ ရောက်လာ​ပါ​ဦး​မည်​လော။ ရောက်လာ​မည်​ဆိုပါ​က မည်သို့​ဖြစ်ပျက်​လာ​မည်​နည်း။ ဤ​မေးခွန်းများကို နောက်​ဆောင်းပါး​က ဖြေဆို​ပေး​ပါ​လိမ့်​မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 အမည်​တချို့​ကို ပြောင်း​ထား​သည်။

[စာမျက်နှာ ၈ ပါ အကျဉ်း​ဖော်ပြချက်]

“ယေဟောဝါ​ဆီ လှိုက်လှိုက်လှဲလှဲ ဆုတောင်းခြင်း​က ထွက်ပေါက်​မရှိတဲ့​လမ်း​လို့ ခေါ်​လို့​ရတဲ့ နေရာ​ကနေ ကျွန်မ​တို့​လွတ်မြောက်​အောင် လိုအပ်​တဲ့​အကူအညီ ပေးတယ်။”—လူ​အီဆာ

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အထီးကျန်​ဖြစ်မှု​ကို အနိုင်ယူ​နိုင်​ပုံ

▪ သင်၏​အခြေအနေ​သည် ပြောင်းလဲ​သွား​နိုင်​ကြောင်း စိတ်စွဲ​မှတ်ထားပါ၊ ယင်းသည် အမြဲ​ရှိနေ​သော​အခြေအနေ​မဟုတ်ဘဲ အခြားသူများ​လည်း ထပ်တူ​ကြုံတွေ့​ရသည့် သာမန် အခြေအနေ​ပင်​ဖြစ်သည်။

▪ ကိုယ့်​ကိုယ်ကို တရားလွန်​မတောင်းဆို​ပါ​နှင့်။

▪ ကိုယ့်​ကိုယ်ကို ကျေနပ်​ရောင့်ရဲတတ်​ပါ။

▪ ကိုယ်လက်​လှုပ်ရှားခြင်း​နှင့် အစာ​စားခြင်း​တို့​တွင် အလေ့အကျင့်ကောင်း​ရှိပါ၊ အိပ်ရေးဝဝ​အိပ်​ပါ။

▪ တစ်ကိုယ်တည်း​နေရ​သည့်​အခါ​တွင် ဖန်တီး​တီထွင်မှု​များ​ပြု​ကာ အသစ်​သော အတတ်ပညာ​များ​ကို လေ့လာ​ဆည်းပူး​ပါ။

▪ သင်​နှင့်​တွေ့ဆုံ​သူတို့​အပေါ် သင်၏​အတိတ်​က အတွေ့အကြုံ​များ​အပေါ် အမှီပြု​ပြီး အကဲမဖြတ်​မိဖို့ သတိပြုပါ။

▪ သင်၏​မိတ်ဆွေများ​နှင့် သူတို့၏ အရည်အသွေး​ထူး​များ​ကို တန်ဖိုး​ထား​ပါ။ ပျော်ရွှင်စရာ​ကောင်းသော မိတ်ဆွေ​အသိုင်းအဝိုင်း​တစ်ခု​ရလာ​အောင် ကြိုးစား​ဖန်တီး​ပါ။ အသက်ကြီးသူ​များ၊ အတွေ့အကြုံ​ရှိ​သူများ​ထံ အကြံ​ကောင်း​ဉာဏ်​ကောင်း တောင်းခံ​ပါ။

▪ အခြားသူများ​အတွက် တစ်ခုခု​လုပ်ပေး​ပါ—ပြုံးပြ​ပါ၊ ကြင်နာ​သည့်​စကား​တစ်ခွန်း​ပြောဆို​ပါ၊ သူတို့အား သမ္မာကျမ်းစာ​မှ စဉ်းစား​ဆင်ခြင်​စ​ရာ​တစ်ခု ပြောပြ​ပါ။ မိမိသည် အခြားသူများ​အတွက် လိုအပ်​သည်​ဟူသော ခံစားချက်​သည် အထီးကျန်​ဖြစ်မှု​အတွက် ဖြေဆေး​တစ်ခွက်​ဖြစ်သည်။

▪ ရုပ်ရှင်၊ တီဗွီ​အကျော်အမော်​များ၊ အင်တာနက်၊ စာပေ​များ​မှ ဇာတ်ကောင်​များ​အကြောင်း စိတ်ကူးယဉ်​ခြင်း၊ သူတို့နှင့်​ရင်းနှီးမှု​ရ​ရန် ကြံစည်​စိတ်ကူး​ခြင်း​ကို ရှောင်ကြဉ်ပါ။

▪ သင်သည် အိမ်ထောင်သည်​ဖြစ်ပါ​က သင်၏​စိတ်​ခံစားချက် လိုအပ်မှု​မှန်သမျှကို သင့်​အိမ်ထောင်ဖက်​က ဖြည့်ဆည်း​ပေး​မည်​ဟု မမျှော်လင့်​ပါ​နှင့်။ အပေးအယူ​ရှိဖို့​နှင့် တစ်ဦး​ကိုတစ်​ဦး ထောက်မ​ကူညီ​ဖို့ သင်ယူပါ။

▪ အခြား​သူများ​နှင့်​စကားပြော​ဆို​ဖို့​နှင့် ကောင်းစွာ​နားထောင်​တတ်​သူ​တစ်ဦး​ဖြစ်​ဖို့ သင်ယူပါ။ တခြားသူ​တို့​နှင့် သူတို့၏​စိတ်ဝင်စား​ရာ​များ​အပေါ် အာရုံစိုက်ပါ။ စာနာမှု​ပြ​ပါ။

▪ သင်​အထီးကျန်​ဖြစ်နေ​သည်ကို အသိအမှတ်​ပြုပြီး ရင့်ကျက်သည့် မိတ်ဆွေ​တစ်ဦး၊ သင်​ယုံကြည်​စိတ်ချ​ရသူ​တစ်ဦးဦး​နှင့် ပြောဆို​ဆွေးနွေး​ပါ။ ကျိတ်မှိတ်​ခံစား​မနေ​ပါ​နှင့်။

▪ အရက်ယမကာ အလွန်အကျွံ​သောက်​ခြင်း​ကို​ရှောင်ပါ၊ သို့​မဟုတ် လုံးဝ​မ​သောက်​ပါ​နှင့်။ သေ​ရည်​သေ​ရက်​သည် သင့်​ပြဿနာ​များ​ကို မဖယ်ရှား​ပေးချေ၊ အတန်​ကြာသော် ပြန်​ပေါ်လာ​တတ်​၍​ဖြစ်၏။

▪ မာန​မကြီး​ပါ​နှင့်။ သင့်​အား စိတ်ထိခိုက်​စေ​သူတို့ကို ခွင့်လွှတ်​ပြီး ကျေအေး​လိုက်ပါ။ တင်းခံ​နေ​မှုများ​ကို လျှော့ချ​ပစ်​လို​စိတ်​ရှိပါ။

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

အထီးကျန်​ဖြစ်မှု​ကို မည်သို့ အနိုင်ယူ​နိုင်​သနည်း