မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာမြေကို တုတ်တစ်ချောင်းဖြင့်တိုင်းတာခြင်း

ကမ္ဘာမြေကို တုတ်တစ်ချောင်းဖြင့်တိုင်းတာခြင်း

ကမ္ဘာ​မြေ​ကို တုတ်​တစ်ချောင်း​ဖြင့်​တိုင်းတာ​ခြင်း

ဂရိ​သိပ္ပံ​ပညာရှင်​လည်း​ဖြစ် နက္ခတ္တ​ဗေဒ​ပညာရှင်​လည်း​ဖြစ်သော အဲ​ရာ​တော့​စ်​သီ​န​စ္စ​အကြောင်း ကြားဖူး​ပါသလော။ သူ၏​နာမည်​ကို နက္ခတ္တ​ဗေဒ​ပညာရှင်​များ အသိဆုံး​ဖြစ်​မည်။ သူ့ကို အဘယ်ကြောင့် အလွန်​အထင်ကြီး​ကြ​ပါ​သနည်း။

အဲ​ရာ​တော့​စ်​သီ​န​စ္စ​သည် ဘီ.စီ.အီး. ၂၇၆ ခန့်​တွင် မွေးဖွား​ခဲ့​ပြီး ဂရိ​နိုင်ငံ၊ အေ​သင်​မြို့တွင် ပညာ​တချို့​တ​ဝက်​ကို ဆည်းပူး​ခဲ့​သည်။ သို့ရာတွင် ထို​ခေတ်​က ဂရိ​အုပ်ချုပ်မှု​အောက်​ရှိ အီဂျစ်​နိုင်ငံ အလက်ဇန္ဒြီးယား​မြို့တွင် သူ​အနေ​များသည်။ ဘီ.စီ.အီး. ၂၀၀ ခန့်​တွင် အဲ​ရာ​တော့​စ်​သီ​န​စ္စ​သည် ရိုးရိုး​တုတ်​တစ်ချောင်း​ကို အသုံးပြု၍ ကမ္ဘာ​မြေကြီး​၏​အရွယ်အစား​ကို တိုင်းတာ​တွက်ချက်​ခဲ့​သည်။ ‘မဖြစ်​နိုင်တာ!’ ဟု​သင်​ဆို​ပေမည်။ သူ​မည်သို့​တိုင်းတာ​ခဲ့​သနည်း။

သုဏေ​မြို့ (ယခု အက်စ်​ဝန်း​ဟု​ခေါ်) တွင် နွေ​ရာသီ​၏​ပထမ​ဆုံး​နေ့ မွန်းတည့်​ချိန်​၌ နေသည် ခေါင်းထိပ်​တည့်တည့်​တွင်​ရှိကြောင်း အဲ​ရာ​တော့​စ်​သီ​န​စ္စ သတိပြုမိ​ခဲ့​သည်။ ယင်းကို သူသိ​ရှိခဲ့​ရခြင်း​မှာ ရေတွင်း​နက်​များ​၏​အောက်ခြေ​တွင် နေရောင်​ကျ​သည့်​အခါ အရိပ်​မရှိခြင်း​ကြောင့် ဖြစ်သည်။ သို့ရာတွင် ထို​နေ့​မွန်းတည့်​ချိန်​တွင် သုဏေ​မြို့​၏​မြောက်ဘက် စ​တာ​ဒီယမ် * ၅,၀၀၀ အကွာ​တွင်​တည်ရှိ​သော အလက်ဇန္ဒြီးယား​မြို့၌​မူ အရိပ်​ကျ​သည်ကို တွေ့ရ​၏။ ယင်းကြောင့် အဲ​ရာ​တော့​စ်​သီ​န​စ္စ စိတ်ကူး​ရသည်။

ထို​အခါ အဲ​ရာ​တော့​စ်​သီ​န​စ္စ​သည် ရိုးရိုး​တုတ်​ဖြောင့်​တစ်ချောင်း​ကို စိုက်ထူ​ခဲ့​သည်။ မွန်းတည့်​ချိန် နေ​တည့်တည့်​ကျရောက်​သည့်​အခါ အလက်ဇန္ဒြီးယား​မြို့တွင် တုတ်​၏​အရိပ်​ကျ​သည့်​ထောင့်​ကို သူ​တိုင်းတာ​လိုက်​သည်။ ၎င်း​ထောင့်မှာ မျဉ်း​မတ်​မှ ၇.၂ ဒီဂရီ​ရှိကြောင်း သူ​တိုင်းတာ​၍​ရရှိခဲ့သည်။

သို့​နှင့် ကမ္ဘာ​မြေကြီး လုံးဝန်း​သည်​ဟု အဲ​ရာ​တော့​စ်​သီ​န​စ္စ ယူဆ​ခဲ့​ပြီး စက်ဝန်း​တစ်ခု​တွင် ၃၆၀ ဒီဂရီ​ရှိကြောင်း သူသိ​ထား​သည်။ ထို့​ကြောင့် ၃၆၀ ဒီဂရီ​ကို သူ​တိုင်းတာ​၍​ရသည့် ၇.၂ ဒီဂရီ​ဖြင့် စား​ခဲ့​ရာ သူ၏​ထောင့်​သည် စက်ဝန်း​တစ်ခုလုံး​၏ ငါးဆယ်​ပုံ​တစ်​ပုံ​ရှိ​လေ​သည်။ ဤနည်းဖြင့် သုဏေ​မြို့​နှင့် အလက်ဇန္ဒြီးယား​မြို့​၏​အကွာအဝေး ၅,၀၀၀ စ​တာ​ဒီယမ်​သည် ကမ္ဘာ့​စက်ဝန်း​၏​ငါးဆယ်​ပုံ​တစ်​ပုံ​နှင့် ကိုက်ညီ​ရမည်ဟု သူ​ကောက်ချက်​ချ​ခဲ့​သည်။ ၅,၀၀၀ ကို ၅၀ ဖြင့်​မြှောက်​လိုက်​ရာ ကမ္ဘာ့​စက်ဝန်း ၂၅၀,၀၀၀ စ​တာ​ဒီယမ်​ကို ရရှိခဲ့သည်။

သူ၏​တွက်​၍​ရသော​ဂဏန်း​သည် မျက်မှောက်ခေတ် တွက်ချက်မှု​များနှင့် မည်မျှ​နီးစပ်​သနည်း။ ၂၅၀,၀၀၀ စ​တာ​ဒီယမ်​သည် လက်ရှိ​အတိုင်းအတာ ၂၅,၀၀၀ မိုင်​နှင့် ၂၉,၀၀၀ မိုင်​ကြား​တွင်​ရှိသည်။ အာကာသယာဉ် ကမ္ဘာ​ပတ်​လမ်းကြောင်းကို အသုံးပြု၍ နက္ခတ္တ​ဗေဒ​ပညာရှင်​များ​က ကမ္ဘာ့​ဝင်ရိုး​စွန်း​ပတ်လည်​အ​ဝန်း​ကို တိုင်းတာ​ခဲ့​ကြ​ရာ ၂၄,၈၆၀ မိုင်​ရှိသည်​ဟု​ဆို​သည်။ ထို့​ကြောင့် လွန်ခဲ့သော​နှစ်ပေါင်း ၂,၀၀၀ ကျော်​က အဲ​ရာ​တော့​စ်​သီ​န​စ္စ​၏​တွက်ချက်မှု​သည် ခေတ်​သစ်​တွက်ကိန်း​ဂဏန်း​နှင့် အံ့ဖွယ်ကောင်း​လောက်​အောင် နီးစပ်​လေ​သည်။ တုတ်​ချောင်း​တစ်ချောင်း​ကို​သာ အသုံးပြုပြီး ဂျီသြမေတြီ​နည်း​အရ​တွက်ချက်​ခဲ့​ခြင်း​ကို ထောက်​သော် အံ့သြဖွယ်ကောင်း​စွာ တိကျ​မှန်ကန်​ပါ​သည်​တကား! ယနေ့ နက္ခတ္တ​ဗေဒ​ပညာရှင်​များသည် ကျွန်ုပ်​တို့၏​နေ​စနစ်​အပြင်ဘက်​ရှိ အကွာအဝေး​ကို တိုင်းတာ​ရာ​တွင် ဤ​ဂျီသြမေတြီ​နည်းကို အသုံးပြု​ကြသည်။

ကမ္ဘာကြီး လုံးဝန်း​ကြောင်းကို အဲ​ရာ​တော့​စ်​သီ​န​စ္စ​သိခဲ့​သည်ကို တချို့​အံ့သြ​ကြ​ပေမည်။ အကြောင်း​မှာ လွန်ခဲ့သော​နှစ်​ရာစု​အနည်းငယ်​လောက်​အထိ သိပ္ပံ​ပညာ​လိုက်စား​သည့် ပညာရှိ​အချို့​ပင် ကမ္ဘာကြီး​ပြား​သည်​ဟု ယူဆ​ခဲ့​ကြ​သေး​၏။ ရှေးခေတ်​ဂရိ​များသည် သူတို့၏​သိပ္ပံ​ဆိုင်ရာ လေ့လာ​တွေ့ ရှိ​ချက်​များ​ဖြင့် ကမ္ဘာကြီး​ပုံသဏ္ဌာန်​ကို မှန်းဆ​ခဲ့​ကြသည်။ သို့ရာတွင် အဲ​ရာ​တော့​စ်​သီ​န​စ္စ မပေါ်မီ နှစ်ပေါင်း ၅၀၀ ခန့်​ကတည်းက ဟေဗြဲ​ပရောဖက်​တစ်ဦး ဤသို့​ရေးသားခဲ့​သည်– ဘုရားသခင်​သည် “မြေကြီး​စက်​အပေါ်မှာ​ထိုင်” တော်​မူ​၏။ (ဟေရှာယ ၄၀:၂၂) ဟေရှာယ​သည် သိပ္ပံ​ပညာရှင်​တစ်ဦး မဟုတ်ပါ။ ကမ္ဘာကြီး လုံးဝန်း​ကြောင်း သူ​မည်သို့​သိရှိ​ခဲ့​သနည်း။ ဤ​အမှန်တရားကို ဘုရားသခင်​မှုတ်သွင်းခြင်း​အားဖြင့် သိရှိ​ခဲ့​ခြင်း​ဖြစ်သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 စ​တာ​ဒီယမ်​သည် အလျား​ကို တိုင်းတာ​သည့်​ဂရိ​ယူနစ်​ဖြစ်သည်။ ယင်း​အတိုင်းအတာ​အတိအကျ​မှာ တစ်​နေရာ​နှင့်​တစ်​နေရာ မတူသော်​လည်း စ​တာ​ဒီယမ်​တစ်ခု​သည် ပေ ၅၃၀ မှ ၆၀၀ ခန့်​အထိ​ရှိ​မည်​ဟု ယူဆကြ​ရသည်။

[စာမျက်နှာ ၂၂ ပါ ပုံကြမ်း]

(ကားချပ်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

နေရောင်

သုဏေ​မြို့

၇.၂°

အလက်ဇန္ဒြီးယား​မြို့

၇.၂°